//
you're reading...
Uncategorized

DSK & De-Europeanization of IMF

ဟေဂယ်နဲ့ Marx လက်စသပ်နေတုန်း ဖွချင်စရာ နောက်အကြောင်းအရာ တခုက အာရုံပြောင်းအောင် လာလုပ်နေပြန်ပါပြီ။ နိုင်ငံတကာ သတင်းတွေ မျက်ခြေမပြတ်တဲ့ သူတွေဆို ခုရက်ပိုင်းတွေအတွင်းမှာ တွေ့ခဲ့ရတဲ့ သံဝေဂ ယူချင်စရာ အဖြစ်အပျက် ကြီးတွေကို သတိပြုမိကြမှာဘဲ။ ဒို့အောက်က လွတ်လပ်ရေး လိုချင်ရအောင် မင်းတို့က ဘာမို့လို့လဲဆိုတဲ့ မတူမတန်သလို အထင်သေးတဲ့ အမြင်မျိုးနဲ့ တောက်လျှောက် ဆက်ဆံခဲ့တဲ့ အိုင်ယာလန်ကို အဲလိဇဘက် ဘုရင်မကိုယ်တိုင် အရောက်သွားပီး အရင်တုန်းက ဗြိတိသျှတွေ ရမ်းကားခဲ့တာတွေကို ပြေရာပြေကြောင်း လာပြောနေတာတွေ့တော့ အရင် နေမ၀င် အင်ပိုင်ယာကြီးခမျာ ခုတော့ အထည်ကြီးပျက် ဖြစ်ရှာသမို့ တွေ့တဲ့လူနဲ့ သင့်အောင်ပေါင်း သံဝေဂတရား လက်ကိုင်ထားနေရရှာပြီလို့ပဲ စိတ်ထဲ ထင်မိတယ်။ အထည်ကြီးပျက် ယူကေ အကြောင်းကို နောင်တချိန်အတွက်ထားပြီး ခုတော့ ပိုပြီး ဆူလွယ်နပ်လွယ် ဖရှက်ရှ ဖြစ်တဲ့ ရာသီစာ သတင်းလေးတပုဒ်ကို ရှယ်လိုက်ဦးမယ်။

ဆိုတော့ အိုင်အမ်အက်ဖ ခေါင်သူကြီး Dominique Strauss-Khan ကို အမေရိကန် တရားရုံးက အာမခံပေးလိုက်ပြီ။ အာမခံပေးတာ ဆယ့်ကိုးရက်နေ့ကပေးတာ။ သူ့မတိုင်ခင် တရက်က ပုဂ္ဂိုလ်က အိုင်အမ်အက်ဖ ရာထူးကနေ နှုတ်ထွက်တယ်ဆိုပြီး ကြေညာတယ်။ ယန်းကီးတို့ရဲ့ အကွက်တွေက ပေါ်တင်ကြီးဆိုပေမယ့် ဒေါင့်စေ့တယ်၊ ကိုယ်လိုချင်တာကို ရအောင်ယူတတ်တယ်။ ရှေ့မဆက်ခင် အရင်ဆုံး တခုတော့ စကားခံပါရစေ။ ခုရေးနေတဲ့ အကြောင်း အရာဟာ conspiracy theory တွေအကြောင်းလည်း မဟုတ်ဖူး။ နောက်ပြီး DSK ဟာ ပြင်သစ် ဆိုရှယ်လစ်၊ လက်ဝဲယိမ်းသူလို့ သိကြလို့ သူ့ဘက်က လိုက်ရေးတာလည်း မဟုတ်ဖူး။ ကိုယ်လည်း အနောက်နိုင်ငံတွေမှာ ဆယ်နှစ်နှစ် ဆယ့်သုံးနှစ်နေပြီးသကာလ သူတို့ဆီက လက်ဝဲဆိုတာ ဘယ်လိုမျိုးဆိုတာ ကောင်းကောင်းသိသပေါ့။ စကားမစပ် ဆိုရှယ်လစ် ဆိုလို့ ပြင်သစ် ဆိုရှယ်လစ်တွေနဲ့ ပတ်သက်ပြီး အရင် ဗြိတိသျှ နန်းရင်ဝန် တိုနီဘလဲယားရဲ့ ပြန်ပြောင်းပြောပြချက်လေးကို ရှယ်ပါရစေဦး။ ဘလဲယားက သူ့ ကိုယ်တွေ့တဲ့။ ဘလဲယား ကျောင်းသား ဘ၀တုန်းက ပြင်သစ်စာ၊ ပြင်သစ် အကြောင်း လေ့ လာဖို့ ပြင်သစ်မှာ ခဏသွားနေဖူးတယ်။ အဲဒိမှာ ပြင်သစ်က စားသောက်ဆိုင် တဆိုင်မှာ စားပွဲထိုး ၀င်လုပ်ရတယ်။ လာစားတဲ့လူတွေက သူ့ကို tips ဘာညာပေးရင် ဘလဲယားက အင်္ဂလန်မှာလို ဒါသူ့အတွက် သပ်သပ်ပေးတယ် အမှတ်နဲ့ သူ့အိတ်ထဲ ထည့်ထည့် ထားတတ်တယ်။ အဲဒါကိုတွေ့တဲ့ ပြင်သစ် စားပွဲထိုးတယောက်က သူ့ကို ဘာပြောလဲဆိုတော့ အဲ့သလို မလုပ်ရဘူး၊ စားပွဲထိုးတွေ အားလုံးက သူတို့ရတဲ့ tips တွေကို ဗူးလေးတခုထဲမှာ သပ်သပ်ထည့်ထား၊ သီတင်းတပတ် ကုန်တော့မှ တဆိုင်လုံးက လူတွေက ဒီဗူးထဲက tips တွေကို ခွဲယူမယ်ဆိုပြီး သူ့လာပြောတယ်။ အဲဒါနဲ့ သူလည်း ပြောသလို လုပ်တာပေါ့။ သီတင်းတပတ်ကုန်တဲ့ အခါကျမှ ရတဲ့ tips တွေဗူးထဲထည့်တာ သူတယောက်ပဲ ရှိတာ သိရသတဲ့။ ဘလဲယားက အဲဒါကို ပြင်သစ်ဆိုရှယ်လစ်ဝါဒကို ပထမဆုံး ကိုယ်တွေ့ကြုံခဲ့ရခြင်းဆိုပြီး my first experience with French socialism ဆိုပြီး ပြန်ဖောက်သယ်ချဖူးတယ်။ ပြင်သစ်က ဆိုရှယ်လစ်ဆိုတာ  အဲသလို..

DSK ကိစ္စက ဘယ်လိုမှ သွေးရိုးသားရိုး မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူ့ကို သက်သက် အကွက်ဆင် လုပ်ကြံတယ်ဆိုတာကို ကျနော်လည်း သက်သေ မပြနိုင်ဘူး။ ဘယ်သူ မှလည်း ပြကြမယ် မထင်ဘူး။ နောက်အနှစ် နှစ်ဆယ်သုံးဆယ် ကြာရင်တော့ မပြောတတ်ဖူး။ ဒီတော့ လောလောဆယ် သက်သေမပြနိုင်တဲ့ ကိစ္စတခုကို ခဏထားပြီး ပိုပြီး စိတ်ဝင် စားဖို့ကောင်းတဲ့ ကိစ္စတွေကို ကြည့်ရအောင်။ အဲဒိအတွက် အရင်ဆုံး အိုင်အမ်အက်ဖ အလုပ်လုပ်ပုံကနေ စရင် သင့်မယ်ထင်ပါတယ်။

ဒီတော့ အိုင်အမ်အက်ဖ အလုပ်ကဘာလဲ။ အိုင်အမ်အက်ဖ လုပ်တဲ့ အလုပ်တွေထဲမှာ အဓိကအလုပ်တခုကက ငွေတိုးချေးစားတဲ့ အလုပ်ပေါ့။ အဲဒိအတိုးချေးစားမဲ့ ပိုက်ဆံကို အိုင်အမ်အက်ဖ အဖွဲ့ဝင် နိုင်ငံတွေဆီကနေ သူတို့ရဲ့ ဂျီဒီပီအလိုက် ထည့်ဝင်ကြရတယ်။ ဂျီဒီပီကြီးတဲ့လူက များများထည့်ပေါ့။ ဆိုတော့ အိုင်အမ်အက်ဖကနေ ဘယ်သူတွေချေးလဲ။ ဘယ်ကမှ ငွေလှည့်လို့ မရတဲ့ နိုင်ငံတွေက သူ့ဆီ ခွက်လက်စွဲပြီး ရောက်လာကြတာပေါ့။ နိုင်ငံ တနိုင်ငံက ပိုက်ဆံလိုရင် (ပိုက်ဆံလိုနိုင်တဲ့ အကြောင်းတွေကတော့ အများကြီးပဲ။ စက်ရုံဆောက်ချင်လို့၊ အခြေခံအဆောက်အဦတွေ ပြင်ချင်လို့ စတာတွေ ရှိသလို၊ အာဏာရှင်တွေ အိမ်သာရွှေချဖို့၊ အစိုးရ ဗျူရိုကရက်တွေ အာစတန်မာတင် စီးဖို့ အကုန်ဖြစ်နိုင်တယ်။) အရင်ဆုံး bond market ကနေ ချေးကြည့်တယ်။ ဘွန်းမားကက် မှာက မြီရှင်တွေက အများစုက ပုဂ္ဂလိက ငွေရှင်ကြေးရှင်တွေချည်းပဲ။ သူတို့က လူလည်တွေ၊ ကိုယ့်အတွက် မကိုက်ဖူးထင်ရင် မချေးဖူး။ ချေးလည်း အတိုးနင့်နေအောင် ပေးပြီး ချေးရတာ။ ဒီတော့ အသုံးအစွဲကြီးပြီး နောက်ဆုံး မရှုနိုင် မကယ်နိုင်ဖြစ်နိုင်သူတွေပဲ အိုင်အမ်အက်ဖဆီ ရောက်လာတာ များတယ်။ ခုနောက်ဆုံး အိုင်အမ်အက်ဖ ရောက်လာ သူတွေဟာလည်း ဥရောပက ကြွေးလည်ပင်း ခိုက်နေတဲ့ နိုင်ငံတွေပဲ။ အိုင်အမ်အက်ဖ ဆီက ပိုက်ဆံယူရတာ အတိုးနှုံးကတော့ သက်သာပါရဲ့ ။ ဒါပေမယ့် အိုင်အမ်အက်ဖ ၀င်ပီးရင် မသက်သာဘူးသာမှတ်။ ဘာလို့ဆို IMF က သူချေးထားတဲ့ ပိုက်ဆံကို အတိုးရော အရင်းပါ မဆုံးအောင် မြီစားနိုင်ငံကို သူ့အမြင်မှာ ငွေပေါ်စေမဲ့ ပေါ်လစီတွေကို ချခိုင်းတယ်။ အဲဒိပေါ်လစီတွေက ကိုယ့်တိုင်းပြည်ရဲ့ ရေရှည်ပေါ်လစီတွေ၊ တခြား စံနှုန်းစံထားတွေနဲ့ ကိုက်ညီမှု ရှိချင်မှ ရှိတာကိုး။ ဥပမာ ကျောင်းဆောက်တဲ့ အလုပ်ထက် ရေအားလျှပ်စစ် စက်ရုံတွေဆောက်ပြီး အိမ်နီးချင်း နိုင်ငံကို ပါဝါရောင်းတဲ့ အလုပ်ကို အိုင်အမ်အက်ဖက ဦးစားပေးဖွယ် ရှိတယ်။ ပညာရေးဘက်မှာ ရင်းနှီးမြှတ်နှံတာက ချက်ချင်းငွေပေါ်နိုင်စရာ မရှိပေမယ့် ပါဝါရောင်းတာက ချက်ချင်းငွေပေါ်တယ်။ အဲ့သလို ငွေပေါ်မှလည်း အိုင်အမ်အက်ဖက သူ့ပိုက်ဆံ ပြန်ရဖို့ စိတ်အေးရမယ်။ မတရားဘူးလို့ ပြောလို့ ရနိုင်ပေမယ့် သူ့ဘက်က ကြည့်ပြန်တော့လည်း ကိုယ့်ငွေချေးတယ်ဆိုတာ စကတည်းက ကိုယ့်ချစ်လို့မှ မဟုတ်တာ သူ့အကျိုးစီးပွား အခြေခံနဲ့ ချေးတာကိုး။ ပြောစမ်းဟဲ့ အရင်းရှင် စနစ်ကောင်းတယ်လို့… ဗမာတွေ အီကော်နော်မစ်တို့၊ နိုင်ငံရေးဘောဂဗေဒတို့၊ နိုင်ငံရေး သိပ္ပံတို့လို ရာသီစာတွေနောက် လိုက်တာလည်း လိုက်ပေါ့။ တဘက်က ကျင့်ဝတ်ပိုင်း ဆိုင်ရာ မေးခွန်းတွေကိုလည်း လေ့လာကြဖို့လိုတယ်။ အဲဒိအတွက် ဖီလော်ဆော်ဖီ စူးစူးစိုက်စိုက် ဖတ်တဲ့လူတွေပိုများလာပါစေလို့ပဲ မျှော်လင့် မိတယ်။ သမိုင်းကို ကျကျနနလေ့လာသူတွေ ပိုများလာပါစေလို့ မျှော်လင့်မိတယ်။ မဟုတ်ရင် ဗမာ ခလေးတွေဟာ ကနေ့ မြင်နေရတဲ့ အိမ်နီးချင်း တရုတ်လေးတွေ၊ ယန်းကီးလေးတွေလို စိတ်ဓာတ်အနှစ်သာရကင်းတဲ့ soul-less robots လေးတွေဖြစ်မှာဘဲ။

အရင်ကတော့ အိုင်အမ်အက်ဖစီ မရှုနိုင် မကယ်နိုင်ရောက်လာသူတွေဟာ အာဂျင်တီးနားတို့၊ ထိုင်းတို့၊ ပါကစ္စတန်တို့လို နိုင်ငံတွေ။  ခုတော့ အရင်က ဟိတ်ဟန်ကြီးခဲ့တဲ့ ဥရောပက အထည်ကြီးပျက်တွေ အလှည့်ရောက်ပြီ။ အင်္ဂလန်က အိုင်အမ်အက်ဖ အကူအညီ မယူဘဲ သူ့ပိုက်ဆံကို တန်ဖိုးချပစ်ပြီး မနူးမနပ် ကစား ကြည့်တယ်။ ခုထိတော့ ပြသနာ ကြီးကြီး မားမား မပေါ်သးဘူး။ ဒါပေမယ့် အခြေအနေက ဘာမှ မပြောနိုင်သေးဘူး။ ဒါပေမယ့် ဂရိတို့၊ ပေါ်တူဂီတို့၊ အိုင်ယာလန်တို့ ခမျာ ယူရိုသုံးတဲ့ အခါကျတော့ လုပ်ရိုးလုပ်စဉ်  ငွေတန်ဖိုး ချပြီး ကုန်သွယ်ရေး အသာရအောင် မလုပ်နိုင် ရှာဘူး။ ဒီတော့ ခွက်လက်စွဲပြီး အိုင်အမ်အက်ဖဆီ လာရတော့တာပေါ့။ ပြောချင်တဲ့ ဇာတ်လမ်းက ဒီမှာ စပါပြီ။

အဲဒိမှာ DSK ရဲ့ အခန်းကဏ္ဍစပါပြီ။ DSK ဟာ ပြင်သစ် သမ္မတရွေးကောက်ပွဲအတွက် ဆိုရှယ်လစ် ပါတီရဲ့ သမ္မတလောင်းရွေးပွဲမှာ ပြုတ်ပြီး ၂၀၀၇ မှာ အိုင်အမ်အက်ဖ ရောက် လာတယ်။ ခမျာ ကံဆိုးချင်တော့ သေမဲ့နေ့ စစ်ထဲလိုက်ဆိုသလို သူအိုင်အမ်အက်ဖ နေရာရောက်တဲ့ အချိန်က တကမ္ဘာလုံး ဘဏ္ဍာရေး အကျပ်အတည်း ဆိုက်တဲ့ အချိန် ဖြစ်နေတယ်။ ဥရောပနိုင်ငံ တချို့ ဟာ စည်းမရှိ ကမ်းမရှိ အသုံး ကြမ်းမှုတွေကြောင့် ကြွေးလည်ပင်းခိုက်ပြီး မရှုနိုင် မကယ်နိုင် မျက်ဖြူဆိုက်တဲ့ အချိန်ဖြစ်နေတယ်။ အဲဒိ ကြွေးလည်ပင်းခိုက်နေတဲ့ နိုင်ငံတွေကတော့ သိတဲ့အတိုင်း ဂရိတို့၊ အိုင်ယာလန်တို့၊ ပေါ်တူဂီတို့ စတဲ့ နိုင်ငံတွေပဲ။  အရေးကြီးဆုံး အချက်ကတော့ ဒီပြောခဲ့တဲ့ နိုင်ငံတွေရဲ့  မြီရှင်တွေက ပြင်သစ်တို့၊ ဂျာမနီိတို့၊ ဘယ်လဂျီယံတို့၊ ဟော်လန်တို့၊ အင်္ဂလန်တို့က ဘဏ်ကြီးတွေပဲ။ ဒီတော့ ဂရိတို့၊ အိုင်ယာလန်တို့ ဒေ၀ါလီခံရင် သူတို့နဲ့အတူရောပြီး ဒေ၀ါလီခံရမှာက ပြောခဲ့တဲ့ အနောက်ဥရောပက ဘဏ်ကြီးတွေ။ ဒီတော့ အနောက် ဥရောပက အရင်းရှင်ကြီးတွေကို ကယ်ဖို့ ဂရိတို့၊ အိုင်ယာလန်တို့ကို အရင် ကယ်ရပေမပေါ့။  အတော်လည်း တရားကျစရာကောင်းတဲ့ အရင်းရှင်းစနစ်ပါပဲ။

ပထမတော့ အကြွေးကိစ္စအတွက် မြီစားနိုင်ငံတွေကို အနိုင်ကျင့်ပြီး အတင်းရအောင်ြ ပန်တောင်းတယ်။ အိုင်ယာလန်တို့၊ ဂရိတို့ဆို အနာဂတ်မျိုးဆက်သစ်ကို ဂျာမနီတို့၊ြ ပင်သစ်တို့ရဲ့ သြဇာခံ ဥရောပဗဟိုဘဏ်ဆီမှာ အပေါင်ထားခဲ့ကြရတာ။ ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ နိုင်ငံကြီးတွေ အနိုင်ကျင့်တာ မခံတဲ့ အိုင်စလန် အကြောင်း ပြောပြချင်တယ်။ အိုင်စလန်က ဘဏ်တွေက အင်္ဂလန်တို့၊ ဟော်လန်တို့မှာ ဘဏ်ခွဲတွေလာဖွင့်ပြီး အတိုးပေးတယ်။ ဒီဘဏ်ခွဲတွေ ဘာလုပ်သလဲ သိချင်ရင် ဗမာပြည်က အကျိုးဆောင်တွေကို မျက်စိထဲ မြင်ကြည့်လိုက်။ အဲဒိဘဏ်တွေကွဲတော့ အင်္ဂလန်နဲ့ ဟော်လန်က လူတွေက အကျိုးဆောင် ပိုက်ဆံချေးမိသူလို ဆုံးမဲ့ကိန်းဆိုက်ရော။ အဲဒိမှာ အင်္ဂလိပ်နဲ့ ဒတ်ချ အစိုးရတွေက ပြည်သူလူထုဆီက မဲဝယ်တဲ့ အနေနဲ့ (ဖဆပလလည်း ဒါမျိုး လုပ်ခဲ့တာပဲမလား။) အိုက်စလန်ဘဏ်တွေ ပေးရမဲ့ငွေတွေကို သူတို့အစိုးရ ဘဏ္ဍာငွေထဲကနေ စိုက်ပေးထားပြီး အဲဒိပိုက်ဆံကို အိုက်စလန် အစိုးရဆီက ရအောင် ပြန်တောင်းတယ်။ အိုက်စလန် အစိုးရက ဒီပိုက်ဆံတွေကို ပေးဖို့ဆုံးဖြတ်ရင် ဂရိတို့၊ အိုင်ယာလန်တို့လို အိုက်စလန် ပြည်သူတွေဟာ သူတို့ရဲ့ အနာဂတ် မျိုးဆက်ကို အင်္ဂလိပ်တို့၊ ဒတ်ချတို့လို နိုင်ငံတွေဆီ အပေါင်ထားရမှာဘဲ။ အိုင်စလန် လွှတ်တော်မှာ ပိုက်ဆံ ပြန်ပေးသင့် မပေးသင့် ဆုံးဖြတ်တော့ လွှတ်တော် အမတ်တွေက ပိုက်ဆံပေးသင့်တယ်လို့ ဆုံးဖြတ်တယ်။ ဒါလည်း သိပ်တော့ မဆန်းလှဘူး။ လွှတ်တော်ထဲက နိုင်ငံရေးသမားတို့၊ ရဲတို့၊ သတင်းထောက်တို့ ဆိုတာ များသောအားဖြင့် ငိုစားရီစားတွေကိုး။ ဒါပေမယ့် ဒီနိုင်ငံရေးသမားတွေ တိုင်းပြည်ကို ရောင်းစားတာကို အိုက်စလန်ပြည်သူလူထုက ရွံတယ်။ ပိုက်ဆံပြန်ဆပ်ဖို့ အစိုးရက ဆုံးဖြတ်တာကို လက်မခံဘူး။ အဲဒါနဲ့ လူတွေကစုပြီး သမ္မတဆီ petition တင်တယ်။ အဲဒိမှာ သမ္မတက လွှတ်တော်က ဆုံးဖြတ်ချက်ကို လက်မှတ်မထိုးဘဲ မနှစ်က ပြည်သူ့ဆန္ဒခံယူပွဲခေါ်တယ်။ ပိုက်ဆံ ပြန်မဆပ်ဖို့ ဆုံးဖြတ်သူက ဘယ်နှစ်ယောက် ရှိတယ်ထင်လဲ။ ၉၃ ရာခိုင်နှုံးသော အိုက်စလန် ပြည်သူတွေက ကန့်ကွက်ပြီး ပိုက်ဆံပြန်ပေးသင့်တယ်လို့ ပြောတဲ့လူက ၂ ရာခိုင်နှုံးပဲ ရှိတယ်။ အဲဒိ ပြည်သူ့ဆန္ဒခံယူပွဲ အဖြေထွက်လာပြီး နောက်တရက်မှာ အင်္ဂလန်က သတင်းစာတွေမှာ အိုက်စလန်ကို ရစရာ မရှိအောင် ပက်ပက်စက်စက် သိမ်ဖျင်းတဲ့ အသုံးအနှုန်းတွေနဲ့ တွယ်လိုက် ကြတာ တွေ့ရတယ်။ နိုင်ငံကြီးသား တွေလည်း ကိုယ်ခံရတဲ့အခါ ဒါမျိုးဖြစ်တတ် တာကလား။ အဲဒိမှာ အိုက်စလန်ကို ဘယ်သူမှ ပိုက်ဆံချေးမှာ မဟုတ်ဖူး။ ခွက်ကျမှာဘဲလို့ အမျိုးမျိုး ဟောကိန်းထုတ်တယ်။ ဟော တနှစ်အကြာမှာ အိုက်စလန်နဲ့ ဂရိ အိုင်ယာလန် ယှဉ်လိုက်ရင် အိုက်စလန်ရဲ့ စီးပွားရေးက အများကြီး ပြန်ဦးမော့လာသလို သူ့ကို ပေးတဲ့ အတိုးနှုန်းကလည်း ဂရိတို့၊ အိုင်ယာလန် တို့ထက် မနှိုင်းယှဉ်သာအောင် နည်းတာ တွေ့ ရတယ်။ အဲဒါနဲ့ အင်္ဂလိပ်နဲ့ ဒတ်ချတွေလည်း ပိုက်ဆံပြန်ပေးဖို့ နောက်တကြော့ပြန်လာတယ်။ အရင်တခေါက်ကထက်လည်း အတိုးနှုန်း လျော့ပေးတယ်၊ နောက်ဆပ်ရမဲ့ ကာလကိုလည်း ပိုပြီး ကြာကြာ ထားပေးတယ်။ ဒါပေမယ့် အိုက်စလန်သားတွေကတော့ ဒီတခေါက်မှာလည်း လက်မခံပြန်ဘူး။ အဲဒိတော့ အင်္ဂလိပ်နဲ့ ဟော်လန် အိုက်စလန်ကို ဘာလုပ်မလဲ။ ဘာမှ လုပ်လို့ မရဘူး။ ဒါကတော့ ရှားရှားပါးပါး ကြုံခဲ့ရတဲ့ ပြည်သူ့ဒီမိုကရေစီအောင်ပွဲလို့ပဲ ခေါ်ရလေမလား။

ကဲမူရင်း အကြောင်းအရာကို ပြန်ဆက်ရရင် အနောက်ဥရောပ အရင်းရှင်ကြီးတွေ ဆွတ်ဇာလန်မှာ နှင်းလျှောစီး အပန်းဖြေခရီးထွက်နိုင်အောင် စောစောက ဂရိတို့၊ အိုင်ယာလန်တို့ကို သူတို့ရဲ့ အနာဂတ်မျိုးဆက်ကို အပေါင်ထားခိုင်းတဲ့ စီမံကိန်းထက် ကောင်း တဲ့ စီမံကိန်းတခုကတော့ အိုင်အမ်အက်ဖဆီက ဗိုက်ငှားတဲ့ စီမံကိန်းပဲ။ ဆိုလိုတာက ဒီနိုင်ငံတွေ လိုတဲ့ ပိုက်ဆံအတွက် အိုင်အမ်အက်ဖကနေ ချေးခိုင်းတယ်။ ပုံမှန်ဆိုရင် အိုင်အမ်အက်ဖက ငွေချေးရာမှာ စည်းကမ်းကြပ်ပေမယ့် ခုဂရိတို့၊ ရိုမေးနီးယားတို့၊ ဟန်ဂေရီ၊ ယူကရိန်းတို့ ကိစ္စမှာတော့ အိုင်အမ်အက်ဖက ဒီလောက် မတင်းကြပ်တာကို အဖွဲ့ဝင် နိုင်ငံတချို့ ကမကျေနပ်ကြဘူး။ ဒါလည်း နားလည်လို့ရပါတယ်။ အိုင်အမ်အက်ဖ အကြီးအကဲက ပြင်သစ်ကိုး.. အဲ့တော့ ပြင်သစ် အစိုးရ ဘာဖြစ်စေချင်လဲ၊ ဂျာမန်အစိုးရ ဘာဖြစ်စေချင်လဲ သူကကောင်းကောင်းသိသပေါ့။ ခုလို အလိုက်သိရင် တချိန်မှာ သူ့ဝိုင်း ကျေးဇူး ဆပ်ကြမှာကိုး။ ဒီတော့ အိုင်အမ်အက်ဖက ပြောခဲ့တဲ့ မွဲနေတဲ့ နိုင်ငံတွေကို ရက်ရက်ရောရော ချေးတယ်။ ဒါမှသာ ဒီပိုက်ဆံတွေဟာ နောက်ဆုံးမှာ ပြင်သစ်နဲ့ ဂျာမန်ဘဏ်တွေဆီ ပြန်ရောက်မှာကိုး။ မြင်ဖို့မခက်ပါဘူးနော်။

အဲခက်တာက အိုင်အမ်အက်ဖက တကမ္ဘာလုံးနဲ့ ဆိုင်တဲ့ အဖွဲ့အစည်း။ မွဲနေတဲ့ နိုင်ငံတွေ ကို ချေးဖို့ ထည့်ဝင်ငွေကို တရုတ်တို့၊ အိန္ဒိယတို့၊ တူရကီတို့၊ ဘရာဇီးတို့လို တက်သစ်စ နိုင်ငံတွေက ပိုပိုထည့်ဝင်လာရတယ်။ ပြီးတော့ ဘယ်သူ့ကို ချေးမလဲ၊ ဘယ်လောက် ချေးမလဲဆိုတာကျတော့ ဒီနိုင်ငံတွေက ဥရောပနိုင်ငံတွေလောက် ပြောရေး ဆိုပိုင်ခွင့် မရှိဘူး။ ဒါမျိုးဘယ်သူ လက်ခံမလဲ။ မနှစ်ကတွေ့ရတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အရ ပြောခဲ့တဲ့ တက်သစ်စ emerging နိုင်ငံတွေက မဲပေးပိုင်ခွင့်တော့ နည်းနည်း ပိုရလာတယ်။ ဒါပေမယ့်လည်း ဒါကလည်း မစို့မပို့ဘဲ ရှိသေးတယ်။ တဘက်မှာ အရံငွေအင်အားတောင့်တင်းမှု reserve currency strength ကိုကြည့်ရင် တက်သစ်စနိုင်ငံတွေက တကမ္ဘာလုံးရဲ့  အရံငွေအင်အား ၈၀ ရာခိုင်နှုံးလောက်ကို ယူထားပြီး ဂျပန်ကိုဖယ်လိုက်ရင် G 7 နိုင်ငံတွေ အရံငွေအင်အားက ၈ ရာခိုင်နှုံးပဲရှိတယ်။ နောက်တခါ မဲကိုတာကို ကြည့်ရင်လည်း ငမွဲတွေ ဖြစ်တဲ့ ပြင်သစ်တို့၊ ဘယ်လဂျီယံတို့၊ အီတလီတို့က ခြုံပြောရရင် ယူရိုဇုံတခုလုံးက သူတို့ရဲ့  စုစုပေါင်း ဂျီဒီပီအချိုးအစားထက် အပုံကြီးသာတဲ့ မဲကိုတာကို ရထားတယ်။ ဒီတော့ ချေးဖို့ ပိုက်ဆံကို ကိုယ်က စိုက်ရတယ်။ နောက် ကိုယ်က ပြောရေးဆိုခွင့်မရှိတဲ့ အနေအထားမျိုးကို ဘယ်သူက ကြာကြာ လက်ခံမလဲ။

ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ခုဆိုရင် ဂရိဟာ တစိတ်တပိုင်း ဒေ၀ါလီခံရဖို့ ကျိန်းသေသလောက် ရှိနေပြီ။ တနည်းအားဖြင့် အိုင်အမ်အက်ဖ ပိုက်ဆံတချို့ လည်း ဆုံးမဲ့ကိန်းဆိုက်နေတယ်။ ဒီတော့ ဂရိကို ငွေချေးတဲ့လူကို မြီရှင်တွေက မကျေနပ်တာ သဘာဝကျတယ်။ DSK အတွက် ကံဆိုးချင်တော့ အဲဒိမြီရှင်တွေထဲမှာ အမေရိကန် ပါနေတာပဲ။

အရင်က သဘောတူညီချက်က အိုင်အမ်အက်ဖကို ဥရောပကယူ၊ ကမ္ဘာ့ဘဏ်ကို ဒို့ကစီးထားမယ်ဆိုပြီး သဘောတူထားခဲ့ကြတာ။ ဒါပေမယ့် ဥရောပက တနေ့တခြား မွဲလာပြီဆိုတော့ အမေရိကန်လည်း သူ့အကျိုးစီးပွားကို ကြည့်တဲ့အနေနဲ့ လက်ရှိ အိုင်အမ်အက်ဖကို အနောက်ဥရောပနိုင်ငံတွေ မောင်ပိုင်စီးပြီး လုပ်ချင်တာလုပ်တာမျိုး ခွင့်မပြုနိုင်တော့ဘူး။ ဒီတော့ DSK ကို လေယာဉ်ပျံပေါ်ကကို ဆွဲချပြီး မုဒိမ်းမှုနဲ့ စွဲတယ်။ တချိန်ထဲမှာ ဥရောပနိုင်ငံတွေကိုလည်း တခါထဲ သတိပေးလိုက်တယ်။ မြင်လား မင်းတို့ နောက်ဆို ငါ့ကို ကတုံးပေါ်ထိပ်ကွက်ဖို့ မစဉ်းစားနဲ့။ ဒါမျိုးဖြစ်မယ်။ DSK ခမျာ သနားတော့ သနားစရာပါ။ မလိမ်မိုးမလိမ်မာနဲ့ ကြားညပ်ရရှာတယ်။ သူ့နေရာ ဘယ်သူမဆို ဒါမျိုး ကြုံရမှဘဲ။ ဒင်းက အရင်ကလည်း လိင်စည်းကမ်းမရှိတော့ ဒီအမှုနဲ့ ဆင်ခံရတာပေါ့။

တရုတ်တို့၊ အိန္ဒိယတို့၊ ရုသျှတို့ကတော့ ကျိတ်ပြီး ဟီလာတိုက်နေမှာဘဲ။ ဒါကိုကြည့်ရင် DSK နေရာကို အနောက်ဥရောပက နောက်တယောက် ရောက်လာဖို့ဆိုတာ လွယ်ပါ့ မလားလို့ စိတ်ထဲထင်မိတယ်။ ဟိုအမျိုးသမီးကို စွပ်တင်နေပေမယ့် အမေရိကန်က လက်ခံမယ်မထင်ဘူး။ ဘာလို့ဆို အိုင်အမ်အက်ဖက နောက်ချေးရမဲ့ နိုင်ငံတွေထဲမှာ ဥရောပနိုင်ငံတွေ ပိုများမယ်။ တချိန်ထဲမှာ အိုင်အမ်အက်ဖကို ကနေ့စီးပွားရေး အခင်းအကျင်းကို ကိုယ်စားပြု ထင်ဟပ်အောင် ပုံစံပြန်ချတဲ့အခါ အနောက် ဥရောပ နိုင်ငံတွေရဲ့ ကဏ္ဍကို မလျှော့မဖြစ် လျှော့ကို လျှော့ရလိမ်မယ်။ ဒီလိုလုပ်ဖို့ အိုင်အမ်အက်ဖ ခေါင်သူကြီး နေရာမှာ အနောက်ဥရောပ အစိုးရ နောက်မြီးဆွဲ တယောက်ကို အမေရိကန်က အစ လိုချင်မယ် မထင်ဘူး။ အိုင်အမ်အက်ဖ အကြီးအကဲနေရာ အတွက် အနောက်ဥရောပ နိုင်ငံတွေက ဘယ်သူ့တင်မလဲဆိုတာကိုကြည့်ပြီး DSK ကို ဆက်ဆံမဲ့ပုံ ရှိတယ်။ ကံဆိုးရင် ခမျာ ထောင်တွေ တန်းတွေတောင် ကျချင်ကျသွားနိုင်တယ်။

ပြန်ကြည့်လိုက်ရင် သင်္ခန်းစာ ယူစရာတွေ တပုံကြီးပဲ။ ထာဝရ မိတ်ဆွေဆိုတာ မရှိဘူး၊ ထာဝရ အကျိုးစီးပွားပဲ ရှိသတဲ့။ နောက်တခါ အနောက်နိုင်ငံက မီဒီယာတွေ လက်သံပြောင်တယ်ဆိုတာ သူတို့နဲ့ အကျိုးစီးပွား မတူတဲ့ နိုင်ငံတွေကို အဖြစ်အပျက်တွေနဲ့ ပတ်သက်ရင်သာ လက်သံပြောင်တာပါ။ မပြောင်ချင်တဲ့ အခါကျလည်း ရူးချင်ယောင် ဆောင်နေကြတာပဲ။ ကဲ… ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

Discussion

2 thoughts on “DSK & De-Europeanization of IMF

  1. တင်ကတည်းက..ဖတ်ပြီး မန့် မလို့ပဲ။
    ခုမှ..ဒေါ်ဝတုတ် စာလေး ဖတ်ရင်း..ပြောဖြစ်တယ်။ (မှတ်ချက်ကတော့.. စာနဲ့ပို့လိုက်ပြီ)း)

    ရေးထားတာ သဘောကျတယ်.။
    ခုတလော.. အမေရိကန် လုပ်တာတွေ..လက်ရဲဇက်ရဲ သိပ်နိုင်တယ်နော်..
    တကယ်ဆို.. ဒီလူကြီးက.. ကဲ ချင်မှတော့..သူ့လို အနေအထားနဲ့.. ဒီလို လူသိရှင်ကြားဖြစ်မဲ့.. ဟိုတယ်ကြီးမှာ..ကြုံသလို ဖမ်းဆွဲ စားပြီး.. အဖြစ်ခံ ပါ့မလား.. ဆိုတာ..တွေးစရာပဲ။

    Posted by kaythwe | 02/06/2011, 14:56
  2. (အကွင်းအကွင်း မုန့်တီဟင်းသို့) ဆိုတဲ့စကားလို ရှင်းကနဲ လင်းကနဲ ရှိလှပါကြောင်း ….

    Posted by မိုးစက်ပွင့် | 06/06/2011, 12:56

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: