//
you're reading...
Burma, News, Politics

နွေဦးရောက် မရောက် ငြင်းကြလေသောအခါ

ပြီးခဲ့တဲ့လက မြောက်ပိုင်းတက္ကသိုလ်တစ်ခုက အာရပ်နဲ့အာရှနွေဦး ဆွေးနွေးပွဲကိုဖိတ်လို့  ရောက်သွားခဲ့တယ်။ အာရှကို ကိုယ်စားပြုပြီး ဆွေးနွေးရတဲ့လူကနည်းပြီး အာရပ်ပညာရှင်တွေက များနေခဲ့တယ်။ တနေကုန်ကြာတဲ့ ဆွေးနွေးပွဲမှာ အာရပ်နဲ့အာရှကြား နားလည်မှုတွေ တော်တော်ကွာဟနေတာ အချင်းချင်းသိလိုက်ရတယ်။ အာရှတိုက်အကြောင်းလေ့လာနေတဲ့ (ဆွေးနွေးပွဲမှာ ထိုင်း၊ ဗမာ၊ ကိုရီးယား၊ စင်္ကာပူ၊ တရုတ် အကြောင်းလေ့လာနေတဲ့ အနောက်တိုင်းသားပညာရှင်တွေနဲ့ စင်္ကာပူကဆရာတယောက်) ပညာရှင်တွေက အာရပ်နိုင်ငံတွေအကြောင်းကောင်းကောင်းမသိကြသလို အာရှဘက်က အကြောင်းတွေကိုလည်း အာရပ်ဒါမှမဟုတ် အရှေ့အလယ်ပိုင်းအကြောင်း လေ့လာတဲ့ပညာရှင်တွေကောင်းကောင်းမသိကြဘူး။ ဒါပေမယ့် အရှေ့အလယ်ပိုင်းအထူးပြုပညာရှင် (နောက်ပိုင်း အာရပ်ပညာရှင်လို့ သုံးပါ့မယ်) တွေက များတော့ ဆွေးနွေးပွဲမှာ သူတို့ချည်းပဲ လွှမ်းမိုးထားသလို ဖြစ်နေတယ်။

အခုရေးချင်တာက အဲဒီဆွေးနွေးပွဲမှာ အဓိကဆွေးနွေးဖြစ်ကြတာတွေကို စာဖတ်သူတွေ ဗဟုသုတရဖို့ အနှစ်ချုပ်၊ ခပ်တိုတိုလေး ရေးချင်တာပါ။ အသုံးအနှုန်းတွေနဲ့ ဘာအကြောင်းအရာတွေကို ဒီကလူတွေ စိတ်ဝင်စားနေကြသလဲဆိုတာ သိချင်ရင် သိနိုင်ဖို့ပါ။

ပထမဆုံး အာရပ်နွေဦးဆိုတဲ့ စကားလုံးကို ဆွေးနွေးကြတယ်။ အာရပ်ပညာရှင်တွေအားလုံးက ဒီစကားလုံးကို သဘောမတွေ့ကြဘူး။ မီဒီယာက ဇာတ်ဆန်ဆန်သုံးတယ်ဆိုပြီး ထောက်ပြကြတယ်။ ဒီလိုမျိုးငြင်းတာကို ကြုံရတာဒုတိယအကြိမ်ပဲ။

ပထမအကြိမ်ကတော့ အမ်စတာဒမ်မှာ ကိုလိုနီခေတ်နှောင်းလှုပ်ရှားမှုများဆိုပြီးဆွေးနွေးတုန်းကလဲ အဲဒီနိုင်ငံက အာရပ်ပညာရှင်တွေလဲ ဒီလိုပဲထောက်ပြကြတယ်။

Spring ကို နွေဦး၊ ထကြွခုန်ပျံကျော်လွှားခြင်း (စပရင်ကိုမျက်စိထဲမြင်ကြည့်ပါ) ဆိုတဲ့ အဓိပ္ပာယ်ကောက်ရင်နားလည်မှု လွဲစေနိုင်ပါသတဲ့။ အရှေ့အလယ်ပိုင်းကလှုပ်ရှားမှုတွေဟာ မပြီးသေးလို့ အဲဒီနိုင်ငံတွေဟာ အသစ်တွေနဲ့ ဝေဆာတဲ့ နွေဦးနဲ့တူတဲ့ နိုင်ငံအသစ်ကို မရောက်သေးသလို တွန်းကန်ဆဲ၊ ပုန်ကန်ဆဲ၊ ရုန်းနေရဆဲ မို့လို့ ခုန်ပျံကျော်ဖြတ်နိုင်ခြင်းဆိုတဲ့ Spring အဓိပ္ပာယ်လဲ မထွက်ပါဘူးတဲ့။ အဲဒီစကားလုံးကို နာရီနဲ့ချီပြီးငြင်းကြတယ်။ ဘုမသိဘမသိ မီဒီယာတွေသုံးတဲ့အတိုင်းသုံးမိတဲ့ ထိုင်းပညာရှင် တယောက်ကိုလည်း ဒေါသတကြီးတုံ့ပြန်ကြတယ်။

အဲဒီတော့ အာရပ်နွေဦးဆိုတာမသုံးရင် ဘယ်စကားလုံးသုံးကြမလဲဆိုတော့ prolonged resistance movement အကြာကြီးစွဲဖြစ်နေတဲ့ တော်လှန်မှုလို့ သုံးရင်မှန်မတဲ့။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗမာတော်တော်များများက အာရပ်လှုပ်ရှားမှုတွေကို ပြီးသွားပြီလို့ မှတ်ယူကြတာကို တွေ့ရတယ်။ တရုတ်တောင်ပိုင်းသတင်းစာတစောင်နဲ့ အင်တာဗျူးမှာ အီဂျစ်တော်လှန်ရေးနဲ့ပတ်သက်ပြီး အာဏာရှင်ပြုတ်ကျရုံလုပ်တာဟာ အနုတ်လက္ခဏာဆောင်တဲ့ရည်မှန်းချက် negative goal (毕竟,只想着推翻某个人是一个负面的目标,我们应有持之以恒的追求)ဆိုပြီး ပြောတာဖတ်လိုက်ရတယ်။ (google translator နဲ့သည်းခံပြီးဖတ်နိုင်သလို ဒီဂိုလာ ဘာသာပြန်ထားတာလဲ ဖတ်နိုင်ပါတယ်။ မူရင်းက ဒီမှာပါ)

တကယ်တော့ အီဂျစ်လိုနိုင်ငံတွေမှာ တော်လှန်ရေးပဲခေါ်ခေါ်၊ လူထုလှုပ်ရှားမှုပဲခေါ်ခေါ် အပြောင်းအလဲကို တောင်းဆိုကြတဲ့၊ လူငယ်ထုအများစုပါဝင်ကြတဲ့ လှုပ်ရှားမှုတွေဟာ မပြီးသေးပါဘူး။

အီဂျစ်မှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အမတ်နေရာ ၃၆ရာခိုင်နှုန်းနဲ့ နိုင်သွားတဲ့ Muslim Brotherhood ကို ဆရာတယောက်က supreme irony (မဟာဟာသလို့ ဘာသာပြန်ရမလား။) ဆိုတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကို နှစ်ပေါင်း၂၀ကျော်ဖိနှိပ်ခဲ့တဲ့ စစ်တပ်ကို သူတို့က ပါလီမန်ထဲမှာ ပြန်ပြီးအကာအကွယ်ပေးနေလို့ပဲ။

လူငယ်အများစုပါဝင်တဲ့ လှုပ်ရှားမှုကြီးဟာ သူတို့ရဲ့ခေါင်းဆောင်တွေကို အပြောင်းအလဲတွေ အများကြီးလုပ်စေချင်လို့ ပေါ်လာတာဖြစ်တယ်။ အာဏာရှင်ပြုတ်ကျတာဟာ အပြောင်းအလဲတွေအများကြီးတခုထဲကတခု။ ကျန်တဲ့အပြောင်းအလဲတွေမရမချင်း သူတို့ခေါင်းဆောင်တွေကို ဆက်ပြီးတွန်းအားပေးနေအုံးမှာပဲ။ သူတို့လိုချင်တာကို မူဆလင်ညီအကိုတော်များအဖွဲ့က ဆောင်ကြဉ်းပေးနိုင်မယ်မထင်လို့ ဆန္ဒပြပွဲတွေဆက်ပြီးဖြစ်နေတာပဲ။

ဆွေးနွေးတဲ့လူတွေ စိတ်ဝင်စားကြတဲ့အထဲမှာ ဒီလိုလှုပ်ရှားမှုတွေမဖြစ်ရင်၊ မလုပ်ရင် တခြားဘာနည်းလမ်းရှိမလဲ။ ဆန္ဒမပြဘဲ လူထုလှုပ်ရှားမှုမဖြစ်ဘဲ အပြောင်းအလဲ မဖြစ်နိုင်ဘူးလားဆိုပြီး ဆွေးနွေးကြတယ်။ တခါလူထုလှုပ်ရှားမှုမှာ ဘယ်သူတွေက အခရာကျသလဲဆိုတာ ဆွေးနွေးကြတယ်။

လွယ်လွယ်ပြောရရင် လူတွေရဲ့ လိုအပ်ချက်တွေကို ရှိပြီးသားစနစ်တွေက မဖြည့်ဆည်းပေးနိုင်တော့၊ ဒီစနစ်အတိုင်းဆက်သွားရင် ဘာမှပြောင်းလဲမှာ မမြင်လို့ လူတွေက သူတို့အင်အားသူတို့သုံးပြီး အပြောင်းအလဲတွေ မြန်မြန်လုပ်အောင်၊ လုပ်နိုင်တဲ့လူတွေကို လှုံ့ဆော်ဖို့ လမ်းပေါ်ထွက်လာကြတယ်လို့ ထင်ကြတယ်။

နှစ်ပေါင်းများစွာဖိနှိပ်ခံရတဲ့ မူဆလင်ညီအကိုတော်များအဖွဲ့ဟာ အခုဆို လွှတ်တော်ထဲမှာ ပြုပြင်ပြောင်းလဲမှုတွေကို ယုံကြည်ချက်အပြည့်နဲ့ လုပ်နိုင်ဖို့ ခက်လိမ့်မယ်။ အီဂျစ်အစိုးရထဲမှာ သန္ဓေတည်နေတဲ့ ခြစားမှု၊ လူငယ်တွေအတွက် အလုပ်အကိုင်ရှားပါးမှု၊ နိုင်ငံရဲ့ သယံဇာတတွေ နိုင်ငံခြားကုမ္ပဏီတွေထဲ ရောက်နေမှုစတဲ့ ပြသနာတွေကို မြန်မြန်မဖြေရှင်းနိုင်ရင် သူတို့ကို လွှတ်တော်ထဲရောက်အောင် တနည်းတဖုံ တွန်းပို့ပေးနိုင်ခဲ့တဲ့ လှုပ်ရှားမှုတွေကပဲ သူတို့ပြန်ပြုတ်သွားအောင် လုပ်နိုင်စွမ်းရှိတယ်လို့ ဆိုကြတယ်။

တခါလှုပ်ရှားမှုတွေမှာ ဘယ်သူတွေဟာ အခရာကျတဲ့နေရာက ပါသလဲဆိုရင် အများကတော့ မီဒီယာသစ်လို့ခေါ်တဲ့ ဖေ့စ်ဘွတ်တို့ တွစ်တာတို့ကို ထောက်ပြကြမယ်။ ဒီမီဒီယာသစ်ဟာ လူတွေ အချိန်တိုအတွင်းမှာ များများလမ်းပေါ်ရောက်အောင် လှုံ့ဆော်နိုင်ပေမယ့် လှုပ်ရှားမှုကို အချိန်ကြာကြာထိန်းထားနိုင်စွမ်းမရှိဘူးလို့ မီဒီယာလေ့လာရေးသမားတွေက ဆိုကြတယ်။ မီဒီယာဟောင်းဖြစ်တဲ့ တီဗီတို့ ရေဒီယိုတို့ သတင်းစာတို့က အရေးပါတုန်းလို့ ဆိုကြတယ်။

တခါအီဂျစ်လှုပ်ရှားမှုဟာ ၂၀၁၀ ဒီဇင်ဘာမှာ စတယ်ဆိုပေမယ့် ၂၀၁၀ တနှစ်ထဲမှာ အလုပ်သမားဆန္ဒပြမှုပေါင်း ထောင်နဲ့ချီပြီးဖြစ်ခဲ့တယ်။ လူထုအုံကြွမှုကြီးမဖြစ်ခင် အရေးအခင်းလေးတွေဟာ အလုပ်သမားတွေ မကျေနပ်မှု၊ ဆန္ဒပြမှုတွေနဲ့ နည်းနည်းချင်းစုနေခဲ့တယ်။ အီဂျစ်မှာ သမဂ္ဂတွေလဲ ရှိတော့ အုံကြွမှုကြီးဖြစ်လာတော့ ရက်ကြာကြာဆက်ဖြစ်နိုင်အောင် မီဒီယာသစ်သမားတွေနဲ့ သူတို့တွဲနိုင်ခဲ့ကြတယ်လို့ ဆိုတယ်။

ထိုင်းလို ဗမာနိုင်ငံလို နိုင်ငံတွေမှာတော့ အီဂျစ်လို ခေါင်းဆောင်မဲ့လှုပ်ရှားမှုမျိုးဖြစ်နိုင်သလားဆိုတာလဲ ဆွေးနွေးကြတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာ ပုဂ္ဂိုလ်တဦးတယောက်ရဲ့ အရှိန်အဝါဟာ အင်မတန်အရေးပါတယ်။ မှန်တာကို မှန်တယ်လို့ မပြောခင် နာမည်ကြီးတဲ့လူက ပြောပြီးပြီလားဆိုပြီး နားထောင်တတ်ကြတဲ့ အကျင့်ဟာ အရိုးစွဲနေတယ်။

ဗမာပြည်က ပြန်ရောက်လာတဲ့ သံအမတ်တွေလဲ အဲဒါကို ထောက်ပြကြတယ်။ မှန်တာ၊ တရားတာအတွက် ကိုယ့်ကို ကိုယ်စားပြုမယ့်လူရှိမှ မှန်တာ တရားတာလုပ်ရဲ၊ ပြောရဲတဲ့သူတွေများနေတဲ့ နိုင်ငံတွေမှာတော့ ခေါင်းဆောင်မဲ့လှုပ်ရှားမှုဟာ မဖြစ်နိုင်သေးပါဘူးလို့ ဆွေးနွေးဖြစ်ခဲ့ကြတယ်။ ဒေါင်လိုက်သွားနေတဲ့ လူ့အဖွဲ့အစည်းမှာ ကိုယ့်အထက်ကလူလို့ ကိုယ်ကသတ်မှတ်ထားတဲ့လူ ဘာမှမလုပ်မချင်း ကိုယ်ကဘာမှစလုပ်မှာမဟုတ်ဘူး။ မမြင်ရတဲ့စည်းကို မကျော်ဖို့ ဂရုစိုက်ကြတဲ့အကြောင်း၊ အဲဒီလို မကျော်ဖို့ လူ့အဖွဲ့အစည်းရဲ့ သြဇာကြီးတဲ့လူတွေနဲ့ မီဒီယာတွေ့ကလဲ အမြဲ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ သတိပေးနေကြတယ်။

တခါ ပေါက်ကွဲတော့မယ့် လူထုကို ဘယ်လိုကိုင်တွယ်သလဲဆိုတာကိုလဲ တရုတ်ဥပမာတွေနဲ့ ဆွေးနွေးကြတယ်။ တရုတ်ပြည်မှာ မိုက်ခရိုဘလော့တွေ သန်းနဲ့ချီရှိတယ်။ လူ ၃ယောက်မှာ ၁ယောက် အင်တာနက်သုံးနိုင်တယ်။ အစိုးရအကျင့်ပျက်တာ၊ ခြစားတာ၊ မီဒီယာဘက်လိုက်တာတွေကို မိုက်ခရိုဘလော့တွေမှာ ဆွေးနွေးခွင့်ပေးထားတယ်။ ဒါပေမယ့် ဘယ်အတိုင်းအတာထိပဲ ဆွေးနွေးခွင့်ရှိသလဲဆိုတာကို ဆွေးနွေးတဲ့လူတွေက သိကြတော့ အလိုလိုကိုယ့်ကိုကိုယ်စိစစ်ရေးလုပ်ပြီးဆွေးနွေးကြတယ်။ အစိုးရကလဲ ဆွေးနွေးခွင့်ပြုထားသယောင်၊ လူတွေနိုင်ငံရေးလုပ်ခွင့်ပေးထားသယောင် false sense of civic participation ရအောင် ဖန်တီးပေးထားတယ်။

တခါ မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာ အလုပ်လက်မဲ့တွေများတယ်ဆိုပေမယ့် အလုပ်လက်မဲ့တွေဟာ တိုင်းပြည်အပြင်ကို ထွက်ပြီးအလုပ်ရှာကြတယ်။ ဒီလိုနဲ့ အထဲကပေါက်ကွဲမယ့်ပြသနာဟာ အလိုလိုအပြင်ရောက်ပြီးသားဖြစ်သွားတယ်။ အထဲမှာ ၂၀၁၁ ဒီဇင်ဘာအထိ အလုပ်လုပ်နိုင်သူ ၃၆သန်းမှာ အလုပ်လုပ်တဲ့လူ သန်း၃၀ကျော်ပဲရှိတယ်။ အလုပ်သမားဝန်ကြီးက အလုပ်လက်မဲ့က တနှစ်ကို ၁သန်းလောက်တိုးလာနေတယ်လို့လဲပြောတယ်။

ဒါပေမယ့် ဒီအလုပ်လက်မဲ့တွေ တိုင်းပြည်အပြင်ထွက်သွားနေတာဟာ အစိုးရအတွက် ကယ်ပေါက်ရနေသလို ဖြစ်နေတယ်။ ဒီလူတွေ တိုင်းပြည်ထဲမှာ စုနေရင် အစိုးရအတွက် ပြသနာရှိနိုင်တာမဟုတ်လား။

ခြုံပြောရင် အာရပ်လူထုအုံကြွမှုတွေ ဗမာနိုင်ငံမှာ၊ တရုတ်နိုင်ငံမှာလို ဖြစ်ဖို့ ရှေ့ပြေး အကြောင်းအချက်တွေအများကြီးလိုသေးတယ်လို့ မြင်ကြတယ်။ ဒါပေမယ့် ကမ္ဘာ့ဖြစ်ရပ်တွေဟာ မှန်းထားသလို ဖြစ်တယ်ဆိုတာကလဲ အရှားသား။

ဆွေးနွေးပွဲမှာ ဆွေးနွေးကြတဲ့ အကြောင်းအရာတွေထဲမှာ အီဂျစ်လိုနိုင်ငံတွေက နိုင်ငံရဲ့သယံဇာတတွေကနေ တခြားနိုင်ငံတွေစီးပွားဖြစ်လာတူးဖော်ယူတဲ့အပေါ် အခွန်ကောက်ရုံ၊ မြေငှားခယူရုံမလုပ်ဘဲ လူငယ်တွေအကျိုးရှိမယ့် ကုန်ထုတ်လုပ်ငန်းတွေ အများကြီးလုပ်ကိုင်ဖို့လည်း ထောက်ပြကြတယ်။ ကုန်ထုတ်လုပ်ငန်းလုပ်မယ်ဆိုတော့ တရုတ်ကို ထပ်ပြီး ဥပမာပေးကြပြန်တယ်။ တရုတ်ပစ္စည်းတွေကို ယှဉ်ထုတ်နိုင်ဖို့ ခက်သားပဲတဲ့။

ဆွေးနွေးပွဲတွေရဲ့ ထုံးစံအတိုင်း မေးခွန်းအသစ်တွေပဲပိုက်ပြီး ပြန်ခဲ့ရတယ်။ ပြောခဲ့ကြတာတွေ မမေ့ခင် ပြန်ဝေလိုက်တယ်။ ဆက်ဆွေးနွေးချင်တယ်၊ ဆွေးနွေးပွဲအတွက် ဖတ်ကြတဲ့ စာတမ်းတွေဖတ်ချင်တယ်ဆိုရင် ကော်မန့်ထားခဲ့လိုက်ပါ။

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: