//
you're reading...
Burma, News, Politics

ခင်ညွန့်ကိုယ်တိုင်ပြောပြတဲ့ ထိပ်ဆုံးမှအောက်ဆုံးသို့

ဧပြီလ ၈ရက်ထုတ်ဘန်ကောက်ပို့စ်ထဲမှာပါတဲ့ မြင့်ရွှေရေးတဲ့ ဆောင်းပါးကို ဖတ်ပြီးကောက်ချက်ချမိတာက

၁။ ခင်ညွန့်ဟာ အခုပြောနေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို သူ့လက်ထက်ထဲကလုပ်ခဲ့တာ။ ဒေါ်စုနဲ့ရင်ကြားစေ့ရေးကိစ္စဟာလဲ အချိန်မတန်လို့ အထမမြောက်ခဲ့ဘူး။ နိုင်ငံရေးမှာ သူဟာအရေးပါတဲ့လူတယောက်အဖြစ် သူ့ကိုယ်သူပုံဖော်နေတယ်။

၂။ နိုင်ငံရေးနဲ့ လူထုကြားထဲ လုံးဝပြန်မဝင်ဘူးလို့ မပြောဘူး။ လောလောဆယ် မဝင်သေးဘူးလို့ပဲ ပြောတယ်။

၃။ ထောက်လှမ်းရေးချုပ်လုပ်ခဲ့တုန်းက တိုင်းပြည်အတွက် စစ်တပ်အတွက် အထက်လူကြီးတွေအတွက် လုပ်ခဲ့ရတာလို့ ပြောတာ။ သူလုပ်ခဲ့တာတွေကို နောင်တလုံးဝ မရဘူးလို့ပြောတယ်။

၄။ ဒီပဲရင်းမှာ ဒေါ်စုကို သူ့လူတွေလွှတ်ပြီး ကယ်ခဲ့ရတယ်လို့ ပြောတယ်။

၅။ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး အရေးပါတဲ့လူတွေနဲ့ သူနဲ့ရင်းနှီးတဲ့သဘောမျိုးပြောတယ်။

ဘာသာရေး၊ လူမှုရေးပဲ လုပ်တော့မယောင်ပြောပြီး နိုင်ငံရေးရည်မှန်းချက် ရှိသေးတဲ့ မိစ္ဆာမင်းသားလို့ ခေါ်ခံရတဲ့ ခင်ညွန့်ရဲ့ စိတ်ထဲဝင်ကြည့်နိုင်ဖို့ ဒီဆောင်းပါးကို ဘာသာပြန်ပေးလိုက်ပါတယ်။

အသုံးအနှုန်းတွေကို ဆောင်းပါးထဲကအတိုင်း တိုက်ရိုက်ဘာသာပြန်ပါတယ်။ ဘာသာပြန်တာနဲ့ပတ်သက်ပြီး ထောက်ပြချင်တာတွေကို ကွန်မန့်မှာရေးခဲ့စေလိုပါတယ်။

စပိုင်အကြီးအကဲဟောင်းလဲဖြစ်၊ ဝန်ကြီးချုပ်ဟောင်းလဲဖြစ်တဲ့ ခင်ညွန့်ဟာ အကျယ်ချုပ်ကလွတ်ပြီးနောက်ပိုင်း ပေးတောင့်ပေးခဲဒီအင်တာဗျူးမှာ သူ့ကျဆုံးခန်းရောက်ဖို့ ဖြစ်လာစေတဲ့ဟာတွေ၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးအပေးအယူတွေ၊ အောင်ဆန်းစုကြည်ကို အစ်ကိုတယောက်လို လေးစားချစ်ခင်မှုနဲ့ သူ့ဘာသာရေးယုံကြည်မှုဘယ်လို ပြန်လည်နိုးကြားလာသလဲဆိုတဲ့ အကြောင်းတွေကို ပြောပြထားပါတယ်။

ကျွန်တော် (မ) တို့ရဲ့ ခရီးဆုံးကို သွားတဲ့လမ်းကျဉ်းလေးဟာ တိတ်ဆိတ်နေပြီး လမ်းရဲ့တဘက်တချက်မှာ တချိန်က အုပ်ချုပ်သူ စစ်အာဏာရှင်လူတန်းစားတွေနေထိုင်ခဲ့တဲ့ အိမ်ကြီးရခိုင်တွေရှိပါတယ်။ အခုတရားဝင်အငြိမ်းစားယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအဝင် အများစုကတော့ နေပြည်တော်ရဲ့ အိမ်သစ်တွေကို ပြောင်းသွားကြပါပြီ။ အရပ်ဘက်ရာထူးတွေရသူတွေလည်းရပေါ့။ ဒါပေမယ့် အရင်စစ်အစိုးရရဲ့ ရာထူးကြီးကြီးတွေထဲကတယောက်ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်းခင်ညွန့်ကတော့ ရန်ကုန်မှာနေဆဲ။ သူ့အတွက် နေပြည်တော်မှာ အိမ်အသစ်မဆောက်ပေးထားဘူး။ တကယ်တော့ သူဟာ မကြာခင်ကမှ ရန်ကုန်ကသူ့အိမ်မှာ အကျယ်ချုပ်ခံနေရတာကနေ လွတ်လာတာ။

အနောက်မီဒီယာက တချိန်တုန်းက မိစ္ဆာမင်းသားလို့ ခေါ်ခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွန့်ကို သမ္မတသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရသစ်က ဇန်နဝါရီတုန်းက လွှတ်ပေးလိုက်ပါတယ်။ သမ္မတသိန်းစိန်က အရင်အစိုးရတုန်းက သူ့လက်အောက်က လူတယောက်ပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေါင်းဆောင်တဲ့ အခုမရှိတော့တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက သူ့ကို ၂၀၀၄ခုနှစ် အောက်တိုဘာမှာ စွဲချက်တင်တဲ့အမှုတွေကတော့ အမိန့်မနာခံမှုနဲ့ လာဘ်စားမှုတဲ့။

သူအာဏာရှိစဉ်အချိန်ကိုရော၊ ကျဆုံးချိန်ကိုရော ပြန်ကြည့်ရင် နောင်တမရဘူးလို့ ဗိုလ်ချုပ်ခင်ညွန့်ကပြောပါတယ်။

တိုင်းပြည်တာဝန်ထမ်းဆောင်တာနဲ့ပတ်သက်ပြီး စိတ်ရှင်းတယ်။ နိုင်ငံ့သမိုင်းမှာ အပြောင်းအလဲတခု၊ ကွေ့တခုကို ကျွန်တော်ကြုံလိုက်ရတာ။ ကျွန်တော့်ရွေးချယ်မှုမဟုတ်ဘူး။ ပြည်တွင်းပြည်ပက နိုင်ငံရေးရည်ရွယ်ချက်နဲ့လုပ်တဲ့ တိုက်ခိုက်မှုတွေကို အကာအကွယ်မဲ့တဲ့ ကျွန်တော်က ခံလိုက်ရတာ။ ဒါဟာအဆန်းတော့မဟုတ်ပါဘူး။  တခြားနိုင်ငံတွေမှာလဲ ဒီလိုပဲဖြစ်ခဲ့တာပဲ။ ကျွန်တော့်ကို အပ်နှင်းထားတဲ့ အာဏာကို ကျွန်တော်ဘယ်တုန်းကမှ အလွဲသုံးစားမလုပ်ခဲ့ဘူး။ ကိုယ်ကျိုးလည်းမရှာခဲ့ဘူး။

ကျွန်တော် ဂေါက်လုံးဝမရိုက်ဘူး။ ကျွန်တော့်ဆရာ ဉီးတင့်ဆွေက ကျွန်တော့်ကို မရိုက်နဲ့လို့ သင်ထားတယ်။ အလုပ်အတွက် အဖိုးတန်တဲ့အချိန်တွေကုန်တယ်။ အလ္လာပသလ္လာပတွေပြောတာရင်း ကိုယ့်အတွက်ထိခိုက်နိုင်တယ်။ ကျွန်တော့်ကို လက်ဆောင်ပေးတဲ့ ဂေါ့ဆက်တွေဆို အားလုံးပြန်ပို့ပစ်တာပဲ။

အရင်အလုပ်လုပ်နေတုန်းက ကျွန်တော့်လုပ်ဖော်ကိုင်ဘက်တွေက ကျွန်တော့်ကို အထင်အမြင်မှားတာတွေ ရှိကောင်းရှိနိုင်တယ်။ ပြီးခဲ့တာတွေ ပြီးပါစေတော့။ အတိတ်ကိုပြန်ပြင်ဖို့၊ အတိတ်ကိုပြန်တူးဆွဖို့ အချိန်တွေအကုန်မခံတော့ပါဘူး။ ကျွန်တော်အခု ဘာသာရေးကို အချိန်များများလုပ်ဖြစ်တယ်။ ပြီးခဲ့တဲ့အပတ်က ကျွန်တော်တို့ရဲ့ ဘာသာရေးခေါင်းဆောင်တယောက်ဖြစ်တဲ့ သီတဂူဆရာတော်ရဲ့ ၇၅ဝါပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကျွန်တော် သင်္ကန်းအစုံ ၁ထောင်လှူခဲ့တယ်။

နိုင်ငံရေးနယ်ပယ်မှာ ထိပ်ရောက်ဖို့ ရည်မှန်းချက်တွေစွန့်လွှတ်လိုက်ပြီလို့လဲ ဗိုလ်ချုပ်ကပြောပါတယ်။ လောလောဆယ်တော့ လူတွေကြားထဲလဲ မဆင်းသေးဘူး။ နိုင်ငံရေးထဲလဲ ပြန်မဝင်သေးဘူးလို့ ပြောပါတယ်။

ကျွန်တော့်ဇာတိမြို့က ပရဟိတအဖွဲ့အတွက် အချိန်ပေးနေတယ်။ ကျွန်တော်ဟာ တသက်လုံး သာမန်နိုင်ငံသားတယောက်ပါ။ ဒီမိုကရေစီနိုင်ငံထဲက အခွင့်အရေးရော တာဝန်ပါရှိတဲ့ နိုင်ငံသားတယောက်ပေါ့။ ဒီလိုမျိုးနဲ့ပဲ ကျွန်တော်ကျေနပ်ပါတယ်။ သူနဲ့သူ့မိသားစု အထိန်းသိမ်းခံဘဝနဲ့ ၇နှစ်နေခဲ့ရတယ်။ ဒါပေမယ့် မူလချထားတဲ့ ထောင်ဒဏ်ဟာ သူ့အသက်ထက်တောင် ရှည်သေးတယ်။ သူ့ရဲ့အဓိက နောက်လိုက်၂ယောက်ဖြစ်တဲ့ ဗိုလ်မှူးကြီးစန်းပွင့်နဲ့ ဗိုလ်မှူးချုပ်တင်ငွေတို့ ထောင်ထဲမှာပဲ ရှိသေးတယ်။ ဗိုလ်မှူးကြီးကျော်ဝင်းကတော့ ထောင်ထဲမှာ သေသွားပြီ။

သူထိပ်ကနေကျတုန်းက လူတွေကြားမှာ ပျံ့ခဲ့တဲ့ ကောလဟာလကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့ကို အာဏာသိမ်းမှုမဖြစ်အောင် ကြိုဖယ်ရှားလိုက်တယ်ဆိုတာပါပဲ။ ခြံထဲကနေ ထရပ်ကားသုံးစီးတိုက်စာ ရွှေတုံးရွှေခဲတွေကို အာဏာပိုင်တွေက သယ်သွားခဲ့တယ်တဲ့။ သူ့ကိုလျှို့ဝှက်အမှုစစ်တာ ဘာမှမကြာလိုက်ပါဘူး။ ဘာတွေဖြစ်ခဲ့သလဲဆိုတာ လူတွေသိခွင့်မရခဲ့ဘူး။

တချို့ကတော့ ဗိုလ်ချုပ်ခင်ညွန့်ကို ခြစားမှုအနည်းဆုံးထဲက တယောက်လို့ မြင်ကြတယ်။ သူ့အချိန်တုန်းက ထိပ်ပိုင်းတွေထဲက အပျော့ပြောင်းဆုံးတယောက်လို့လဲ မြင်ကြတယ်။ ဒါပေမယ့် အန်အယ်ဒီက နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအတိုက်အခံတွေကို ရက်ရက်စက်စက်ဖိနှိပ်ခဲ့တဲ့အတွက် တချိန်တုန်းကဘုန်းမီးနေလတောက်ခဲ့တဲ့ ဒီဗိုလ်ချုပ်ဟာ အနောက်မီဒီယာကြားမှာတော့ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တယ်။ စစ်အစိုးရကိုဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ရက်စက်ကြမ်းကြုတ်သူလို့ ဆိုကြတယ်။

ဗိုလ်ချုပ်ခင်ညွန့်ကို ဒီနေ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေအတွက် အခရာကျတဲ့ ဒီမိုကရေစီလမ်းပြ မြေပုံ၇ချက်ရဲ့ဗိသုကာလို့လဲ သိကြတယ်။ မြန်မာစစ်အစိုးရနဲ့ အနောက်ကထောက်ခံတဲ့အန်အယ်ဒီတို့ ရင်ကြားစေ့ရေးအတွက် တက်ဆင်ရှင်န၀ထျခေါင်းဆောင်တဲ့ ထိုင်းအစိုးရဟာ ၂၀၀၃အကုန် ၂၀၀၄အစလောက်မှာ အရင်ဆုံးအကြံပြုခဲ့တယ်။ အဲဒါကို ဘန်ကောက်ဖြစ်စဉ်လို့ သိကြတယ်။ ဗိုလ်ချုပ်ခင်ညွန့်ဟာ ဘန်ကောက်ကိုသွားပြီး အဲဒီမူကြမ်းကို ဗမာပြည်အတွက်ကိုယ်ပိုင်လုပ်ပြီး ယူလာခဲ့တယ်။ မကြာခင်မှာပဲ အကြာကြီးရပ်ထားခဲ့တဲ့ ညီလာခံပြန်စပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးလာကြတယ်။

အဲဒါတွေဖြစ်ပြီး တနှစ်တောင်မကြာဘူး။ ဗိုလ်ချုပ်ခင်ညွန့် တရားစွဲခံရတယ်။ သူခေါင်းဆောင်တဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ထဲက ခြစားမှုတွေရယ်၊ တခါဖြစ်နိုင်တာက တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီလိုလားသူတွေအတွက် သူတင်သွင်းတဲ့အဆိုတွေကြောင့်ရယ်၊ သူနဲ့ဆက်စပ်နေတဲ့ မက်လောက်တဲ့ စီးပွားရေးအပေးအယူတွေကို ထိပ်ပိုင်းကအာဏာရှိသူတွေက မနာလိုမှုတွေကြောင့် အမည်ပျက်စာရင်းသွင်းခံရတာ ဖြစ်နိုင်တယ်။ ဗိုလ်ချုပ်ခင်ညွန့်ဖမ်းခံရချိန်မှာ သူ့သား ရဲနိုင်ဝင်းဟာ မြန်မာနိုင်ငံရဲ့ တခုတည်းသော အင်တာနက်ဆားဗစ်ဖြန့်ဖြူးသူဖြစ်တဲ့ ပုဂံဆိုင်ဘာတက်ရဲ့ အမှုဆောင်ချက်ဖြစ်တယ်။ ပုဂံဆိုင်ဘာတက်ဟာ ဝန်ကြီးချုပ်ဟောင်းတက်ဆက်ရဲ့မိသားစုအောက်က ရှင်ဆက်တလိုက် ကုမ္ပဏီနဲ့ အင်တာနက်ဆစ်နယ်တွေ ဖမ်းဖို့လွှင့်ဖို့ ရေဒါနဲ့ဆိုင်တာတွေငှားဖို့ ဒေါ်လာသန်းချီတဲ စာချုပ်တခု ချုပ်ပြီးစအချိန်။ နောက်တော့ ပုဂံဆိုင်ဘာတက်ကို စစ်တပ်က သိမ်းလိုက်တယ်။

ထိပ်ဆုံးသို့

လွန်ခဲ့တဲ့သုံးလ လွတ်ပြီးကတည်းက ဗိုလ်ချုပ်ခင်ညွန့်ဟာ တိတ်တိတ်ဆိတ်ဆိတ်ပဲ နေခဲ့တယ်။ အနောက်မီဒီယာက ဗမာလိုအသံလွှင့်နေတဲ့ သတင်းဌာနတွေရဲ့ အင်တာဗျူးဖို့ တောင်းဆိုတာတွေကို ငြင်းခဲ့တယ်။ ကျွန်တော် (မ) တို့ကား သူ့အိမ်ရောက်တော့ သူ့ခွင့်ပြုချက်မတောင်းဘဲ ဓာတ်ပုံမရိုက်ဖို့ အစောင့်က သတိပေးတယ်။ ဝင်းတံခါးပွင့်သွားပြီး ခြံဝင်းအကျယ်ကြီးရဲ့အလယ်မှာဆောက်ထားတဲ့ နန်းတော်အလားအိမ်ကြီးရဲ့ဘေးက ဧည့်ဆောင်ကို လူတယောက်ကခေါ်သွားတယ်။

နောက်လူတယောက်ရောက်လာပြီး အိမ်ထဲက ဧည့်ခန်းကိုထပ်ခေါ်သွားတယ်။ စက္ကန့်ပိုင်းအကြာမှာတော့ နောက်အခန်းတခုကနေ ဗိုလ်ချုပ်ခင်ညွန့်ဟာ ပြုံးပြုံးပြုံးပြုံးနဲ့ ထွက်လာတယ်။

သူ့မျက်နှာပေါ်မှာ ၇နှစ်တာအကျယ်ချုပ်ခံခဲ့ရတဲ့ ဒဏ်တွေပေါ်နေတယ်။ ၇၁နှစ်ရှိပြီဖြစ်တဲ့ ထောက်လှမ်းရေးချုပ်ဟာ စကားဝိုင်းကို သူ့ငယ်ဘဝကအဖြစ်အပျက်တခုနဲ့စလိုက်တယ်။ ရန်ကုန်ကနေ ကီလိုမီတာ ၅၀လောက်ဝေးတဲ့၊ ပင်လယ်နားက စိုက်ပျိုးမွေးမြူရေးလုပ်ကြတဲ့မြို့တမြို့မှာ မွေးတဲ့သူ့မှာ အမ၅ယောက်ရှိတယ်။ သူ့အဖေက တောရှေ့နေ။ သူကဂျပန်ခေတ်ကို ပြန်ပြောင်းပြောပြတယ်။ ဂျပန်ခေတ်အတွေ့အကြုံရဲ့ နှိုးဆော်ချက်နဲ့ ၁၉၅၉မှာ အရာခံအဖြစ်နဲ့ စစ်တပ်ထဲဝင်ခဲ့တယ်။

စစ်တပ်က သူ့ဆရာ ဗိုလ်မှူးကြီးတင့်ဆွေကို ဘယ်လောက်လေးစားချစ်ခင်တယ်ဆိုတာ ပြောပြတယ်။ ဗိုလ်ကြီးဘဝမှာပဲ ထိပ်ဆုံးကိုတက်ဖို့ ၁၉၇၀နှောင်းပိုင်းနှစ်တွေမှာ ဖြစ်လာခဲ့တယ်။ အဲဒီတုန်းက ၁၉၆၂ခုနှစ်က အာဏာသိမ်းခဲ့တဲ့ ဆိုရှယ်လစ်အာဏာရှင်ဗိုလ်ချုပ်နေဝင်းဟာ ကိုယ်ရံတော်တယောက်ရှာနေခဲ့တယ်။ သူ့အိမ်အတွက် စိတ်ချရတဲ့ လုံခြုံရေးအရာရှိတယောက်ပေးဖို့ တင့်ဆွေကို ပြောတယ်။ တင့်ဆွေက ဗိုလ်ချုပ်ခင်ညွန့်ကို ပို့လိုက်တယ်။ မပို့ခင်၊ ဘာမလုပ်ရ၊ ညာမလုပ်ရတွေ တသီတန်းကြီး မှာလိုက်တယ်။ ဗိုလ်ချုပ်ခင်ညွန့်ဟာ အလုပ်ကို ကြိုးကြိုးစားစားလုပ်တယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ ယုံကြည်မှုကို ၆လအတွင်းရခဲ့တယ်။

၁၉၈၈မှာ ဗိုလ်ချုပ်နေဝင်း ကျဆုံးပြီးနောက် ကျောင်းသားတွေခေါင်းဆောင်ခဲ့တဲ့ ၁၉၈၈အရေးအခင်းကို ရက်ရက်စက်စက်နှိမ်နင်းခဲ့တဲ့၊ အန်အယ်ဒီအပြတ်အသတ်နိုင်ခဲ့တဲ့ ၁၉၉၀ရွေးကောက်ပွဲနောက်ပိုင်း အဖွဲ့ဝင်တွေကို ဖမ်းဆီးထောင်ချခဲ့တဲ့ ဗိုလ်ချုပ်စောမောင်ခေါင်းဆောင်တဲ့ အစိုးရသစ်ရဲ့ မျက်နှာစာမှာ ဗိုလ်ချုပ်ခင်ညွန့်ပါလာခဲ့တယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနဲ့တည်ငြိမ်ရေး (ငြိမ်ပိ သို့မဟုတ် စလော့) ရဲ့ ၁၊ ၉၀ ကြော်ငြာချက်ကို ဗိုလ်ချုပ်ခင်ညွန့်ရေးခဲ့တာဖြစ်တယ်။ အဲဒီကြေငြာချက်က အနိုင်ရပါတီဟာ အာဏာရဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးမပြီးမချင်း ဆန္ဒခံယူပွဲနဲ့ အတည်ပြုမပြီးမချင်း စောင့်ရမယ်လို့ဆိုတယ်။ ဒီကြေငြာချက်ကြောင့် သူဟာ ကမ္ဘာ့မီဒီယာရဲ့ အဓိကပစ်မှတ်ဖြစ်လာတယ်။

အထွေထွေရွေးကောက်ပွဲပြီးရင် စစ်တန်းလျားကိုပြန်သွားမယ်လို့ ပေးခဲ့တဲ့ ကတိကြောင့် ဆိုပြီး ၁၉၉၂မှာ ဗိုလ်ချုပ်စောမောင်ကို တိတ်တိတ်လေးဖယ်ရှားလိုက်တယ်။ အင်ဂျင်နီယာတပ်က ဗိုလ်ချုပ်သန်းရွှေက သူ့ရဲ့ အာဏာကို ဆက်ခံတယ်။ ဒီအာဏာအပြောင်းအလဲမှာ ဗိုလ်ချုပ်ခင်ညွန့် တင်ကျန်ခဲ့တယ်။ စစ်အစိုးရက ငြိမ်ပိကနေ အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ နအဖ ဆိုပြီး ပြောင်းလိုက်တယ်။

နအဖရဲ့ ရည်ရွယ်ချက်တွေကတော့ လမ်းပန်းဆက်သွယ်ရေးတွေချဲ့မယ်။ စျေးကွက်စီးပွားရေးပြောင်းမယ်။ အနောက်ရဲ့စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ဒါတွေဟာ လူကြိုက်နည်းတဲ့အစိုးရအတွက် မဖြစ်နိုင်တဲ့ ကိစ္စတွေပဲ။ နအဖက အာဏာကို ဆက်ထိန်းထားနိုင်တယ်။ ဗိုလ်ချုပ်ခင်ညွန့်လဲ သူမကျဆုံးခင် ၂၀၀၄မတိုင်ခင်အထိ အရေးပါခဲ့တယ်။

တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရယူသူ

အာဏာရှိတုန်း ဘယ်လုပ်ရပ်ဟာ အအောင်မြင်ဆုံးလို့ပြောလို့ရမလဲလို့ မေးတော့ ဗိုလ်ချုပ်ခင်ညွန့်က မဆိုင်းမတွဘဲ ကျွန်တော့်ရဲ့ ငြိမ်းချမ်းရေးအပေးအယူကိစ္စတွေပဲပေါ့လို့ ဖြေခဲ့တယ်။ သူတို့စိတ်ထဲမှာ အစွဲတွေဘာတွေရှိချင်ရှိမယ်။ ဒါပေမယ့် ကျွန်တော်တို့တိုင်းရင်းသားတွေဟာ ရိုးသားတယ်။ ဖြူစင်တယ်။ သူတို့က ယုံပြီဆိုရင် သူတို့ဆီကအားလုံးရပြီ။

ထောက်လှမ်းရေးချုပ်အဖြစ်နဲ့ ရခဲ့တဲ့၊ ချမပြနိုင်တဲ့ အပေးအယူကိစ္စတွေ [ကြောင့်ထင်ရှားတာ]အပြင် ဗြိတိသျှဆီက လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ကတည်းက စခဲ့တဲ့ တိုင်းရင်းသားပဋိပက္ခတွေကို ဖြေရှင်းဖို့ ကြိုးစားနေသူတွေက ဗိုလ်ချုပ်ခင်ညွန့်ကို အလုပ်ကြိုးစားသူအဖြစ် သိကြတယ်။ စစ်အစိုးရထဲမှာ အတွင်းရေးမှူး၁အဖြစ်နဲ့ လက်နက်ကိုင်တိုင်းရင်းသားတပ်တွေကို အလျှော့ပေးမှုတွေအများကြီးလုပ်ခဲ့တယ်။

ဖုန်ကြားရှင်းခေါင်းဆောင်တဲ့ ကိုးကန့်တပ်ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရေးထိုးခဲ့တဲ့ ၁၇ဖွဲ့ထဲက ပထမဆုံးအဖွဲ့ပဲ။ တရုတ်သွေးပါတဲ့ဒီအဖွဲ့ဟာ မြန်မာပြည်ကွန်မြူနစ်တပ်တွေ သူတို့နယ်ထဲမှာသွားလာနေတာကို မကြိုက်ဘူး။ ပြည်တွင်းစစ်ရေရှည်ဆက်ဖြစ်နေမှာကို စိုးရိမ်တယ်။ အရာရှိနည်းနည်းလေးခေါ်ပြီး ဗိုလ်ချုပ်ခင်ညွန့်ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖိတ်တာကိုလက်ခံပြီး သူတို့နယ်ထဲကို အသက်စွန့်ပြီးသွားတဲ့အခါ ကိုးကန့်တွေဟာ သူတို့မျက်စိသူတို့မယုံနိုင်ကြဘူးလို့ ဗိုလ်ချုပ်ခင်ညွန့်က ပြောတယ်။

သတ်ကွင်းထဲ သွားရသလိုပဲ လို့ သူကပြောတယ်။ နှစ်ဘက်တောင်စောင်းတွေပေါ်မှာ ရိုင်ဖယ်တွေကိုင်ထားတဲ့ ကိုးကန့်စစ်သားတွေ ရာနဲ့ချီပြီးရှိတယ်။ သူကသူ့အသက်ကို သူတို့လက်ထဲ ထည့်ထားတယ်လို့ နောက်တော့ ပြောပြခဲ့တယ်။ ဒီလိုဇာတ်ဆန်ဆန်လုပ်ခဲ့တာကြောင့် ထွက်ပေါက်ရခဲ့တယ်။ အပစ်အခတ်ရပ်စဲရေးစာချုပ်တွေ အများကြီးလက်မှတ်ထိုးနိုင်ခဲ့တယ်။ ဝတွေ ကချင်တွေ နောက်က လိုက်လုပ်ခဲ့တယ်။

ဆုံးသွားတဲ့ ဗိုလ်ချုပ်ဘိုမြခေါင်းဆောင်တဲ့ ကေအန်ယူနဲ့လဲ အထွေထွေငြိမ်းချမ်းရေးစာချုပ်ချုပ်နိုင်လု နီးနီးဖြစ်ခဲ့တယ်။ ၂၀၀၂တုန်းက ရန်ကုန်မှာလုပ်တဲ့ တိုက်ရိုက်တွေ့ဆုံပွဲတုန်းက ဗိုလ်ချုပ်ခင်ညွန့်ဟာ ကေအန်ယူခေါင်းဆောင်အတွက် ကြယ်ငါးပွင့်ဟိုတယ်ကြီးတခုမှာ မွေ့နေ့ပွဲလုပ်ပေးခဲ့တယ်။ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ဘိုမြဟာ ပြည်တွင်းစစ်ကိုအဆုံးသတ်ဖို့ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ထိုးဖို့ ဆုံးဖြတ်ပြီးသား။ ဒါပေမယ့် ဗိုလ်ချုပ်ဘိုမြရဲ့ ယိုယွင်းလာတဲ့ကျန်းမာရေးကြောင့် အဲဒါတွေ နှောင့်နှေးခဲ့ရတယ်။ ကေအန်ယူထဲက အမာလိုင်းလိုက်သူတွေက ငြိမ်းချမ်းရေးအစီအစဉ်ကို ဖျက်လိုက်ကြတယ်လို့ ဗိုလ်ချုပ်ခင်ညွန့်က ပြောတယ်။

တိုင်းရင်းသားတွေနဲ့ ဆက်ဆံရာမှာ ဘာ့ကြောင့်အောင်မြင်မှုတွေရခဲ့သလဲလို့ မေးတော့ ဗိုလ်ချုပ်ခင်ညွန့်က ကျွန်တော်ဟာ ကျွန်တော်ဘာပေးနိုင်သလဲဆိုတာနဲ့ စတယ်။ ဘာတောင်းချင်သလဲဆိုတာနဲ့ မစဘူး။ ကျွန်တော့်ဘက်က အရိုးသားဆုံးဆက်ဆံတယ်။ သူတို့ယုံကြည်မှုကို ရအောင်လုပ်ရတယ်။

လက်ရှိ ကချင်တွေနဲ့ ရှေ့မတိုးနောက်မဆုတ်သာဖြစ်နေတဲ့ ငြိမ်းချမ်းရေးကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့မှာ သူတို့မျိုးနွယ်ခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင်တွေရှိတယ်။ ကေအိုင်အိုချည်းနဲ့ပဲဖြစ်ဖြစ် ကေအိုင်အေနဲ့ချည်းပဲဖြစ်ဖြစ် ဆွေးနွေးတာမလုံလောက်ဘူးလို့ပြောတယ်။ သူကထပ်မရှင်းဘူး။ ဆက်ပြောတာက ကေအိုင်အိုခေါင်းဆောင်တွေဖြစ်တဲ့ တူးဂျာမနမ်းတို့ ဗိုလ်မှူးကြီး ဂျိမ်းစ်လမ်ဒေါင်တို့နဲ့ ရင်းရင်းနှီးနှီးပြောဆိုခဲ့တာတွေကို အမှတ်ရတယ်လို့ပြောတယ်။

တူးဂျာမနမ်းဟာ မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတုန်းက ပါဝင်ခဲ့တဲ့ အရေးပါတဲ့လူတယောက်ဖြစ်တယ်။ ၁၉၉၄ကနေ ၂၀၀၈အထိ ညီလာခံထဲမှာရော ရေးဆွဲရေးကော်မရှင်ထဲမှာပါ ပါခဲ့သူဖြစ်တယ်။ အခြေခံဥပဒေသစ်ကို အတည်ပြုပြီးတော့ သူကိုယ်တိုင်ဗိသုကာအဖြစ်ပါခဲ့တဲ့ နိုင်ငံရေးနယ်ပယ်သစ်ထဲဝင်လို့ရအောင် ကေအိုင်အိုကထွက်ခဲ့တယ်။ ဒါပေမယ့် သူ့ကေအိုင်အိုအတိတ်ကို မယုံတဲ့ နအဖဟာ သူ၂၀၁၀ရွေးကောက်ပွဲဝင်ဖို့ကြိုးစားတာကို ငြင်းခဲ့တယ်။ ပြီးခဲ့တဲ့တနင်္ဂနွေ ကြားဖြတ်မှာဝင်ဖို့ ထပ်ကြိုးစားပြန်တယ်။ ဒါပေမယ့် လုံခြုံရေးအကြောင်းပြပြီး အစိုးရဟာ ကချင်မဲဆန္ဒနယ်၃ခုလုံးကို ပယ်ဖျက်ခဲ့တယ်။

ဗိုလ်မှူးကြီး ဂျိမ်းလမ်ဒေါင်းက ဘန်ကောက်အခြေစိုက် ကေအိုင်အိုနိုင်ငံခြားရေးရာအရာရှိချုပ်ဖြစ်တယ်။ မြန်မာစစ်အစိုးရနဲ့ အပြုသဘောဆောင်တဲ့စေ့စပ်ဆွေးနွေးရေးကို ထောက်ခံသူလဲဖြစ်တယ်။

ခြုံပြောရရင် ဗိုလ်ချုပ်ခင်ညွန့်ဟာ အပစ်အခတ်ရပ်စဲရေးစာချုပ် ၁၇ချုပ်မှာ လက်မှတ်ရေးထိုးခဲ့တယ်။ တိုင်းရင်းသားနယ်တွေမှာ စီးပွားရေးဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် အကူအညီတွေပေးခဲ့တယ်။ ဒီလုပ်ရပ်တွေနဲ့ သူ့ကိုဒိုင်းသဖွယ်သဘောထားပြီး ကိုယ်ကျိုးရှာခဲ့တဲ့ ရာနဲ့ချီတဲ့ သူ့လက်အောက်ငယ်သားတွေရဲ့လုပ်ရပ်တွေဟာ သူ့ကျဆုံးခန်းအတွက် ဇာတ်ညွှန်းတွေဖြစ်ခဲ့တယ်။

ပြောင်းလဲချိန်

၂၀၁၂မှာ မြန်မာပြည်ဟာ နောက်တိုင်းပြည်တခုဖြစ်နေပြီ။ သမ္မတသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရနဲ့ ပူးပေါင်းဖို့၊ ပြီးခဲ့တဲ့တနင်္ဂနွေ ကြားဖြတ်ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ ဒေါ်စုကြည်ဆုံးဖြတ်လိုက်တာရယ်၊ တိုင်းပြည်ကို မြန်မြန်ကြီးဖွင့်ဖို့လုပ်နေတာတွေဟာ ကမ္ဘာကို အံအားသင့်သွားစေတယ်။ နိုင်ငံရေးသစ် မြန်မာပြည်မှာ စနေပြီ။ ဖွဲ့စည်းပုံကို ဝေဖန်တာတွေ၊ အမျိုးသားလွှတ်တော်မှာ စစ်သား၂၅ရာခိုင်နှုန်းပါရမှာတွေကို ဝေဖန်တာတွေရှိတယ်။ ဒါပေမယ့် လွှတ်တော်ထဲမှာ နေ့စဉ်အဆိုတင်သွင်းတာတွေ၊ ငြင်းကြတာတွေ၊ မဲပေးတာတွေကို ပြည်တွင်းမီဒီယာတွေမှာ ဆင်ဆာဘုတ်ကို မတင်ဘဲနဲ့ ဖော်ပြလို့ရနေပြီ။ သတင်းငတ်နေတဲ့ ပရိသတ်အတွက် အပတ်စဉ်ထုတ်ဂျာနယ် ၂၀၀ကျောက်ပေါ်နေပြီ။

စစ်အစိုးရဆန့်ကျင်ရေးအဖြစ်အပျက်တွေရဲ့ အထိမ်းအမှတ်အခမ်းအနားတွေကို ပေးလုပ်နေပြီ။ တိုင်းပြည်ထဲကို လာလည်ကြတဲ့ ခရီးသည်အရေအတွက်ဟာ နေ့ချင်းညချင်းများလာတယ်။ မြန်မြန်ဆန်ဆန်ကြီးဖြစ်လာနေတဲ့ အပြောင်းအလဲတွေအပေါ် အနောက်မီဒီယာက အကောင်းမြင်ကြပေမယ့် သံသယတော့ရှိတုန်းပဲ။ ကမ္ဘာလုံးဆိုင်ရာခရစ်ယာန်များပေါင်းစည်းရေးက ဘန်းနဒစ်ရော့ဂျားကတော့ Christian Science Monitor မှာ သိန်းစိန်ရာ၊ ငါတို့ အံအားသင့်သွားအောင် လုပ်ပြလိုက်စမ်းပါဆိုပြီး ရေးထားတယ်။

အနောက်ဒီမိုကရေစီနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ၊ သံတမန်တွေကလဲ ဗမာပြည်ကို အပြေးအလွှားသွားကြတယ်။ တင်းမာမှုတွေလျော့သွားတာကို ချီးကျူးကြဖို့ပေါ့။ ဝါရှင်တန်က ဒဲရစ်မစ်ချယ်ခေါင်းဆောင်တဲ့ အထူးသံအဖွဲ့ကို ရန်ကုန်မှာ ဒေါ်စုကြည်နဲ့တွေ့ဖို့ ၇လအတွင်းမှာ ၆ခါလွှတ်တယ်။ လုံလုံလောက်လောက် လေ့လာခွင့်မရဘူးလို့ ပြောကြပေမယ့်လဲ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံခြားသားစောင့်ကြည့်သူတွေ စောင့်ကြည့်လေ့လာခွင့်ရတယ်။

စကားပြောနေတုန်း ဗိုလ်ချုပ်ခင်ညွန့်ဟာ စစ်အမှုထမ်းတယောက်ရဲ့ ကျင့်ဝတ်ဆိုတာကို ၂ကြိမ်တိတိ ထည့်ပြောတယ်။ သူက အချက်၃ချက်အပေါ်သစ္စာရှိတယ်တဲ့။ တိုင်းပြည်ရယ်၊ စစ်တပ်ရယ်၊ သူ့အထက်ကလူတွေရယ်တဲ့။ ဖျက်ဆီးအလိုလိုက်ခံထားရတဲ့ ဗိုလ်ချုပ်နေဝင်းရဲ့မြေးတွေဟာ ၂၀၀၂ခုနှစ်တုန်းက သူတို့မုန်းတဲ့ဗိုလ်ချုပ်သန်းရွှေဆီက အာဏာသိမ်းဖို့ကြိုစားကြတယ်။ သူတခါတုန်းက ထိန်းခဲ့ဖူးတဲ့ ဒီလူငယ်တွေကို ထောက်လှမ်းရေးမှူးချုပ်ဗိုလ်ချုပ်ခင်ညွန့်က ဖမ်းရတယ်။ သူနဲ့နီးစပ်တဲ့လူတွေ အပြောအရ သူက မျက်ရည်ကျလုနီးပါးပဲတဲ့။ ဒါပေမယ့် သူ့အလုပ်သူလုပ်ဖို့ သံန္နိဌာန်ချထားပြီးသားတဲ့။

မေလ၃၀၊ ၂၀၀၃တုန်းက ဒေါ်စုကြည်နဲ့ သူ့ရဲ့ကားတန်းကို စစ်ကိုင်းတိုင်း ဒီပရင်းမြို့နယ်အပြင်မှာ စစ်အစိုးရလိုလားသူတွေ တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး သူနဲ့ပတ်သက်မှုရှိနိုင်တယ်ဆိုတဲ့ ထင်မြင်ချက်တွေကိုတော့ ဗိုလ်ချုပ်ခင်ညွန့်က သူဟာ တကယ်တော့ ဒေါသထွက်နေတဲ့ လူအုပ်ထဲကနေ သူမကို ကယ်ထုတ်ခဲ့ရတာပါတဲ့။ သူ့ကို အဲဒီညက လူအုပ်ထဲကကယ်၊ ပြီးတော့ လုံခြုံမယ့်  အနားက စစ်တပ်ထဲခေါ်သွားဖို့ ကျွန်တော့်လူတွေကို ကျွန်တော်လွှတ်လိုက်တာပါတဲ့။ အတိုက်အခံအဆိုအရ ဒီပဲရင်းလူသတ်မှုလို့သိကြတဲ့ဒီဖြစ်ရပ်ကြောင့် အနည်းဆုံးလူအယောက် ၅၀သေဆုံးခဲ့တယ်။

သူကျဆုံးချိန်မှာ ဘာအားနည်းချက်တွေကြောင့် သူဒီလိုဖြစ်ခဲ့ရသလဲဆိုတာကို စောင့်ကြည်သူတော်တော်များများ ထောက်ပြတာကတော့  ရှည်လျားတဲ့ စစ်အစိုးရကာလတလျောက်လုံး ထင်တိုင်းကြဲပြီး ကြိုက်သလိုအုပ်ချုပ်လို့ရတဲ့ စစ်ခေါင်းဆောင်ဆန်ဆန် အုပ်ချုပ်ခဲ့ကြတဲ့ စစ်တိုင်းမှူးတွေရဲ့ ထောက်ခံချက်သူ့မှာ မယ်မယ်ရရ မရှိခဲ့လို့တဲ့။ သူက ကုလားထိုင်နဲ့အလုပ်လုပ်ခဲ့ရတဲ့ အရာရှိ။ စစ်မြေပြင်မှာ တိုက်ခဲ့ရတဲ့ ကွန်မန်ဒါမဟုတ်ဘူး။ အစိုးရရဲ့ အကြောက်တရားဖန်တီးရေးစက်ရုံမှူးဖြစ်ခဲ့လို့ သာမန်လူတွေက သူ့ကိုကြောက်ပေမယ့် ရှေ့တန်းက စစ်ဗိုလ်ချုပ်တွေကတော့ သူ့ကိုမုန်းကြတယ်။  ကာလရှည်စစ်ပွဲတွေကြောင့် ဒီဗိုလ်ချုပ်တွေမှာ တိုင်းရင်းသားရန်သူတွေဝိုင်းနေချိန်မှာ ငြိမ်းချမ်းရေးအပေးအယူကိစ္စတွေကြောင့် ဗိုလ်ချုပ်ခင်ညွန့်မှာတော့ တိုင်းရင်းသားမိတ်ဆွေတွေများနေခဲ့တယ်။

ပြုပြင်ပြောင်းလဲရေးအပေါ် ယုံကြည်ချက်

မြန်မာပြည်မှာ လက်ရှိဖြစ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ သူအာဏာရှိစဉ်တုန်းက လုပ်ခဲ့တဲ့လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေလို့ ဗိုလ်ချုပ်ခင်ညွန့်က မြင်တယ်။

သမ္မတဉီးသိန်းစိန်ဟာ ကျွန်တော့်လုပ်ဖော်ကိုင်ဘက်ဟောင်းတယောက်ပါ။ သူ့ကိုလေးစားတယ်။ သူ့ရဲ့တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲနေတာတွေကိုလဲ လေးစားတယ်။ ကျွန်တော်တို့ အရင်ကနှစ်ပေါင်းများစွာလုပ်ခဲ့တာတွေကို သူကဆက်လုပ်နေတာပဲ။ သူကံကောင်းပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်။ သူ့အောင်မြင်မှုဟာလဲ ကျွန်တော့်အောင်မြင်မှုလို့ပဲ ကျွန်တော်မြင်ပါတယ်။

သူအာဏာရှိစဉ်က လုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီး နာမည်ဆိုးရှိပေမယ့် ဒီမိုကရေစီအိုင်ကွန် ဒေါ်စုကြည်ကို လေးစားတယ်လို့ သူကပြောတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော့်ရဲ့ နှမလေးလို သဘောထားတယ်လို့ ကျွန်တော် တခါကပြောခဲ့ဖူးပါတယ်။ အခုလဲ ဒီအတိုင်းပါပဲ။ သူ့ဇွဲကို ကျွန်တော် ချီးကျူးလေးစားပါတယ်။ အရပ်ဘက်နိုင်ငံရေးသမားဘယ်သူနဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်ကြိုးစားခဲ့တာ မှတ်တမ်းရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်အချိန်တုန်းက တချို့ကိစ္စတွေဟာ အကောင်အထည်ပေါ်ဖို့ အချိန်တခု စောင့်ရမယ့်ဟာတွေ၊ အစိုးရသစ်နဲ့ ပူးပေါင်းလုပ်ဆောင်တဲ့နေရာမှာ တိုင်းပြည်ဒီမိုကရေစီရေအာင်လုပ်တဲ့နေရာမှာ အောင်မြင်မှုရပါစေလို့ သူ့အတွက် ကျွန်တော်လှိုက်လှိုက်လှဲလှဲဆုတောင်းပေးပါတယ်။

Discussion

One thought on “ခင်ညွန့်ကိုယ်တိုင်ပြောပြတဲ့ ထိပ်ဆုံးမှအောက်ဆုံးသို့

  1. Swe Swe Kyi
    ၁။ ခင်ညွန့်ကဗျူးပီး ဆောင်းပါးရေးတဲ့ မြင့်ရွှေဆိုတာ အလံနီဇာတ်ပျက် ကနေဒါက မြန်မာသံတော်ဆင့်ဆိုပီး တကိုယ်တော် မိုက်ခရိုဆော့ဝပ်ဂျာနယ်ထုတ်သူဖြစ်တယ်။ (Facebook မှာ Myint Shwe account နဲ့ ရှိတယ်) ၂၀၁၀ မတိုင်ခင်က စစ်အစိုးရ ဆီက အရိုးလေးရရ Road Map ကို အပြတ်ထောက်ခံပီး အတိုက်အခံနဲ့ ဆန့်ကျင်ပီး Road Map ထောက်ခံသူတွေကို Bangkok Post က ပွဲထုတ်လို့ MPU အဖွဲ့က Bkk Post ကို ကန့်ကွက်မှ တန့်သွားတာဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲအပီးမှာ စစ်အစိုးရဆီက အရိုးအရင်းတောင်မရတဲ့အတွက် စစ်အစိုးရကို စိတ်နာနေသူဖြစ်တယ်။ ဆိုလိုတာက သတင်းထောက်ကိုက ရိုးသားမှုမရှိတာကို background အနေနဲ့ ပြောပြတာပါ။ ၂။ ဒီပယင်းမှာ ဒေါ်စုအတွက် ခေါင်းကွဲခံရပီး အမေရိကန်ရောက်နေသူတွေကိုယ်တိုင် အဖြစ်မှန်ကို မပြောတော့လို့ ကြားရတယ်။(ဘာကြောင့်မသိပါ)။ ၃ ခင်ညွန့်ဘာကြောင့် ဒေါ်စုကယ်တယ်လို့ပြောသလဲဆိုတာရဲ့နောက်မှာ ဘာတွေလဲဆိုတာကို မြင်အောင်ကြည့်နိုင်ဘို့လိုပါတယ် ၄။ ဒေါ်စုကိုယ်တိုင် ဒီပယင်းသတင်း မှောင်ချထားလို့ အဖြစ်မှန် မသိနိုင်ပါ။ အားလုံးနောက်ကွယ်မှာ ဆရာတဦးထဲပါ

    Swe Swe Kyi
    ခင်ညွန့်နဲ့ပတ်သက်ပီး resurrection ဖြစ်လာမှာ စိုးရိမ်စရာမရှိပါ။ သက်သေအဖြစ် ရန်ကုန်မှာ ခင်ညွန်တည်ခဲ့တဲ့ ကျောက်တော်ကြီးဘုရားတန်ဆောင်းက မျက်နှက်ကျင် ပန်းချီတွေထဲက ခင်ညွန်ပုံတွေကို delete လုပ်ထားပြီးပါပြီ။ သဘောကတော့ ဘာမဟုတ်တဲ့ ပန်းချီကားထဲက ခင်ညွန်ပုံတောင် မမြင်ချင်အောင် အာဃာတကြီးတယ်ဆိုရင်….ခင်ညွန်ကိုနေရာပေးဖို့ဆိုတာ စဥိးစားသာကြည်ပါ။ အလားတူ ဥပမာတွေ ရွှေတိဂုံပေါက ခင်ညွန်လက်ရာတွေ ကျောက်တန်းနားက ဘုရားဝန်းထဲက ခင်ညွန်လက်ရာတွေပါမကျန် ရှင်းထားတာတွေပါ ပေါင်းလိုက်ရင်……

    Posted by zizawa | 09/04/2012, 09:26

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: