//
you're reading...
Lifestyle, London

ဟိုရောက်ဒီရောက်နဲ့ တပတ်တာ

ဒီခေါင်းစဉ်နဲ့အရင်က စာတိုလေးတွေရေးခဲ့ဖူးတယ်။ ဒီနေ့တော့ ဘလော့ကို ဒီဇိုင်းပြန်ပြင်ရင်း အဟောင်းလေးတွေ ပြန်ဖတ်ကြည့်တော့ ဒီလိုမျိုးတွေရေးချင်စိတ်ပြန်ပေါက်လာတယ်။

ဒီတပတ်ထဲမှာ

နွေဉီးရောက်ပြီမို့ ပန်းတွေပွင့်ကြပြီ။ နိုင်ငံခြားရောက်မှ ဖြစ်တဲ့ အယ်လာဂျီလဲ စပြီ။ နှာရည်တွေတောက်တောက်ကျပြီး မျက်စိတွေလဲ ယားလာပြီ။ ထူးဆန်းတာက အရင်ကစားလို့ရတဲ့ အသီးတွေစားလို့မရတော့ဘူး။ ပန်းသီးတို့ ချယ်ရီတို့စားရင် နားတွေယားပြီး တခါတလေ နှုတ်ခမ်းတွေဘာတွေထော်လာတတ်တယ်။ မြေပဲနဲ့မတည့်တဲ့ ကျောင်းသားတယောက် ဗမာပြည် ရောက်ပြီးတရက်နှစ်ရက်မှာပဲ ဆေးရုံရောက်သွားတာ သတိရမိသေးတယ်။ ဆန်နဲ့မတည့်တဲ့လူလဲ တွေ့ဖူးတယ်။ သူတို့ကို အရင်ကထူးဆန်းတယ်ထင်တာ။ ကိုယ်ပါအခု အဲဒီလိုမျိုးဖြစ်လာပြီ။ ဝတုတ်ကအားပေးရှာတယ်။ ဝဋ်နာကံနာတဲ့။

အဲဒီလိုပြောလို့ ဘောလုံးကော်မန်တေတာတယောက် အလုပ်ပြုတ်ဖူးတယ်။ ဒုက္ခိတတွေကို အရင်ဘဝက မကောင်းတာလုပ်ခဲ့လို့ဆိုတဲ့ အတွေးအခေါ်နဲ့စကားဟာ ဒီလူမှုဝန်းကျင်မှာ ပြောသင့်တယ်။ မှန်တယ်လို့ လက်ခံထားတဲ့စကား မဟုတ်ဘူး။ ယဉ်ကျေးမှုရှော့ရခြင်းမဖြစ်အောင်၊ လုပ်ငန်းခွင်နဲ့ လူမှုဆက်ဆံရေးမှာ မထိခိုက်အောင် သူတို့အခေါ် politically correct ဖြစ်တဲ့ အသုံးတွေ၊ အကြောင်းအရာတွေ သိထားရင် ကိုယ့်အတွက် အကျိုးရှိမယ်။

ဒါနဲ့ပတ်သက်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာ အမြင်မတော်တာတွေ့ရင် ကိုယ်ဘယ်လောက်ထိ ဝင်ပါသင့်လဲလို့ စဉ်းစားဖြစ်တယ်။ ဟိုတနေ့က ဖေ့ဘွတ်က မိတ်ဆွေတယောက်ရဲ့ နံရံမှာ ဖြူဖြူကျော်သိန်းကို လှောင်ထားတဲ့ ပုံတွေ့တယ်။ လူမည်းကလေးမပုံလေးနဲ့။ ဗမာစာတန်းထိုးထားလို့ ဗမာတွေက ရယ်စရာအဖြစ်သိပေမယ့် လူမည်းကလေးလေးကို ရယ်စရာအဖြစ်နဲ့ သုံးထားတာဟာ တကယ်တော့ politically correct မဖြစ်ပေဘူး။ အထူးသဖြင့် အလုပ်မှာ အာဖရိကန်သွေးပါတဲ့ လုပ်ဖော်ကိုင်ဘက်တွေပါရင် အထင်လွဲစရာဖြစ်မယ်။ အဲဒီအကြောင်းကို မိတ်ဆွေဆီစာရေးပြီး လှမ်းပြောတော့ သူကကိုယ့်ကိုအကဲပါတယ်ထင်ပုံရတယ်။ တခါတခါ အမြင်မတော်တာတွေ့ရင် မျက်နှာလွှဲနေတတ်ဖို့ လိုအပ်တာကို သိလိုက်ရတယ်။

ဒီတပတ်ထဲမှာ

ကုန်စျေးနှုန်းတွေ သိသိသာသာတက်လာတာကို သတိထားမိတယ်။ တရုတ်ဆိုင်မှာ အရင်ကသွားစားရင် နှစ်ယောက်ကို ပေါင်၃ဝလောက်ဆို ဟင်းသုံးလေးမျိုးနဲ့ ကောင်းကောင်းစားလို့ရတယ်။ အခုတော့ အနည်းဆုံး၄ဝလောက်ကုန်မှ။ သခွားသီးသေးသေးလုံးတလုံးကို ပြား၄ဝ။ လွတ်လပ်ကြက် free range ကြက်ဥ၆လုံးကို ၁ပေါင်၁၀ပြားတဲ့။ စျေးတွေက တခါတက်ရင် ၁၀ရာခိုင်နှုန်းနီးပါးတက်နေတယ်။ အလုပ်မှာတော့ လစာတိုးတာတွေ ရပ်ထားတယ်တဲ့။ ၁၉၈၈အရေးအခင်းပြီးတုန်းက အဒေါ်တယောက်ညည်းတာကို ပြန်ကြားယောင်မိတယ်။ သူကကြက်သား၁ပိသာ ၂၈ကျပ်ဖြစ်သွားတာကို ညည်းတာ။ ကုန်စုံဆိုင်တွေမှာ basics လို့ခေါ်တဲ့ အခြေခံကုန်တွေကို နာမည်ကြီးဘရန်းနဲ့ကုန်တွေသိပ်မဝယ်ကြတော့ဘူး။ စျေးပေါတဲ့ ဆိုင်တံဆိပ်နဲ့ကုန်တွေကိုပဲ ပိုဝယ်လာကြတယ်။ သတင်းစာတွေမှာ အသုံးချွေတာနည်း ဘလော့တွေ ထည့်လာတယ်။ ကျောင်းသားတွေအတွက်လဲ စျေးပေါတဲ့ဆိုင်တွေ၊ ကုန်တွေကို လမ်းညွှန်ပေးလာကြတယ်။

ဒီတပတ်ထဲမှာပဲ

လန်ဒန်မြို့တော်ဝန်နေရာ ဝင်အရွေးခံမယ့် လူတွေထဲက ပါတီကြီး၄ယောက်က ယောက်ျား၃ယောက်နဲ့ မိန်းမ၁ယောက် စကားစစ်ထိုးပွဲတိုလေးတခု တီဗီမှာကြည့်လိုက်ရတယ်။ ဂရင်းပါတီက မိန်းမနဲ့ အခုညွန့်ပေါင်းအစိုးရထဲက လစ်ဒမ်ပါတီကိုယ်စားပြုဝင်မယ့် ယောက်ျားက သိပ်မဲရမယ်မထင်ဘူး။ လေဘာနဲ့ ကွန်ဆားဗစ်တစ်က ၂ယောက်ပဲ အကြိတ်အနယ်ယှဉ်ပြိုင်ကြဖို့ ရှိတယ်။ ရွေးကောက်ပွဲတွေရဲ့ ထုံးစံအတိုင်း ကိုယ်ဘာလုပ်ပေးမလဲဆိုတာနဲ့မဲဆွယ်နိုင်ရုံနဲ့မပြီး ပြိုင်ဘက်ရဲ့အားနည်းချက်တွေကို ထောက်ပြပြီး အလဲထိုးရတာတွေလဲ ရှိတော့ လေဘာက မြို့တော်ဝန်လောင်းကို အခွန်ရှောင်မှုနဲ့ တခြားပြိုင်ဘက်တွေကရော သတင်းစာတွေကပါ ထောက်ပြနေကြတယ်။ ကွန်ဆားဗစ်တစ်က လက်ရှိမြို့တော်ဝန်ပဲနိုင်မလား။ မြို့တော်ဝန်၂ခါဖြစ်ဖူးတဲ့ လေဘာမြို့တော်ဝန်လောင်းပဲ နိုင်မလားဆိုတာကတော့ မေလ၃ရက်မှပဲသိမယ်။ လောင်းကစားကုမ္ပဏီတခုကတော့ ကွန်ဆားဗစ်တစ်က ၃လေး၁လေးတဲ့။ လေဘာက ၉လေး၄လေးတဲ့။ စိတ်ဝင်စားရင် သွားလောင်းလို့ရတယ်။

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: