//
you're reading...
Burma, Burmese, Gender, News

မြန်မာဆိုတာ

မြန်မာနိုင်ငံထဲမှာ နေကြတဲ့ ကချင်၊ ဗမာ၊ ကရင်၊ မွန်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကရင်နီ၊ တရုတ်၊ ကုလား တွေ အတွက် လတ်တလော ဒါမှမဟုတ် သမိုင်းမှာ မြန်မာနိုင်ငံသားလို့ အားလုံး ညီတူညာတူ ဂုဏ်ယူစရာဘာရှိမလဲ စဉ်းစားကြည့်တယ်။

မြန်မာနိုင်ငံထဲက အဆောက်အအုံတွေရှိနိုင်တယ်။ နေရာတွေရှိနိုင်တယ်။ ဒီလောက်ပဲ။

တနိုင်ငံလုံးအတိုင်းအတာနဲ့ မြန်မာလို့ ရင်ကော့နိုင်မယ့် လုပ်ရပ်စဉ်းစားကြည့်တယ်။ မတွေ့ဘူး။

ဒါနဲ့ ဆက်စပ်ပြီးဂျပန်ဆူနာမီနဲ့ဖူကူးရှီးမားနယူးကလီးယားစက်ရုံပေါက်ကွဲတာ စဉ်းစားဖြစ်တယ်။ ၂၀၁၁မှာ ဆူနာမီဖြစ်အပြီး ကမ်းခြေမြို့လေးတွေက ဂျပန်တွေ ရေတို့ စားစရာတို့ ဝယ်ဖို့ စည်းကမ်းရှိရှိတန်းစီနေတာ၊ အလောင်းတွေတွေ့တိုင်း ကယ်ဆယ်ရေးသမားတွေက အရိုအသေပေးပြီး ဆုတောင်းပေးကြတာ၊ ဒုက္ခသည်တွေဟာ အပျက်အစီးတွေကြားထဲမှာ တည်တည်ငြိမ်ငြိမ်နဲ့ လှုပ်ရှားကြတာတွေကို တကမ္ဘာလုံးကကကြက်သီးထပြီး ကြည့်ကြရတယ်။ တခါအခု နယူးကလီးယား စက်ရုံပျက်ကြီးကို ရှင်းဖို့ စေတနာ့ဝန်ထမ်းတွေခေါ်တော့ အသက်၆၅နှစ်ကျော်တွေက သူတို့ကို ပေးရှင်းပါဆိုပြီး ရာနဲ့ချီပြီး လာလျှောက်ကြတယ်။ သူတို့အသက်ကြီးပြီ။ ကင်ဆာဖြစ်ရင်လဲ ဆဲလ်တွေအလုပ်လုပ်တာနှေးသွားပြီဆိုတော့ လူငယ်တွေလောက် မြန်မြန်ကြီး ရောဂါဖြစ်မှာမဟုတ်ဘူး။ နောက်လူတွေ ရှင်ကျန်ရစ်ဖို့ သူတို့လုပ်ပရစေဆိုပြီး လာလျှောက်ကြတယ်။

ဒါဟာဂျပန်လူမျိုးတွေအတွက် ဂုဏ်ယူစရာကောင်းတဲ့လုပ်ရပ်။ တခြားနိုင်ငံသားတွေလည်း ဒီလိုလူသားဆန်မှု humanity အတွက် သူတို့နဲ့အတူ ဝင်ဂုဏ်ယူနိုင်သေးတယ်။

တောင်ကိုရီးယားမှာ ၁၉၉၇ ဘဏ္ဍရေးအကျပ်အတည်းဖြစ်တုန်းက အစိုးရကိုကယ်ဖို့ သာမန်ပြည်သူပြည်သားတွေဟာ သူတို့စုထားတဲ့ ရွှေတွေတန်းစီပြီး သွားပေးကြတယ်။ ဒါဟာ သူတို့ရဲ့ မျိုးချစ်စိတ်နဲ့ တိုင်းပြည်ချစ်စိတ်ကို ပြတဲ့နည်းတခု။

မြန်မာလူမျိုးတွေအတွက်ရော ဂုဏ်ယူလောက်စရာ လူသားဆန်မှုရှိသလားစဉ်းစားကြည့်တယ်။ ကိုယ့်ခေတ်မှာ တိုင်းပြည်ချစ်စိတ်ကို ဘယ်လိုပြသလဲဆိုတာစဉ်းစားကြည့်တယ်။

ဂုဏ်ယူချင်ရင် ကြံဖန်ဂုဏ်ယူစရာလေးတွေတော့ရှိတယ်။ နာဂစ်ဖြစ်တော့ လူငယ်တွေအများကြီး နာဂစ်ဒေသတွေ သွားပြီးလှူကြတယ်။ ပြည်ပကမြန်မာတွေ အလှူငွေတွေ ရက်ရက်ရောရောထည့်ကြတယ်။ ဒါပေမယ့် နာဂစ်ဒေသမှာ ကိုယ်တိုင်ကြုံခဲ့ရတာတွေဟာ မြန်မာတွေအတွက် ကမ္ဘာမှာ မျက်နှာမပြရဲစရာတွေ။ မုန်တိုင်းကြောင့်မျောနေတဲ့ မိန်းကလေးတွေကို အဓမ္မကျင့်တာ၊ ကလေးနဲ့မိန်းမအလောင်းတွေက လက်ဝတ်လက်စားတွေကို ဓားနဲ့လှီးယူတာတွေဟာ လပွတ္တာမှာ ကိုယ်တိုင်ကြားခဲ့ရတဲ့ အဖြစ်တွေ။ ရန်ကုန်မှာ အဲဒီတုန်းကဝန်ကြီးတယောက်ရဲ့ သားပိုင်တဲ့ ရေစိုဆန်တွေဝယ်ဖို့ လာစပ်တာလဲ ကြုံခဲ့ရတယ်။ ဒါတွေဟာ မြန်မာ့နည်းမြန်မာ့ဟန် လူသားဆန်မှု၊ တိုင်းပြည်ချစ်မှုတွေလား။

ပေးတဲ့ဉပမာဟာ ရိုင်းကောင်းရိုင်းမယ်။ မြန်မာအထူးသဖြင့် လူများစုဖြစ်တဲ့ ဗမာတွေဟာ တလွဲဆံပင်ကောင်းနေကြတယ်။ လူသားဆန်မှုဖြစ်တဲ့ အချင်းချင်းကူညီစာနာဖေးမမှု၊ လူများစုက လူနည်းစု (ဒီထဲမှာ တိုင်းရင်းသားတွေ၊ ဘာသာခြားတွေ၊ ဘာသာမဲ့တွေ၊ အများလက်ခံတဲ့ နိုင်ငံရေး၊ ဘာသာရေးအတွေးအခေါ်ကို လက်မခံသူတွေ၊ လိင်တူချစ်သူတွေပါမယ်) ရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားကို လေးစားကာကွယ်ပေးမှုတွေ တို့ဗမာလူမျိုးတွေဆီမှာ သိပ်အားနည်းတယ်။

မြန်မာလူမျိုးဘာလဲဆိုတာနဲ့ မြန်မာလူမျိုးရဲ့လက္ခဏာတွေကို မယောင်ရာဆီလူး အရာတွေနဲ့ တည်ဆောက်ထားကြတယ်။

အရှက်လုံအောင်ဝတ်တာ၊ ယဉ်ယဉ်ကျေးကျေးဝတ်တာ မြန်မာလူမျိုးရဲ့ ယဉ်ကျေးမှုဆိုပြီး ပြောကြတယ်။ တရုတ်နဲ့ကုလားရဲ့ ဝတ်စားဆင်ယင်မှုကို မြန်မာမှုပြုထားပြီး မြန်မာ့ဝတ်စားဆင်ယင်မှုလို့ ဖြစ်လာတာကိုမေ့ပြီး မိန်းကလေးတွေ ဘောင်းဘီတိုဝတ်၊ ရင်စည်းပဲဝတ်တာကို မြန်မာ့ယဉ်ကျေးမှုမဟုတ်လို့ ဝိုင်းဝေဖန်ကြတယ်။ မိန်းမတွေရဲ့ခန္ဓာကိုယ်နဲ့ ဝတ်ပုံစားပုံကို ယောက်ျားတွေက ရဲလိုမျိုး ထိန်းချင်၊ ဒဏ်ပေးချင်ကြတယ်။ ဒါတွေဟာ အရင်တုန်းကလဲရှိခဲ့တယ်။ နိုင်လွန်ဝတ်လို့ ဘုန်းကြီးတွေက မိန်းမတွေရဲ့ကျောကိုနောက်က သံချိတ်နဲ့လိုက်ချိတ်ပြီးဆွဲဖြဲတဲ့ သာဓကတွေ ၁၉၅၀တဝိုက်က မန္တလေးမှာဖြစ်ဖူးတယ်။

မိန်းမတွေကို လုံလုံခြုံခြုံဝတ်စေချင်တဲ့ ယောက်ျားတွေကပဲ ကာရာအိုကေဆိုင်ခန်းတွေထဲမှာ မိန်းကလေးတွေကို ကိုယ်လုံးတီးချွတ်ပြီး လမ်းလျှောက်ခိုင်းတယ်။ အနှိပ်ခန်းတွေမှာ အနှိပ်ခိုင်းရုံတင်မက တခြားဟာတွေပါလုပ်ခိုင်းကြတယ်။ ဒါပေမယ့် ပြည့်တန်ဆာမှုနဲ့ ထောင်ကျသူအများစုက မိန်းမတွေ။ နော်ဝေးတို့လို အခကြေးငွေနဲ့လိင်ပျော်ပါးသူတွေ ထောင်ကျစေဆို ထောင်တွေအများကြီးထပ်ဆောက်ရမယ်။

တခါဗုဒ္ဓဘာသာဟာ မြန်မာ့ယဉ်ကျေးမှုလို့ပြောကြတယ်။ ဗုဒ္ဓဘာသာဟာ မြန်မာတွေအတွက် ဂုဏ်ယူစရာလို့ ထင်ကြတယ်။ ဉီးနုဟာ ၁၉၅၈ အထိ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာလုပ်ဖို့ ကန့်ကွက်ခဲ့ပေမယ့် ၁၉၆၀ကျတော့ ဆွေငြိမ်းနဲ့ ဖေဘီယန်တို့လို ဗုဒ္ဓဝါဒီတွေသမားလက်ထဲ မဲတွေမပါသွားအောင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာလုပ်ပေးမယ်ပြောပြီး မဲဆွယ်ခဲ့တယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာ ဗုဒ္ဓဘာသာဟာ လူများစု ယုံကြည်တဲ့ဘာသာဆိုပြီး ပြောထားတယ်။ နိုင်ငံတော်ဘာသာလို့ မပြောထားဘူး။

ဒါပေမယ့် ဗုဒ္ဓဘာသာဗမာလူမျိုးပါလို့ ရင်ကော့ပြီးပြောတတ်ကြတဲ့ ဗမာတွေဟာ ဘာသာခြားနဲ့ဘာသာမဲ့တွေကို ဗုဒ္ဓဘာသာဝင် မဆန်စွာ အကြမ်းဖက်မှုတွေ ကျူးလွန်ကြတယ်။ ဗုဒ္ဓဘာသာမဟုတ်သူတွေကို မြန်မာမဟုတ်သယောင် ကြဉ်ကြတယ်။ ကျောင်းတွေကလည်း ဒီလိုလုပ်ရပ်တွေ အရိုးစွဲသွားအောင် ငယ်ငယ်ကတည်းက လေ့ကျင့်ပေးတယ်။ အစိုးရကျောင်းတွေမှာ မနက်ဘုရားရှိခိုးရင် ဗုဒ္ဓဘာသာမဟုတ်တဲ့ကျောင်းသားဟာ အလိုလို အကြဉ်ခံရပြီးသားဖြစ်သွားရော။ နင်ဟာ ငါတို့နဲ့မတူပါလားဆိုတဲ့ အုပ်ဖွဲ့ အနိုင်ယူ၊ အနည်းဆုံးကြဉ်တတ်တဲ့ဓလေ့ကို တဖြည်းဖြည်းနဲ့မွေးပေးသလိုဖြစ်သွားရော။

တိုင်းပြည်ကြီးပွင့်လာပြီလို့ပြောကြတယ်။ မြန်မာလူမျိုးအနေနဲ့ နိုင်ငံတကာအလယ်မှာနဲ့ ကိုယ့်အချင်းချင်းကြားမှာ ဘယ်လိုဂုဏ်ယူမလဲဆိုတာ အများကြီးစဉ်းစားကြရမယ်။ အင်္ကျီရင်စေ့၊ ယောထဘီ၊ တိုက်ပုံ ယောပုဆိုးနဲ့ ဘုရားမှာပုတီးစိပ်နေတာ မြန်မာတွေရဲ့ ဂုဏ်ယူစရာကောင်းတဲ့ ပုံရိပ်လား။ ဘာသာခြားရဲ့ အိမ်တွေကို မီးရှို့တာ တိုင်းပြည်ချစ်တာလား။  အတွေးအခေါ်၊ အယူအဆမတူတဲ့လူတွေကို အုပ်ဖွဲ့အနိုင်ကျင့်တာ ဒီမိုကရေစီကိုချစ်တဲ့၊  မြန်မာပီသတဲ့စိတ်ဓာတ်လား။ ရင်ခေါင်းကျယ်တဲ့ လူမျိုး၊ လူသားဆန်တဲ့လုပ်ရပ်တွေနဲ့ ကိုယ့်ရဲ့အိုင်ဒန်ဒတီကိုဆောက်တတ်တဲ့ လူမျိုးဖြစ်ဖို့ အများကြီး ကြိုးစားရအုံးမယ်။

၁ (အိန္ဒိယနွယ်ဖွားပြောရင် အရင်ပါရှားခေါ်အီရန်၊ အရင် အိန္ဒိယထဲက အခု ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် စတဲ့တိုင်းပြည်ထဲကလူတွေ ကျန်ခဲ့မှာစိုးလို့ ကုလားလို့ပဲသုံးလိုက်ပါတယ်)

စာကြွင်း။ ချိတ်နဲ့လိုက်ချိတ်တာ ၁၃၀၀ပြည့်တုန်းကလို့ ဘိုဘိုက ထောက်ပြပါတယ်။ ၁၉၅၅မှာမန္တလေးမှာဖြစ်တာက ပြည့်တန်ဆာတွေနဲ့ခေါင်းတွေကို ဘုန်းကြီးတွေက ကြိမ်စာကျွေးတာပါ။

ဝတုတ်က ဗမာ၊ မြန်မာနဲ့ပတ်သက်ပြီး ကိုယ်က ဗကသ၊ မကသ ရှုပ်နေတဲ့အချိန်မှာ တဘက်ဘက်က ဝင်ရပ်တဲ့သဘောဖြစ်နေမယ်လို့ ထောက်ပြပါတယ်။ တကယ်တော့ တဘက်ဘက်က ဝင်ရပ်တာမဟုတ်ဘဲ သမိုင်းမှာ အသုံးများတဲ့ ဘားမန်းကို ဗမာ၊ ဘားမိစ်ကို မြန်မာလို့ သုံးလိုက်တာပါပဲ။

နောက် ၂၀၀၈ အခြေခံဉပဒေကို ထည့်ရေးတာလဲ ဖွဲ့စည်းပုံထဲမှာ ပြတ်ပြတ်သားသားနဲ့ နိုင်ငံတော်ဘာသာလို့ မရေးဘဲ အစိုးရက အများစုဘာသာကိုအသိအမှတ်ပြု၊ ထောက်ခံတဲ့ပုံရောက်အောင် ထည့်ထားတယ်လို့ ယူဆလို့ပါ။

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: