//
you're reading...
Uncategorized

Marx မှာတွေ့ရတဲ့ Hegel 2

စောစောက စိတ်ဆိုတာ သိတာကို ခေါ်တယ်လို့ ပြောသွားတယ်။ သိတယ်ဆိုတော့ ဘာကို သိတာလဲ။ အင်္ဂလိပ်လို consciousness ဆိုတဲ့ ဝေါဟာရဟာ ဒီဝေါဟာရရဲ့ အဓိပ္ပါယ်ကို တန်းပေါ်စေတယ်။ consciousness ဆိုလိုက်တာနဲ့ ဘာကို conscious ဖြစ်တာလဲ ဆိုတာ မေးစရာက တန်းပေါ်လာပြီ။ တခုခုကို သိမှသာ သိတယ်လို့ခေါ်နိုင်တာပေါ့။ တနည်းအားဖြင့် အသိခံရတဲ့ အရာတခုခု ရှိမှသာလျင် သိခြင်း၊ အသိ ဆိုတဲ့ ဝေါဟာရက အဓိပ္ပါယ်ရှိမယ်။ conscious အလုပ်ခံရတဲ့ အရာတခုခု ရှိမှသာလျင် consciousness ဆိုတဲ့ ဝေါဟာရက အဓိပ္ပါယ်ရှိမယ်။ ဟုတ်တယ်မလား။ ဒီတော့ကာ အသိခံရမဲ့ အရာဝထ္ထု တခုရှိမှသာ စိတ်ဆိုတာ တည်ရှိနိုင်မှာမို့ (တနည်းအားဖြင့် စိတ်ဆိုပြီး တည်ရှိနိုင်ဖို့ တခြား အရာတခုခုပေါ် မှီတည်နေရာတာမို့) သူ့ကို အမှီအခိုကင်းတဲ့အရာလို့ ပြောလို့ မရတော့ဘူး။ သီးခြားဖြစ်တည်နေတဲ့၊ ဘာကိုမှ မသိဘဲ ရှိနေတဲ့ စိတ်ဆိုတာ အဓိပ္ပါယ်မရှိဘူး။ ဒါဟာ contradiction ပဲ။ အိုကေ..

အဲဒိအတိုင်းဆို God ဆိုတဲ့ world-spirit ဟာလည်း အမှီအခိုကင်းတဲ့အရာလို့ ပြောလို့ မရတော့ပေဘူး။ အဲဒိမှာ ပြသနာပေါ်လာပြီ။ God ဟာ သူတည်ရှိမှုအတွက် တခုခုပေါ် မှီတည်နေရမယ်ဆိုတာ အင်း ခရစ်ယာန်တွေအတွက်တော့ ဒါ blasphemy ပဲ။ ဒီ ဒီပြ(သကြီး)နာကို ဟေဂယ်က ဘယ်လိုရှင်းလဲဆိုတော့ world-spirit ဟာ အမှီအခို ကင်းရမယ် ဆိုရင် သူ့သဘာဝဟာ self-consciousness, self-awareness ပဲဖြစ်ရမယ်လို့ ကောက်ချက်ချတယ်။ ဒါဆိုရင် တခုခုပေါ် မှီခိုနေစရာ မလိုတော့ဘူးပေါ့။

နောက်တခါ ဟေဂယ်ရဲ့ စိတ်နဲ့ ပတ်သက်တဲ့ အယူအဆတခု ရှိသေးတယ်။ အဲဒါကတော့ စိတ်ကို သိမှုလို့ ပြောတဲ့အခါ သိမှုဆိုတာ အဆင့်ဆင့်ရှိသေးတယ်မလား။ အလွယ်ဆုံး ဥပမာ ပေးရရင် ဆိုပါစို့ ပူနေတဲ့ လ္ဘက်ရည်ခွက်တခွက်က ခဏကြာရင် အေးလာတယ်။ ဒါကို အတွေ့အကြုံအရ သိတယ်။ ဒီအသိက နည်နည်း ပိုပြီး အဆင့်မြင့်လာတဲ့အခါ အပူဟာ သဘာဝအလျောက် ပူရာကနေ အေးရာကိုပဲစီးတယ်၊ ဘယ်တော့မှ ပြောင်းပြန် မစီးဘူး။ ရူပဗေဒမှာတော့ ဒါကို second law of thermodynamics လို့ သိကြတယ်။ တနည်းအားဖြင့် အပူရဲ့ ဒီအမှန်တရားကို သိတဲ့ အသိက ရိုးရိုးအသိမဟုတ်တော့ဘူး။ ဒါက နားလည်မှု understanding ဖြစ်လာပြီ။ ဒီနားလည်မှုကို ဖြစ်စေတာက … reason ဆင်ခြင်နိုင်မှုပေါ့။ ဒီတော့ ဟေဂယ်က စိတ်ရဲ့ တနည်း သိခြင်းရဲ့ ဖြစ်စဉ်ကို sensuous consciousness, understanding, reason ဆိုပီး အစဉ်အတိုင်းချတယ်။ (ဗုဒ္ဓပြောခဲ့တာတွေက ဒီအပိုင်းမှာ အများကြီး ပိုအနုစိတ်တယ်။ ဒါပေမယ့် သူက ဘယ်လောက် အနုစိတ်စိတ်၊ ပြောခဲ့တဲ့ ခွဲခြားစိတ်ဖြာမှုတွေကို လူ့အဖွဲ့အစည်းတခုလုံးနဲ့ ခြုံပြီးမပြခဲ့ဘူး။ ဟေဂယ်ကတော့ ပြောခဲ့တဲ့ ခွဲခြမ်းစိတ်ဖြာထားတဲ့ ဝေါဟာရတွေကို လူ့အဖွဲ့အစည်း ဖြစ်ပေါ်တိုးတက်ပုံကိုပါ ရှင်းပြဖို့ အသုံးချခဲ့တယ်။ ဒါဟာ သူတို့နှစ်ယောက် မတူကြတဲ့ အချက်တွေထဲမှာ သတိပြုစရာ အချက်တချက်ပဲ။) အစီအစဉ်ချရုံမက စိတ်ဟာ သူ့ရဲ့ သဘာဝ အပြည့်အ၀ ပေါ်ထွက်လာဖို့ evolutionary process တခုခု လိုကို လိုတယ်လို့ ဟေဂယ်က ပြောတယ်။ တနည်း စိတ်ကို ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်တခုထဲ ထည့်ပြီးမှသာ သူ့ရဲ့ အထွတ်အထိပ်ဖြစ်တဲ့ reason ကိုရောက်နိုင်မယ်လို့ ဆိုတယ်။ သူပြောတာကို ဥပမာပေးရရင် လူတယောက်ရဲ့  ပညာရေး တိုးတက်ဖြစ်ပေါ်လာမှုကိုကြည့်။ ပထမသူဟာ ခလေးဘ၀မှာဘဲ ရှိတုန်းက အပြင်က အရာ ၀ထ္ထုတွေကို မှတ်ရုံသားရုံသာ လုပ်တယ်မယ်၊ sensuous consciousness အဆင့်ပေါ့။ နောက်တဖြည်းဖြည်းနဲ့ ခွဲခြားတတ်လာမယ်၊ ဒါကတော့ နားလည်မှု understanding ဖြစ်လာပြီ စသဖြင့်ရှိမယ်။ ခုမှ လူစဖြစ်တဲ့ ခလေးတယောက်က ချက်ချင်းကြီး ဆင်ခြင်နိုင်မှုကို တန်းမရနိုင်ဘူး။ သူဟာ ဖြစ်စဉ်တခုကို ဖြတ်သန်း သွားရအုံးမယ်။

ပြောခဲ့သလို စိတ်ဟာ သူ့ရဲ့ သဘာဝ အပြည့်အ၀ ပေါ်ထွက်လာဖို့အတွက် ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်တခု လိုအပ်တယ်ဆိုတဲ့ စိတ်နဲ့ ပတ်သက်တဲ့ အယူအဆဟာ လူတဦးချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတင်မက၊ လူ့အဖွဲ့အစည်းနဲ့ နောက်ဆုံး လူ့လောကကြီးတခုလုံးရဲ့ စိတ် world-spirit အတွက်ပါ အကြုံးဝင်တယ်လို့ ဟေဂယ်က ဆိုတယ်။ ဒီတော့ ပြောခဲ့ပြီးသလောက် ချရေးကြည့်ရအောင်။

၁။ စိတ်ဆိုတာ သိတာ၊ မိမိမှအပ တခြားအရာကိုပဲ သိနိုင်တယ်။

၂။ စိတ်ဟာ အသိခံရတဲ့ အရာပေါ် မှီတည်ပြီးမှ သိနိုင်တာမို့  မလွတ်လပ်ဖူး။

၃။ သိခြင်းဟာ အဆင့်ဆင့်ရှိတယ်၊ အာရုံယူနိုင်တဲ့အသိ sensuous consciousness, understanding and reason အဲဒိမှာ reason က အမြင့်ဆုံး

၎။ စိတ်ဟာ (လူတဦးတယောက်ရဲ့ စိတ်ဖြစ်ဖြစ်၊ world-spirit ဖြစ်ဖြစ်) ဆင့်ကဲဖြစ်စဉ် တခုကို ဖြတ်သန်းပြီးမှသာ သူ့သဘာဝဟာ အပြည့်အ၀ ပေါ်မယ်။

တဘက်မှာ God ခေါ် world-spirit ဟာ မလွတ်လပ်ဖူး၊ တခုခုကို မှီတည်နေရတယ် ဆိုတာ အဓိပ္ပါယ် မရှိဘူး။ ဒါ blasphemy ပဲ၊ ဘာလို့ဆို God ဟာ အနှိုင်းမဲ့လို့ လက်ခံထားတာကိုး။ တဘက်မှာ spirit ဟာ စိတ်ဟာ တခုခုကို မှီစရာမလိုဘဲ သူ့ဟာသူ ရပ်တည်နိုင်ဖို့ဆို ဒါဟာ ဘာဖြစ်မလဲ။ ဒါဟာ self-awareness or self-consciousness ပေါ့။ world-spirit ဟာ သူ့သဘာဝကို အပြည့်အ၀ ဖော်ကြူးနိုင်ဖို့ သူ့ကိုယ်သူ ပြောခဲ့တဲ့ evolutionary process တခုကို ဖြတ်သန်းရမယ်။ အဲ့သလို ဖြတ်သန်းနေရာမှာ သူ့ရဲ့ ခရီးလမ်းဆုံးပန်းတိုင်ဖြစ်တဲ့ လွတ်လပ်မှုကို ရောက်တဲ့အခါ သူဟာ သူ့ရဲ့ တည်ရှိမှုအတွက် တခြား အရာ တခုခုပေါ် မှီတည်စရာမလိုတော့ဘူး။ အဲဒိ အခြေအနေဟာ world-spirit ရဲ့  self-realization ဖြစ်စဉ် ဆုံးခန်းတိုင်တဲ့ အခြေအနေပဲ။ ဒီတော့ world-spirit ဟာ သူ့ရဲ့ သဘာဝ အပြည့်အ၀ပေါ်ဖို့ self-realization process လိုအပ်တယ်။ အဲဒိ process ဖြစ်စဉ်ဟာ သမိုင်းကို မဖြတ်သန်းလို့ကို မရဘူး။ သမိုင်းဟာ ရှိကိုရှိရမယ်။ဒါ့ကြောင့် ဟေဂယ်က သူ့ အယူအဆကို ဘယ်လိုနံမယ်ပေးလည်းဆိုတော့ Philosophy of History ဆိုပြီး နံမယ်ပေးတယ်။

နည်းနည်းတော့ ရုပ်လုံးပေါ်လာပြီထင်တယ်။ ကဲဒီတော့ world-spirit ဟာ self-realization process ကို ဘယ်လိုဖြတ်သန်းလဲဆိုတာ ကြည့်ရအောင်။ world-spirit ဟာ သမိုင်းခေတ် အဆက်ဆက်ကို ဖြတ်သန်းရာမှာ သူ့ရဲ့ တိုးတက်ဖြစ်ပေါ်မှုအဆင့်ဆင့်ကို culture ယဉ်ကျေးမှု ဓလေ့ထုံးစံနဲ့ အမှတ်အသားပြုတယ်။ culture က သူ့ရဲ့ ဖြစ်ပေါ် တိုးတက်မှုတွေကို သယ်ဆောင်တဲ့ယာဉ်လို့ ပြောရမယ်။ သမိုင်းမှာ ယဉ်ကျေးမှုဓလေ့ အဆင့်ဆင့် ထွန်းကား လာမှုဟာ world-spirit ရဲ့ self-realization ဖြစ်စဉ် ရုပ်လုံး ပေါ်လာမှုကို ဖော်ပြမှုပဲဖြစ်တယ်။ သူ့ရဲ့ ခရီးလမ်းဆုံးက လွတ်မြောက်မှု၊ freedom ဘာလို့ဆို အဲဒိအခါမှာ world-spirit ဟာ သူ့ တည်ရှိမှုအတွက် အသိခံရတဲ့ ၀ထ္ထုမလိုတော့ဘူး၊ ဘယ်သူ့မှ မှီတည်စရာမလိုတော့ဘူး။ self-realization ဖြစ်စဉ်ပြီးဆုံးတဲ့အချိန်လို့ ဟေဂယ်က ဆိုတယ်။

ဒါဖြင့်ရင် ဟေဂယ့်အလိုအရ ကမ္ဘာ့သမိုင်းဟာ လွတ်မြောက်မှု freedom ဆီ ချီတက်နေတဲ့ world-spirit ရဲ့ သမိုင်းဖြစ်တယ်။ အဲ့သလို ချီတက်နေရာမှာ world-spirit ရောက်နေတဲ့ လမ်းခရီးက မှတ်တိုင်တွေကို ဘယ်လိုသိနိုင်မလဲဆိုတော့ ခေတ်တခေတ်ရဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံတွေကို ကြည့်ပြီး သိနိုင်တယ်လို့ ဟေဂယ်ကပြောတယ်။ world-spirit ဟာ သူရောက်နေတဲ့ ခေတ်ကာလက လူ့အသိုင်းအ၀ိုင်း၊ လူ့အဖွဲ့အစည်းပေါ်မှာ သူ့ရဲ့  စရိုက် လက္ခဏာကို ထင်ဟပ်ပေါ်လွင်စေတယ်လို့ ဟေဂယ်ကပြောတယ်။ world-spirit ရဲ့ စရိုက် လက္ခဏာဟာ သူရောက်နေတဲ့ လူ့အဖွဲ့အစည်း အသိုင်းအ၀ိုင်းက တွေးပုံ၊ ခေါ်ပုံ၊ တယောက်နဲ့ တယောက်ဆက်ဆံပုံ၊ ၀တ်စားဆင်ယင်ပုံ၊ အနုပညာပေါ် တန်ဖိုထားပုံ စတာတွေမှာ စိမ့်ဝင်နေတယ်လို့ ဟေဂယ်က ဆိုတယ်။ ဥပမာ ဟိုးရှေးရှေးတုန်းကဆို လူဟာ သဘာဝနဲ့ တသားတည်းနီးနီး နေနေကြတယ်။ လူ့သမိုင်းဖြစ်စဉ်ကြီး တခုလုံးကို world-spirit ရဲ့  ဖွံ့ဖြိုးတိုးတက်မှုသမိုင်းနဲ့ နှိုင်းမယ်ဆိုရင် သမိုင်းဦးကာလ အရှက်လုံရုံဖုံပြီး သွားလာနေကြတဲ့ လူရဲ့ အခြေအနေကို sensuous consciousness အဆင့်လို့ သတ်မှတ်နိုင်မယ်ထင်တယ်။ လူတွေမှာ လူ့အဖွဲ့အစည်းမပြောနဲ့ မိသားစုဆိုတဲ့ သဘောတရားတောင် ထင်ထင်ရှားရှား မပေါ်သေးဘူး။ လူဟာ တိရိစ္ဆာန်နဲ့ သိပ်မခြားသေးဘူး။

နောက်အဲဒိကနေ တဆင့်တက်တဲ့အခါ လူ့ရဲ့ ယဉ်ကျေးမှုဓလေ့ အမြင်တွေက နည်းနည်း တိုးတက်လာတဲ့အခါ မိသားစုဆိုတာ ပေါ်လာတယ်၊ လူ့အသိုင်းအ၀ိုင်း community ဆိုတာ ပေါ်လာတယ်။ တခြားမကြည့်နဲ့ အီဂျစ်ကိုကြည့်၊ အီဂျစ်မှာ လူတပိုင်း တိရိစ္ဆာန်တပိုင်း sphinx သတ္တ၀ါကြီးတွေကို ထုဆစ်ထားတာကိုကြည့်။ လူ့ရဲ့ ခေါင်းဟာ တိရိစ္ဆာန်ရဲ့  ကိုယ်ထဲကနေ အပြင်ကို ထွက်စပြုလာတာကို သတိပြုချေ။ လူဟာ အရိုင်းကနေ ရုန်းထွက်လာနေတဲ့နမိတ်ပုံကို အဲ့ဒိရုပ်ထုကြီးမှာ ကြည့်ကြလို့ ဟေဂယ်က ပြောတယ်။ အဲဒိကနေ နောက်တဆင့်တက်တဲ့အခါ ခေါမခေတ်ရောက်ပြီ။ လူဟာ အသိုင်း အ၀ိုင်းနဲ့ ကောင်းကောင်းနေတတ်လာပြီ။ စာပေထွန်းကားလာပြီ။ ဖီလော်ဆော်ဖီတို့၊ သင်္ချာတို့လို အဆင့်မြင့်တဲ့ ပညာရပ်တွေကို လေ့လာဆည်းပူးနေကြပြီ။ လူ့သမိုင်းရဲ့ အဆင့် ဆင့်ဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုဟာ world-spirit ရဲ့ ဖြစ်ပေါ်တိုးတက်ပြောင်းလဲ မှုဖြစ်တယ်။ ဒီဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုဟာ culture ဆိုတဲ့ ယဉ်ကျေးမှုဓလေ့ ဆိုတဲ့ဘောင်ထဲမှာသာ ဖြစ်နိုင်တယ်။ ဒီနေရာမှာ နောက်ထပ်အရေးပါတဲ့ အပိုင်း တပိုင်းကို ဟေဂယ်က ထပ်ဖြည့်တယ်။ စောစောက ကမ္ဘာဦးလူသားဆီမှာ တွေ့ခဲ့ရတဲ့ culture ဟာ အဲ့ဒိကမ္ဘာဦးလူသား နောက်တဆင့်ကိုတက်တဲ့အခါမှာ ပြုတ်ကျန်ခဲ့တယ်။ ၀တ်လစ်စလစ် ဓလေ့ဆိုတာ ခေါမခေတ်ရောက်တဲ့အခါ ပါမလာတော့ဘူး။ အလွယ်ပြောရရင် စိတ်ဓာတ် အဆင့်မြင့်လာတဲ့အခါ အဲဒိစိတ်ဓာတ်နဲ့တွဲပြီး ရှိနေတဲ့ culture ကပါ အဆင့်တဆင့်ကို ရောက်လာပြီး မူလ culture က ပြုတ်ကျန်ခဲ့တယ်။ Karl Marx က သမိုင်းဟာ ကြောင်လိမ်လှေကားလိုပဲ တရစ်ပြီးတရစ် အဆင့်မြင့်မြင့်လာတယ်လို့ ပြောတာ တချို့  ကြားဖူးမယ်။ အဲ့ဒါ ဟေဂယ်ရဲ့ ဖီလော်ဆော်ဖီက ဆင်းသက်လာတာပဲ။ ဒါကို တချို့ က dialect ဆိုပြီး ခေါ်ကြတယ်။ ကဲဒီတော့ ဟေဂယ်နဲ့ Marx တို့ရဲ့ နံမယ်ကြီး dialectic ဆိုတာကို နည်းနည်းထပ် ကြည့်ရအောင်။

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: