//
you're reading...
Philosophy

လုပ်ရပ်တခု ကောင်းမကောင်း ဘယ်လိုတိုင်းမလဲ။

လုပ်ရပ်တခု မှန်တယ်၊ မှားတယ် (true/false ကို ပြောတာ မဟုတ်ဘဲ right/wrong ကိုဆိုလိုသည်) ဆိုတာကို ပကတိ ပေတံနဲ့ ဆုံးဖြတ်လို့မရဘူးဆိုတဲ့ အမြင်ကို တနည်းအားဖြင့် subjective-ness of moral rules ကိုလက်ခံတယ်ဆိုရင် တချို့ မေးခွန်းတွေဟာ ဘယ်လောက် self-defeating ဖြစ်လဲဆိုတာ ဘယ်လောက် ကိုယ့်ဟာကိုယ် အညံ့ခံ အရှုံးပေးရာ ရောက်သလဲဆိုတာ ပြီးခဲ့တဲ့ ဆောင်းပါးမှာ တွေ့ခဲ့ပြီးပြီ။ ဒါပေမယ့် အဲဒိ ဆောင်းပါးမှာ ပြောခဲ့တာနဲ့တင် လောကမှာ objective ဖြစ်တဲ့ ပုဂ္ဂလဓိဌာန်ကင်းတဲ့ ကျင့်ဝတ် ဥပဒေသတွေ ရှိတယ်ဆိုပြီး တန်းကောက်ချက်ချလို့ မရသေးဘူး။ အဲဒိအတွက် ဘာ argument မှ ပေးမထားသေးဘူး။ ခုအခန်းမှာ ကျင့်ဝတ်မှာ သဘာဝ သိပ္ပံမှာလို ပုဂ္ဂလဓိဌာန်ကင်းတဲ့ objective ဖြစ်တဲ့ ဥပဒေသတွေ ရှိမရှိကို စဉ်းစားကြည့်ချင်တယ်။

ဒီတော့ လုပ်ရပ်တခု ကောင်းမကောင်း မှန်မမှန်ကို (again right/wrong ကို ဆိုလိုသည်) ဘယ်လိုလုပ် သိနိုင်မလဲ။ တချို့က ဘယ်လို ဖြေလဲဆိုတော့ လူ့အဖွဲ့အစည်းထဲမှာ လူကောင်းလို့ သတ်မှတ် ထားသူတွေက (သူတော်ကောင်းတွေလို့ပဲ ဆိုကြပါစို့) ချီးမွမ်း သဘောကျတဲ့ အလုပ်ကို ကောင်းတယ်လို့  သတ်မှတ်ပြီး သူတို့ ရှုံ့ချ ကဲ့ရဲ့တဲ့ အလုပ်ကို မကောင်းဘူးလို့ ဖြေကြတယ်။ အလွတ်ကျက်တာ ကျွမ်းတဲ့လူများဆိုရင် အသေဝနာစ ဗာလာနံက အစချီပြီး ဧတံမင်္ဂလမုတ္တမံ အဆုံး အနက်နဲ့ တကွ မမောမပန်း ရွတ်တောင် ပြလိုက်အုံးမယ်။ ဒီအဖြေက ဟုတ်သလိုလို ရှိပေမယ့် နည်းနည်းလေး အတွေးဆန့်ကြည့်လိုက်ရင် ဂွကျတာ တွေ့ရတယ်။ ပထမ တချက်အနေနဲ့ လုပ်ရပ်တခုထဲမှာကို သူတော်ကောင်းတွေ တယောက်နဲ့ တယောက် အမြင်ချင်းကွဲနိုင်သေးတယ်။ ဥပမာ လမ်းဘေး ပိုက်ဆံတောင်းသူကို ပိုက်ဆံပေးတာ ကောင်းမကောင်း သူတော်ကောင်း အဖြစ် သတ်မှတ် ထားသူတွေမေးကြည့်။ ဒီသူတော်ကောင်းတွေ အားလုံး တသံထဲ ထွက်မယ်လို့ အာမမခံနိုင်ဘူး။ တခါ သူတို့အားလုံး သဘောတူအုံးတော့၊ အငြင်းပွားစရာတွေ ရှိနိုင်သေးတယ်။ ဥပမာ ပေးကမ်း စွန့်ကြဲတာ ကောင်းမကောင်း ကျနော်တို့ သူတော်ကောင်းများကို မေးကြည့်ရင် တသံထဲ ထွက်ဖို့များတယ်။ အဲဒါဆို နေဝင်းမောင်တို့ အင်ဂျီအိုကို ဒါမှမဟုတ် ခုနေပြည်တော် စစ်အုပ်စုက ဖွဲ့ပြလိုက်တဲ့ လူ့အခွင့်အရေး ကော်မရှင် အလုပ်လုပ်နိုင်အောင် ဒီအဖွဲ့အတွက် ပေးကမ်းစွန့်ကြဲတာ ကောင်းတယ်လို့ ပြောမလား။ ဒီတော့ သူတော်ကောင်းတွေ တညီတညွတ်ထဲ ချီးမွမ်း သဘောကျတဲ့ အလုပ်ကို ကောင်းတယ်လို့ သတ်မှတ် ရတာ သိပ်တော့ မဟန်သေးတာ တွေ့ရမယ်။ ဒါပေမယ့် ဒါက အပရိက ဝေဖန်မှုပဲ ရှိသေးတယ်။ ဒိထက်ပိုပြီး လေးနက်တဲ့၊ စောစောက အဖြေကို လက်မလွှတ်ချင်သူတွေ ဖြေရခက်တဲ့ မေးခွန်း တခုကို မေးကြည့်ချင်တယ်။

အပေါ်မှာ ပြောခဲ့တဲ့ အပရိက ဝေဖန်မှုတွေကို ခဏဘေးချိတ်ပြီး သူတော်ကောင်းတွေ ချီးမွမ်း သဘောကျတဲ့ အလုပ်ကို ကောင်းတယ်လို့ သတ်မှတ် နိုင်တယ်ပဲ ဆိုပါစို့။ အဲဒါဆို ကျနော်တို့ နောက်လုပ်ရမဲ့ အလုပ်က သူတော်ကောင်းတွေကို သတ်မှတ်ဖို့ပဲပေါ့။ လုပ်ရပ်တခု ကောင်းမကောင်းကို တရားသူကြီး တယောက်ယောက်၊ ဒါမှမဟုတ် တဖွဲ့ဖွဲ့က သတ်မှတ် နိုင်တယ်ဆိုရင် အဲဒိတရား သူကြီးတွေကို ရှာဖွေပေါ့။ ဒါပေမယ့် လူတယောက် သူတော်ကောင်းဆိုတာ ဘယ်လိုလုပ် သိနိုင်မလဲ။ လူတယောက် ဘာဆိုတာ သူ့လုပ်ရပ်ကို ကြည့် အကဲဖြတ်ရတယ် ဆိုရင် သူတော်ကောင်း ဟုတ်မဟုတ်ကိုလည်း သူ့လုပ်ရပ်ကို ကြည့်ပြီး ဆုံးဖြတ်ရတော့မပေါ့။ အဲဒိမှာတင် စောစောက အဖြေဟာ ချာလပတ်ရမ်းဖို့ ဖြစ်လာပြီ။ နည်းနည်းလေး dramatize လုပ်တဲ့ အနေနဲ့ ဒိုင်ယာလော့ဂ်လေး ချရေးကြည့်မယ်။

ဆရာ။ အင်း ကောင်းတဲ့ အလုပ်ဆိုတာ သူတော်ကောင်းတွေ ချီးမွမ်း သဘောကျတဲ့ အလုပ်ပဲကွဲ့။

ငတုံး။ ဆရာ ခင်ဗျား သူတော်ကောင်းဆိုတာ ဘယ်လိုလူမျိုးကို ခေါ်တာလဲဆိုတာ ပြောပြပါအုံး။

ဆရာ။ သူတော်ကောင်းဆိုတာ xxx yyy zzz အလုပ်တွေကို လုပ်တဲ့လူကို ခေါ်တယ် ငတုံးရဲ့ မသိရင် မှတ်ထား။ ဘာလို့ဆို လူတယောက် ကောင်းမကောင်းဆိုတာ သူ့လုပ်ရပ်ကြည့် ဆုံးဖြတ်ရတာကိုး၊ ဟုတ်တယ်မလား ငတုံးရဲ့။

ငတုံး။ အင်း ဟုတ်သလိုလို အရှိသား။ ဒါနဲ့ xxx yyy zzz အလုပ်တွေကို ဘာ့ကြောင့် သူတော်ကောင်းတွေ လုပ်တဲ့ အလုပ်လို့ ခေါ်တာပါလဲ ခင်ညာ။

ဆရာ။ ဟ ဒီအလုပ်တွေက ကောင်းတဲ့ အလုပ်တွေကိုး ငါ့ကောင်ရ။

ငတုံး။ ဒီအလုပ်တွေက ဘာလို့ ကောင်းတာလဲခင်ညာ။

ဆရာ။ ဟ ကောင်းဆို သူတော်ကောင်းတွေ ချီးမွမ်း သဘောကျတာကိုးကွ။

ဒီတော့ လုပ်ရပ်တခု ကောင်းမကောင်းကို သူတော်ကောင်းတွေ ချီးမွမ်း ကဲ့ရဲ့တာနဲ့ တိုင်းရမယ်ဆိုရင် ခုအပေါ်မှာ ပြခဲ့သလို မုန့်လုံး စက္ကူကပ် argument မျိုး ထွက်လာပြီး ရှေ့ဆက်နိုင်မှာ မဟုတ်ဖူး။ ဒီတော့ သူတော်ကောင်းတွေ ချီးမွမ်း ကဲ့ရဲ့ သဘောတူ ကန့်ကွက်တာနဲ့ လုပ်ရပ်တခု ကောင်းမကောင်းကို သတ်မှတ်နိုင်မှာ မဟုတ်တာ တွေ့ရမယ်။

ကဲဒီတော့ သိပ်မဟန်တဲ့ အဖြေကို ဘေးချိတ်ပြီး နောက်တမျိုးဖြေကြည့်မယ်။ ဒီအဖြေကို Immanuel Kant ဆီက ရတယ်။ ခုပေးမယ့် အဖြေဟာ Kant ရဲ့ Foundations of the Metaphysics of Morals ဆိုတဲ့ စာအုပ်ထဲကလာတာ။ ဒီစာအုပ်က ပါးပါးလေးပဲ။ ဒါပေမယ့် နားလည်အောင် အချိန်ယူပြီး အကြိမ်ကြိမ် ဖတ်ရတယ်။ ကျင့်ဝတ်ကို ဘွဲ့လွန်ထိ၊ သုတေသနဒီဂရီထိ ဆက်ယူတဲ့ ကျောင်းသူ ကျောင်းသားတွေထဲမှာ Foundations ကို အကြိမ် နှစ်ဆယ်သုံးဆယ်မက ဖတ်ဖူးသူတွေ မနည်းဘူး။ လုပ်ရပ်တခုကောင်းမကောင်း သတ်မှတ်နိုင်ဖို့ ဘာတွေလိုအပ်သလဲဆိုတဲ့ မေးခွန်းကို အဲဒိ စာအုပ်မှာ ဖြေကြည့်ထားတယ်။ ဒါပေမယ့် တခုကြိုပြီး စကားခံထားချင်တာက ခုရေးနေတဲ့ စာဟာ ကန့်ရဲ့ စာအုပ်ကို evaluate လုပ်ထားတာ မဟုတ်ဖူး။ အပေါ်က မေးခွန်းကို သူဘယ်လို ဖြေခဲ့သလဲ ဆိုတာ ကိုယ်နားလည်သလောက် ဝေမျှခြင်းသာ ဖြစ်တယ်။ စိတ်ဝင်စားရင် ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်ချင်ရင် Foundations ကို ကိုယ်တိုင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။

လုပ်ရပ်တခု ကောင်းမကောင်း သတ်မှတ်နိုင်ဖို့ ဘာလိုလဲ။ ကန့် က သူ့စာအုပ်ရဲ့ ပထမအခန်းကို ဘယ်လို စဖွင့်လဲဆိုတော့

It is impossible to think of anything at all in the world, or indeed even beyond it, that could be considered good without limitation except a good will.

နောက်တခါ

A good will is not good because of what it effects or accomplishes, because of its fitness to attain some proposed end, but only because of its volition, that is, it is good in itself and regarded for itself, is to be valued incomparably higher than all that could merely be brought about by it in favor of some inclination and indeed, if you will, of the sum of all inclinations. (4:394) (အင်္ဂလိပ် ဘာသာပြန်ကို Mary Gregor ed., Cambridge University Press က ယူပါသည်။)

ဆိုတော့ ခြွင်းချက်မရှိ ကောင်းတယ်ဆိုတာ တကယ်တော့  good will ကောင်းမွန်တဲ့ဆန္ဒကို ပြောချင်တာပေါ့။ (ဗမာလို will ကို ဆန္ဒလို့ ပြန်ထားကြည့်မယ်၊ မဟန်ရင် နောက်တမျိုး စဉ်းစား တာပေါ့။) စေတနာလို့ အလွယ်ပြောရင် မဆိုးဘူးထင်တယ်။ လုပ်ရပ်တခု ကောင်းမကောင်း ဆိုတာကို ဒီလုပ်ရပ်ရဲ့ အကျိုးဆက်ထက် ဒီလုပ်ရပ်ကို လုပ်ဆောင်တဲ့ will ကိုကြည့်ပြီး တိုင်းလို့ ပြောချင်တာ။ (စေတနာနဲ့ တူသလိုလို ရှိပေမယ့် ကွဲတာကို နောက်ပိုင်း သတိပြုမိလိမ့်မယ်။)

သူပေးတဲ့ ဥပမာတွေကို ပြန်ပေးရမယ်ဆိုရင် သိပ္ပံပညာရှင် တယောက်ဟာ ဘယ်လောက်ပဲ ဉာဏ်ရည် ချွန်လှပါစေ၊ သူ့ရဲ့ ဉာဏ်ရည်ကို ယုတ်ညံ့တဲ့ ကိစ္စအတွက် အသုံးချနိုင်သေးတယ်။ တခါ ကဗျာ လင်္ကာပိုင်းမှာ တကဲ့ ပါရမီရှင်လို့ သတ်မှတ်တဲ့ ကဗျာဆရာ၊ အနုပညာသည်တယောက်ဟာ သူ့ပတ်ဝန်းကျင်က မတရားညှင်းပန်း နှိပ်စက်မှုတွေကို မသိကျိုးကျွန်ပြုနေနိုင်သေးတယ်။ ဒီလိုလူမျိုးကို ကန့်က morally good ဖြစ်တဲ့ လူ (အလွယ် ပြောရရင် သောက်ကျင့်ကောင်းတဲ့လူ) လို့ သတ်မှတ်မှာ မဟုတ်ဖူး။ ဒီနေရာမှာ ကျုပ်တို့လည်း သူနဲ့ တသဘောထဲပဲ။ ဒါပေမယ့် တဘက်မှာ ရေနစ်နေသူ တယောက်ကို သက်စွန့်ဆံဖျား သွားကယ်သူဆိုပါစို့။ ကိုယ်က ဘယ်လောက်ကြိုးစား ကယ်ကယ်၊ နောက်ဆုံး ခမျာ ရေနစ်ပြီး အသက်ဆုံးရှာတယ်။ အသက်ကယ်ဖို့ ကြိုးစားတဲ့ လုပ်ရပ်ဟာ မအောင်မြင်ရင်တောင် ဒီလုပ်ရပ်ကို ကောင်းတဲ့လုပ်ရပ် သာဓုခေါ်ရမယ့် လုပ်ရပ်လို့ ပြောရပေမယ်။ တနည်းအားဖြင့် ကောင်းတဲ့လုပ်ရပ်ဆိုတာ အောင်မြင်မှု၊ မအောင်မြင်မှု ဆိုတဲ့ ရလာဒ်ပေါ် မမူတည်ဘူး။ ဒီလုပ်ရပ်ကို လုပ်ဆောင်တဲ့ will ပေါ်မှာသာ မူတည်တယ်လို့ ကန့်က ပြောချင်တယ်။

ဒီအထိက နားလည်ရမခက်သေးဘူး။ နောက်ပြီး ဒါကိုသိဖို့ ကန့်ကို ဖတ်မှ မဟုတ်ဖူး။ ဒီလောက်က လူတိုင်း ပြောတတ်တယ်။ ဘာလုပ်လုပ် စေတနာလေးထားလုပ် ကုသိုလ်ရတယ် ဟုတ်လား ဆိုတဲ့ အပြောကို မကြာခဏ ကြားဖူးကြမှာပဲ။ ဒါပေမယ့် အဲဒိ စေတနာဆိုတာဘာလဲ၊ ဘယ်လို will စိတ်မျိုးကို good will ကောင်းတဲ့စိတ်လို့ ခေါ်လဲ။ ဒီနေရာမှာ ကန့်နဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ စ ကွဲလာပြီ။ ကန့်ရဲ့ good will ကောင်းတဲ့စိတ်ဆိုတာ အလွယ်ပြောရရင် တာဝန်သိစိတ်ကို ပြောတာ။ ကောင်းတဲ့ လုပ်ရပ်ဆိုတာ တာဝန်သိစိတ်ကနေ မြစ်ဖျားခံပြီး လာတဲ့ လုပ်ရပ်ကို ပြောတာဟေ့လို့ ကန့်က ပြောတယ်။

…this concept that always takes first place in estimating the total worth of our actions and constitutes the condition of all the rest. In order to do so, we shall set before ourselves the concept of duty, which contains that a good will though under certain subjective limitations and hindrances, which, however, far from concealing it and making it unrecognizable, rather bring it out by contrast and make it shine forth all the more brightly. (4:397)

စေတနာနဲ့လုပ်တဲ့အလုပ်နဲ့ တာဝန်သိစိတ်နဲ့ လုပ်တဲ့အလုပ် မတူဘူး။ ဘယ်လို ကွာလဲဆိုတာ အက်ဆေး တပုဒ်မက အများကြီး အများကြီး ရေးလို့ရနိုင်စရာ ရှိတယ်။ နောက်တခါ ဝတ္တရားအရ လုပ်ရတဲ့ အလုပ်ကလည်း အပေါ်က အလုပ်တွေနဲ့ ကွာသေးတယ်။ ကန့်က အားလုံးထဲမှာ တာဝန်သိစိတ်နဲ့ လုပ်တဲ့အလုပ်ကိုသာ ကောင်းတယ်လို့ သတ်မှတ်နိုင်တယ်လို့ဆိုတယ်။ (ကြည့်စမ်း၊ သူတော်ကောင်းတွေကို တရားသူကြီးလုပ် ဆုံးဖြတ်ခိုင်းမယ်ဆိုတဲ့ အယူအဆကနေ ကျနော်တို့ ဘယ်လောက် ခရီးရောက်လာ ပြီလဲဆိုတာ။) သူဘာလို့ အဲ့သလို ပြောလဲဆိုတာ တခါ ကြည့်ရအောင်။

အရင်ဆုံး ဝတ္တရားအရ လုပ်ရတဲ့ အလုပ်ကိုကြည့်။ ကန့်က ကုန်သည်ပွဲစားတွေကို ဥပမာပေးတယ်။ ကုန်သည် ပွဲစားတွေ ကတိ တည်တယ်၊ တနပ်စား မကြံဘူးဆိုတာကို မှန်တယ်လို့ right action ပြောမလား။ သူတို့ တနပ်စား မကြံဘူးဆိုတာ ကိုယ့်ဖောက်သည်ဆုံးရှုံးမှာစိုးလို့ မကြံတာ ဆိုရင် ဒါမျိုးဟာ ဝတ္တရားအရ ကောင်းရတာမျိုး။ သူ့ရဲ့ ကောင်းရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ကိုယ့်အကျိုးအမြတ် မဆုံးရှုံးရေးဖြစ်တယ်။ ဒီလို လူမျိုးနဲ့စာရင် ဒုတိယ စေတနာနဲ့ လုပ်တဲ့လူမျိုးကို ကြည့်။ တချို့ လူတွေဟာ

…so sympathetically attuned, that without any other motive of vanity or self-interest they find an inner satisfaction in spreading joy around them and can take delight in the satisfaction of others so far as it is their own work (4:398)

အဟဲ ဝိပဿနာတရား အားထုတ်ပြီး လောဘ၊ ဒေါသ နည်းလာတဲ့ ပုဂ္ဂိုလ်မျိုးတွေ ဖြစ်မလား မသိဘူး။ သူတို့ဟာ လူတွေကို ကူညီချင်စိတ်က အလိုလိုကို ရှိနေတယ်။ ဘာလို့ဆို ဒီလိုလူမျိုးတွေဟာ သူတို့ စိတ်ချမ်းသာသလို သူများတွေလည်း စိတ်ချမ်းသာစေချင်ကြတယ်။ ဒီလို လူမျိုးတွေဟာ (Kant ကတော့ naturally sympathetic person ဆိုပြီး သုံးတယ်။) စောစောက ကုန်သည်ပွဲစားထက်တော့ သာတယ်၊ နောက် သူတို့ဟာ တာဝန်သိစိတ်ရှိတဲ့လူနဲ့ တူတယ်။ သူတို့ နှစ်ယောက်စလုံးရဲ့ လုပ်ရပ်က ရည်ရွယ်ချက်ချင်းတူတယ်။ (ကုန်သည် ပွဲစားစိတ်နဲ့ လုပ်တဲ့လူရဲ့ ရည်ရွယ်ချက်နဲ့ ကွာတယ်။) ဒါပေမယ့် စေတနာနဲ့ လုပ်တဲ့လူမျိုးတွေရဲ့ လုပ်ရပ်မှာ ကျင့်ဝတ် တန်ဖိုး မရှိဘူးလို့ ကန့်က ပြောတယ်။ တနည်းအားဖြင့် naturally sympathetic ဖြစ်ပြီး သူ့အလိုလို စာနာစိတ်ဝင်ပြီး လုပ်တဲ့ လုပ်ရပ်ဟာ ကျင့်ဝတ်ရှုဒေါင့်ကကြည့်ရင် တန်ဖိုးရှိတဲ့ လုပ်ရပ်မဟုတ်ဖူး zero moral worth လို့ ကန့်က ပြောတယ်။ သူဘာလို့ ဒီလို ပြောလဲ။

(စကားမစပ် ကန့်နဲ့ သဘောတူစရာ မလိုဘူးနော်။ သူပြောတာ လက်ခံနိုင်စရာ မရှိရင် ငြင်းနိုင်တယ်။ ဖီလော်ဆော်ဖီ ပါမောက္ခကြီးဖြစ်မှ ကန့်ကို ခံငြင်းလို့ရတာ မဟုတ်ဖူး။ you don’t have to be somebody to make a case against anybody as long as you make your case well. ဒါပေမယ့် ကျနော်တို့ ဗမာတွေမှာ ရွံ့စရာကောင်းတာတခုက (ချစ်ဖို့ကောင်းတာတွေ အများကြီးမှ အများကြီး ရှိသလို ရွံစရာကောင်းတာတွေလည်း မနည်းပါဘူး။) ဘိုလို ပြောရရင် moral complacency လို့ပြောရမလား။ ကျင့်ဝတ်တွေ ဘာတွေ သိပ်စဉ်းစားစရာ မလိုဘူး၊ ဘုရားသွား ကျောင်းတက်၊ ဥပုဒ်စောင့်၊ သူများ မကောင်းမကြံနဲ့ ဒါဆိုရင် လုံလောက်ပြီလို့ ထင်နေတယ်။ နောက် အမှန်ကို စူးစမ်းရှာဖွေချင်တဲ့ စိတ်ထက် ကိုယ်သိထားတဲ့ တရား မှန်တယ်ဆိုတာကို သက်သေထူမဲ့ အပြောကိုပဲ နားထောင်ချင်တယ်။ ဆန်းလွင်တို့၊ နန္ဒာသိန်းဇံတို့ဆိုကြည့်။ အနောက်တိုင်း ဖီလော်ဆော်ဖီကို ရေးတယ်၊ ဒါပေမယ့် သူတို့ရေးတဲ့ အနောက်တိုင်း ဒဿနဆိုတာလည်း ကျနော့်အမြင်မှာ original texts တွေကို ဖတ်ပြီး ပိုင်ပိုင်နိုင်နိုင် တင်ပြတာထက် အနောက်တိုင်း ဖီလော်ဆော်ဖီ သမိုင်းရေးထားတဲ့ စာအုပ်မျိုးတွေ ဥပမာ Bertrand Russell ရဲ့ history of western philosophy စာအုပ်မျိုးတွေကို မှီးငြမ်း၊ ဘာသာပြန်တာပဲ။ ပြီးရင် နောက်ဆုံး ကောက်ချက်ကတော့ ဒင်းတို့ အားလုံးရဲ့ အတွေးအမြင်တွေဟာ ဗုဒ္ဓတရားတော်ထက် နိမ့်ကျတာတွေပါပဲလား ဆိုတဲ့ ကောက်ချက်ကို ရောက်ရော။ ဒီလို စာအုပ်မျိုးတွေက ရောင်းကောင်းတယ်။ ဘာလို့ဆို လူတွေက ဒါမျိုးပဲ ကြားချင်တာကိုး။ ကိုယ်သိထားတာ မှန်ပါလားဆိုတဲ့ အပြောပဲ ကြားချင်တယ်။ ကိုယ့်ခေါင်းထဲမှာ ကိုယ်ဘာအယူအဆကို လက်ခံလက်ခံ လက်ညှိုးထောင်ခေါင်းညှိတ်မဲ့ သတ္တဝါတကောင် ထည့်ထား သလိုပဲ။ ကန့်ကို ဟေဂယ်ကို တကယ်နားလည်အောင်လုပ်၊ ဗုဒ္ဓဘာသာကိုလည်း တကယ် နားလည်အောင်လုပ်ပြီး ဗုဒ္ဓဘာသာ ရှုဒေါင့်ကနေ ကျကျနန တကယ်ဝေဖန်မယ်ဆိုရင် သိပ်ကို ကြိုဆိုတယ်။ ဒီလိုလုပ်တဲ့လူ ကျုပ်တို့ဆီ ရှိကို မရှိဘူး။ bullshit တွေများတယ်။ ပလေတိုက ဘာပြောတယ်၊ အကွိုင်နက ဘာပြောတယ်၊ ဟေဂယ်က ဘာပြောတယ် စသဖြင့် အပေါ်ယံလေးတွေ ကြိတ်ရွှီးသွားမယ်၊ နောက်ဆုံးကျတော့ အားလုံးဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တထဲ အကျုံးဝင်တာပဲ။ ဒီတော့ ဒို့ဘုရား ပြောတာ အမှန်ဆုံးပဲ ဆိုပြီး ကောက်ချက်ချရော။ ဒီလို လူမျိုးတွေနဲ့ဆို ဗုဒ္ဓဘာသာလည်း ပိဋက သုံးပုံ အားအားလျားလျား အလွတ်ကျက်တဲ့ အဆင့်၊ ရွှေချစရာ မလိုလောက်အောင် ဖောင်းနေတဲ့ ဘုရားကို ရွှေထပ်ချပြီးရင် ချတဲ့ အဆင့်က တက်မှာကို မဟုတ်ဖူး။)

ကဲ ကန့်ဘာလို့ ပြောလဲဆိုတာ ဆက်ကြည့်ရအောင်။ တာဝန်သိတဲ့လူနဲ့ သူ့သဘာဝအရ စာနာစိတ် ရှိတဲ့လူနှစ်ယောက်မှာ ဒုတိယလူက သူများကို ကူညီတယ်ဆိုတာ သူ့စိတ်ကိုက ကူညီရတာ စိတ်ချမ်းသာလို့ ကူညီတာ၊ အလွယ်ပြောရင်တော့ ကြိုက်လို့ feel လာလို့ ကူညီတာလို့ ကန့်က ပြောတယ်။ ဒီတော့ သူ့ရဲ့ maxim (ခံယူချက်လို့ ဆိုပါစို့) က သူ ကြိုက်တာကို လုပ်တာ၊ feel လာတာကို လုပ်တာ၊ သူ့သဘာဝကို ဖော်ကြူးတာမျိုး။ ဒီလို ခံယူချက်မျိုးကနေ လာတဲ့ လုပ်ရပ်ကို ချီးကြူးကြေးဆိုရင် သမင်တွေ၊ ဒရယ်တွေ သက်သတ်လွတ် စားတာကို သာဓုခေါ်ရမလိုမျိုး ဖြစ်နေပြီ။ သူ့ရဲ့ လုပ်ရပ် ကျင့်ဝတ်တန်ဖိုး ကင်းမဲ့တာ ဘာ့ကြောင့်ဆို သူဟာ သူလုပ်ချင်တာကို လုပ်လို့ဖြစ်ပြီး၊ သူလုပ်ချင်တဲ့အရာဟာ ကံကောင်းထောက်မစွာနဲ့ တိုက်ဆိုင်စွာနဲ့ ကောင်းတဲ့ အရာ ဖြစ်နေလို့ပဲ။ ဒါပေမယ့် တာဝန်သိစိတ်နဲ့ လုပ်တဲ့ အလုပ်ကတော့ ဒီအလုပ်ကို လုပ်တယ်ဆိုတာ ကိုယ် feel လာလို့ လုပ်တာ မဟုတ်ဘဲ ကိုယ်ဟာ ဒီလို အလုပ်မျိုး လုပ်ဖို့ လိုအပ်ပါလားဆိုတဲ့ အသိကနေ လာတာမို့ တာဝန်သိစိတ်နဲ့ လုပ်တဲ့ အလုပ်ကိုသာ ကျင့်ဝတ်တန်ဖိုးရှိတဲ့ အလုပ် ကောင်းတဲ့ အလုပ်လို့ ကန့်က သတ်မှတ်တာဖြစ်တယ်။

စောစောက ရေနစ်တဲ့လူကို သွားကယ်တဲ့ ဥပမာ၊ ဒါမှမဟုတ် ဗမာပြည်မှာ နာဂစ် မုန်တိုင်း တိုက်တုန်းက ဧရာဝတီတိုင်းက မြို့ရွာတွေကို နေ့တိုင်းသွားပြီး ကူညီကြတဲ့ အလုပ်ကို ကြည့်ရအောင်။ အဲ့သလို သွားကယ် သွားကူညီတဲ့အခါ motive ရည်ရွယ်ချက် အမျိုးမျိုး ရှိနိုင်မယ်။ ဒုက္ခရောက်နေသူကို မကြည့်ရက်လို့ သွားကယ်တာမျိုး ရှိနိုင်သလို တခြား အကြောင်းတွေလည်း အမျိုးမျိုး ရှိနိုင်မယ်။ ဒါပေမယ့် ဒုက္ခရောက်နေသူကို မကြည့်ရက်လို သွားကယ်တယ်ဆိုတာ ကိုယ်က သွားကယ်လိုက်ရင် ကိုယ့်မှာ နေသာထိုင်သာ ရှိသွားမှာမို့ သွားကယ်တာမျိုးနဲ့ ငါဟာ ငါ့ကိုယ်ငါ အပြည့်အဝ မပိုင်ဘူး၊ ငါဟာ လူသားတယောက်ဖြစ်တဲ့ အတွက် တခြားလူတွေဟာ သူတို့ ဒုက္ခရောက်တဲ့ အခါ ငါ့ရဲ့ အကူအညီကို တောင်းခံပိုင်ခွင့်ရှိတယ်၊ အဲ့သလို တောင်းခံချက်ကို ဖြည့်ဆည်းပေးဖို့ ငါ့မှာ တာဝန်ရှိတယ်ဆိုတဲ့ အသိကလာတဲ့ သွားကယ်တာမျိုးမှာ ကန့်က ဒုတိယ သွားကယ်တာမျိုးကသာ ကျင့်ဝတ်တန်ဖိုး ရှိတယ်လို့ ဆိုတယ်။

တာဝန်သိသူရဲ့ လုပ်ရပ်ဟာ feel လာလို့ လုပ်တာ မဟုတ်ပဲ သူ့ခံယူချက်ဟာ ကျင့်ဝတ် ဥပဒေ moral law တခုခုကို ထုတ်ဖော်ပြသတဲ့ လုပ်ရပ်ဖြစ်တယ်။ အဲဒိ moral law နဲ့အညီ ကျင့်ကြံ့လုပ်ဆောင်မယ် ဆိုတဲ့ ခံယူချက်နဲ့ လုပ်တဲ့ အလုပ်ကသာ ကောင်းတဲ့အလုပ် ကျင့်ဝတ်တန်ဖိုးရှိတဲ့ အလုပ်လို့ ကန့်က ပြောတယ်။ အဲဒိ ကျင့်ဝတ်တန်ဖိုးကို လူက reason နဲ့သာ သိရှိနိုင်တယ်လို့ ကန့်က ပြောတယ်။ အဲဒိတော့ ကန့်ရဲ့ အမြင်မှာ ကျင့်ဝတ် ဥပဒေတွေ ရှိတယ်ဆိုတာကို လက်ခံထားပြီးသားပဲ။ စောစောက နာဂစ် ဥပမာ၊ ရေနစ်သူ သွားကယ်တဲ့ ဥပမာမှာ ခံယူချက် အမျိုးမျိုးနဲ့ သွားကယ်ကြမှာဘဲ။ ဒါပေမယ့် အလုပ်တခုကို လုပ်တဲ့ ခံယူချက် maxim ဟာ အားလုံးလက်ခံနိုင်တဲ့ ဥပဒေတခု မဖြစ်နိုင်ရင် ဒီအလုပ်ကို မလုပ်သင့်ဘူးလို့ Immanuel Kant ကဆိုတယ်။

ဒီတော့ ကိုယ့်တိုင်းပြည်အတွက် တခုခု ပြန်လုပ်တယ်ဆိုပါစို့။ အဲ့သလို လုပ်တဲ့အခါ ကိုယ်က feel လာလို့၊ အဲ့သလို လုပ်ပေးရရင် နေသာထိုင်သာ ရှိလို့ လုပ်တာထက် universalized လုပ်နိုင်တဲ့ ပုဂ္ဂလဓိဌာန် ကင်းတဲ့ maxim ခံယူချက် အခြေခံနဲ့ လုပ်တာကသာ ကျင့်ဝတ်တန်ဖိုးရှိတဲ့ လုပ်ရပ်ပဲ။ feel လာလို့ လုပ်တဲ့လူက adrenalin ခန်းသွားရင် ဘာမှ ဆက်လုပ်တော့မှာ မဟုတ်ဖူး။ ကိုယ်လုပ်လို့လည်း ဘာမှ ထူးပြီး ဖြစ်မလာပါဘူး ဆိုတဲ့ အညံ့ခံ အရှုံးပေးတဲ့ အတွေးအခေါ်နဲ့စာရင် ဖြစ်လာမဲ့ အကျိုး ရလာဒ်ကို မကြည့်ဘဲ ငါ့တိုင်းပြည်ဟာ ငါ့ရဲ့ လုပ်အားကို လိုအပ်တယ်၊ အဘက်ဘက်က ချွတ်ခြုံကျနေတဲ့ ငါ့တိုင်းပြည်ဟာ ငါ့ရဲ့ လုပ်အားကို တောင်းခံခွင့် ရှိတယ်၊ ဒီလို တောင်းခံလို့ ငါကငြင်းမယ်ဆိုရင် ငါဟာ ကျင့်ဝတ် ဥပဒေကို ချိုးဖောက်တာပဲ။ ဒီတော့ လက်ရှောင်တာဟာ မကောင်းဘူး၊ လက်မရှောင်ဘဲ ငါ့ပေါ် ကျလာတဲ့ တာဝန်ကို လုပ်တာ ကောင်းတယ်လို့ ကောက်ချက်ချရပေလိမ့်မယ်။

စောစောက သူတော်ကောင်းတွေ ချီးမွမ်း သဘောတူတဲ့ လုပ်ရပ်က ကောင်းတယ်ဆိုတဲ့ အဖြေနဲ့ ဆင်ခြင်သိ အကူနဲ့ ရှာတွေ့ထားတဲ့ objective universal law နဲ့ညီတဲ့ ခံယူချက် maxim ကလာတဲ့ လုပ်ရပ်က ကောင်းတယ်ဆိုတဲ့ အဖြေနှစ်ခု ဘယ်အဖြေက ပိုနှစ်သက်ဖွယ်ကောင်းလဲဆိုတာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ကြပါကုန်။

ဝတုတ်

Discussion

One thought on “လုပ်ရပ်တခု ကောင်းမကောင်း ဘယ်လိုတိုင်းမလဲ။

  1. I do what I believe.
    I don’t care whoever say.
    BINO

    Posted by BINO | 20/11/2011, 15:54

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: