//
you're reading...
British culture, Burma, Burmese

ပိတ်ထားသောတံခါးများနှင့်တံခါးဖွင့်ခြင်း

၁၉၉၆ခုနှစ်။ တက္ကသိုလ်ရောက်တာ တလပဲရှိသေး။ ကျောင်းကပိတ်သွားပြီ။ ကျောင်းဖွင့်တာကို စောင့်မလား။ တခြားစာတွေသင်မလား။ အင်္ဂလိပ်စာသင်တန်း ၃ခုလောက်မှာ ကိုယ့်ကိုကိုယ်သွားအပ်လိုက်တယ်။

အဒေါ်ပြန်လာပြီး ဂျီစီအီး အိုသင်တန်းတွေဖွင့်တယ်။ ပထမဆုံးအသုတ်ကျောင်းသားတွေထဲမှာ အဖေအမေ၊ ဆွေမျိုးတွေ နိုင်ငံခြားရောက်နေသူတွေလဲရှိ၊ ဘယ်သူမှနိုင်ငံခြားမှာမရှိဘဲ အလကားနေအလကား လာတက်ကြသူ ကိုယ့်လို လူမျိုးတွေလဲရှိ။ ဆရာတွေအသင်အပြကောင်းတာ၊ သူတို့ကိုကြောက်တာနဲ့  ၁ဝတန်းတုန်းကစာဖတ်ရှိန်လေးနဲ့ပေါင်းပြီး အမှတ်တွေက အမှတ်မထင်ကောင်းသွားရော။

အဲဒီမှာ တံခါးတွေဖွင့်ဖို့ လုပ်ရတော့တာပါပဲ။

ဗမာပြည်က ကျောင်းသားတွေဟာ ၂ဝဝဝဝြည့်လွန်နှစ်တွေမတိုင်ခင်အထိ နိုင်ငံခြားပညာရေးနဲ့ ဝေးပါတယ်။ နိုင်ငံခြားမှာပညာသွားသင်တယ်ဆိုတာ ပညာတော်သင်ဆုရတဲ့ အစိုးရဝန်ထမ်းတွေ၊ သံရုံးဝန်ထမ်းမိသားစုတွေ၊ ကုလသမဂ္ဂအရာရှိတွေရဲ့ သားသမီးတွေပဲများပါတယ်။

ကိုယ်ရတဲ့အမှတ်စာရင်းလေးကို ကိုင်ပြီး ဘယ်နိုင်ငံသွားရမလဲ၊ ဘယ်တံခါးကိုစဖွင့်ရမလဲဆိုပြီးစဉ်းစားရတုန်းက စိတ်ဒုက္ခတော်တော်ရောက်ပါတယ်။ ကိုယ့်ကိုအားပေးတဲ့လူ၊ ဖြစ်နိုင်ပါတယ်လို့ ပြောတဲ့လူတယောက်မှ မရှိပါဘူး။

အင်္ဂလိပ်သံရုံးသွားပြီးကျောင်းလိပ်စာတွေသွားကူးပြီးကျောင်းတွေဆီ စာရေးပါတယ်။ သြစတြေးလျကကျောင်းတွေဆီ စာရေးတယ်။ ဒီကြားထဲမှာ ကိုယ့်အတွက်ယာယီပိတ်ထားတဲ့ ဗမာပြည်ကတက္ကသိုလ်တံခါးပြန်ဖွင့်ရင် စာလိုက်နိုင်အောင် အများနည်းတူကျူရှင်တက်ရသေးတယ်။ အကဲပါသူအများစုတက်တဲ့တက္ကသိုလ်ဖြစ်လေတော့ ပထမနှစ်စာတွေပြီးသွားတော့ ဒုတိယနှစ်ဆက်တက်ကြတယ်။ တကယ့်တက္ကသိုလ်က ပြန်ဖွင့်ဖို့ဘယ်ဆီနေမှန်းမသိသေး။ ကျောင်းသားတွေက ကိုယ့်ကိုကိုယ်အအောင်ပေးပြီး အပြင်မှာဒုတိယနှစ်ကျူရှင်တွေလိုက်တက်ကြတယ်။

အဲဒီတော့ အပြင်ထွက်ဖို့ခြေတလှမ်းပြင်ထားပြီး အထဲမှာဆက်နေခဲ့ရရင် အများနဲ့တန်းတူဖြစ်အောင် ကျူရှင်တွေဆက်တက်တယ်။ ကြားထဲမှာ မိဘဆီကပိုက်ဆံသိပ်မတောင်းချင်လို့ ၁ဝတန်းတွေကို ဂိုက်လုပ်သေးတယ်။ တခါတခါမနက်၆နာရီလောက်ကတည်းက အိမ်ကထွက်သွားပြီး ည၁၀လောက်မှပြန်ရောက်တယ်။ တံခါးတွေကို ၂ချပ် ၃ချပ်ပြိုင်တူဖွင့်ချင်နေတဲ့ဇောက တော်တော်လေးကြီးခဲ့တယ်။

အင်္ဂလန်ကကျောင်းတွေ သြစတြေးလျကကျောင်းတွေဆီက စာပြန်လာတယ်။ ပညာသင်ကြေးပေးဖို့ မဖြစ်နိုင်ပါတဲ့။ စိတ်ဓာတ်ကျပြီး ဘာဆက်လုပ်ရမှန်းမသိဖြစ်သွားတယ်။ အဲဒီမှာဦးတင်မောင်သန်းနဲ့တွေ့တယ်။ သူကဟားဗတ်ကဘွဲ့ရပြီးခါစ၊ အမေရိကားက ကျောင်းတွေကိုသိပ်သဘောကျပြီး ဗမာပြည်ကကျောင်းသားတွေကို အမေရိကားသွားဖို့တိုက်တွန်းနေချိန်။ သူက အမေရိကန်တယောက်နဲ့မိတ်ဆက်ပေးတယ်။ အဲဒီအမေရိကန်ကသူ့ရဲ့ကျောင်းကို လျှောက်ပါလားတဲ့။

ကိုယ့်မှာက အမေရိကားကကျောင်းတွေလျှောက်ဖို့ တိုဖယ်တခုပဲရှိတယ်။ ဒါနဲ့ အက်စ်အေတီကို အပြေးအလွှားဖြေရတယ်။ အမှတ်ကတော့သင့်ရုံပဲ။ တံခါးတခုပွင့်လာနိုးနိုးနဲ့ စာစီစာကုံးတွေရေး တက္ကသိုလ်တွေကိုပို့ပြီးစောင့်ရပြန်တယ်။

အဲဒီအချိန်မှာတက္ကသိုလ်တွေပြန်ဖွင့်တယ်။ တက္ကသိုလ်ပြန်တက်တယ်။ စိတ်ကတော့ မပွင့်သေးတဲ့တံခါးဆီမှာ။ ကျောင်းမှာစာဖတ်ရတာ သိပ်စိတ်မပါတော့။ ဒီကြားထဲမှာ အခင်ဆုံးသူငယ်ချင်း၂ယောက်က အမျိုးတွေရှိတဲ့နိုင်ငံတွေကို ထွက်သွားကြတော့ ငါပဲကျန်တော့တယ်ဆိုပြီး စိတ်ကဂဏာမငြိမ်။ ထုံးစံအတိုင်းစိတ်ငြိမ်အောင် သင်တန်းတွေလျှောက်တက်တယ်။ ဒီတခါတက်တာက ပြင်သစ်စာ။ ဘေးကကြည့်နေတဲ့လူတွေကတော့ အရူးမီးဝိုင်းဖြစ်နေတယ်လို့ ထင်မှာပဲ။

တက္ကသိုလ်မှာဖိုင်နယ်ဖြေခါနီး ပြင်သစ်စာတက်တာ ၂ပတ်လောက်နေတော့ လျှောက်ထားတဲ့ကျောင်းတွေဆီက စာပြန်လာတယ်။ ဝင်ခွင့်ပေးတာ ၃၊၄ကျောင်းရှိမယ်။ တကျောင်းကတော့ ပညာသင်ဆုတဝက်ပေးတယ်။ ကျန်တဲ့တဝက်က ကိုယ့်ထက်တော်တဲ့ တခြားနိုင်ငံခြားသားတယောက်ကို ပေးထားတယ်။ သူမလာရင် ကိုယ်ရမယ်တဲ့။ ဒါကနောက်မှ ပြန်သိရတာပါ။

ပညာသင်ဆုတဝက်ဆိုပေမယ့် ကိုယ်ကစိုက်ရမှာ ဒေါ်လာတသောင်းလောက်ဆိုတဲ့ စားရမှာလဲသဲနဲ့ရှပ်ရှပ်၊ ပစ်ရမှာလဲအဆီနဲ့တဝင်းဝင်းဆိုသလိုဖြစ်နေတယ်။ ကျောင်းဖွင့်ဖို့တလလောက်နေမှ ကျန်တဲ့တဝက်လဲရမယ်ဆိုတဲ့ စာရောက်လာတာနဲ့ တံခါးတချပ် နောက်ဆုံးတော့ ပွင့်ပြီဆိုပြီး သွားဖို့ပြင်ရတော့တယ်။ မိဘကတော့ ကိုယ့်ရပ်ကိုယ့်မြေမှာပဲ အေးအေးဆေးဆေးတက္ကသိုလ်ဆက်တက်စေချင်တယ်။ ဒါပေမယ့် တံခါးကိုကိုယ်ကဖွင့်ခဲ့ပြီ။ ကိုယ့်အတွက်လဲဟိုဘက်ကဖွင့်ပေးနေပြီဆိုတော့ ကိုယ်ကပဲပြန်ပိတ်တာမျိုးမလုပ်ချင်တော့ဘူး။ ဖိုင်နယ်တွေဖြေနေတုန်း အမေရိကားကို ထွက်လာခဲ့တယ်။ လေဆိပ်မှာမျက်ရည်မကျခဲ့ဘူး။ တားမရတဲ့သမီးကို အဖေက သူ့ရဲ့မြေကလေးရောင်းပြီး ဒေါ်လာ၄ထောင်လက်ထဲလာထည့်တုန်းကလဲ မငိုမိအောင်စိတ်တင်းထားခဲ့တယ်။

တကယ်တော့ တံခါးဖွင့်ခြင်းဆိုတဲ့ခေါင်းစဉ်ဟာ  အပြင်ကကိုယ့်အတွက်ပိတ်နေတဲ့၊ ပိတ်ထားတဲ့တံခါးတွေကို ဘယ်လိုဖွင့်ခဲ့ရသလဲဆိုတာကို ရေးဖို့မဟုတ်ဘူး။ အပြင်မှာ ၁၂နှစ်ကြာနေခဲ့ပြီး အခုကိုယ့်ကို အထဲကနေပြန်ပိတ်နေတဲ့ တံခါးတွေအကြောင်းရေးချင်တာ။

ရှေ့မှာတံခါးတွေကို လိုက်ဖွင့်ရင်း နောက်ကကိုယ့်ကို တံခါးတွေပိတ်ပြီး အပြင်ထုတ်ချင်ကြတာတွေကို တဖြည်းဖြည်းတွေ့လာရလို့ ဒီစာကိုချရေးဖြစ်တာ။

အပြင်ထွက်ဖို့ တံခါးတွေကို ခဲရာခဲဆစ်ဖွင့်ခဲ့ရပြီးမှ ကိုယ့်အတွက်အမြဲပဲပွင့်နေခဲ့တယ်ထင်တဲ့ တံခါးတွေပိတ်မလိုလိုဖြစ်နေတဲ့ အကြောင်းကိုရေးချင်တာပါ။

အကြောင်းငါးမျိုးကြောင့် ဗမာတွေတိုင်းပြည်အပြင်ထွက်လာကြတယ် ထင်တယ်။ တမျိုးက နိုင်ငံရေးကြောင့်ကိုယ့်ကို ကိုယ့်မိခင်နိုင်ငံကလက်မခံတော့လို့၊ တနည်းမိခင်နိုင်ငံမှာဆက်နေရင် အဖမ်းအဆီးခံရမှာမို့လို့ ပြည်ပထွက်လာရသူတွေ၊ နောက်တမျိုးက ကိုယ်ယုံကြည်ရာ ဥပမာ နိုင်ငံရေးကို ပြည်ပမှာမှ လုပ်လို့ရမယ်လို့ယူဆပြီး ပြည်ပရောက် ဒါမှမဟုတ်နယ်စပ်အခြေစိုက်တပ်တွေ အဖွဲ့တွေနဲ့ပေါင်းပြီးလုပ်ဖို့ထွက်လာသူတွေ၊ နောက်တမျိုးက စီးပွားရေးကြောင့် အပြင်မှာထွက်လုပ်ဖို့ တရားဝင်နည်းနဲ့ရော၊ တရားမဝင်နည်းနဲ့ရောထွက်လာသူတွေ၊ နောက်တမျိုးကတော့ စာသင်ဖို့ထွက်လာကြသူတွေ။ နောက်ဆုံးတမျိုးကတော့ ကိုယ်တိုင်ကိုယ်ကျ နိုင်ငံရေးမလုပ်ပါဘဲနဲ့ လူမျိုးရေး၊ ဘာသာရေးကြောင့် တိုင်းပြည်ထဲမှာ အန္တရာယ်များလို့ ထွက်ပြေးလာရသူတွေ၊ အထူးသဖြင့် ကရင်တွေ။  ကိုယ့်ရဲ့အနုပညာကိုလွတ်လွတ်လပ်လပ်ထုတ်ဖော်ပြသဖို့နဲ့ intellectual freedom အတွက် အပြင်မှာနေတဲ့ လူတွေကိုလည်း ဒုတိယတမျိုးထဲမှာပဲထည့်လိုက်တယ်။ ဒီငါးမျိုးထဲကလူတွေဟာ တမျိုးထဲမှာပဲ တသက်လုံးနေသွားကြတာမျိုးတော့ မဟုတ်ဘူး။ နိုင်ငံရေးလုပ်ဖို့ထွက်လာ၊ ကျောင်းတက်ပြီး နောက်ဆုံး စီးပွားရေးလုပ်ဖြစ်သွားသူတွေလဲရှိတာပဲ။

ဒီလိုအကြောင်းအမျိုးမျိုးနဲ့ထွက်လာကြသူတွေမှာ ဗမာပတ်စပို့ကိုပဲဒုက္ခခံပြီးဆက်ကိုင်ထားသူတွေလဲရှိ၊ တခြားနိုင်ငံကပတ်စပို့ယူကြသူတွေလဲရှိ၊ ဘာပတ်စပို့မှမရှိဘဲ ခရီးသွားလက်မှတ်ပဲကိုင်ထားသူတွေလဲရှိ၊ ခရီးသွားလက်မှတ်တောင်မရှိဘဲ တသက်လုံးဒုက္ခသည်စခန်းမှာနေနေရတဲ့လူတွေလဲရှိတာပဲ။

ဗမာပတ်စပို့ကို ဒုက္ခခံပြီးကိုင်တယ်လို့ရေးတာ ခရီးသွားလက်မှတ်တောင်မရှိတဲ့လူတွေကို မစာနာသလိုဖြစ်နေတယ်။ ဒါပေမယ့် ဗမာပတ်စပို့နဲ့တခြားပတ်စပို့တွေအကြာင်း နည်းနည်းနှိုင်းကြည့်ပါရစေ။ မလေးရှား၊ စင်္ကာပူပတ်စပို့ကိုင်တဲ့လူတွေ ဥရောပကို ရက်ကိုးဆယ်ဗီဇာမလိုဘဲလာလို့ရတယ်။ အာဖရိကက ဆင်းရဲတဲ့မိုဇမ်ဘိလို နိုင်ငံမျိုးဟောင်ကောင်ကို ဗီဇာမလိုဘဲသွားနိုင်တယ်။

တနေရာရာကိုသွားဖို့ဗီဇာလျှောက်ရပြီဆို မိတ်ဆွေတွေက နင်ဗီဇာလိုလို့လားလို့မေးတတ်တယ်။ အဲဒီအခါကျရင် ငါတို့အတွက်ဗီဇာမလိုတဲ့နိုင်ငံတနိုင်ငံပဲရှိတယ်။ အဲဒါဗမာနိုင်ငံပဲ။ ဒါတောင်အခွန်ကင်းရှင်းကြောင်းစာရွက် သံရုံးမှာသွားယူရသေးတယ်။ ဗမာပြည်ရဲ့ code-mmr ဆိုတာမသိလို့ check in မှာကြာတာ၊ လေယာဉ်လွတ်သွားတာ၊ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက နင့်မှာသုံးဖို့ပိုက်ဆံဘယ်လောက်ပါသလဲဆိုတာမျိုး၊ ဒီမှာဘာလုပ်လုပ်တာလဲဆိုတာမျိုးတွေက ဗမာပတ်စပို့ကိုင်သူတွေအတွက် သမားရိုးကျဖြစ်ရပ်တွေပါ။

ကိုယ့်သံရုံးမှာသက်တမ်းသွားတိုးရင်လဲ အမြဲခေျာချောမွေ့မွေ့နဲ့ ပြီးသွားတာမျိုးမဟုတ်ပါဘူး။ ဗမာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးခဟာ အရင်ကကမ္ဘာပေါ်မှာ စျေးအကြီးဆုံးထဲမှာပါပါတယ်။ အခုစျေးလျှော့ပေးထားတာတောင် တခြားနိုင်ငံတွေနဲ့စာရင် စျေးကြီးနေပါသေးတယ်။ ဒီလိုဒုက္ခတွေခံပြီး ဗမာနိုင်ငံကူးလက်မှတ်တခုထဲကိုင်ပြီး နှစ်ပေါင်း၃ဝကျော် အင်္ဂလန်မှာနေနေတဲ့လူတွေကို တွေ့ဖူးပါတယ်။

ဗမာနိုင်ငံကူးလက်မှတ်ကိုဆက်ကိုင်ထားတဲ့လူတွေအကြောင်း တွေးကြည့်ပါတယ်။ သူတို့အတွက် ဗမာရယ်လို့ ကိုယ့်ကိုကိုယ်နဲ့ တခြားလူတွေက တရားဝင်အသိအမှတ်ပြုဖို့၊ အထောက်အထားပြဖို့ ပတ်စပို့လိုတယ်။ ကိုယ်ဘာလဲဆိုတာကို ကိုယ်ဘာနိုင်ငံသားလဲဆိုတာနဲ့ ဖော်ပြဖို့က အလွယ်ဆုံးကိုး။ ဒါပေမယ့် ဗမာပတ်စပို့ကိုင်တဲ့လူတွေအတွက် ပိုပြီးအရေးကြီးမယ်လို့ထင်ရတဲ့ နောက်တချက်က တခြားပတ်စပို့ကိုင်လိုက်ရင် တရားဝင် ဗမာမဟုတ်တော့ဘူးဆိုတဲ့ ယူဆချက်ပါပဲ။

ဒီ၂ချက်ဟာ တူမယောင်နဲ့ကွဲပါတယ်။ ဗမာပတ်စပို့ကိုင်ရင် ဗမာ။ ဒါပေမယ့် ဗမာပတ်စပို့နဲ့ ဗမာမှတ်ပုံတင်ကိုင်ထားသူတိုင်း ဗမာမဟုတ်တဲ့အဖြစ်တွေ တဖြည်းဖြည်းများလာတဲ့အကြောင်းကြားရတယ်။ လွန်ခဲ့တဲ့၁ဝနှစ်လောက်က ဗမာမှတ်ပုံတင်ကို ငွေငါးသိန်းနဲ့ဝယ်လို့ရတယ်လို့ ကြားဖူးတယ်။ အဲဒါသာမှန်ရင်ငွေငါးသိန်းရှိရင် ဗမာဖြစ်နိုင်တယ်။ ဗမာပတ်စပို့ကိုင်ထားသူတိုင်း ဗမာလို့ပြောလို့မရတော့ပေမယ့် ဗမာပတ်စပို့ကနေ တခြားပတ်စပို့ပြောင်းကိုင်ရင်တော့ တရားဥပဒေရဲ့အမြင်မှာ ဗမာမဟုတ်တော့ပါဘူး။

ဒါပေမယ့် တခြားပတ်စပို့ကိုင်လိုက်ရင် တကယ်ဗမာမဟုတ်တော့ဘူးလားဆိုတဲ့အမေးက ဖြေရှင်းရပိုခက်ပါတယ်။ ဗမာပတ်စပို့ကို စိတ်မာမာနဲ့ကိုင်ထားသူတွေကတော့ ဟုတ်တယ်။ ဗမာပတ်စပို့မကိုင်တော့ရင် တရားဝင်ဗမာမဟုတ်တော့ဘူးလို့ ပြောမှာပဲ။ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှု၊ ဗမာအဖြစ် အထင်အရှားအသိအမှတ်ပြုခံရမှု၊ တခါ(အရေးအကြီးဆုံးလို့ထင်တယ်) သူတို့ရဲ့ဗမာနိုင်ငံနဲ့စိတ်ချင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ ဆက်နွယ်နေမှု စတာတွေအတွက် ပတ်စပို့ဟာ အရေးကြီးတဲ့သင်္ကေတပဲ။ ပတ်စပို့မရှိတော့ပေမယ့်လဲ စိတ်ထဲမှာဗမာဖြစ်လို့ရနေတာပဲ။ ဒါပေမယ့် ပတ်စပို့ကိုင်ပြီး ကိုအံ့ကြီးနားထောင်တာဟာ ပတ်စပို့မကိုင်ဘဲ နားထောင်တာလောက် နားဝင်ပီယံမရှိသလိုမျိုး။

ဗမာဖြစ်ပါတယ်ဟေ့ဆိုတာဟာ ပတ်စပို့ကြောင့် ပိုပြီးတရားဝင်သွားသလိုမျိုး၊ ပိုပြီးအဓိပ္ပာယ်ရှိသွားသလိုမျိုးပါ။ ဥပမာတခုပေးရရင် မလေးမကြီးတယောက်ဟာ ၃၅နှစ်လောက် မလေးပတ်စပို့ကိုင်ထားပါတယ်။ ဘိုတယောက်နဲ့အိမ်ထောင်ကျတယ်။ ကလေးတွေမွေးတော့ သူတို့ဟာသူတို့ကိုသူတို့ အင်္ဂလိပ်လူမျိုးလို့ပဲသတ်မှတ်ပြီး နေထိုင်ပြုမူကြတယ်။ အဲဒီမလေးမကြီးကလဲ အသားအရောင် ရုပ်ရည်ကလွဲလို့ ကျန်တာဘိုပါပဲ။ ဒါပေမယ့်သူ့ကိုယ်သူတော့ မလေးလို့ပဲသတ်မှတ်တယ်။ မလေးပတ်စပို့ပဲဆက်ကိုင်တယ်။ မလေးရှားကအဖေအမေဆီပြန်လည်တတ်တယ်။ မိဘ၂ပါးဆုံးသွားတော့ သူနဲ့မလေးရှားအဆက်ပြတ်ပြီလို့ ယူဆလိုက်ပုံရပါတယ်။ အင်္ဂလိပ်ပတ်စပို့ကိုင်လိုက်တယ်။ ဒါပေမယ့် ဘုရင်မကြီးအပေါ်မှာ သစ္စာရှိပါမယ်လို့ ကျမ်းကျိန်ပြီးမှ သူ့နိုင်ငံသားဖြစ်ခွင့် ပတ်စပို့ကိုင်ခွင့်ရှိတာ မဟုတ်လား။ ကျမ်းကျိန်တဲ့နေ့က မလေးမကြီးငိုပါတယ်။ သူ့ကိုယ်သူမလေးမဟုတ်တော့ဘူးဆိုပြီး ဝမ်းနည်းလို့ပါ။ တကယ်တော့ သူမလေးမဟုတ်တော့တာ ကြာပါပြီ။ ဒါပေမယ့်ပတ်စပို့မရှိတော့မှ တကယ်မလေးမဟုတ်တော့ပါလားဆိုတာက ကွက်ကွက်ကွင်းကွင်းကြီးပေါ်လာ။ ထင်ရှားလာတာကိုး။

နိုင်ငံခြားမှာနေနေတဲ့လူတော်တော်များများအတွက် ငါဘာလဲ။ ငါဘယ်သူလဲဆိုတဲ့မေးခွန်းဟာ ကိုယ့်ကိုကိုယ် မကြာခဏမေးဖြစ်တဲ့မေးခွန်းပါ။ ကိုယ်နဲ့မတူတဲ့လူတွေကြားထဲမှာနေရရင် မတူတာဟာပိုပြီးထင်ရှားတာကိုး။ ပိုပြီးအသိအမှတ်ပြုစရာ၊ ဆန်းစစ်စရာ၊ တခါဆင်ခြင်စရာဖြစ်တာကိုး။

လန်ဒန်လိုမြို့မှာ နိုင်ငံပေါင်းစုံကလူတွေလာစုနေကြတဲ့မြို့မှာ မတူတာဟာ သိပ်ပြီးမသိသာပေမယ့်၊ အမေရိကားအလယ်ပိုင်းအဖြူတွေချည်းပဲနေကြတဲ့မြို့မှာ မတူတာဟာ ဂရုစိုက်စရာဖြစ်တယ်။

မတူတာတွေကြားထဲမှာနေရင် စိတ်ဝင်စားစရာကောင်းတဲ့ အပြုအမူတွေဖြစ်လာတယ်။ မတူတာတွေနည်းသွားအောင်၊ ကိုယ်လဲအများထဲက တယောက်ဖြစ်အောင် အများလုပ်တာလိုက်လုပ်လာတယ်။ တခါကိုယ်နေတဲ့နိုင်ငံတွေက ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ တခါဥပဒေနဲ့ပြဌာန်းထားခြင်းမရှိပေမယ့် လုပ်ရမယ့်အရာ၊ ယဉ်ကျေးတဲ့အရာလို့လက်ခံထထားတာတွေကို လိုက်လုပ်ရင်းနဲ့ မတူတာတွေလျော့လာတယ်။ ကိုယ်ကအများထဲကတယောက်ပဲဆိုတာ ကိုယ့်ကိုကိုယ်နဲ့ ပတ်ဝန်းကျင်ကလက်ခံလာတယ်။

ဒါပေမယ့် ကိုယ်ကကိုယ်၊ ဗမာ၊ အင်္ဂလိပ်မဟုတ်ဘူးဆိုတာကိုလဲ ပတ်စပို့အပြင် အဲဒီမတူတာတွေ ရှိနေခြင်းကပဲ သက်သေပြနိုင်ပြန်တယ်။ အဲဒီမှာ ဝိရောဓိစတော့တာပါပဲ။ ကိုယ်ဘယ်လောက်ထိ တူအောင်လုပ်မလဲ၊ integrate လုပ်မလဲဆိုတဲ့မေးခွန်းကို ကိုယ့်ကိုကိုယ် သိစိတ်နဲ့ရော မသိစိတ်နဲ့ပါမေးလာတော့တယ်။

အဲဒီအခါမှာ ကိုယ်နဲ့သူတို့အသိုင်းအဝိုင်းဆိုတဲ့ စည်းကို ကိုယ်ကပဲခြားလိုက်တော့တယ်။ မရမကဖွင့်ပြီးဝင်ခဲ့တဲ့ တံခါးရဲ့တခြားတဘက်လဲရောက်ရော ကိုယ့်ကိုပဲဘယ်လောက်အထိပဲ ဝင်မယ်ဆိုတဲ့ ဘောင်ခတ်လိုက်ပြန်ရော။ နိုင်ငံခြားမှာ နှစ်ပေါင်းများစွာနေပြီး ကိုယ်နေတဲ့နိုင်ငံကဘာသာစကားကို မိခင်ဘာသာစကားလို မပြောနိုင်တဲ့လူတွေကို ဘာသာဗေဒပညာရှင်တွေက ဘယ်လိုသုံးသပ်သလဲဆိုတော့ သူတို့မှာ သူတို့ရဲ့ယဉ်ကျေးမှုနဲ့ဘာသာစကားကို ဖက်တွယ်ထားလိုစိတ်၊ ကိုယ်နေတဲ့နိုင်ငံရဲ့ ယဉ်ကျေးမှုကို အပြည့်အဝလက်မခံနိုင်စိတ်စတဲ့ စိတ်ပိုင်းဆိုင်ရာအတားအဆီးတွေက သင်ယူမှုမှာ အဟန့်အတားလာဖြစ်တာပါတဲ့။

စာကတဖြည်းဖြည်းနဲ့လည်သလိုဖြစ်နေတယ်။ ပြန်ကောက်ရရင် ဗမာတော်တော်များများအတွက်၊ ဗမာပတ်စပို့ကိုင်တဲ့ဗမာရော၊ ဗမာပတ်စပို့မကိုင်တဲ့ဗမာရော ဗမာပြည်နဲ့ ဗမာ့အသိုင်းအဝိုင်း၊ ဗမာပြည်မှာကျန်ခဲ့တဲ့မိတ်ဆွေအပေါင်းအသင်း၊ ရပ်ထဲရွာထဲကအသိ၊ ကုန်ကုန်ပြောရရင် ဗမာတပြည်လုံးဟာ ကိုယ်နဲ့ဆိုင်တဲ့အရာ၊ ကိုယ်ပြန်သွားရင် အရင်လိုပဲ ရင်းနှီးကျွမ်းဝင်လို့ရတဲ့အရာလို့ သဘောထားကြတယ်။ ကိုယ့်ကိုကိုယ် ခေတ္တခဏ အပြင်ရောက်နေသူတွေ၊ ယာယီခရီးသည်တွေအဖြစ်သဘောထားကြတယ်။ ကိုယ်ခဏနေတဲ့တိုင်းပြည်မှာ သူ့အသိုင်းအဝိုင်းထဲလုံးလုံးမရောက်သွားအောင် သိစိတ်နဲ့ရော မသိစိတ်နဲ့ရော ကိုယ့်ကိုကိုယ်ဘောင်တွေခတ်ထားကြတယ်။ ကိုယ်ကဗမာပဲ။ တနေ့ဗမာပြည်ပြန်မယ့်လူဆိုတဲ့ အတွေးနဲ့ အသက်ရှင်ကြတယ်။ ပျော်အောင်နေကြတယ်။

ဗမာသီချင်းတွေချည်းပဲနားထောင်တယ်။ ဗမာသတင်းတွေ အငမ်းမရလိုက်ဖတ်တယ်။ ဗမာပြည်ထဲကဗမာတွေ ပြည်ပရောက်ဗမာတွေကြားမှာ အပ်ကျတာကအဆုံး သိချင်တယ်။ သိအောင်လုပ်တယ်။ ကိုယ့်အတွက်ဗမာအသိုင်းအဝိုင်းအတုတခု ကိုယ့်ဖာသာကိုယ်ဖန်ဆင်းထားတယ်။ ဗမာပြည်ကိုတကယ်မပြန်ရခင် ဒီအသိုင်းအဝိုင်းအတုက ကိုယ့်အတွက်ကွန်းခိုရာပေါ့။  ဗမာ့အရေးဆိုရင် နိုင်ငံရေးအစ လူမှုရေးအလယ် ကိုယ်ရေးကိုယ်တာအဆုံးပါချင်တယ်။ ပါခွင့်ရဖို့ ရှာတယ်။ အခွင့်အရေးကိုကိုယ့်ကိုကိုယ်ဖန်တီးပြီးပါတယ်။

ဒါပေမယ့် ဒီဗမာတွေ၊ ပြင်ပရောက်နေတဲ့ဗမာတွေအတွက် ဗမာပြည်ထဲကဗမာ့အသိုင်းအဝိုင်းမှာနေရာရှိရဲ့လားဆိုတာ မေးစရာဖြစ်လာပြီ။ အပြင်မှာနေတာကြာနေပြီ။ အထဲကလူတွေအကြောင်း၊ အထဲကလူတွေ အလုပ်လုပ်ပုံလုပ်နည်းမသိဘဲ လာမပြောနဲ့။ အပြင်မှာနေတာကြာနေပြီ။ နင်ပြောတာတွေ အယုံအကြည်မရှိဘူး။ စာတွေ့တွေပဲလာပြောနေတယ်။ အထဲကအကြာင်းတွေမသိဘဲ၊ လက်တွေ့မသိဘဲလာမပြောနဲ့ ဆိုတာတွေကို အထဲကလူတွေနဲ့ထဲထဲဝင်ဝင် အလုပ်လုပ်ကြည့်ရင် သိရ၊ ကြုံရလိမ့်မယ်။

ပြင်ပရောက်နိုင်ငံရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေကို ပြည်ဝင်ခွင့်ပေးဖို့ အစိုးရကလက်ခံဖို့ လွှတ်တော်မှာအဆိုသွင်းဖို့ကြံကြတယ်။ အပြင်ရောက်နေတဲ့ နိုင်ငံရေးသမားတွေကို အစိုးရကလက်မခံတာ မြင်သာတယ်။ အပြင်မှာအနေကြာနေတဲ့လူတွေကို အထဲကသာမန်လူတွေ မသိမသာဖယ်နေတာ၊ အပြင်လူ အထဲကလူဆိုတဲ့ စည်းကို ဆွဲပြီး တင်းပြည့်ကျပ်ပြည့်ပါခွင့်မပေးတာ၊ ငါတို့ထဲကတယောက်၊ ဒို့လူဆိုပြီး လက်ခံဖို့ခက်နေတာဟာ အပြင်မှာရောက်နေပြီး တချိန်ကျရင်ဆိုတဲ့ စိတ်ကူးနဲ့ပျော်နေတဲ့လူတွေအတွက် အရှိုက်ကိုထိုးလိုက်သလိုပဲ။ ယုံကြည်ချက်တွေယိုင်နဲ့သွားအောင် ဖြိုလိုက်တာပဲ။

တကယ်တော့ ကိုလိုနီခေတ်ကတည်းက ဗမာပြည်မှာ ကျွမ်းကျင်ပညာရှင်တွေ လုပ်သားတွေ နည်းခဲ့တယ်။ ဆိုရင်တိုဗီလာစီမံကိန်း၊ နောက်ပြည်တော်သာစီမံကိန်းတွေ အကောင်အထည်ဖော်တုန်းက ကေတီအေ၊ အိုင်အယ်အိုစတဲ့ အဖွဲ့အစည်းက ကျွမ်းကျင်သူတွေ၊ အကြံပေးတွေ၊ နောက် ဖာနယ်ဗယ်တို့ ဒေါက်တာလှမြင့်တို့ လူဝီဝယ်လင်းစကီးစတဲ့ ပညာရှင်တွေအားလုံး တညီတညာထဲ ထောက်ပြတာက လူမရှိဘူးတဲ့။ လုပ်ငန်းတွေအကောင်အထည်ဖော်ဖို့ ကျွမ်းကျင်တဲ့လူတွေလိုသလို ဗမာပြည်ရဲ့ပြသနာတွေ ဝိုင်းဖြေရှင်းပေးဖို့ ပညာတတ်တွေလိုသတဲ့။ အားလုံးတသံထဲထွက်ခဲ့တယ်။ လူအခက်အခဲကို ထောက်ပြကြတယ်။

ဦးနုကလဲဖြေရှင်းဖို့ကြိုးစားတယ်။ ကိုလံဘိုစီမံကိန်းနဲ့ပညာတော်သင်တွေလွှတ်တယ်။ နိုင်ငံခြားကလူတွေ ရာနဲ့ချီပြီးငှားတယ်။ ဝယ်လင်းစကီးကဘယ်လောက်အထိ အကြံပေးသလဲဆိုတော့၊ ကုလားတွေ တရုတ်တွေဟာ တနိုင်တပိုင်စီးပွားရေးလုပ်တဲ့နေရာမှာ သိပ်တော်တယ်။ သူတို့ကိုအမှီပြုပြီး ပြည်တွင်းစီးပွားရေး အရှိန်ကောင်းအောင်လုပ်ရမယ်တဲ့။ အထဲကလူတွေကို တော်အောင်တတ်အောင်လုပ်တာအပြင် တော်တဲ့တတ်တဲ့လူတွေကို အထဲမှာထိန်းထားပြီးအသုံးချနိုင်ရမယ်။ အမေရိကန်ရဲ့စီးပွားရေးကို ဒီလိုတည်ဆောက်ခဲ့တာမဟုတ်လား။ အခုတောင်အမေရိကန်အစိုးရက လူတွေကိုသိပ်စီစစ်နေလို့ စီးပွားရေးသမားတွေက အရည်အချင်းရှိတဲ့လူတွေကို လွတ်လွတ်လပ်လပ်လုပ်ကိုင်နေထိုင်ခွင့်ပြုဖို့ အရေးဆိုနေရပြီ။

ဗမာပြည်မှာ တိတ်တိတ်လေးဖြစ်နေတာကတော့ အထဲကလူ အပြင်ကလူဆိုတဲ့ စည်းပြသနာပဲ။ ဘယ်သူတွေကဆွဲနေသလဲ။ အဲဒီပြသာနာကြောင့် ဗမာပြည်ထဲကပြသနာတွေ ဘယ်လောက်ထိ ကြာရှည်နေအုံးမလဲဆိုတာ တွေးစရာပဲ။

ကိုယ်တွေ့အရတော့ ဒီပြသနာဟာ မသေးလှဘူး။ အပြင်မှာတသက်လုံးအခြေချဖို့စိတ်ကူးသူတွေအတွက်တော့ အကြောင်းမဟုတ်လှဘူး။ ဗမာပြည်ကို တနေ့ပြန်မယ်ဆိုပြီး ကိုယ့်ယာယီနိုင်ငံမှာကိုယ့်ကိုကိုယ်ဘောင်ခတ်ထားသူ၊ လတ်တလောစီးပွားရေးပညာရေးကိစ္စတွေထဲမှာပဲ စိတ်ကိုနှစ်ထားပြီး သူတို့ကမ္ဘာထဲမဝင်သွားအောင် ကိုယ့်ကိုကိုယ်တံခါးပိတ်သော့ခတ်ထားသူတွေ၊ ဗမာအဖြစ် တရားဝင်အသိအမှတ်ပြုခံရဖို့ ဒုက္ခခံသက်တမ်းတိုးနေသူတွေ အတွက်ကတော့ တွေဝေစရာ၊ ဝမ်းနည်းစရာ၊ ခံရခက်စရာပဲ။

တံခါးတွေကို ဘယ်သူပိတ်ထားသလဲ။ ဒီတံခါးတွေကို ဖွင့်ဖို့လွယ်ပါ့မလား။ ကြိုးစားပြီးကိုယ့်တံခါးကိုယ်ဖွင့်ပြီးထွက်သွားသူတွေအတွက် အမြဲတမ်းပဲပွင့်ကျန်နေခဲ့တယ်လို့ ယုံကြည်ထားတဲ့ တံခါးဟာပိတ်နေပြီဆိုရင် ဘာလုပ်ကြမလဲ။ မေးကြည့်ဖြေကြည့်စေချင်တယ်။

 

မှတ်ချက်။ ဗမာလို့သုံးတဲ့နေရာမှာ ဗမာပြည်ထဲကဗမာအပါအ၀င်တိုင်းရင်းသားအားလုံးကိုဆိုလိုပါတယ်။

Discussion

7 thoughts on “ပိတ်ထားသောတံခါးများနှင့်တံခါးဖွင့်ခြင်း

  1. I think that your post is repeated in two times. I mean you can remove second-half part of this post. Second-half is same as first-half of this post. Anyway, it is a good post. Thank you for your post.

    Posted by sannmaw | 02/06/2011, 15:48
  2. It hits my heart.😦
    But I like it.

    Posted by heartmuseum | 03/06/2011, 02:03
  3. အဲဒါ အမွန္ပဲ
    တို့တွေ အားလုံး.. မြင်းရိုင်းတွေ လို.. တာကျိုးအောင် ပြေးထွက် ချင်နေခဲ့တဲ့.. လူငယ် ဘ၀ တွေ ကတော့.. အားလုံး.. အတူတူပါပဲ..။
    တကယ် အသက်တွေ ရလာ… ကိုယ့်သတ်မှတ်စံ တန်ဖိုး တခု ကို တွေ့လာ မြင်လာ ရတဲ့ အခါ ကျတော့.. ကျောခိုင်း ဖွင့်ထွက်ခဲ့တဲ့..တံခါးပေါက် တွေ ကို..ပြန် ခေါက် ကြည့် နေရ တဲ့ အဖြစ် တွေ။

    ညီမ ပြောတဲ့.. အပြင်လူ..အထဲလူ ပြသာနာ က ..တကယ် ကြုံဖူး ကြားဖူးနေတာပဲ..။ တမြန် နှစ်တွေ တုန်း ဆီ က.. ပါရဂူ ရ လာတဲ့..သူငယ်ချင်း တယောက်က.. ရန်ကုန်တက္ကသိုလ် ပြန်ပြီး သူ့ မိခင် ဌါန ကို သွား စကားပြောကြည့် တဲ့ အခါ..သူ့ကို .. ဌါနမှူး ကိုယ်တိုင် က..မလိုလား ဘူး ( မနာလို တာလည်း ဖြစ်နိုင်တယ်လေ..) ဆိုတာ သိလိုက်ရ တော့.. ၀မ်းနည်း ခဲ့ ရ တယ် တဲ့..။ နောက်တခုက..တို့ ဘူမိ ဗေဒ မှာ..ဆရာ တယောက်.. ဂျပန် မှာ..ပါရဂူ သွားယူ လာတယ်။ သူ တသက် လုံး ဆရာ ဖြစ်ချင် တဲ့သူ ဆိုတော့..( ဗမာပြည် တကယ် ချစ်မချစ်တော့..လူချင်းမခင်လို့ မသိ ) မန္တလေး ဆောင်မှာ အလုပ်ပြန်ဝင် တာ.. လက်ချာရာ က ပြန်စ ၀င် ရတယ်။ ထိုက်တန် တဲ့ နေရာ မပေး ခဲ့ ကြဖူး။ အဲဒီလို မျိုး တွေ အများကြီး ပါပဲ…။ တကယ်တော့..ဟိုး အရင်ခေတ်တွေ ကတည်းက..ဗမာအသိုင်းအ၀ိုင်းထဲ မှာ ရှိခဲ့ လေ သလားပဲ။ ဒါကလည်း..လူ့သဘာဝ အခြေခံ စိတ်မှာ ဖြစ်တဲ့ ပြသာနာ တမျိုး လည်း ဖြစ်နိုင်ပါတယ်။

    တခြားလူမျိုးတွေ..ဥပမာ တရုတ်တွေ မှာလည်း ရှိကောင်း ရှိကြ မှာပါ..။ အခု ခေတ်ဆို..တရုတ်..ကုလား တွေ..အရမ်း တိုးတက် လာတော့.. ကိုယ့်မျက်စိ အောက်မှာတင်..ကုလားသူငယ်ချင်း..တရုတ်မိတ်ဆွေ တွေ.. ပြန်ကုန် ကြတာ မြင်ရ တော့.. ဘာရယ်လည်း မဟုတ်.. ၀မ်းသာသလို ခံစားပေး နေ မိတယ်။

    တကယ်တော့.. sense of belonging ကို.. တို့ တွေ လိမ်ညာ ဖုံးအုပ် နှိပ်ချုပ် ထားလို့ မှ မရ တာ..။

    ယုတ္တိဗေဒ ကျကျ စဉ်းစားကြည့်ရင်လည်း အပြင်ကလာတဲ့ လူ နဲ့.. အထဲမှာနေခဲ့တဲ့ သူ.. ဘယ်.. ထပ်တူ တော့.. ကျနိုင် ပါ့မလည်းလေ..။ ဒီလိုပဲ..အခက်အခဲ တွေ ကို ကျော်ဖြတ်ရ မှာပါ…။ Life is compromising လို့ လက်ခံ ထားမိ ပြီလေ..။း) တကယ် လူကောင်း သူကောင်း ဆရာကောင်း သမားကောင်း တွေ နဲ့ တွေ့ ဆုံ ရ ဖို့ ဆိုတာ လည်း ဖြစ်နိုင်ခြေ ရှိပါသေးတယ်…။ သေချာ တာတော့..တို့ တိုင်းပြည်မှာ..အုပ်ချုပ်သူ က..စလို့..လူမှန် နေရာမှန် မရှိနေတာတော့.. ၀မ်းနည်း စိတ်ပျက်ချင် စရာ ပဲလေ..။

    ဒါပေမဲ့.. မပူပါနဲ့…ညီမရေ.. ရှေ့ မှာ ဒေါ်စု တယောက်လုံးးရှိနေ ပါတယ်။ Returnee ကြီးမှ..တကယ့် အကြီးစားကြီး။း) သူ့နဲ့ တော့ နှိုင်းမရ တာ မှန်ပေမဲ့.. သူ့ ခြေရာတွေ နောက် တော့.. လိုက်လျှောက်လို့ ရပါတယ်လေ..။

    Posted by K | 03/06/2011, 04:11
  4. အထဲနေတဲ့လူကလည်း အပြင်ကလူ မိုးကျရျွှေကိုယ် လာလုပ်မှာကို လက်မခံချင်တာ နားလည်လို့ ရပါတယ်။ ဒါဗမာပြည်ရယ်မှ မဟုတ်ဖူး။ လူမျိုးတိုင်းမှာရှိတယ်။ လူ့စိတ်လို့ပဲ ခေါ်ရလေမလား။ အပြင်က လူကလည်း သူ့ အတွေ့အကြုံနဲ့သူ တကယ့်ကို စိတ်ရင်း စေတနာ အမှန်နဲ့ နည်းပေးလမ်းပြ လုပ်ချင်တယ်။ စိတ်ရင်းစေတနာ မပါသူတွေလည်း ရှိနိုင်တာပဲ။ သူ့အတွေ့အကြုံနဲ့ သူ့မှာ ပြောပြပိုင်ခွင့် ရှိတယ်လို့ သဘောထားမှာ သဘာဝကျတယ်။ အဲဒိဆန္ဒနှစ်ခုကြားမှာ သင့်တော်တဲ့ balance တခုခု ရအောင် ရှာနိုင်ဖို့က အရေးကြီးတယ်။ ပြောရတာသာ လွယ်တာပါ။ တကယ်တမ်းကျတော့ ပြောသလောက်မလွယ်ဘူး။
    တရုတ်တို့ အင်္ဂလိပ်တို့၊ အမေရိကန်တို့က ဒီနေရာမှာ ချီးကြူးစရာလို့ မြင်မိတယ်။ တရုတ်က သူ့လူမျိုး တရုတ်ဖြစ်ပြီးရော။ ဗမာပြည်ရောက်ရောက်၊ အမေရိကန် ရောက်ရောက်၊ ဇင်ဘာဘွေနေနေ ပြန်လာရင် ကိုယ့်တိုင်းပြည်အတွက် အသုံးတည့်မယ်ဆို လက်ခံတာပဲ။ ဗမာလူမျိုးက မရင့်ကျက်သေးပါဘူး။ အဲဒါ့ကြောင့် ခုချိန်ထိ လုံးလည်ချာလည် လိုက်နေတာ။ ဗမာဆိုတာ ကိုယ့်တိုင်း ကိုယ့်ပြည်နဲ့ ကြီးပွားအောင် မလုပ်တတ်တဲ့ လူမျိုးပဲ။ အဲ့လိုပြောလို့ ဆတ်ဆတ်ထိ မခံ မဖြစ်နဲ့။ ခံငြင်းမယ် မကြံနဲ့။ မပြေးသော် ကန်ရာရှိတယ်။

    Posted by watote | 03/06/2011, 07:34
  5. အစ်ကိုတို့ အစ်မတို့ …. မမြင်ရဘူးဗျ .. ဘာဖောင့်နဲ့ရေးတာလဲမသိဘူး ။ ဇော်ဂျီနဲ့ပဲရေးပါလားဗျာ။ အကြံဥာဏ်ပေးကြည့်တာပါ။ မြန်မာ၃ နဲ့ ဇော်ဂျီနဲ့က တစ်ခုတင်ရင် တစ်ခုကမမြင်ရဘူးဖြစ်နေတယ်။ ဘာတွေဖြစ်နေမှန်းကိုမသိတာ။ ဘာပဲပြောပြော ရေးထားတဲ့ဆောင်းပါးမှန်သမျှ အကုန်ကြိုက်တယ်ဗျ။

    Posted by michal | 03/06/2011, 09:35
  6. we use either zawgyi or myanmar 3, michal.

    Posted by zizawa | 04/06/2011, 01:13
  7. ဟုတ်တယ်၊ ကျွန်တော့်ဆီကလည်း မမြင်ရဘူး၊ မှန်ထဲမှာပြောင်းပြန်မြင်ရသလိုဖြစ်နေတယ်
    ဆောင်းပါးတွေတော့ စောင့်ဖတ်နေတယ်
    ဖလော်ဆော်ဖီတွေ ဒီလို ရှင်းလင်းတဲ့ အရေးအသားမျိုး တခါမှမတွေ့ဖူးသေးလို့ပါ
    ဒီမှာ ဖလော်ဆော်ဖီလို့ဆိုတဲ့စာအုပ်ကြီးတွေ ဖတ်တိုင်း ဖလော်ဆော်ဖာတွေက ဒဏ္ဍာရီထဲက နတ်တွေဘုရားတွေလိုဖြစ်လိုဖြစ်၊ ဖလော်ဆော်ဖီဆိုတာ သာမန်လူတွေနဲ့မဆိုင်သလိုလို မပတ်သက်သလိုလိုတွေခံစားရနဲ့ လေ့လာချင်စိတ်တောင်ပျောက်လာတယ်၊
    ခု ကိုဝတုတ်ရေးတာတွေနဲ့တော့ ရှော့ခ်လည်းတော်တော်ရတယ်၊ နားလည်လည်းလွယ်တယ်၊ နားလည်လွယ်တယ်ဆိုတာ လူပြိန်းနားလည်အောင် လျော့ရေးတာကိုမဆိုလိုပါဘူး၊ ရှုပ်တဲ့အကြောင်းရာကိုပဲ တတ်နိုင်သမျှရှင်းအောင်ရေးနိုင်တာကို ဆိုလိုတာပါ။ ဆက်ရေးစေချင်ပါတယ်

    Posted by myp | 23/06/2011, 17:16

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: