//
you're reading...
Philosophy

ကိုယ့်ဘက်က ကြည့်တော့ က ကြီး၊ သူ့ဘက်က ကြည့်တော့ ယ ပက်လက် ဆိုတာ မှန်လား

ကိုယ့်ဘက်က ကြည့်တော့ က ကြီး၊ သူ့ဘက်က ကြည့်တော့ ယ ပက်လက် ဆိုတဲ့ အပြောကို မကြာခဏ ကြားဖူးကြမယ်။ အဓိပ္ပါယ်ကတော့ အက္ခရာ တခု ‘ဘာ’ ဆိုတာ ဘယ်နေရာက ဘယ်ရှုဒေါင့်က ကြည့်သလဲဆိုတဲ့ အချက်ပေါ် မူတည်တယ်ပေါ့လေ။ ဒီအဆိုကို တချို့ က ဥပမာအဖြစ်ပြပြီး လောကမှာ ဘယ်အရာမဆို ထာဝရ အမှန်၊ အမှားဆိုတာ မရှိဘူး။ မှန်တယ်၊ မှားတယ်ဆိုတာ ကြည့်တဲ့လူရဲ့ ရှုဒေါင့်ပေါ် ပဲ မူတည်တယ်လို့ ကောက်ချက် ချတတ်ကြတယ်။ (ဒီအဆိုကို ခုစာအတွက် က ကြီး၊ ယ ပက်လက် အဆိုလို့ နံမယ်ပေးချင်တယ်။)  သုတ်သီး သုတ်ပြာ ချလိုက်တဲ့ ကောက်ချက်ပဲ။ ဘိုလို play fast and lose ကောက်ချက်မျိုး လို့ ပြောရမယ်။ ဘယ်အရာမဆို ထာဝရ အမှန် အမှား မရှိဘူးဆိုတော့ ကျင့်ဝတ်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာလည်း မှန်တဲ့ မှားတဲ့ လုပ်ရပ်ဆိုတာ မရှိဘူးပေါ့။ ခုရေးမယ့် စာမှာ က ကြီး ယ ပက်လက် အဆိုနဲ့ ပတ်သက်ပြီး လေ့လာကြည့်ချင်တယ်။

ပထမတချက် သတိပြုသင့်တာက သူ့ဘက်က ကြည့်တော့ က ကြီး၊ ကိုယ့်ဘက်က ကြည့်တော့ ယ ပက်လက်ဆိုတာ ပြောနေတဲ့ အက္ခရာ တခုထဲကို ကွက်ပြီး ကြည့်မယ်ဆိုရင် ဟုတ်ပေမယ့် ဒီအက္ခရာဟာ စာကြောင်း တကြောင်းထဲ၊ ဒါမှမဟုတ် စာပိုဒ်တပိုဒ်ထဲ ပါနေရင် ဒီအက္ခရာကို ကိုယ်ဖတ်ချင်သလို ဖတ်လို့ မရတော့ဘူး။ ‘မမ ၀၀ ထထ က’ ကို ‘မမ ၀၀ ထထ ယ’ လို့ ရွတ်လို့၊ ဖတ်လို့ မရဘူး။ စကားလုံး တလုံး၊ အက္ခရာ တလုံးရဲ့ အဓိပ္ပါယ်ဟာ သူ့ကို အသုံးပြု ထားတဲ့ စာကြောင်း၊ စာပိုဒ် ဒါမှမဟုတ် ရေရွတ်လိုက်တဲ့ အခြေအနေကို အကိုးအကားပြုပြီးမှ အဓိပ္ပါယ်ရှိတယ်။ ဥပမာ လူတယောက် အများရှေ့ မှာ သူ့ခန္ဓာကိုယ်ကို ကိုင်းပြီး လမ်းလျှောက်တာ တွေ့ရတယ် ဆိုပါစို့။ သူဟာ sleep-walking ခေါ်တဲ့ အိပ်မက် မက်ပြီး ယောင်နေတာလား၊ အကြာကြီး မတ်မတ် ရပ်နေရလို့ ညောင်းလို့ ကိုင်းပြီးလျှောက် တာပဲလား စသဖြင့် ဖြစ်နိုင်ချေတွေ အများကြီး ရှိတယ်။ ဒါပေမယ့် သူ့ရဲ့ ကိုယ်ကို ကိုင်းပြီး လမ်းလျှောက်မှုဟာ ခန္ဓာကိုယ် လှုပ်ရှားမှု သက်သက်မဟုတ်ဘဲ bodily movement သက်သက် မဟုတ်ဘဲ တိကျတဲ့ အဓိပ္ပါယ် တခု meaning တခုကို ဆောင်ဖို့ ဆိုရင် သူ့ရဲ့ လုပ်ရပ်ဟာ ပထမ သူကိုယ်တိုင်က သိသိနဲ့ လုပ်တဲ့ လုပ်ရပ် conscious action ဖြစ်ရမယ်။ ဒုတိယ ဒီလုပ်ရပ်ကို လုပ်တဲ့အခါ သူဟာ သူများတကာတွေရဲ့ သူ့လုပ်ရပ်နဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေရှိတဲ့ တုန့်ပြန်မှု likely response regarding his action ကို ထည့်စဉ်းစားပြီး လုပ်တာ ဖြစ်ရမယ်။ တကယ်တော့ ပထမ အချက်ဟာ ဒုတိယ အချက်ထဲမှာ အကျုံးဝင်ပြီးသားပဲ။ ဘာလို့ဆို သူများရဲ့ ဖြစ်နိုင်ခြေရှိတဲ့ တုန့်ပြန်မှုကို ထည့်စဉ်းစားပြီး လုပ်တယ်ဆိုကတည်းက ဒီလုပ်ရပ်ဟာ သိသိနဲ့လုပ်တဲ့ လုပ်ရပ် conscious action ဖြစ်နေပြီ။ တဆက်ထဲမှာ သူများရဲ့ တုန့်ပြန်မှုကို ထည့်စဉ်းစားတယ်လို့ ပြောတဲ့အခါ ဒီလုပ်ရပ် ရဲ့ အဓိပ္ပါယ်ကို တညီတညွတ်ထဲ သဘော တူထားကြတယ်ဆိုတဲ့ အဓိပ္ပါယ်ထွက်တယ်။ ဒီတော့ကာ စောစောက ကိုယ် ကိုင်းပြီး လမ်းလျှောက်တဲ့ လုပ်ရပ်ဟာ bodily movement သက်သက် မဟုတ်တော့ဘူး။ တိကျတဲ့ အဓိပ္ပါယ်ကို ဆောင်တဲ့ social action မြောက်သွားပြီ။ ဒီတော့ ကာယ လှုပ်ရှားမှု တခုဟာ လုပ်ရပ် မြောက်ဖို့ ဆိုရင် သူ့ရဲ့ အဓိပ္ပါယ်ကို အများ သဘောတူညီမှုရှိရမယ်။ တနည်းအားဖြင့် က ကြီးကို က ကြီးလို့ ဖတ်ရမယ်၊ ယ ပက်လက်လို့ ဖတ်လို့ မရဘူး။ အိုကေ … စကားမစပ်  social action နဲ့ ပတ်သက်ပြီး စိတ်ဝင်စားလို့ ထပ်သိချင်တယ် ဆိုရင် Max Weber ကို ညွှန်းပါရစေ။ ခုဆို အင်တာနက်ပေါ်လည်း ဖတ်လို့ ရမယ် ထင်ပါတယ်။

မူလ အကြောင်းအရာကို ပြန်ဆက်ရရင် က ကြီး ယ ပက်လက် အဆိုဟာ ကျင့်ဝတ်ပိုင်း ဆိုင်ရာ ကိစ္စတွေ အတွက်ပါ မှန်တယ်လို့ တချို့ က ယူဆကြတယ်။ တကယ်တော့ ဒီအယူ အဆဟာ အသစ်အဆန်း မဟုတ်ဖူး။ ဒီအယူအဆကို ကျင့်ဝတ်ဆိုင်ရာ ကိစ္စတွေ လေ့လာ သူတွေက moral relativism လို့ သတ်မှတ်ကြတယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်ထောင် Socrates တို့၊ ပလေတိုတို့ လက်ထက် ကတည်းက ရှိခဲ့တယ်။ ပလေတိုတို့တုန်းက ဒီအယူအဆကို လက်ခံသူတွေက sophists တွေ။ (ဆက်သိချင်ရင် ပလေတိုရဲ့ Theaetetus  ဆိုတဲ့ ဒိုင်ယာလော့ဂ်ကို ဖတ်ကြည့်နိုင်ပါတယ်။) moral relativism ကို အလွယ်ပြောရရင် လုပ်ရပ်တခု မှန်တယ် မှားတယ်ဆိုတာကို ဆုံးဖြတ်ဖို့ ပကတိ နှုန်းစံတွေ မရှိဘူးဆိုပြီး အဓိပ္ပါယ်ထွက်တယ်။

ဖီလော်ဆော်ဖီကို အထူးသဖြင့် နိုင်ငံရေး ဖီလော်ဆော်ဖီ၊ ကျင့်ဝတ် စတာတွေကို ဘယ်လို လေ့လာလဲဆိုပြီး တခါ အမေးခံရဖူးတယ်။ ဒီမေးခွန်းဟာ လွယ်တဲ့ မေးခွန်းတော့ မဟုတ်ဖူးဆိုတာ အရင် ၀န်ခံပါရစေ။ ဒီလိုပြောလို့ ဒီမေးခွန်းအတွက် အဖြေမရှိဘူးဆိုတဲ့ အဓိပ္ပါယ် မထွက်ဖူး။ တချို့ ကတော့ ‘follow the argument wherever it leads’ ဆိုပြီး အကြံပေးကြတယ်။ ဘယ်လောက်မှန်မမှန်တော့ မပြောတတ်ဖူး။ သေသေချာချာ ပြောနိုင် တာ တခုက ကျနော်တို့ အားလုံးလိုလိုမှာ ကျင့်ဝတ်နဲ့ ပတ်သက်တဲ့ ခံယူချက်ပဲ ခေါ်ခေါ်၊ ယုံကြည်ချက်ပဲ ခေါ်ခေါ်၊ မူပဲခေါ်ခေါ် conviction တခုရှိကြတယ်။ တနည်းအားဖြင့် ကျနော်တို့ အားလုံးနီးနီးဟာ amoralist တွေ မဟုတ်ဖူး။ (စကားမစပ် amoral beings နဲ့ immoral beings မတူဘူး၊ ဘာကွာလဲဆိုတာ ပြောနေရင် လိုရင်းရောက်မှာ မဟုတ်လို့ ဒီမှာမပြောတော့ဘူး။) လျှာပေါ် မြက်ပေါက်သွားပါစေ၊ ဒီအလုပ်မျိုး ငါဘယ်တော့မှ မလုပ်ဖူး ဆိုတဲ့ အပြောမျိုး မကြာခဏ ကြားဖူးကြမယ်။ ဒါဟာ စောစောက ပြောခဲ့တဲ့ moral conviction ကို ပြနေတယ်။ အဲဒိတော့ ကျင့်ဝတ်နဲ့ ပတ်သက်တဲ့ အဆိုတခုခု၊ မှတ်ချက် တခုခု ကြားရ၊ ဖတ်ရတဲ့အခါ အဲဒိ အဆိုကို ကိုယ်လက်ခံနိုင်မနိုင်ကို ကိုယ်မူလ လက်ခံထားတဲ့ ကျင့်ဝတ် ခံယူချက်နဲ့ ယှဉ်ကြည့်ရတယ်။ ဒီမှာ အရေးကြီးတဲ့ အပိုင်းကို ရောက်လာပြီ။ တချို့ က ကိုယ့်မူလ ခံယူချက်က ကိုယ်ကြားရ တွေ့ရတဲ့ အဆိုနဲ့ယှဉ်လိုက်လို့ အသစ်ရောက်လာတဲ့ အဆိုက အရမ်းကို persuasive ဖြစ်နေတယ်ဆိုရင် ကိုယ့်မူလ ခံယူချက်ကို လုံးဝ စွန့်လွှတ် လိုက်ကြတတ်တယ်။ တချို့ ကတော့ စကတည်းက ဘာ ခံယူချက်မှ မရှိဘူး၊ ကျောရိုး မရှိ ယောယိမ်းလိုက် ဘသားယိမ်းလိုက်ပဲ။ ကွန်မြူနစ် ပျက်တယောက်က ဂျာနယ်တစောင်နဲ့ မေးမြန်းခန်းမှာ ဘယ်လိုပြောဖူးလဲ ဆိုတော့ ‘အန်ကယ် ခု ကွန်မြူနစ်လည်း မယုံဖူး၊ ဆိုရှယ်လစ်လည်း မယုံဘူး၊ ဈေးကွက်စီးပွားရေးနဲ့ လစ်ဘရယ် ဒီမိုကရေစီပဲ ယုံတော့တယ်။’ ဆိုပြီး ပြောဖူးတယ်။’ ငါ့ယုံကြည်ချက်ဟာ ငါပဲ ဆိုတာမှန်ရင် (I am what I believe) စောစောက အပြောဟာ ကိုယ့်ကိုယ်ကို ရောင်းစား တဲ့အပြော၊ ကိုယ့်စိတ်ဓာတ်ကို တနည်းအားဖြင့် ကိုယ့်စိတ်ဓာတ်ကို ဖာတန်းပို့တဲ့ အပြောပဲ။ ဒီတော့ အသစ်ရောက်လာတဲ့ argument နဲ့ ကိုယ့်ရဲ့ မူလ ခံယူချက် ကန္တကောစ ဖြစ်နေရင် ကိုယ့်ရဲ့ မူလ ခံယူချက်ဟာ လုံးဝ မှန်တယ်လို့ အပြည့်အ၀ ယုံကြည်တယ်ဆိုရင် ကိုယ့်မူလ ယုံကြည်ချက်ကို လုံးဝ မစွန့်လွှတ်သင့်ဘူး။ အဲဒိ ယုံကြည်ချက်ကို ထိခိုက်လာတဲ့ argument တွေကို ဘယ်လို ခုခံကာကွယ်မလဲ၊ ဘယ်လို defend လုပ်မလဲ ဆိုတာကို စဉ်းစားသင့်တယ်။ ဒါဟာ ကျနော့်ရဲ့ နိုင်ငံရေး ဒသနကို ကျင့်ဝတ်ဗေဒကို လေ့လာနည်းပဲ။ တခုတော့ ရှိတယ်။ ကိုယ့်ရဲ့ မူလ ယုံကြည်ချက်ဟာ တရားနည်းလမ်း ကျမကျဆိုတာ ကိုယ့်ဟာကိုယ် ညာလို့ မရဘူး။ စိတ်မခိုင်လို့ ကိုယ့်ယုံကြည်တာနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်ကို လုပ်မိကောင်း လုပ်မိမယ်။ ဒါပေမယ့် အဲဒိအတွက် ကိုယ့်လုပ်ရပ်ဟာ မှန်တယ်လို့ တရားထူထောင်တာ မရိုးသားဘူး။

ဒီတော့ မူလ အကြောင်းအရာကို ပြန်ဆက်ရရင် လုပ်ရပ်တခု မှန်တယ် မှားတယ်ဆိုပြီး တိုင်းတာနိုင်တဲ့ ပကတိ နှုန်းစံတွေ မရှိဘူးဆိုတဲ့ အဆိုဟာ ကိုယ်မူလ လက်ခံထားတဲ့ ခံယူချက်နဲ့ ကိုက်ညီမှု ရှိမရှိဆိုတာ စဉ်းစားကြည့်စေချင်တယ်။ အဲဒိအဆို မှန်တယ်ဆိုရင် ဘာဖြစ်မလဲ ကြည့်ရအောင်။ အဲဒိ အဆိုသာ မှန်တယ်ဆိုရင် သူတို့က လက်နက်ရှိတယ်၊ ကိုယ့်ထက် အားကြီးတယ်၊ ဒီတော့ ကိုယ့်ကို ဒီလို လုပ်မှာဘဲ။ သူတို့ဘက်က ကြည့်တော့ မှန်တာပဲ ဆိုတဲ့ အပြောကို လက်ခံရတော့မယ်။This is quite appalling, isn’t it? စာဖတ်သူတွေထဲမှာ ကျနော်နဲ့ သဘောတူသူ အားလုံး မရှိရင်တောင် အတော်များများ ရှိမယ်လို့ ထင်မိတယ်။ ဒါဟာ လောကကြီးကို သိပ်အကောင်းမြင်ရာများ ရောက်မလား။ ထားပါတော့လေ။

ပြောခဲ့သလို စောစောက အပြောဟာ အင်မတန်မှ ရွံ့ စရာ ကောင်းတယ်လို့ စိတ်ထဲဖြစ်ရင် ဘာ့ကြောင့် ဘယ်လို ရွံစရာ ကောင်းတာလဲဆိုတာကို ကိုယ့်ဟာကိုယ် ကြိုးစား အဖြေ ရှာကြည့်ပါ။ ဒါဆိုရင် စာဖတ်သူဟာ ပရော်ဖက်ရှင်နယ် ဖီလော်ဆော်ဖာတွေလုပ်တဲ့ အလုပ်ကို လုပ်နေပြီလို့ ပြောလို့ရတယ်။ ကဲဒီတော့ ကျနော်တို့လည်း ဖီလော်ဆော်ဖာ ဂိုက် နည်းနည်း ဖမ်းကြည့်ရအောင်။

ပြောခဲ့တဲ့ အဆိုဟာ ဘာလို့ ရွံစရာကောင်းလဲ။ သူက လက်နက်ရှိလို့၊ ကိုယ့်ထက် အားရှိလို့  ဒီလို လုပ်တာ သူ့ဘက်ကကြည့်တော့ မှန်တယ်လို့ပြောရင်၊ နောက် လောကမှာ ပကတိ အမှန်အမှား ဆိုတာ မရှိဘူးဆိုပြီး လက်ခံထားရင် ကိုယ့်ဘက်က ဘာပဲပြောနိုင်မလဲ ဆိုတော့ ‘အင်းလေ၊ သူပြောတာ မှန်ချင်မှန်မှာပဲ။ ငါ့မှာ သူ့ကို မှားတယ်လို့ ပြောပိုင်ခွင့် ဘယ်ရှိမလဲ၊ ဒီတော့ သူ့ကို မတရားဘူးလို့ မကျေနပ်တာ ငါဘယ်တရားမလဲ’ လို့ ပဲ ပြောနိုင်တော့မယ်။ ဒိထက် self-defeating ဖြစ်တဲ့ အတွေးအခေါ် ရှိမှ ရှိပါ့အုံးမလား။

နောက်တခါ လူ့ကျင့်ဝတ်နဲ့ ပတ်သက်လာရင် ပကတိ အမှန်အမှားဆိုတာ မရှိဘူးလို့ ဆိုသူတွေက စစ်သားဆိုတာ အထက်အရာရှိ အမိန့်ကို နာခံဖို့က အရေးကြီးဆုံးပဲ၊ ဒီတော့ အထက်က ဘုန်းကြီး ခေါင်းခွဲဆိုပြီး အမိန့်ပေးရင် ခွဲရမှာပဲ၊ ဗိုက်ကြီးသည်ကို မိုင်းရှာခိုင်းပြီး ဘက်နက်နဲ့ ထိုးသတ်ဆိုလည်း ထိုးသတ်ရမှာပဲ။ သူ့ကို မှားတယ်လို့ ပြောလို့ရမလား၊ သူ့ဘက်က ကြည့်ရင် သူအတွက်က အမိန့်နာခံဖို့က အရေးကြီးတယ်၊ သူ့ကို မတရား လုပ်တယ်လို့ ပြောလို့ရမလား ဆိုပြီး ပြောလာနိုင်သေးတယ်။ အဲ့သလိုဆိုရင် နာဇီ စစ်သားတွေ၊ ဖက်ဆစ် ဂျပန်တွေကို စစ်ရာဇ၀တ်ကောင် အဖြစ် သတ်မှတ်လို့ မရတော့ ဘူးပေါ့။ စစ်သားဟာ အထက်အရာရှိရဲ့ အမိန့်ကို လိုက်နာရမဲ့ တာဝန် ရှိသလို သူဟာ လူသားတယောက်ဖြစ်တဲ့ အတွက် လူသားတွေနဲ့ ပတ်သက်လို့ရော ခံဝန်ချက်၊ တာဝန် မရှိတော့ဘူးလား။ စစ်သား ဖြစ်လို့ ယူရတဲ့ စစ်သားတာဝန်နဲ့ လူသားအဖြစ်ကို ရထားတာမို့ ယူရမဲ့ တာဝန် နှစ်ခုမှာ ဒုတိယ တာဝန်ကို ဘယ်လို စဉ်းစားချက်နဲ့ နောက်ပို့ ရတာလဲ။ ဒီတော့ လက်နက်ကိုင်တွေရဲ့  လူမဆန်တဲ့ လုပ်ရပ်တွေကို ဝေဖန်တာဟာ အခြေခံအားဖြင့် လက်နက်ကိုင်တယောက်ကို လူသားလို သဘောထားခြင်း၊ မြင်ခြင်းသာ ဖြစ်တယ်။

နောက်တခါ လုပ်ရပ်တခု မှန်တယ်မှားတယ် ဆိုတာကို တိုင်းနိုင်တဲ့ ပကတိနှုန်းစံတွေ မရှိဘူး ဆိုရင် ဥပမာ တခု စဉ်းစားကြည့်ရအောင်။ ပကတိ နှုန်းစံ မရှိတဲ့အတွက် ကိုယ်ကလည်း ကိုယ့်ခံယူချက် moral maxim နဲ့၊ သူကလည်း သူ့ ခံယူချက် သူ့ moral maxim နဲ့။ ကိုယ့်ခံယူချက်က ဆိုပါစို့ ‘အကူအညီလိုသူကို အကူအညီပေးမယ်’။ သူ့ ခံယူချက်က ‘ကတိ ဆိုတာ ကိုယ်စိတ်ပါမှ တည်မယ်၊ ကိုယ် feel မလာရင် မတည်ဘူး။’ သူနဲ့ ကိုယ်နဲ့ တွေ့ကြပြီ။ သူက ပိုက်ဆံ အသည်းအသန် လိုနေလို့ ကိုယ့်ဆီက ချေးတယ်။ ကိုယ့်မှာ ချေးနိုင်တဲ့ အနေ အထားလည်း ရှိတယ်၊ နောက် ကိုယ့် ခံယူချက်ကလည်း အကူအညီလိုသူကို အကူ အညီ ပေးမယ်ဆိုတော့ ‘ရော့ ဒီမှာ ခင်ဗျားလိုတဲ့ ပိုက်ဆံ။ ခင်ဗျား ပိုက်ဆံ ရှိလာရင် ပြန် ဆပ်ရမယ်လို့ ကတိပေးရမယ်။’ ဆိုပြီး ချေးလိုက်တယ်။ ဒီလိုနဲ့ သူ့ဆီမှာ ပိုက်ဆံပြန်ပြေလည် လာတော့ ‘ကဲ ကိုယ့်လူ၊ ခင်ဗျား ကတိအတိုင်း အကြွေး ပြန်ဆပ်အုံးလေ။’ လို့ ကြွေးတောင်း တယ်။ သူက ကိုယ် ကတိတည်ဖို့ feel မလာသေးဘူး။ feel လာရင် ဆပ်မယ်၊ ဒါကိုယ့်ရဲ့ ခံယူချက်ပဲ၊ ကိုယ့် maxim ပဲ။ ဒီတော့ သူ့လုပ်ရပ်နဲ့ ပတ်သက်ပြီး ဘာပြောမလဲ။ ကျင့်ဝတ်မှာ ပကတိ အမှန်အမှားဆိုတာ မရှိဘူးဆိုရင် တနည်း လုပ်ရပ်တခု တရားတယ်၊ မတရားဘူးဆိုတာကို တိုင်းနိုင်တဲ့ ပကတိ နှုန်းတွေ မရှိရင် ကိုယ့်ဘက်က ဘာပဲ ပြောနိုင်လဲ ဆိုတော့ ‘အင်းလေ၊ သူပြောတာ ဟုတ်ချင် ဟုတ်မှာဘဲ။ သူ့လုပ်ရပ် မှားတယ်၊ မတရားဘူးလို့ ငါ့မှာ ပြောပိုင်ခွင့် မရှိဘူး။ သူ့ဘက်ကကြည့်တော့ သူ့ ခံယူချက်နဲ့သူ မှန်တာပဲ။ ငါက သူ့ကို မတရားဘူးလို့ ပြောတာ ဘယ်တရားမလဲ’ ဆိုပြီးပဲ ပြောနိုင်စရာ ရှိတယ်။ စာဖတ်သူတွေထဲမှာ subjective-ness of morality ကို လက်ခံပြီး ခုပြောတဲ့ အပြောထက် ပိုပြီးကောင်းတဲ့ အပြော ပြောနိုင်မယ်ဆိုရင် ကြားလိုပါတယ်။

ဝတုတ်

Discussion

4 thoughts on “ကိုယ့်ဘက်က ကြည့်တော့ က ကြီး၊ သူ့ဘက်က ကြည့်တော့ ယ ပက်လက် ဆိုတာ မှန်လား

  1. ဒါက ဂလိုရှိတယ် ကိုဝတုတ်ရဲ့ ၊ ခံယူချက်ဆိုတာက အသိညာဏ် ဖွံ့ဖြိုးတိုးတက်စ လူ့လောကထဲ ခြေစချကတည်းက ရှိတဲ့လူနဲ့ မရှိတဲ့လူကွာတယ်။ ခံယူချက် ရှိတဲ့လူက သူခံယူချက်နဲ့ မှန်တယ်ထင်တဲ့ကိစ္စ သူဟာသူလုပ်သွားမယ် (နိုဗယ်လ် နဲ အိုင်းစတိုင်းလည်း သူ့ခံယူချက်နဲ့သူ လုပ်တုံးက အကောင်းပဲ နောက်မှပြဿနာပါ တွဲပါလာတာ)။ ခံယူချက် မရှိတဲ့လူတချို့ကလည်း လူ့ဘဝရတုံးလေး ဟိုကွေ့ဒီတက်နဲ့လှော်၊ ဒီကွေ့ဟိုတက်နဲ့လှော်၊ သာရင်စံမယ် အနာတော့မခံနိုင်ပါ ဆိုကြမှာပဲ။
    တရုတ်တွေက ‘ သွေးသည်ရေထက်ပျစ်သည် ‘ – ‘shie nong yu shuey’ ဆိုတဲ့ခံယူချက်နဲ့ ကိုယ့်လူမျိုး တိုးတက်အောင် အလုပ်နိုင်ဆုံး ကွန်မြူနစ်တွေ။
    ကျနော်တို့ ဗမာတွေက ဗိုလ်ချုပ်အောင်ဆန်း ပြောသွားတဲ့ ဆိတ် – – လို သာတဲ့ဆီကပ်တာ အကျင့်ကပါနေပြီ၊ ဘယ်နိုင်ငံရေး လမ်းစဉ်ဖြစ်ဖြစ် ဟုတ်သလိုလိုရှိရင် လိုက်ထောက်ခံမယ်၊ များတဲ့စီ ကိုယ်အကျိုးရှိမယ်ဆို မှန်ပါ့ ပြောဖို့ဝန်မလေးတတ်ဘူး။ တခြားလူမျိုး /နိုင်ငံတွေလိုမျိုး ရေရှည်စီမံကိန်း +ရေတို/လတ်တလောစီမံခန့်ခွဲမှုတွေ အားမကောင်းဘူး။ ခုအပင်စိုက် ခုအရိပ်လိုချင်နဲ့။ ကမ္ဗည်းထိုးချင်တယ် ၊ အမည်ကျန်ချင်တယ် ၊ မျက်နှာလိုမျက်နှာရ လုပ်ရတာ ဝါသနာထုံတယ်၊ ပြိုင်ဆိုင်ချင်တဲ့ စိတ်ကြီးတယ်၊ အလကားနေ သွေးနားထင်ရောက်နေတဲ့သူ များတယ်။ တတပ်တအား ကျရာနေရာက အများကောင်းကျိုး လုပ်ချင်စိတ်နည်းတယ်။
    ဗုဒ္ဓက အကျိုးနဲ့အကြောင်းပဲ ဟောတယ်၊ ကိုယ့်ပါရမီနဲ့ ကိုယ် မှန်တယ်မှားတယ် မြင်ကြတာပဲ၊ ပြီးတော့ ခေတ်တခေတ်က အများလက်ခံထားတဲ့ အမှန်ဆိုတာ၊ နောက်ခေတ်မှာ အမှားကြီးဖြစ်နေသေးတာ(ကမ္ဘာပြားရာကနေ လုံးသေးတာ)။
    ကတိကဝတ် ဆိုတာကလည်း ကျမ်းကိုအလေးအမြတ်ထား ကျိန်သူနဲ့ ပြီး ပြီးရောမှတ်သူ မတူသလိုပဲ၊ ဂျပန်တွေ ဟရကိရိ (Harakiri) လုပ်တာကို ဗမာတွေ က အဖန်ငါးရာငါးကမ္ဘာလို့ပဲ မြင်မှာပဲ။ အကောင်းဆုံးက ကိုယ့်လူမျိုးအကြောင်း ကိုယ်သိပြီး၊ ဖြစ်သင့်တာ ကောင်းနိုးရာရာတွေကို ကိုယ့်ပါးစပ်ကိုယ်ပိတ်ပြီး လုပ်ပေးနိုင်သလောက် လုပ်ပေးသွားယုံပဲ။

    Posted by Nan | 05/09/2011, 13:13
  2. thanks for your comment, reader. the trouble is, you know, what i think i can do for our society, inter alia, necessarily involves criticizing what i consider to be defects in our society. so that means it’s impossible for me to keep my mouth shut.🙂

    Posted by zizawa | 05/09/2011, 14:29
  3. ကိုဝတုတ်… ပေါ့ပေါ့ပါးပါးလေးဘဲ အရင်ပြောချင်ပါတယ်
    စာရွက်ပေါ်က ရေးထားတဲ့ ကကြီးကို ရေးထားတယ်ဆိုပါစို့။ အဲဒါကို ((ယပက်လက်)) ဆိုပြီး ဖတ်ဖို့ လူနှစ်ယောက်ဟာ ခေါင်းချင်းဆိုင်ဖတ်ရမှာ။
    အဲ- ပြောချင်တာက
    (၁) ကကြီးနဲ့ယပက်လက်က တလုံးတည်းရေးထားမယ်။
    (၂) ဖတ်တဲ့သူနှစ်ယောက်ကလည်း upside down vision ဖြစ်နေမယ် ဆိုရင်
    The statement itself is correct.
    ဒါပေမဲ့ ကျောရိုးမရှိသူတွေ၊ အနားပြာတွေ၊ သာရာကူးတွေက အသုံးချလိုက်တော့ အဲဒီ statement လေးလဲ အနံ့အသက်မကောင်းတဲ့ လက်သုတ်ဖတ် ဖြစ်ကရောပဲ…..ဂျာနယ်ထဲက ကွန်မြူနစ်ပျက်ဘကြီးကတော့ သူတယောက်တည်း စာရွက်ကို ပတ်ပြေးပြီး ဖတ်နေပုံရတယ်။ တော်ကြာ ကကြီး၊ တော်ကြာ ယပက်လက်၊ တော်ကြာ ငသတ် နဲ့လေ။ နောက်တော်တော်ကြာရင် တစ်ဂဏန်း နှစ်လုံးဆင့်ထားတာပါ လို့တောင် ပြောချင်ပြောဦးမှာ။ မြင်ရ ကြားရတဲ့သူတွေက အကုသိုလ်ပွားရပါတယ်။

    လေးလေးနက်နက်ပြောချင်တဲ့အပိုင်းကတော့ ….. ပကတိအမှန် (ပရမတ္တသစ္စာ) မှာ ဆန့်ကျင်ဖက် အသွင်နှစ်မျိုးမရှိနိုင်ဘူး။ ကာလာမသုတ်မှာ “မှားတယ် “ ဆိုတာကို မှတ်ကျောက်တင်ကြည့်ရမဲ့စံကတော့
    (၁) အကုသိုလ်တရားတွေ – ခုနကပြောတဲ့ ဗိုက်ကြီးသည်ကို မိုင်းရှာခိုင်းတဲ့ နမူနာမျိုး
    (၂) အပြစ်ရှိတဲ့တရားတွေ – same example
    (၃)ပညာရှိသူတော်ကောင်းများ ကဲ့ရဲ့တဲ့တရားတွေ – (တော်လဲတော် ကောင်းလဲကောင်းတဲ့သူတွေကို ဆိုလိုပါတယ်)
    (၄) လက်တွေ့ လုပ်ဆောင်လျှင်လည်း အကျိုးစီးပွားမဲ့ပြီး ဆင်းရဲဒုက္ခရောက်တဲ့တရားတွေ – (အဲဒါကတော့ နည်းနည်း debatable ဖြစ်နေတယ်- ရေတို၊ ရေရှည်ပြဿနာရှိတယ်)
    အဲဒီအချက်တွေ လွန်ခဲ့တဲ့ နှစ်၂၅၀၀က ပြောခဲ့ပေမဲ့ အခုအချိန်အထိ အငြင်းပွားစရာ မရှိဘူးလို့ ထင်ပါတယ်။

    ဒီတော့ ကျင့်ဝတ်မှာ ပကတိအမှန်အမှားမရှိဘူးဆိုတဲ့ အဆိုကို ( မူရင်း စာရေးသူ ကိုဝတုတ် နည်းတူ) ငြင်းဆိုပါတယ်။

    Posted by မိုးစက်ပွင့် | 06/09/2011, 08:38
    • ‘ဒီတော့ ကျင့်ဝတ်မှာ ပကတိအမှန်အမှားမရှိဘူးဆိုတဲ့ အဆိုကို ငြင်းဆိုပါတယ်။’ very socratic, platonic and, perhaps, kantian wisdom’. 🙂 or you might say buddhist wisdom?

      Posted by zizawa | 06/09/2011, 11:50

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: