//
you're reading...
Burma, Burma referendum, Burmese

Reply to our critics

ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တာဟာ အပြောနဲ့ အလုပ်မညီလို့ ဝေဖန်တာ၊ သူ့ရဲ့ ပြောတော့မိုး ထိုးတော့ မြေကြီး လုပ်လာတာကို ဝေဖန်တာ ဖြစ်တယ်။  ဒီလို ဝေဖန်နိုင်ဖို့ ဆိုတာ ဒေါ်အောင်ဆန်းစုကြည်အတွက် အပြုသဘောဆောင်တဲ့ အကြံ ပေးနိုင်မှ ဝေဖန်လို့ ရတာမျိုး မဟုတ်ဖူး။ ဒီနှစ်ခုကို ကတ္တားကောင်းကောင်း ခြားလို့ရတယ်။ သူ့ဘက်က လိုက်ပြောပေးနေသူတွေရဲ့ standard argument က သူ့မှာ တခြားရွေးစရာ မရှိလို့ ရတာလုပ်ရတာလို့ ဆိုတယ်။ ဒီလို မတတ်သာလို့ လုပ်ရတာကို နောက်ဆုံး နားလည် သဘောပေါက်ပေးနိုင်ရင်တောင် သူ့ကို ဝေဖန်တာ မတရားဘူးလို့ အဓိပ္ပါယ် မထွက်ဖူး။ အဲ့သလို မတရားဘူးလို့ argue လုပ်နိုင်ရင်၊ ကျိုးကြောင်းပြဆို နိုင်ရင် နားထောင် ချင်ပါတယ်။

အလုပ်ဖြစ်တဲ့နည်းနဲ့ ကျင့်ဝတ်နဲ့ညီတဲ့ နည်းနှစ်ခုဟာ မတူဘူး။ အလုပ်ဖြစ်ဖို့ ကိုယ်ကိုယ်တိုင်က လက်ခံခဲ့တဲ့ ကျင့်ဝတ်စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီဆိုတဲ့ အခါ  အလုပ်ဖြစ်အောင် လုပ်နိုင်တာကို မဝေဖန်ရင်တောင် ကိုယ်နဂိုက ချထားတဲ့ ကျင့်ဝတ်စည်းမျဉ်းတွေကို ချိုးဖျက်မှုအတွက် အဝေဖန် ခံရဲရမယ်။ ဒေါ်အောင်ဆန်းစုကြည်က အလုပ်ဖြစ်အောင် လုပ်ရမှာမို့ သူ့ကို မဝေဖန်နဲ့ဆိုတာ အလုပ်ဖြစ်မှုနဲ့ ကျင့်ဝတ်နဲ့ညီမှု နှစ်ခုကို မသိစိတ်က မရိုးမသား ရောပစ်တာပဲ။ မယုံရင် ကိုယ့်စိတ် ကိုယ်ပြန် သတ္တိရှိရှိ ဆန်းစစ်ကြည့်ကြပါ။

နောက်တခုက ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အသည်းအသန် ကာကွယ်ချင်နေသူတွေဟာ တကယ်က ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်နေတာလား၊ ကိုယ့်ရဲ့ မှားယွင်းတဲ့ ရွေးချယ်မှု ဘူးပေါ်သလို အပေါ်မခံဝံ့လို့ ကာကွယ်နေတာလားဆိုတာလည်း မေးချင်တယ်။ ဒါကို နားလည်အောင် ရှင်းဖို့ ဥပမာတခုနဲ့ စပါ့မယ်။ တတိုင်းပြည်လုံးကို ဖျက်စီးသွားတဲ့ ဗိုလ်နေဝင်းကို ဉီးချစ်လှိုင်တို့၊ သခင်တင်မြတို့ ဘာ့ကြောင့် ကနေ့ချိန်ထိ ကာကွယ်ပေးနေကြလဲ။ တကယ်က ဉီးနေဝင်းပေါ် သစ္စာရှိနေတာထက် သူတို့ရဲ့ မှားယွင်းတဲ့ ရွေးချယ်မှုပေါ် သစ္စာစောင့်သိနေကြတာ။ ဉီးနေဝင်းကို သူတို့ အကျိုးစီးပွား အခြေခံနဲ့ သူတို့ ကိုယ်သူတို့ ပုံအပ်ခဲ့တယ်။ ဒါပေမယ့် ဒီလို အကျိုးစီးပွားကြောင့် ပုံအပ်တာ မဟုတ်ဘဲ ဉီးနေဝင်းဟာ မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေတာမို့ သူ့ကို ထောက်ခံခဲ့တယ် ဆိုပြီး သူတို့လုပ်ရပ် သူတို့ တရားထူထောင်ခဲ့တာ အားလုံးအသိပဲ။ ဒီတော့ သူတို့ရဲ့ မရိုးမသား ထောက်ခံခဲ့မှုကို ခုချိန်ထိ မှန်ကန်တယ်ဆိုတာ ဆက်ပြီး သက္ကယာထူချင်တဲ့ အတွက် ဉီးနေဝင်းကို ခုထိ ကာကွယ်နေတာပဲ။ ဒါပေမယ့် တကယ်က ဉီးနေဝင်းကို ကာကွယ်ခြင်းအားဖြင့်သာ သူတို့ သိက္ခာ သူတို့ ဆယ်နိုင်မှာမို့ ဒီအလုပ်ကို လုပ်နေတာသာ ဖြစ်တယ်။

ဒီဥပမာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဉီးနေဝင်းကို ယှဉ်တာ မဟုတ်ဖူး။ ဉီးချစ်လှိုင်တို့၊ သခင်တင်မြတို့နဲ့ လက်ရှိ ဒေါ်စု ဘာလုပ်လုပ် မှန်တယ်ဆိုပြီး မျက်စိမှိတ် စွတ်ပြောနေသူတွေကို နှိုင်းယှဉ်တာသာ ဖြစ်တယ်။ (အမှန်က ဒါထည့်ပြောနေစရာတောင် မလိုပါဘူး။ ဒါပေမယ့် အတော်များများက စာမဖတ်တတ်တာလား၊ ရူးချင်ယောင်ဆောင်တာလားတော့မသိဘူး။  စာရေးသူ ပြောတာကို တမင် အဓိပ္ပါယ်တလွဲ ကောက်ပစ် နေတာတွေ့ တွေ့နေလို့ ပြောတာ။)  ဒေါ်အောင်ဆန်းစုကြည်ကို ရှစ်လေးလုံး အောင်သီးအောင်နှံကို ဆက်သွယ်သွားနိုင်မယ် ယုံကြည်လို့၊ မြန်မာနိုင်ငံကို စစ်ကျွန်အောက်က ကယ်တင်နိုင်မယ် ယုံကြည်ခဲ့လို့ ထောက်ခံတာလား ဒါမှမဟုတ် အပြောကောင်းလို့၊ အများထောက်ခံလို့ ကိုယ်လည်းရောယောင် လိုက်ထောက်ခံတာလား ဆိုတာ ကိုယ့်ဟာကိုယ် ပြန်မေးကြည့်ကြစမ်းပါ။

ကျုပ်တို့က ဗမာပြည်ကို စစ်ကျွန်အောက်က ကယ်တင်နိုင်မယ်လို့ အတိုင်းအတာ တခုထိ ယုံကြည်ခဲ့လို့ သူ့ထောက်ခံခဲ့တာ။ အဲဒိယုံကြည်ချက် ယိုင်လာတာနဲ့အမျှ သူ့ကို ထောက်ခံမှု ကျလာသလို အပြောနဲ့ အလုပ်နဲ့ မညီမှုတွေ အတွက် ဝေဖန်ရမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်စစ်ကျွန် အောက်က ကယ်နိုင်မယ်ဆိုတဲ့ အထင်နဲ့၊ ယုံကြည်မှုနဲ့ ခုထိ သူ့ကို အရင်လို ဆက်ထောက်ခံနေသူတွေကို တခု မေးပါရစေ။ ခု သူလက်ရှိ လုပ်ဆောင်နေတာဟာ မြန်မာနိုင်ငံကို စစ်ကျွန်အောက်က ကယ်တင်နိုင်ဖို့ လုပ်နေတာသာလို့ ယုံရင် ဒီလို ယုံကြည်မှုကို ဖြစ်စေတဲ့ အကြောင်းတရားတွေကို ထုတ်ပြစမ်းပါ။ ကျုပ်တို့အတွက်က ရှင်းတယ်။ ဘယ်ခေါင်းဆောင်ကိုမဆို ရှစ်လေးလုံး အသီးအပွင့်ကို ဉီးဆောင်နိုင်ရင် ဉီးဆောင်နိုင်သလောက် ခေါင်းပေါ်တင်ထားဖို့ အသင့်ပါ။ မဟုတ်ရင် ဆောရီးပဲ။ အဲဒိအတွက် အဝေဖန်မခံနိုင်လည်း မတတ်နိုင်ဘူး။ ကိုယ့်ကို လာမဝေဖန်နဲ့ဆိုတာ၊ တကယ်တော့ ကိုယ့်ဟာကိုယ် ကာကွယ်ရုံသက်သက် မဟုတ်ဖူး။ ဒီလို ဝေဖန်တဲ့လူတွေရဲ့ ဝေဖန်တာ မှားတယ် ဆိုတဲ့ အဓိပ္ပါယ်ပါ သက်ရောက်တယ်။ ဒီတော့ ဘာ့ကြောင့် အဲ့သလို မှားတယ်လို့ ပြောနိုင်တာလဲ။ ဒါကို အချက်ကျကျ ငြင်းခုံရအောင်လား။

ဝတုတ်

Discussion

5 thoughts on “Reply to our critics

  1. မြန်မာပြည်မှာ ကွန်မြူနစ်တွေ အားကောင်းတဲ့ ဆိုရှယ်လစ် အချိန်လောက်က နာမည်ကြီးတဲ့ စကားလေး ရှိပါတယ်။ ကွန်မြူနစ်တွေရဲ့တရားနာပြီးရင် ကျောက်ဆင်းတု ဘုရားတောင် ခေါင်းညွတ်လိမ့်မယ်ဆိုတာ။ ကွန်မြူနစ်တွေဟာ တရားဟောကောင်း၊ စကားပြောလွန်းလို့ သူတို့ပြောတာ နားထောင်ပြီးရင် ဟုတ်နိုးနိုးဖြစ်ကုန်ကြလို့ပါ။ ဗိုလ်မှူးချုပ်ကျော်ဇောမြေး၊ ကိုဝတုတ်ကလည်း ကွန်မြူနစ်ပေါက်စလေး ပီသပါပေတယ်။ အင်္ဂလန်က တက္ကသိုလ်မှာ ဘွဲ့လွန်ပညာတွေ သင်ယူနေတဲ့သူပီပီ အရေးအသား ကောင်းပါပေတယ်ဗျာ။
    ဘယ်နယ်ပယ်မှာမဆို တစ်ယောက်ယောက်ကို ဝေဖန်ချင်တယ်ဆိုရင် သူကျင်လည်နေတဲ့နယ်ပယ်က သဘောတရားကို အနည်းဆုံး တီးမိခေါက်မိ သိဖို့လိုတယ် ဆိုတာကို လက်ခံမယ်ထင်ပါတယ်။ နောက်ပြီး အသက်အရွယ် အတွေ့အကြုံ အတွေးအမြင်တွေလည်း အထိုက်အလျောက် တည်ငြိမ်ရင့်ကျက်ဖို့ လိုပါတယ်။ ဒါမှ မှားတယ် မှန်တယ် သုံးသပ်လို့ရမှာပေါ့။ ကိုဝတုတ်မှာ နိုင်ငံရေး ကိုယ်တွေ့အတွေ့အကြုံ မရှိပေမယ့် စာတွေ့တော့ ထိုက်သင့်သလောက်ရှိမှာပါ။ ဒီထိ လက်ခံမယ် ထင်ပါတယ်။
    ဒေါ်စုကို စစ်တပ်က အကြာကြီးဖမ်းထားပြီး ခေတ်ကာလတွေ၊ လူတွေရဲ့ အတွေးအခေါ် အယူအဆတွေ၊ အားလုံးနဲ့ အဆက်ပြတ်အောင်ဖြတ်ထား၊ သူ့ကိုထောက်ခံသူတွေထဲက လက်စွမ်းရှိသူတွေကို ထောင်ချထား၊ ဖွဲ့စည်းပုံတွေ၊ အခြေခံဥပဒေတွေ၊ လွှတ်တော်တွေနဲ့ အသေအချာ ချုပ်ထားပြီးမှ သူ့ကို လွှတ်လိုက်တာ ဆိုတာကိုလည်း လက်ခံမယ်ထင်ပါတယ်။ စစ်တပ်က သူတို့ ချထားပေးတဲ့ ဥပဒေဘောင်ထဲကနေ ဒေါ်စု စိတ်ကြိုက်လှုပ်ရှားလို့ရမှာ မဟုတ်ဘူးဆိုတာ သိနေတယ်။ ဘာမှ မလှုပ်နိုင်တော့ ရုပ်သေဖြစ်လာပြီး တဖြည်းဖြည်းနဲ့ လူထုထောက်ခံမှု ကျဆင်း၊ စိတ်ပျက်၊ ထောက်ခံသူတွေ နည်းသွားပြီး ဘေးထိုင်သွားအောင် လုပ်ထားတာပါ။ တအားကြီးနေတဲ့ သြဇာကို ချပေးလိုက်တာပေါ့။ လူတွေ အရမ်းမျှော်လင့်နေသလို ဘာမှဖြစ်မလာတော့ စိတ်ပျက်အောင် ဆိုက်ကိုသုံးထားတာပါ။ ဇာတ်ရှိန်ချပေးလိုက်တာပေါ့လေ။ စစ်တပ်က ဒါမျိုးနည်းကို သူတို့ အချင်းချင်းတောင် သုံးပါတယ်။ တအားတက်နေတဲ့သူဆို ဇာတ်ရှိန်ချပေးလိုက်ပြီး ဘေးပို့ထားလိုက်တာ။ အကယ်လို့ ဒေါ်စုက ဇာတ်ကြမ်းတိုက်လာရင် သူတို့က ပိုကြိုက်ပေါ့ဗျာ။ လာထား ခဏပေါ့။ စစ်တပ်က ဒေါ်စုကို ထပ်မဖမ်းရဲပါဘူးလို့ ကိုဝတုတ် ယူဆပါသလား။ နိုင်ငံတကာ ဖိအားကို စစ်တပ်ကြောက်မယ်လို့ ထင်ပါသလား။ မဖမ်းရဲပါဘူးဆိုရင် ဘာကြောင့်လဲလို့ ထင်ပါသလဲ။ သူ့မှာ ဆိုင်းငံထောင်ဒဏ် ၁ နှစ်ခွဲလည်း ရှိသေးတယ်။
    ဒေါ်စုကို ထောက်ခံတဲ့သူတွေမှာ ထောက်ခံရတဲ့ အကြောင်းရင်း အမျိုးမျိုးရှိမယ်ထင်ပါတယ်။ မျက်လုံးပိတ် ထောက်ခံသူတွေရော၊ ဗိုလ်ချုပ်သမီးမို့လိုရော၊……. အများကြီး။ ဘာကြောင့် ထောက်ခံကြတယ်ဆိုတာ စစ်တမ်းကောက်ကြည့်ရင် အတော်စိတ်ဝင်စားဖို့ ကောင်းမှာပါ။ ကိုဝတုတ်တို့လို စစ်ကျွန်ဘ၀က ကယ်တင်နိုင်မယ်ထင်လို့ ခေါင်းဆောင်တင်ထားတဲ့သူတွေလည်း အများကြီး ရှိမှာပါ။ ကိုဝတုတ်တို့လို ခေါင်းဆောင်တင်ထားရာက ထင်သလို ဖြစ်မလာတော့ စိတ်ပျက်တဲ့သူတွေလည်း အများကြီး ရှိမှာပါ။ စိတ်ပျက်လို့ ထွက်လာတဲ့ အသံတွေလည်း အများကြီးကြားနေရပါပြီ။ (စစ်တပ် ခင်းထားတဲ့ ဇာတ်ရှိန်ချ လမ်းထဲကို လောက်ကောင်လေးတွေ ၀င်လာပြီလို့လည်း ပြောလို့ရတာပေါ့လေ။) ထွက်လာတဲ့ အသံတွေဟာ စာတွေ့များတဲ့ လူငယ်ပိုင်းက ပိုများတယ် ဆိုတဲ့ အချက်ကလည်း စိတ်ဝင်စားဖို့ ကောင်းနေတယ်။ တကယ် နားထောင်သင့်တဲ့ အသံတွေ ထွက်လာပြီလားဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းတယ်။ သမိုင်းမှာ ဗိုလ်ချုပ်က သခင်ကိုယ်တော်မှိုင်းကို သွားပြီး ဆရာကြီးပြောနေတာတွေ တစ်နှစ်စောင့်ပါဦး။ ဆရာကြီးပြောရင် သြဇာကြီးလွန်းလို့ တစ်နှစ်စောင့်ပေးပါ ဆိုပြီး သခင်ကိုယ်တော်မှိုင်းရဲ့ အသံလို လန့်ရမယ့် အသံတွေ ထွက်လာနေပြီလား။ ကိုဝတုတ်တို့ အခုလောလောဆယ် ဒေါ်စုလုပ်နေတာတွေကို စိတ်ပျက်လို့ ထောက်ခံမှု ကျပြီး ဝေဖန်တာ ဝေဖန်လို့ ရတာပေါ့။ ကိုယ့်သမိုင်း ကိုယ်ရေးတာပဲ။ လန့်ရမယ့် အသံတွေ ဖြစ်ဖို့တော့ ကောင်းတာပေါ့လေ။
    မြန်မာပြည်ရဲ့ အကျိုးပေးအရ အခုချိန်မှာ ခေါင်းဆောင် ရှားပါးနေတယ်ဆိုတာလည်း လက်ခံမယ်ထင်ပါတယ်။ ခေါင်းဆောင် အရည်အသွေးကို အသာထား၊ အလုပ်ဖြစ်မယ့် ခေါင်းဆောင်မျိုးတောင် အတော်ရှားပါတယ်။ ဒေါ်စုဟာ တိုင်းပြည်ကို စစ်ကျွန်အဖြစ်က လွတ်မြောက်အောင် လုပ်ပေးနိုင်မလား ဆိုတာ မသေချာပေမယ့် အခုချိန်မှာ တိုင်းပြည်ကို လှုပ်အောင်တော့ စွမ်းနိုင်တယ်ဆိုတာ လက်ခံမယ် ထင်ပါတယ်။ ကိုဝတုတ်တို့ခေါင်းပေါ်တင်ထားခဲ့တဲ့ ဒေါ်စုကို ဘေးချပြီး နောက်ထပ် ဒေါ်စုထက်သာတဲ့ ဘယ်သူ့ကို ခေါင်းပေါ်တင်နိုင်မယ်လို့ ထင်ပါသလဲ။ ဒေါ်စု အခုလုပ်တာတွေ မှားတာ မှန်တာ အသာထား၊ ခင်ဗျားတို့ ခေါင်းပေါ်တင်နိုင်မယ့် လူကို ရှာတွေ့ပြီလား။ ဒေါ်စုထက် သာတဲ့လူ တွေ့ပြီဆိုရင် ဒေါ်စုကို အသာထားပြီး ခင်ဗျားတို့လူနဲ့ ကိုယ့်လမ်းကို ကိုယ်ဖောက် လျှောက်လိုက်စမ်းပါ။ လမ်းကြောင်းမှန်ရင် အနောက်က လိုက်လာကြပါလိမ့်မယ်။ ဒေါ်စုထက်သာတဲ့လူ မတွေ့သေးဘူးဆိုရင် ရန်သူနဲ့ တိုက်ပွဲမှာ ခေါင်းဆောင် မပါဘဲ တိုက်ကြတော့မှာလား။ ဒေါ်စုလုပ်နေတာတွေကို မထောက်ခံနိုင်ဘူး။ သူ့ထက်သာတာလည်း မရှာနိုင်သေးဘူး။ ဒေါ်စု လုပ်တာတွေကိုပဲ ဝေဖန်တော့မယ် ဆိုရင်လည်း ပြသာနာ မရှိပါဘူး။ တကယ်တော့ဗျာ.. ကိုဝတုတ် နေရာမှာ ကျွန်တော်သာဆို ကိုယ်စိတ်တိုင်းမကျတော့တဲ့သူကို စကားတောင် အဖက်လုပ် မပြောတော့ဘူး။ သူ့ထက်သာတာ ခေါင်းဆောင်တင်ပြီး ကိုယ့်လမ်းကို ဖောက်တော့မယ်။ ဦးချစ်လှိုင်တို့ သခင်တင်မြတို့ ကွန်မြူနစ်ပါတီကနေ ဆိုရှယ်လစ်ကို ကူးကြတော့လည်း ဒီလိုပဲ ကွန်မြူနစ်ကို မထောက်ခံနိုင်တော့လို့ ၊ မယုံကြည်တော့လို့ ဆိုပြီး ခေါင်းပေါ်ကချ ဆိုရှယ်လစ်ကို ခေါင်းပေါ်ကောက်တင်ခဲ့ကြတာပါပဲ။ ကိုဝတုတ်တို့လိုပေါ့ဗျာ။ ပြောရရင်ဗျာ ကိုဝတုတ်တို့ ဝေဖန်သံတွေဟာ လန့်လောက်တဲ့ အသံဖြစ်ဖို့ လုပ်ကြဦးလို့ ပြောချင်တာပါ။ (ကျွန်တော် ဒဏ္ဍာရီတေးပါ)

    Posted by dantaryee | 28/09/2011, 10:32
  2. ဒဏ္ဍာရီတေး….

    ခင်ဗျားရဲ့ မှတ်ချက်ထဲက စကားတွေကလည်း ရှေ့နောက်မညီပါလားဗျာ။

    ပထမဦးဆုံး…ခင်ဗျားပြောတဲ့…. ”ပြောရရင်ဗျာ ကိုဝတုတ်တို့ ဝေဖန်သံတွေဟာ လန့်လောက်တဲ့ အသံဖြစ်ဖို့ လုပ်ကြဦးလို့ ပြောချင်တာပါ။” ဆိုတာနဲ့ ပတ်သက်လို့…..

    လန့်လောက်တဲ့ အသံလို့ မယူဆရင်လည်း ဘာလို့များ သဲကြီးမဲကြီး လက်ညောင်းခံပြီး နေရာအနှံ့ ကွန်မင့်ရှည်ကြီးတွေရေးပြီး လိုက်ပြောနေရသလဲ ကျနော် စဉ်းစားလို့ မရဘူးဗျ။ အမှန်တကယ် လန့်လောက်တဲ့အသံမဟုတ်ရင် ဒီလောက်ကြီး စိတ်ပူစရာ မရှိပါဘူးဗျာ။ မုန်တိုင်းထဲမှာ အီးပေါက်လိုက်သလို ခဏနဲ့ ပျောက်ပျက်သွားမှာပါ။

    ဒုတိယအနေနဲ့….. “ကိုဝတုတ်နေရာမှာ ကျနော်သာဆို ကိုယ်စိတ်တိုင်းမကျတော့တဲ့သူကို စကားတောင် အဖက်လုပ် မပြောတော့ဘူး” လို့လည်း ပြောထားတာလည်း တွေ့ရပြန်တယ်။ ဒါပေမယ့် ကွန်မင့်အသွားကို ကြည့်ပြန်တော့လည်း ဝတုတ်ကို စိတ်တိုင်းမကျလို့ လာရေးတဲ့ပုံပဲ။ (ဘေးလူအမြင်နဲ့ ကြည့်ရရင် အောက်လေကလေးနဲ့ ဆရာလုပ်နေတယ်လို့တောင် ခံစားရပါတယ်။)

    စိတ်တိုင်းမကျတဲ့သူကို အခုလို အဖက်လုပ်ပြီး လာပြောနေတယ်ဆိုတော့ မိတ်ဆွေရဲ့ အပြောနဲ့အလုပ်နဲ့က တော်တော်လေး အံချော်နေသလိုပဲဗျာ။ ကျနော် မြင်တာကို ပြောပြတာပါ။

    ဆရာလုပ်ချင်တဲ့လူဟာ အနည်းဆုံးတော့ စကားကို ရှေ့နောက်ညီညွတ်အောင် ပြောတတ်ဦးမှ။ (ဗိုလ်အောင်ဒင်စကားနဲ့ ပြောရရင် “ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ အဲဒီလို ပစ်နိုင်မှ ဗိုလ်လုပ်နိုင်မှာကွ”)

    အခု ခင်ဗျားရေးထားတာက ကပေါက်တိ ကပေါက်ချာနဲ့ စာရှည်ပြီး ပွဲမစည်ဘူးဖြစ်နေတယ်ဗျ။ ပြောရရရင် ကျနော့်ဘလော့ဂ်မှာ စစ်အစိုးရဖက်ကနေပြီး ထောက်ခံရေးသားနေတဲ့ “သတိ” ဆိုတဲ့ လူကတောင် ခင်ဗျားထက် ချက်ကျလက်ကျ ပြောတတ်တာကို သတိပြုမိပါတယ်။

    Posted by ကိုပေါ | 29/09/2011, 15:27
  3. ကိုပေါ…. တွေ့ရတာ ၀မ်းသာပါတယ်။ ကိုပေါတို့လို နာမည်ကြီး ဘလောဂါတွေ မဟုတ်တော့လည်း အရေးအသားတွေ ရှေ့နောက်မညီတာ ၊ ရှည်နေတာ ဖြစ်ချင်ဖြစ်မှာပေါ့လေ။ ခင်ဗျားတို့ကို ဆရာလုပ်တာ မဟုတ်ပေမယ့် ကိုပေါက ဆရာလုပ်နေတယ် ထင်ရင်လည်း မတတ်နိုင်ဘူးလေ။ ကိုပေါက လန့်လောက်တဲ့ အသံဖြစ်ဖို့နဲ့ ကိုယ်မကြိုက်တော့တဲ့ ခေါင်းဆောင်နဲ့ အဖက်လုပ် စကားမပြောဘူး ဆိုတဲ့ အချက် နှစ်ချက်ကို ချေထားတယ်လို့ ထင်ပါတယ်။ ခုတလော နာမည်ကြီးနေတဲ့ ဘလောဂါပီပီ အရေးအသား ကောင်းပါတယ်။ ကျွန်တော့် ကွန်မင့်ထဲမှာ တခြားအချက်တွေလည်း ရှိနေသေးတယ်ဆိုတာလည်း ကိုပေါ သိမယ်ထင်ပါတယ်။ ဘာအချက်မှ မရှိဘူးလို့ ဇွတ်ငြင်းရင်လည်း ရပါတယ်။ ကျန်တဲ့အချက်တွေကို ချေထားတဲ့ ကိုပေါရဲ့ အမြင်လေးလည်း သိချင်ပါတယ်။ စွမ်းရင် ချေရလွယ်တဲ့ အချက်တွေကို ပြန်မချေဘဲ၊ ကျန်နေတဲ့ အချက်တွေကို ချေတာလည်း ဖတ်ပါရစေ။ ကိုပေါ စွမ်းရင်ပေါ့လေ။ မစွမ်းရင်လည်း ပြန်မချေပါနဲ့။ ရပါတယ်။ (ကျွန်တော် ဒဏ္ဍာရီတေးပါ)

    Posted by dantaryee | 30/09/2011, 03:37
  4. Sure you guys have allies here too. See below
    “Human Rights
    Beyond Aung San Suu Kyi: Rohingyas
    The Rohingyas are the most persecuted and wronged people on the face of the earth today but the world is fixated at the plight of Aung San Suu Kyi and her followers.
    By Zafarul-Islam Khan, The Milli Gazette
    Published Online: Mar 16, 2011
    Print Issue: 16-28 February 2011

    http://www.milligazette.com/news/548-plight-of-burmese-refugees-in-saudi-arabia

    Posted by UASoe | 02/10/2011, 04:40
  5. ကျနော့်အမြင်မှာတော့ ကိုဝတုတ် ပြောတာတွေဟာ ethic အပိုင်းအရ မှန်ပါတယ် ။
    ဒါပေမဲ့ နိုင်ငံရေးမှာကျတော့ နည်းနည်းကွေ့ကောက် လာပါတယ် ။
    ဒါကြောင့်လည်း ဒေါ်စုက တိုင်းပြည်အတွက်ဆို အသုံးချ ခံနိုင်ပါတယ်လို့ ပြောတာဆိုပြီး သဘော ပေါက်မိတယ် ။ ကျနော့် စိတ်ထဲတော့ ဒေါ်စုဟာ နိုင်ငံအတွက်ဆိုပြီး သူ့ ဂုဏ်သိက္ခာနဲ့ ထောက်ခံသူ အချို့ကို စွန့်လွတ် စတေးသွားပါလိမ့်မယ် ။

    ကိုဝတုတ်ကို ဝေဖန် မှတ်ချက်ပေးသွားတဲ့ ဆရာသမားကိုတော့ အပိုင်း နှစ်ပိုင်း ခွဲမြင်ပါတယ် ။

    သူ ပြောတာတွေထဲက အသင့်အတင့် လက်ခံလို့ ရပါတယ် ။ မှန်လည်း မှန်တယ်လို့ ယူဆပါတယ်။ ခက်တာတစ်ခုက ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုနဲ့ ဝင်လာတဲ့ အပိုင်းပါ ။

    ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာကြောင့် ပြောတဲ့သူရဲ့ အဆိုတွေ မှားမသွားပါဘူး ။ ဒါပေမဲ့ အဆိုပြုချက်တွေ အားနည်း သွားနိုင်သလို တစ်ဖက်လူကို လက်ခံလာနိုင်ဖို့ အခွင့်အလမ်း ကိုလည်း ကြိုတင် လက်လွတ်ထားပြီး ဖြစ်သွားပါတယ် ။

    Posted by mahnkoko | 05/11/2011, 15:09

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: