//
you're reading...
History

Age of Extremes (The Short Twentieth Century 1914 – 1991) by E J Hobsbawm

translated by Thuyein Kyaw Zaw

The Century: A Bird’s Eye View

ရာစုနှစ်ကို ယေဘုယျ မြင်ကြည့်ခြင်း

နှစ်ဆယ်ရာစုကို လူအယောက်နှစ်ဆယ်က ကြည့်ကြည့်တယ်

Isaiah Berlin (ဗြိတိန်က ဖီလိုဆိုဖာ) နှစ်ဆယ်ရာစုရဲ့ အချိန်အများစုကို ကိုယ်တိုင်ဆင်းရဲဒုက္ခမကြုံရဘဲ ဖြတ်သန်းခဲ့ရတယ်ဆိုတာကို ထည့်ပြောမှဖြစ်မယ်။ ကျနော်ကတော့ နှစ်ဆယ်ရာစုကို အနောက်သမိုင်းမှာ Western history အဆိုးရွားဆုံးရာစုနှစ်အဖြစ်နဲ့သာ အမှတ်ရနေတယ်။

Julio Caro Baroja (စပိန်က မနုဿဗေဒပညာရှင်) လူတယောက်ရဲ့ ဘဝအတွေ့အကြုံတွေနဲ့ ခလေးဘဝ၊ လူငယ်ဘဝ၊ သက်ကြီးရွယ်အိုဘဝတွေဟာ ကြီးကြီးမားမား စွန့်စားခန်းကြီးတွေနဲ့ မကြုံရဘဲ အေးအေးဆေးဆေးပဲ ကုန်လွန်ခဲ့တဲ့ ဘဝအတွေ့အကြုံတွေ နှစ်ဆယ်ရာစုရဲ့ တကယ့်အဖြစ်တွေ လူသားတရပ်လုံး ဖြတ်သန်းခဲ့တဲ့ ဆိုးရွားလှတဲ့ အဖြစ်အပျက်တွေကြားမှာ ဘယ်လိုမှဆက်စပ်လို့မရတဲ့ ဝိရောဓိတခု ရှိနေတယ်။

Primo Levi (အီတလီက စာရေးဆရာ)စခန်းတွေ the Campsကနေ အသက်မသေဘဲ လွတ်လာတဲ့ ကျုပ်တို့တတွေဟာ မျက်မြင်သက်သေ အစစ်တွေမဟုတ်ကြဘူး။ ဒါဟာ တခြားလွတ်လာသူတချို့ရဲ့စာတွေ၊ နောက်ကိုယ်ကိုယ်တိုင်ရေးခဲ့တဲ့ စာတွေကို နှစ်အချို့အကြာမှာ ပြန်ဖတ်ပြီးတော့မှ တဖြည်းဖြည်းချင်းလက်ခံလာမိတဲ့ စိတ်မသက်သာစရာအတွေးပဲ။စခန်းတွေကနေလွတ်မြောက်လာတဲ့ကျုပ်တို့ဟာ မဆိုစလောက်အရေအတွက်လေးပဲရှိရုံမက ပုံမှန်မဟုတ်တဲ့လူနည်းစုထဲ ပါတယ်။ ကျုပ်တို့ဟာ အဖြစ်မှန်ကိုလှီးလွှဲပြောခဲ့လို့ပဲဖြစ်ဖြစ်၊ ကံတရားကဖေးမလို့ပဲဖြစ်ဖြစ်၊ လုပ်တတ်ကိုင်တတ်လို့ပဲဖြစ် ဖြစ် ဘာ့ကြောင့်ဖြစ်ဖြစ် အောက်ဆုံးထိမရောက်လိုက်သူတွေ။ အောက်ဆုံးထိရောက်လိုက်သူတွေ၊ ဂေါ်ဂွန် Gorgon ရဲ့ မျက်နှာကိုမြင်လိုက်ရသူတွေမတော့ ပြန်တက်မလာကြတော့ဘူး၊ ပြန်တက်လာလည်း ပြောစရာစကားရှာမရကြတော့ဘူး။

Rene Dumont (ပြင်သစ်က စိုက်ပျိုးရေးဗေဒ၊ ဂေဟဗေဒပညာရှင်) နှစ်ဆယ်ရာစုကို လူသတ်ပွဲကြီးတွေ၊ စစ်ပွဲတွေရဲ့ ရာစုနှစ်လို့ပဲ မြင်တယ်။

Rita Levi Montalcini(အီတလီက သိပ္ပံနိုဘဲဆုရှင်) အမျိုးမျိုးအဖုံဖုံ ကြုံခဲ့တဲ့ကြားက ဒီရာစုထဲမှာ ပိုကောင်းဖို့ဖြစ်လာတဲ့ တော်လှန်ရေးတွေ revolutions ရှိခဲ့တယ်။ စတုထ္ထမဏ္ဍိုင်နဲ့ ရာစုနှစ်နဲ့ချီဖိနှိပ်ခံရာကနေ အမျိုးသမီးတွေ နိုးထလာတယ်။

William Golding(ဗြိတိန်က နိုဘဲဆုရှင်၊ စာရေးဆရာ) ဒီရာစုနှစ်ကို လူ့သမိုင်းမှာ အကြမ်းအဖက်ဆုံးရာစုနှစ်လို့ပဲ ထင်နေမိတယ်။

Ernst Gombrich(ဗြိတိန်က သမိုင်းဆရာ) နှစ်ဆယ်ရာစုရဲ့ အဓိကလက္ခဏာကတော့ ကမ္ဘာ့လူဉီးရေ ကြောက်စရာကောင်းလောက်အောင် တိုးပွားလာတာပဲ။ ဒါဟာ ကပ်ဘေးဆိုက်မှုပဲ။ဒါနဲ့ပတ်သက်ပြီး ဘာလုပ်ရမှန်း မသိကြဘူး။

Yehudi Menhin(ဗြိတိန်က ဂီတပညာရှင်) နှစ်ဆယ်ရာစုအကြောင်း အကျဉ်းချုံးပြောရရင် ဒီရာစုနှစ်ဟာ လူသားတရပ်လုံးမျှော်လင့်ခဲ့တဲ့ အကြီးမားဆုံးမျှော်လင့်ချက်တွေကို မြင့်မားစေခဲ့ပြီး ideals တွေ၊ အရိပ်အယောင်တွေ အားလုံးကို ဖျက်ဆီးပစ်လိုက်တယ်လို့ ပြောချင်တယ်။

Severo Ochoa(စပိန်က သိပ္ပံနိုဘဲဆုရှင်) အခြေခံအကျဆုံးအချက်က သိပ္ပံပညာတိုးတက်ထွန်းကားလာတဲ့အချက်ပဲ၊ နှစ်ဆယ်ရာစုထဲ သိပ္ပံပညာထွန်းကားလာပုံဟာ တကယ့်ကို အံ့မခန်းရှိလှတယ်။ ကျနော်တို့ရာစုရဲ့ လက္ခဏာကို ဖော်ညွှန်းတာ ဒီအချက်ပဲ။

Raymond Firth (ဗြိတိန်က မနုဿဗေဒပညာရှင်) နည်းပညာအရဆိုရင် အီလက်ထရွန်းနစ် ထွန်းကားလာတာကို နှစ်ယ်ရာစုရဲ့ အရေးပါဆုံး ဖြစ်ပေါ်တိုးတက်မှုအဖြစ် ရွေးထုတ်ပြချင်တယ်။ အိုင်ဒီယာပိုင်းအရဆိုရင် နှိုင်းယှဉ်ချက်အရ ရာရှင်နယ်ကျကျ၊ သိပ္ပံနည်းကျ ရှုမြင်နေရာကနေ ရာရှင်နယ်မကျတဲ့၊ သိပ္ပံနည်းမကျတဲ့ ရှုမြင်ပုံကို ပြောင်းလဲသွားတာကို ပြချင်တယ်။

Leo Valiani (အီတလီက သမိုင်းဆရာ)တရားမှုနဲ့ ညီမျှမှုဆိုတဲ့ ideals တွေရဲ့အောင်ပွဲဟာ ခဏသာခံတယ်၊ ဒါပေမယ့်လည်း လွတ်လပ်မှု libertyကို မပျောက်ပျက်အောင်ထိန်းထားနိုင်ရင် ဘယ်တော့မဆို အစကနေ ပြန်စနိုင်တယ်ဆိုတာ ကျုပ်တို့ရာစုက ပြသသွားတယ်။ သွေးရူးသွေးတန်းအဖြစ်ဆုံး အခြေအနေတွေမှာတောင် စိတ်ပျက်အားလျှော့စရာ မလိုဘူး။

Franco Venturi (အီတလီက သမိုင်းဆရာ) ဒီမေးခွန်းကို သမိုင်းဆရာတွေ မဖြေနိုင်ဘူး။ ကျနော့အတွက်တော့ နှစ်ဆယ်ရာစုဟာ ဒီမေးခွန်းကို နားလည်ဖို့ အသစ်တခါ ကြိုးစားအားထုတ်ကြည့်မှုသာပဲ။

(Agosti and Borgese၁၉၉၂၊စာ ၄၂၊ ၂၁၀၊ ၁၅၄၊ ၇၆၊ ၄၊ ၈၊ ၂၀၄၊ ၂၊ ၆၂၊ ၈၀၊ ၁၄၀၊ ၁၆၀။)

အပိုင်းတစ်

ဘေးဒုက္ခခေတ်

အခန်းတစ်

အလုံးစုံစစ်ခေတ်

၁၉၁၄ ခုနှစ် ဗြိတိန်နဲ့ ဂျာမနီတို့ စစ်မတိုက်ခင်ညမှာ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး အက်ဒဝပ်ဂရေး Edward Greyက ဝှိုက်ဟော Whitehallလမ်းတလျှောက်ထွန်းထားတဲ့မီးတွေကို ကြည့်ပြီး ဥရောပတတိုက်လုံးမှာ မီးအိမ်တွေ စ ငြိမ်းနေပြီ။ ဒို့တသက် ဒီမီးတွေ ပြန်လင်းတာ မြင်ရတော့မှာ မဟုတ်ဘူး။ဆိုပြီး ရေရွတ်လိုက်တယ်။ ဗီယင်နာ မြို့မှာလည်း နံမယ်ကြီး ပြဇာတ်ဆရာ ကားကရောက် Karl Kraus က လူသားတို့ရဲ့ နောက်ဆုံးနေ့များ The Last Days of Humanity လို့ နံမယ်ပေးထားတဲ့ စာမျက်နှာ ၇၉၂ မျက်နှာရှည်တဲ့၊ စစ်ကိုမှတ်တမ်းတင်ရှုံ့ချထားတဲ့ ပြဇာတ်ဇာတ်ညွှန်းကြီးကို ရေးသားဖို့ စတင်လုပ်ဆောင်လာတယ်။ နှစ်ယောက်စလုံးက ကမ္ဘာစစ်ကြီးကို ကမ္ဘာကြီးရဲ့နိဂုံးအဖြစ် မြင်ကြတယ်။ တကယ်တော့ ဒီလိုမြင်တာ သူတို့နှစ်ယောက်တင်မကဘူး။ ဒါပေမယ့် ဒီစစ်ကြီးဟာ လူသားတွေရဲ့ နိဂုံးမဟုတ်ခဲ့ဘူး။ သို့သော်လည်း ၁၉၁၄ ဇူလိုင် ၂၈ ရက် သြစတြီးယားက ဆားဘီးယားကို စစ်ကြေညာတဲ့နေ့ကနေ ကမ္ဘာ့ပထမဆုံး အနုမြူဗုံးကြဲချခံရပြီး လေးရက်အကြာ ၁၉၄၅ သြဂုတ်လ ၁၄ ရက် ဂျပန် ခြွင်းချက်မရှိ လက်နက်ချတဲ့နေ့အထိ သုံးဆယ့်တနှစ်ကြာ ကာလအတွင်းမှာ လူသားအားလုံးနီးပါး နိထ္ထိတံတော့မယ်လို့ထင်ရတဲ့အချိန်တွေ ရှိခဲ့ဖူးတယ်။ ကမ္ဘာကြီးနဲ့ ကမ္ဘာပေါ်က အရာအားလုံးကို ဖန်ဆင်းခဲ့တယ်လို့ တချို့ယုံကြတဲ့ ဘုရားသခင် ဒါမှမဟုတ် ဘုရားသခင်တွေဟာ ကမ္ဘာကြီးကို ဖန်ဆင်းခဲ့မိတာကို နောင်တရမိမှာဘဲလို့ ထင်ရတဲ့ အချိန်တွေ ရှိခဲ့ဖူးတယ်။

ဒါပေမယ့် လူသားတွေ ဆက်ရှင်သန်တည်တံ့ခဲ့တယ်။ သို့သော်လည်း ဆယ့်ကိုးရာစုရဲ့ ကြီးမားလှတဲ့ ယဉ်ကျေးမှု အဆောက်အအုံကြီးတွေကို ပင့်ထောင်ထားတဲ့ဒေါက်တိုင်တွေ ပြိုကျသွားတဲ့အခါမှာ ဒီယဉ်ကျေးမှုအဆောက် အအုံကြီးတွေဟာလည်း ကမ္ဘာစစ်ရဲ့ မီးညွန့်မီးလျှံတွေအာက်မှာ တစစီ ဖြစ်သွားခဲ့တယ်။ ဒီအချက်မပါဘဲ တိုတောင်းလှတဲ့ နှစ်ဆယ်ရာစုကို Short Twentieth Centuryနားလည်မှာ မဟုတ်ဘူး။ စစ်ဟာ တိုတောင်းလှတဲ့ နှစ်ဆယ်ရာစုရဲ့ ထင်ရှားတဲ့ အမှတ်အသားပဲ။ နှစ်ဆယ်ရာစုထဲ သေနတ်သံတွေဆိတ်နေ၊ ဗုံးသံတွေဆဲနေတဲ့ အချိန်တွေမှာတောင် ကမ္ဘာစစ်ကိုခေါင်းထဲထည့်ထားပြီး နေထိုင်ကြ၊ စဉ်းစားကြတယ်။ နှစ်ဆယ်ရာစုရဲ့သမိုင်း အထူးသဖြင့် ပြိုကွဲပျက်စီးမှုတွေ၊ ဘေးဒုက္ခတွေနဲ့ကြုံခဲ့တဲ့ နှစ်ဆယ်ရာစုကနဉီးကာလရဲ့သမိုင်းကိုပြောမယ်ဆိုရင် နှစ်ပေါင်းသုံးဆယ့်တနှစ်ကြာမြင့်တဲ့ ကမ္ဘာစစ်ကြီးရဲ့ သမိုင်းကနေ စပြောမှရမယ်။

၁၉၁၄ မတိုင်ခင် လူဖြစ်လာသူတွေအတွက် ၁၉၁၄ မတိုင်ခင်ကာလနဲ့ သူ့နောက်ပိုင်းကာလနှစ်ခုကြား ခြားနားချက်ဟာ ကြီးမားလွန်းလို့ စာရေးသူမိဘတွေရဲ့မျိုးဆက်၊ ဒါမှမဟုတ် ဥရောပတိုက်အလယ်ပိုင်းမှာနေထိုင်သူတွေဆိုရင် သူတို့ကြုံနေရတဲ့ ပစ္စုပ္ပန်အဖြစ်အပျက်တွေနဲ့ သူ့အရင်အတိတ်က အဖြစ်အပျက်တွေရဲ့ ဆက်စပ်မှုကို ဘယ်လိုမှ လက်မခံနိုင်ကြဘူး။ ငြိမ်းချမ်းရေးဆိုတာ ၁၉၁၄ မတိုင်ခင်ကိုပြောတာ။ ဒီ့နောက်ပိုင်းဖြစ်လာတာဟာ ငြိမ်းချမ်းရေးဆိုတဲ့ ဝေါဟာရနဲ့ ထိုက်တန်တဲ့အရာ မဟုတ်တော့ဘူး။ ဒီလိုဖြစ်ရတာ နားလည်လို့ရတယ်။ ၁၉၁၄ ကနေ သူ့အရင် နှစ်တရာကြားကာလမှာ ကမ္ဘာမှာစစ်ပွဲကြီးတွေ မရှိခဲ့ဖူးဘူး။ ဆိုလိုတာက အဲဒိကာလအတွင်းမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ အားလုံးမဟုတ်ရင်တောင် အများစုပါဝင်တဲ့ စစ်ပွဲကြီးတွေမရှိခဲ့ဖူးဘူး။ အဲဒီတုန်းက ကမ္ဘာ့ကစားပွဲမှာ အဓိကကစားတွေက ဥရောပက အင်အားကြီးခြောက်နိုင်ငံ (ဗြိတိန်၊ ပြင်သစ်၊ ရုသျှ၊ သြစတြီးယား ဟန်ဂေရီ Austria-Hungary၊ ပရပ်ရှား Prussia (၁၈၇၁ မှာ ပရပ်ရှားထဲက နယ်ပယ်တွေစုပြီး ဂျာမနီနိုင်ငံ ဖြစ်လာတယ်။) နဲ့ အသစ်ဖွဲ့စည်းတည်ထောင်ထားတဲ့အီတလီ)၊ အမေရိကန်နဲ့ ဂျပန်။ ဒီအင်အားကြီးနိုင်ငံတွေထဲမှာ နှစ်နိုင်ငံထက်ပိုပါပြီး ဖြစ်တဲ့စစ်ဆိုလို့ ရုသျှကတဘက်၊ ပြင်သစ်နဲ့ အင်ဂလိပ်ကတဘက် ခဏလောက်တိုက်လိုက်ရတဲ့ ခရိုင်းမီးယားစစ် Crimean War (၁၈၅၄ –၁၈၅၆) ပဲရှိတယ်။ ဒါ့အပြင် အင်အားကြီးနိုင်ငံတွေဝင်တိုက်တဲ့ စစ်ပွဲအများစုဟာလည်း နှိုင်းယှဉ်ချက်အားဖြင့် မြန်မြန်ဆန်ဆန် ပြီးဆုံးသွားတဲ့ စစ်ပွဲတွေဖြစ်တယ်။ ဒီထဲမှာ အကြာဆုံးတိုက်ရတဲ့ စစ်ပွဲဟာ နိုင်ငံ အချင်းချင်းဖြစ်တဲ့ ပဋိပက္ခမဟုတ်ဘဲ အမေရိကန်နိုင်ငံထဲက ပြည်တွင်းစစ် (၁၈၆၁ ၆၅) ပဲဖြစ်တယ်။ စစ်ပွဲတွေရဲ့ သက်တမ်းကာလကိုလည်း လ လောက်နဲ့ တိုင်းတာဖော်ပြကြပြီး တချို့စစ်ပွဲတွေရဲ့ သက်တမ်းကာလဆိုရင် (ဥပမာ ပရပ်ရှားနဲ့ သြစတြီးယားတို့ရဲ့ ၁၈၆၆ မှာဖြစ်တဲ့စစ်) သီတင်းပတ်လောက်နဲ့ပဲ ဖော်ပြကြတယ်။ ဥရောပမှာဆိုရင် ၁၈၇၁ နဲ့ ၁၉၁၄ ကြားကာလမှာ အဓိကအင်အားကြီးနိုင်ငံကြီးတွေ နယ်စပ်ကို ဖြတ်ပြီးတိုက်ကြတဲ့ စစ်ပွဲဆိုလို့ တပွဲတောင် မရှိခဲ့ဘူး။ အရှေ့ဖျားဒေသမှာ ဂျပန်အနိုင်ရလိုက်တဲ့၊ အဲဒီအတွက် ရုသျှတော်လှန်ရေးကို နှောင့်နှေးသွားစေတဲ့ ရုသျှဂျပန်စစ်ပဲ ရှိတယ်။

၁၉၁၄ မတိုင်ခင်မှာ ကမ္ဘာစစ်ဆိုပြီး ရှိကိုမရှိခဲ့ဖူးဘူး။ ဆယ်ရှစ်ရာစုထဲမှာ ဗြိတိန်နဲ့ ပြင်သစ်တို့ အိန္ဒိယ၊ ဥရောပ၊ မြောက်အမေရိကနဲ့ ကမ္ဘာ့သမုဒ္ဒရာကြီးတွေထဲမှာ တဘက်နဲ့တဘက် အကြိမ်ကြိမ်စစ်ခင်းခဲ့ကြဖူးတယ်။ ၁၈၁၅ ကနေ ၁၉၁၄ ထိ ကာလအတွင်းမှာ ဧကရာဇ်နိုင်ငံကြီးတွေ ဒါမှမဟုတ် ဧကရာဇ်နိုင်ငံဖြစ်လာမယ့်နိုင်ငံတွေက ပင်လယ်ရပ်ခြားက အင်အားနည်းတဲ့ရန်ဘက်တွေကို ရန်သွားစတဲ့လုပ်ရပ်မျိုးတွေ မကြာခဏရှိခဲ့ပေမယ့် ဘယ်အင်အားကြီးနိုင်ငံကမှ သူ့နိုင်ငံနဲ့ ကပ်လျက်ဒေသမှာ တခြားအင်အားကြီးနိုင်ငံတနိုင်ငံနဲ့ စစ်တိုက်တာမျိုးမရှိခဲ့ဘူး။ ပြောခဲ့တဲ့ ရန်သွားစတဲ့ လုပ်ရပ်အများစုကိုကြည့်ရင်လည်း တချိန်လုံးခံနေရတဲ့ဘက်က ပြန်ချလို့ အင်အားကြီးနိုင်ငံတွေ ပြန်ဆုတ်ရတဲ့ အဖြစ် အပျက် တခုနှစ်ခုလောက်က လွဲရင် (ဥပမာ ၁၈၆၀ ဆယ်စုနှစ်ကာလအတွင်းမှာ ပြင်သစ်တွေ မက္ကဆီကိုက ပြန်ဆုတ်ရသလို ၁၈၉၆ မှာ အီတာလျံတွေ အီသီယိုးပီးယားက ပြန်ဆုတ်ရတဲ့ အဖြစ်အပျက်တွေ)အများစုဟာ အမေရိကန်ရဲ့ မက္ကဆီကို (၁၈၄၆၄၈)၊ နောက် စပိန် (၁၈၉၈) တို့နဲ့ ဖြစ်တဲ့စစ်တွေနဲ့ ဗြိတိသျှနဲ့ ပြင်သစ်တို့ရဲ့ ကိုလိုနီအင်ပိုင်ယာတွေချဲ့ထွင်ဖို့ တိုက်တဲ့ စစ်တွေလို သိသိသာသာကြီးကို တဘက်သတ်နိုင်တဲ့ စစ်ပွဲတွေချည်းပဲ။ လက်နက်တိုက်တွေကို မနှိုင်းယှဉ်သာလောက်အောင်အဆင့်မြင့်တဲ့ လူသတ်လက်နက်တွေ၊ နည်းပညာတွေ ဖြည့်ပြီးရင်းဖြည့်နေတဲ့ ခေတ်သစ်နိုင်ငံကြီးတွေရဲ့ modern states ကျူးကျော်မှုကို တောင့်အခံနိုင်ဆုံးနိုင်ငံတွေတောင် မလွဲမသွေ ရှုံးနိမ့်မှုကို ခဏပဲ ဆိုင်းထားနိုင်ကြတယ်။ ဒီထူးဆန်းထွေလာပဋိပက္ခတွေဟာ စစ်နိုင်နိုင်ငံတွေမှာနေထိုင်သူအများစုနဲ့ တိုက်ရိုက် ဆက်စပ်မှုရှိတဲ့ အဖြစ်အပျက်တွေဆိုတာထက် ဆယ့်ကိုးရာစုအလယ်ပိုင်းကာလမှာ စပေါ်လာတဲ့ စစ်သတင်းထောက်တွေရဲ့ စွန့်စားခန်းစာပေ ဒါမှမဟုတ် အစီရင်ခံ သက်သက်လောက်သာပဲ။

ပြောခဲ့တာတွေအားလုံးဟာ ၁၉၁၄ မှာ လုံးဝ ပြောင်းလဲသွားတယ်။ ပထမကမ္ဘာစစ်မှာ အင်အားကြီးနိုင်ငံအားလုံး အားလုံးဆိုတာထက် စပိန်၊ နယ်သာလန်၊ စကင်ဒီနေးဗီးယားနိုင်ငံ သုံးနိုင်ငံနဲ့ ဆွတ်ဇာလန်တို့ကလွဲလို့ အားလုံးပါလာတယ်။ ဒါ့အပြင် ပထမဆုံးအကြိမ်အဖြစ် ပင်လယ်ရပ်ခြားဒေသကတပ်သားတွေကို သူတို့နေထိုင်ရာဒေသ အပြင်ဘက်ကိုခေါ်ပြီး တိုက်ခိုင်းတာမျိုးကို တွေ့လာရတယ်။ ကနေဒါနိုင်ငံသားတွေ ပြင်သစ်အတွက် ပြင်သစ်မှာ လာတိုက်ကြသလို သြစတြေးလျနဲ့ နယူးဇီလန် နိုင်ငံသားတွေဟာလည်း သူတို့ရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို အေဂျီယံ Agean ပင်လယ်ကျွန်းဆွယ်ဒေသမှာ လာဖန်တီးပုံဖော်ကြတယ်။ ဂါလီပိုလီ Gallipolli တိုက်ပွဲဆိုတာ နှစ်နိုင်ငံလုံးအတွက် ယုံတမ်းပုံပြင်တခု ဖြစ်လာခဲ့တယ်။ ပိုအရေးပါတဲ့တချက်က အမေရိကန်က ဂျော့ဝါရှင်တန် George Washingtonရဲ့ ဥရောပဇာတ်ထဲဝင်မရှုပ်မိဖို့သတိပေးချက် European entanglement’s warningကိုပစ်ပယ်ပြီး အမေရိကန် စစ်သားတွေကို ဥရောပကိုလွှတ်ရာကနေ အမေရိကန်ဝင်ပါလာမှုက နှစ်ဆယ်ရာစုသမိုင်းရဲ့ပုံသဏ္ဌာန်ကို အဆုံးအဖြတ် ပေးခဲ့တဲ့အချက်ပဲ။ အိန္ဒိယလူမျိုးတွေကို ဥရောပနဲ့ အရှေ့အလယ်ပိုင်းကို စေလွှတ်ကြသလို တရုတ်က အလုပ်သမားတွေကိုလည်း အနောက်နိုင်ငံတွေကို အသုတ်လိုက်ခေါ်လာကြ၊ နောက် အာဖရိကတိုက်သားတချို့လည်း ပြင်သစ်စစ်တပ်ထဲမှာ ဝင်တိုက်ခဲ့ကြတယ်။ ဥရောပတိုက် အပြင်ဘက်မှာ အရှေ့အလယ်ပိုင်းကလွဲပြီး ကျန်တဲ့ဒေသက စစ်ဆင်ရေးတွေဟာ အရမ်းကြီးအရေးမပါလှပေမယ့်လည်း ပင်လယ်သမုဒ္ဒရာတွေထဲမှာ ရေတပ်ချင်းတိုက်ကြတဲ့ တိုက်ပွဲတွေဟာ ကမ္ဘာစစ်အသွင်ပြန်ဆောင်လာတယ်။ ၁၉၁၄ မှာ ဖောင်ကလန်ကျွန်းစုများ Falkaland Islandsရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ပထမဆုံးရေတပ်တိုက်ပွဲတွေ ဖြစ်ပွားသလို အတ္တလန္တိတ်သမုဒ္ဒရာအလယ်ပိုင်းနဲ့ မြောက်ပိုင်းက ရေပြင်နဲ့ ရေပြင်အောက်မှာတော့ ပထမကမ္ဘာစစ်ရဲ့အရှုံးအနိုင်ကို အဖြေထွက်စေခဲ့တဲ့ စစ်ဆင်ရေးတွေကို ဂျာမန် ရေငုတ်သင်းဘောတွေနဲ့ မဟာမိတ်တွေရဲ့ သင်းဘောတွေ နွှဲခဲ့ကြတယ်။

ဒုတိယကမ္ဘာစစ်ဟာ ကမ္ဘာစစ်ဆိုတဲ့နံမယ်နဲ့လိုက်အောင် တကယ့်ကို ကမ္ဘာတဝှမ်းမှာတိုက်ခဲ့ကြတာကို အထူးတလည် ရှင်းပြနေစရာ မလိုလောက်ဘူး။ ဒုတိကမ္ဘာစစ်မှာ လာတင်အမေရိကတိုက်က သမ္မတနိုင်ငံတွေ မည်ကာမတ္တပဲ ပါခဲ့ပေမယ့် တကမ္ဘာလုံးက လွတ်လပ်တဲ့နိုင်ငံအားလုံးလိုလိုလောက်ဟာ စိတ်ပါသည်ဖြစ်ဖြစ် မပါသည်ဖြစ်ဖြစ် ဒီစစ်ထဲ ဝင်တိုက်ကြရတယ်။ ဧကရာဇ်နိုင်ငံကြီးတွေရဲ့ ကိုလိုနီတွေအတွက်လည်း စစ်တိုက်မတိုက်ကိစ္စဟာ ရွေးလို့ရတဲ့ကိစ္စ မဟုတ်ခဲ့ဘူး။ ဥရောပမှာဆိုရင် နောက်ပိုင်းမှာ အိုင်ယာလန် သမ္မတနိုင်ငံဆိုပြီး ဖြစ်လာမယ့် ဗြိတိသျှသိမ်းပိုက်ခံ အိုင်ယာလန်၊ ဆွီဒင်၊ ဆွတ်ဇာလန်၊ ပေါ်တူဂီ၊ တူရကီနဲ့ စပိန်တို့ရယ်၊ ဥရောပအပြင်ဘက်မှာတော့ အာဖဂန်နစ္စတန်တို့ရယ် လောက်ကလွဲပြီး တကမ္ဘာလုံးက နိုင်ငံတွေဟာ စစ်ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် သိမ်းပိုက်ခံထားရတဲ့နိုင်ငံတွေ ဒါမှမဟုတ် နှစ်ခုစလုံး ဖြစ်နေတဲ့နိုင်ငံတွေချည်းပဲ။ မီလန်နီးရှားကျွန်းစုတွေ Melanesian Islands၊ အာဖရိကမြောက်ပိုင်း သဲကန္တရထဲရှိတဲ့ ဒေသတွေရဲ့ နံမယ်တွေ၊ ဗမာ၊ ဖိလစ်ပိုင် စတဲ့နံမယ်တွေဟာ ဒီစစ်ဟာ အနှစ်သာရအားဖြင့် ရေဒီယိုကနေတိုက်ပွဲအနိုင်အရှုံးသတင်းတွေကို အပြိုင်ကြေညာပြီးတိုက်တဲ့စစ် အာတိတ်နဲ့ ကောကေးရှန်းဒေသတိုက်ပွဲ Arctic and Causasian battles၊ နော်မန်ဒီ၊ စတာလင်ဂရက်၊ ကပ်Kursk တိုက်ပွဲတွေလို သတင်းစာဖတ်သူတွေနဲ့ ရေဒီယိုနားထောင်သူတွေ ရင်းနှီးကျွမ်းဝင်တဲ့နံမယ်တွေ ဖြစ်လာခဲ့တယ်။ ဒုတိယကမ္ဘာစစ်ဟာ ကမ္ဘာ့ပထဝီ သင်ခန်းစာပို့ချချက်ပဲ။

ဒေသတွင်းဖြစ်ဖြစ်၊ ကမ္ဘာနဲ့ချီပြီးဖြစ်ဖြစ် နှစ်ဆယ်ရာစုထဲဖြစ်တဲ့ စစ်တွေဟာ ကမ္ဘာမှာ သူ့အရင်ကြုံတွေ့ခဲ့ရတဲ့ စစ်ပွဲတွေထက် အတိုင်းအဆကြီးမားတဲ့ စစ်ပွဲတွေဖြစ်လာတယ်။ စစ်ပွဲတွေအတွင်း လူအသေအပျောက်ကို စာရင်းပြုစုတဲ့အလုပ်မျိုးကိုသဘောကျတဲ့ အမေရိကန်ကျွမ်းကျင်သူတွေရဲ့ စစ်ကြောင့်သေဆုံးသူအရေအတွက်ကိုလိုက်ပြီး ပြုစုထားတဲ့စာရင်းအရ ၁၈၁၆ နဲ့ ၁၉၆၅ ကြား ဖြစ်ပွားခဲ့တဲ့ အပြည်ပြည်ဆိုင်ရာစစ်ပွဲ ခွန်နှစ်ဆယ့်လေးပွဲမှာ ထိပ်ဆုံးက စစ်ပွဲလေးပွဲဟာ နှစ်ဆယ်ရာစုထဲမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေ ဖြစ်တယ်။ ဒီစစ်ပွဲတွေကတော့ ကမ္ဘာစစ်ကြီးနှစ်ခုရယ်၊ ဂျပန်က တရုတ်ကို ၁၉၃၇ ကနေ ၃၉ ထိ တိုက်တဲ့စစ်နဲ့ ကိုရီးယားစစ်ပွဲတွေ။ ဒီစစ်ပွဲလေးခုအတွင်း တိုက်ပွဲမှာ သေဆုံးတဲ့ အရေအတွက်က တသန်းကျော်ရှိတယ်။ ဆယ့်ကိုးရာစုထဲမှာ နပိုလီယံခေတ်လွန် အပြည်ပြည်ဆိုင်ရာ စစ်ပွဲတွေထဲမှာ စာရင်းပြုစုထားသလောက် အကြီးဆုံးဆိုတဲ့စစ်ဟာ ၁၈၇၀ ၇၁ မှာဖြစ်တဲ့ ပရပ်ရှား ဒါမှမဟုတ် ဂျာမနီနဲ့ ပြင်သစ်တို့ရဲ့ စစ်ဖြစ်ပြီး လူ ၁၅၀,၀၀၀ လောက်သေတယ်။ တဘက်မှာ ၁၉၃၂ –၃၅ မှာ ဖြစ်တဲ့ ဘိုလီဗီးယား (လူဉီးရေ သုံးသန်းရှိ)နဲ့ ပါရာဂွေး (လူဉီးရေ တသန်းခွဲရှိ) တို့ရဲ့ ချာကိုစစ် Charco war မှာသေတဲ့ အရေအတွက်ကိုက ပရပ်ရှားပြင်သစ်စစ်မှာ သေတဲ့ အရေအတွက်နဲ့ အတူတူလောက်သွားကျတယ်။ အတိုချုပ်ပြောရရင် လူသတ်ပွဲကြီးတွေခေတ် age of massacre ဟာ ၁၉၁၄ က စတယ်။ (Singer, ၁၉၇၂၊ စာ ၆၆၊ ၁၃၁။)

ပထမကမ္ဘာစစ်ကိုဖြစ်စေတဲ့ အကြောင်းရင်းတွေကို ဒီစာအုပ်မှာ ဆွေးနွေးတင်ပြဖို့ နေရာမရှိဘူး။ ဒီအကြောင်းတွေကို စာရေးသူရဲ့ အင်ပိုင်ယာခေတ် Age of Empire စာအုပ်မှာ အကြမ်း ကြိုးစားတင်ပြထားတယ်။ ပထမကမ္ဘာစစ်ဟာ အနှစ်သာရအားဖြင့် ဥရောပက ဗြိတိန်၊ ပြင်သစ်နဲ့ ရုသျှတို့ရဲ့ တြိမဟာမိတ်အဖွဲ့ကတဘက်၊ ဗဟိုနိုင်ငံများ central powersလို့ သိကြတဲ့ ဂျာမနီနဲ့ သြစတြီးယားဟန်ဂေရီ တို့ကတဘက် တိုက်ကြတဲ့ ဥရောပစစ်အဖြစ်နဲ့ စတယ်။ သြစတြီးယားက ဆားဘီးယား Serbiaကို စစ်ကြေညာရာကနေ ပထမကမ္ဘာစစ် စ ဖြစ်ပြီး ဆားဘီးယား စစ်ထဲပါလာသလို ဂျာမနီက သူ့ရဲ့မဟာဗျူဟာအစီအစဉ် တစိတ်တဒေသအဖြစ် ဘယ်ဂျီယံ Belgiun ကို သိမ်းရာကနေ သူလည်း စစ်ထဲပါလာတယ်။ တူရကီနဲ့ ဘူဂေးရီးယားက ဗဟိုနိုင်ငံတွေဘက်က နောက်ပိုင်းဝင်တိုက်သလို တြိမဟာမိတ် အဖွဲ့ကလည်း သိပ်မကြာခင်မှာဘဲ ညွန့်ပေါင်းအင်အားစုကြီးတခု အဖြစ်ကို တဖြည်းဖြည်းချင်း တည်ဆောက်ယူနိုင်ခဲ့တယ်။ အီတလီကို သူတို့ဘက်ကဝင်တိုက်အောင် သိမ်းသွင်းခဲ့သလို ဂရိ၊ ရူမေးနီးယားနဲ့ ပေါ်တူဂီ (ပါတယ်ဆိုရုံ) တို့ပါ တြိမဟာမိတ်အဖွဲ့ထဲ ပါလာတယ်။ စစ်ဖြစ်တာနဲ့ ချက်ချင်းဆိုသလို ဂျပန်က အရှေ့ဖျားနဲ့ အနောက်ပိုင်းက ဂျာမန် နေရာတွေကို သိမ်းယူဖို့ ရည်ရွယ်ချက်နဲ့ စစ်ထဲဝင်ပါလာတယ်။ ဒါပေမယ့် ဂျပန်က သူ့ဒေသအပြင်ဘက်က အဖြစ်အပျက်တွေကို လုံးဝစိတ်မဝင်စားဘူး။ တဘက်မှာ ၁၉၁၇ မှာ အမေရိကန် စစ်ထဲဝင်ပါလာတာက ပိုအရေးပါတယ်။ တကယ်တမ်းမှာ အမေရိကန် ဝင်ပါလာမှုက စစ်ရဲ့ အရှုံးအနိုင်ကို အဆုံးအဖြတ်ပေးဖို့ ဖြစ်လာခဲ့တယ်။

ဂျာမနီဟာ သြစတြီးယားဟန်ဂေရီနဲ့ မဟာမိတ်စာချုပ်အရ ဘော်ကန်ဒေသတိုက်ပွဲတွေထဲ ဝင်ပါလာရတဲ့အပြင် ဒုတိယ ကမ္ဘာစစ်မှာလိုဘဲ စစ်မျက်နှာနှစ်ခုမှာ တိုက်ရမယ့် အနေအထားနဲ့ ကြုံခဲ့ရတယ်။ (ဒါပေမယ့် ဘော်ကန်မှာက ဗဟို နိုင်ငံလေးနိုင်ငံထဲက တူရကီ၊ ဘူဂေးရီးယားနဲ့ သြစတြီးယား သုံးနိုင်ငံ ရှိနေတဲ့အတွက် မဟာဗျူဟာအရ သူ့အတွက် အရေးတကြီး ပြဿနာမရှိလှသေးဘူး။) ဂျာမနီရဲ့ အစီအစဉ်က အနောက်ဘက်မှာ ပြင်သစ်ကို မြန်မြန်အလဲထိုးပြီး အရှေ့ဘက်မှာလည်း ဇာဘုရင်က ရုသျှရဲ့ ကြီးမားလှတဲ့ စစ်သည်အင်အားကို ထိထိရောက်ရောက်နဲ့ အပြည့်အဝ အသုံးမချနိုင်ခင်မှာ အနောက်ဘက်မှာလို ပွဲမြန်မြန်ပြတ်အောင် လုပ်ဖို့ပဲ။ အဲဒိအတွက် ဂျာမန်တွေက လျှပ်စီးလက်သလို ရုတ်တရက် ဝင်ထိုးပြီးသိမ်းယူတဲ့ စစ်ဆင်ရေးနည်းကို ကြံဆကြတယ်။ (ဒုတိယကမ္ဘာစစ်ကျတော့ ဒီလို စစ်ဆင်ရေးမျိုးကို ဘလစ်ခရိ blitzkrieg လို့ ခေါ်လာကြတယ်။) ဘာလို့ဆို ဒီလိုနည်းနဲ့ကျမှ တိုက်နိုင်မှာကိုး။ ဂျာမနီရဲ့ အစီအစဉ်ဟာ အောင်မြင်လုနီးနီး အနေအထားကိုပဲ ရောက်ခဲ့တယ်။ ဂျာမန်စစ်တပ်က ကြားနေနိုင်ငံတွေဖြစ်တဲ့ ဘယ်ဂျီယံနဲ့ တခြား ဒေသတွေကိုဖြတ်ပြီး ပြင်သစ်နိုင်ငံထဲထိ ထိုးဖောက်နိုင်ခဲ့ပြီး စစ်ကြေညာပြီး ခြောက်ပတ်အတွင်းမှာ ပါရီမြို့အရှေ့ဘက် မိုင်လေးငါးဆယ်အကွာလောက်က မန်းမြစ် Marne ထိရောက်အောင် ချီတက်လာနိုင်ခဲ့တယ်။ (၁၉၄၀ ကျတော့ ဂျာမနီရဲ့ ဒီအစီအစဉ် အထမြောက်ဖို့ဖြစ်လာခဲ့တယ်။) အဲဒိမှာ ဂျာမနီက နောက်နည်းနည်းပြန်ဆုတ်ပြီး ပြင်သစ်က ဂျာမနီလက်မကျဘဲ ကျန်ခဲ့တဲ့ ဘယ်ဂျီယံတပ်တချို့နဲ့ စစ်စပြီး မကြာခင်မှာ အရမ်းကိုများပြားလာတဲ့ ဗြိတိသျှမြေပြင်တပ်ရဲ့ ကျားကန်ပေးမှုနဲ့ စီးခံတယ် နှစ်ဘက်စစ်တပ်က ခုခံရေး ခံတုပ်ကျင်းတွေ၊ ခံစစ်စခန်းတွေကို အပြိုင်တည်ဆောက်ရာမှာ မကြာခင်မှာ မျဉ်းပြိုင်ပုံစံခံစစ်ကြောင်းနှစ်ကြောင်းဟာ ဖလန်ဒါ Flanders ဒေသ ရေလက်ကြား Channel ကမ်းရိုးတန်းကနေ ဆွတ်ဇာလန် နယ်စပ်ထိ အပြတ်အလပ်မရှိ တည်ရှိလာခဲ့ပြီး ပြင်သစ် အရှေ့ဘက်ခြမ်းက နေရာအတော်များများနဲ့ ဘယ်ဂျီယံကတော့ ဂျာမန်လက်အောက်မှာ ရောက်နေခဲ့တယ်။ အဲဒိအချိန်ကနေ နောင်သုံးနှစ်ခွဲလောက်ထိ နှစ်ဘက်တပ်တွေရဲ့ အနေအထားဟာ ထူးထူးခြားခြား ပြောင်းလဲမသွားတော့ဘူး။

ဒါဟာစစ်သမိုင်းမှာ ပထမကမ္ဘာစစ်မတိုင်ခင် တကြိမ်တခါမှကြုံဖူးကြမှာမဟုတ်တဲ့ လူသတ်ယန္တရားကြီးပမာဖြစ်လာတဲ့ အနောက်ဘက်စစ်မျက်နှာ Western Front က အဖြစ်အပျက်တွေပဲ။ သန်းနဲ့ချီတဲ့စစ်သားတွေဟာ သဲအိတ်တွေနဲ့ ဆောက်ထားတဲ့ နံရံနောက်က ကတုတ်ကျင်းတွေထဲမှာဝပ်ပြီး တဘက်နဲ့တဘက် ရင်ဆိုင်နေကြတယ်။ ဒီကတုတ်ကျင်းတွေ ထဲမှာပဲ ကြွက်တွေ၊ မျှော့တွေနဲ့အတူ ကြွက်တွေ၊ မျှော့တွေလိုနေကြတယ်။ အဲဒီလို နေနေရာကနေ သူတို့ရဲ့ ဗိုလ်ချုပ်ကြီးတွေက တဘက်ခံစစ်ကြောင်းကိုဖောက်ဖို့ တချက်တချက် ထ ကြိုးစားတယ်။ ရက်ပေါင်းများစွာ တခါတလေ သီတင်းပတ်ပေါင်းများစွာ သံမဏိဟာရီကိန်းမုန်တိုင်း hurricane of steel ဆိုပြီး ဂျာမန်စာရေးဆရာတယောက် တင်စားသလို (Ernst Jürgen ၁၉၂၁) – အမြှောက်နဲ့မနားတမ်းပစ်ကြပြီး ရန်သူကိုပျော့လာအောင်နှုးပြီး ကျင်းထဲဝပ်သွားအောင်လုပ်၊ အချက်ကျတာနဲ့ ကိုယ့်ကတုတ်ပေါ်က ပုံမှန်အားဖြင့်သံဆူးကြိုးတွေပတ်ထားတဲ့ သဲအိတ် အရံအတားတွေပေါ်ကို တသုတ်ပြီးတသုတ် ခွကျော်တက်ပြီး ကိုယ့်ခံစစ်ကြောင်းနဲ့ သူ့ခံစစ်ကြောင်းကြား ဘယ်သူနဲ့မှမဆိုင်တဲ့နေရာကို တက်သိမ်းကြရော။ ဗုံးကျလို့ ဂျိုင့်ဖြစ်ပြီး ဗွက်ထနေတဲ့ကျင်းကြီးတွေထဲက လူသေအလောင်းတွေ၊ သစ်ပစ်သစ်ကိုင်းအကျိုးအပဲ့အစအနတွေနဲ့ တခြားအတားအဆီးတွေကို အတင်းဖြတ်ကျော်ပြီး တဘက်ကတုတ်ကိုရအောင်သိမ်းဖို့တက်ကြရာမှာ တဘက်ကစက်သေနတ်နဲ့ဆွဲအချ အထွေးလိုက်ကျကြပြန်တယ်။ အဲဒီလိုစက်သေနတ်နဲ့အဆွဲခံရမှာ သူတို့လည်းသိကြတယ်။ ၁၉၁၆ (ဖေဖော်ဝါရီကနေ ဇူလိုင်) မှာ ဗဲဒန် Verdunမှာ ဂျာမန်တွေက ဒီနည်းနဲ့ တဘက်ခံစစ်ကြောင်းကိုဖောက်ဖို့ကြိုးစားရာမှာ လူနှစ်သန်းပါတဲ့ တိုက်ပွဲကြီးဖြစ်ပြီး တသန်း သေကြေဒဏ်ရာရခဲ့တယ်။ သိမ်းလည်း မသိမ်းနိုင်ဘူး။ ဂျာမန်တွေရဲ့ ဗဲဒန်ထိုးစစ်ကို ဖြိုခွဲဖို့ရည်ရွယ်ချက်နဲ့ ဗြိတိသျှတပ်တွေက ဆုမ်းမြစ် Sommeမှာ ထိုးစစ်ဆင်ရာမှာ လူ ၄၂၀,၀၀၀ သေပြီး တိုက်ပွဲပထမနေ့မှာကို လူ ၆၀,၀၀၀ ကျဆုံးခဲ့တယ်။ ပထမကမ္ဘာစစ်ရဲ့ တိုက်ပွဲအများစုကို အနောက်ဘက်စစ်မျက်နှာမှာတိုက်ခဲ့ရတဲ့ ဗြိတိသျှနဲ့ ပြင်သစ်တွေရဲ့ စိတ်ထဲမှာ ပထမကမ္ဘာစစ်ကို ဒုတိယကမ္ဘာစစ်ထက် ပိုကြောက်စရာကောင်း၊ ပိုထိပ်လန့်စရာကောင်းတဲ့ မဟာစစ်ပွဲကြီး ‘Great War’အဖြစ် စွဲနေတာ တကယ်တော့ အံ့အားသင့်စရာမရှိဘူး။ ပြင်သစ်မှာ စစ်မှုထမ်းနိုင်တဲ့ အရွယ် အမျိုးသား ၂၀ ရာခိုင်နှုန်းကိုဆုံးရှုံးခဲ့ရပြီး စစ်အကျဉ်းသားတွေနဲ့ စစ်ကြောင့်ဒဏ်ရာရပြီး ရာသက်ပန်ချိနဲ့သွားသူတွေ စစ်လွန်အနိဌာရုံတွေရဲ့ ထင်ရှားတဲ့ အစိတ်အပိုင်းနခုအဖြစ်ကျန်ခဲ့တဲ့ မျက်နှာပျက်ကြီးတွေ gueules cassés –ကိုယ်ခန္ဓာနဲ့မျက်နှာတွေမှာ သေရွာပါဒဏ်ရာကြီးတွေကျန်ခဲ့သူ အရေအတွက်ကိုပါထည့်တွက်ရင် စစ်ကြောင့် ကိုယ်လက်အင်္ဂါမထိခိုက်ဘဲ ကျန်ခဲ့သူဆိုလို့ လူသုံးယောက်မှာ တယောက်သာသာလောက် ရှိတယ်။ ပထမကမ္ဘာစစ်မှာ ဝင်တိုက်တဲ့ ဗြိတိသျှ စစ်သား ငါးသန်းလောက်မှာလည်း စစ်ကနေ အသေအပျောက် ဒဏ်ရာအနာတရမရဘဲ ကျန်ခဲ့တဲ့ အရေအတွက်ဟာ နှစ်ယောက်မှာ တယောက်နှုန်းလောက် ရှိတယ်။ ဗြိတိသျှတွေဆိုရင် မျိုးဆက်တဆက် ဆုံးရှုံးခဲ့ရပြီး အသက်သုံးဆယ်အောက် လူငယ်ငါးသိန်းလောက် (Winter, ၁၉၈၆၊ စာ ၉၈) – အသက်ဆုံးရှုံးခဲ့တယ်။ အဲဒီထဲမှာ လူကုံထံအတန်းအစားက အရွယ်ရောက်တဲ့အခါ အရာရှိအရာခံဖြစ်ဖို့ကျိန်းသေတဲ့လူငယ်တွေဟာ စံနမူနာပြတဲ့အနေနဲ့ ရှေ့တန်းကနေ ထွက်တိုက်ကြရာမှာ အရင်ဆုံးစက်သေနတ်စာမိပြီး သေကြတယ်။ ၁၉၁၄ မှာ ဗြိတိသျှ စစ်တပ်မှာ ဝင်အမှုထမ်းတဲ့ အောက်စဖို့နဲ့ ကိန်းဘရစ်က အသက်နှစ်ဆယ့်ငါးနှစ်အောက် ကျောင်းသားလေးပုံတပုံလောက် သေဆုံးခဲ့တယ်။ ဂျာမန်စစ်သားတွေရဲ့ သေဆုံးအရေအတွက်က ပြင်သစ်တွေထက်တောင် များပေမယ့် စစ်မှုထမ်းနိုင်တဲ့အရွယ် လူငယ်အရေအတွက်ပိုများတာမို့ သေဆုံးသူရာခိုင်နှုန်းကတော့ ပြင်သစ်ထက်အများကြီး နည်းပြီး ၁၃ ရာခိုင်နှုန်းပဲရှိတယ်။ နောက်ဆုံး အကျအဆုံး နည်းပုံရတဲ့ အမေရိကန်စစ်သား အရေအတွက်ကိုက (၁၁၁,၆၀၀၀၊ ပြင်သစ် ၁.၆ သန်း၊ ဗြိတိသျှ ၈၀၀,၀၀၀ နီးပါး၊ ဂျာမန် ၁.၈ သန်းနဲ့ယှဉ်ကြည့်) အနောက်ဘက် စစ်မျက်နှာမှာရဲ့ အသေအပျောက်ကြမ်းပုံကို ပြသနေတယ်။ ဘာလို့ဆို အမေရိကန်တွေရဲ့ ဒုတိယကမ္ဘာစစ်မှာ ကျဆုံးသူအရေအတွက်ဟာ ပထမကမ္ဘာစစ်မှာ ကျဆုံးခဲ့သူအရေအတွက်ထက် ၂.၅ ဆ ကနေ ၃ ဆ ပိုများတယ် ဆိုပေမယ့် ၁၉၁၇၁၈ မှာ အမေရိကန် တပ်တွေတိုက်ရတဲ့ ကာလဟာ တနှစ်ခွဲသာသာပဲရှိပြီး ဒုတိယကမ္ဘာစစ်မှာ သုံးနှစ်ခွဲလောက်တိုက်ခဲ့ရတာဖြစ်တယ်။ ဒါ့အပြင် ဒုတိယကမ္ဘာစစ်မှာ အမေရိကန်စစ်သားတွေဟာ တကမ္ဘာလုံး နေရာအနှံ့တိုက်ရာမှာ ကျဆုံးခဲ့တာဖြစ်ပြီး အခု ပထမ ကမ္ဘာစစ်လို အနောက်ဘက်စစ်မျက်နှာ ကွက်ကွက်ကလေးမှာ ကျဆုံးခဲ့တာ မဟုတ်ဘူး။

အနောက်ဘက်စစ်မျက်နှာက စစ်ရဲ့ အနိဌာရုံတွေထဲမှာ သေဆုံးဒဏ်ရာရမှုတွေထက်တောင် အကျည်းတန်တဲ့ ဆိုးကျိုးတွေ ကျန်ခဲ့အုံးမှာဖြစ်တယ်။ စစ်တိုက်ဖူးလိုက်တာနဲ့ အဲဒိအတွေ့အကြုံက စစ်ပွဲနဲ့နိုင်ငံရေးနှစ်ခုစလုံးကို စက်ဆုပ်စရာ အကြမ်းဖက်မှု အသွင်ဆောင်လာစေတော့တယ်။ လူ့အသက်တွေနဲ့ တခြားဆုံးရှုံးမှုတွေကိုမတွက်ဘဲ စစ်တိုက်လို့တောင် ရသေးရင် နိုင်ငံရေးကိုရော အဲဒီလိုမျိုးမတွက်ဘဲ ဘာ့ကြောင့်လုပ်လို့မရဘဲနေမလဲ။ ပထမကမ္ဘာစစ်မှာ ဝင်တိုက်ခဲ့သူ အများစုဟာ (များသောအားဖြင့် စစ်မှုမထမ်းမနေရအမိန့်နဲ့ စစ်ထဲဝင်တိုက်ရသူတွေ)စစ်အပြီးမှာ စစ်ကို တူးတူးခါးခါး ရွံ့မုန်းသူတွေဖြစ်လာခဲ့တယ်။ သို့သော်လည်း ဒီလိုစစ်မျိုးကို မမုန်းတီးမိဘဲ ဖြတ်သန်းခဲ့သူ စစ်သားဟောင်းတွေဆီမှာတော့ ရှေ့တန်းမှာ သေခြင်းတရားနဲ့ သတ္တိနဲ့ နေထိုင်ခဲ့ရတဲ့ စုပေါင်းအတွေ့အကြုံတွေကနေ သူတို့စိတ်ထဲမှာ သူတို့ဟာ မိန်းမနဲ့ စစ်မတိုက်လိုက်ရသူတွေထက်မြတ်တယ်ဆိုတဲ့ ဘယ်လိုမှနားဝင်အောင်ပြောလို့မရတဲ့ ခက်ထန်မှုမျိုးတွေ အမြစ် တွယ်လာခဲ့ပြီး စစ်ပြီးခေတ် လက်ျာစွန်းရောက်တွေရဲ့ အစောပိုင်းရာထူးလက်ကိုင်ရှိတွေဆီမှာ ဒီလို စိတ်ဓာတ်မျိုးတွေကို တွေ့ရတယ်။ ပထမကမ္ဘာစစ်အတွင်း ရှေ့တန်းစစ်သား frontsoldat ဖြစ်ခဲ့ဖူးသူတွေရဲ့ ဘဝကို စစ်ကပေးတဲ့ အတွေ့အကြုံတွေက ပုံကြမ်းလောင်းခဲ့တယ်။ အဒေါ့ဟစ်တလာ Adolf Hitler ဟာ ဒီလို စစ်သားဟောင်းတယောက်ပဲ။ တဘက်မှာ စစ်ကိုရွံ့မုန်းလွန်းတဲ့စိတ်အခြေခံနဲ့လုပ်တဲ့ လုပ်ဆောင်ခဲ့မှုတွေကနေ ဆိုးကျိုးတွေ ဖြစ်ခဲ့တာလည်း ရှိတယ်။ ပထမကမ္ဘာစစ်အပြီးမှာ ၁၉၁၄ ၁၈ တုန်းကလို သွေးချောင်းစီးမှုကြီးတွေကို မဲဆန္ဒရှင်တွေက သည်းညည်းမခံတော့မှာကို နိုင်ငံရေးသမားတွေ အနည်းဆုံးဒီမိုကရေစီနိုင်ငံတွေမှာ ရှင်းရှင်းလင်းလင်း သိလာခဲ့တယ်။ ဗြိတိန်နဲ့ ပြင်သစ်ရဲ့ ၁၉၁၈ လွန် မဟာဗျူဟာဟာ အမေရိကန်ရဲ့ ဗီယက်နမ်စစ်လွန် မဟာဗျူဟာလို ဒီယူဆချက်ပေါ် အခြေပြုထားတယ်။ ရေတိုမှာတော့ ဒီစဉ်းစားချက်က ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၀ မှာ ဂျာမန်တွေကို အနောက်ဘက်မှာ ပြင်သစ်ကိုအနိုင်ရဖို့ အထောက်အကူဖြစ်စေခဲ့တယ်။ ပြင်သစ်ဟာခုခံမှုအား အပြည့်ဖြည့်မထားတဲ့ ခံတပ်နောက်မှာဘဲဝပ်နေဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဒီစစ်ကြောင်းတွေကျိုးသွားတာနဲ့ ပြင်သစ်တွေဟာ ဆက်တိုက်ဖို့ဆန္ဒမရှိတော့ဘူး။ တခါ ဗြိတိန်အနေနဲ့လည်း သူ့နိုင်ငံသားတွေ အမြောက်အမြား အသက်ဆုံးရှုံးခဲ့ရတဲ့ ၁၉၁၄ –၁၈ တုန်းကလို နောက်ထပ် မြေပြစ်စစ်ပွဲကြီးတခုတိုက်ရမှာကို အသည်းအသန်ရှောင်ရှားချင်နေတာမို့ ဂျာမနီကို ရေတိုမှာ အသာစီးရဖို့ အထောက်အကူ ဖြစ်စေခဲ့တယ်။ ရေရှည်မှာတော့ ဒီမိုကရေစီအစိုးရတွေအနေနဲ့ ကိုယ့်နိုင်ငံသားတွေရဲ့အသက်ကို ကယ်ဖို့ ရန်သူ့နိုင်ငံသားတွေရဲ့ အသက်ကို ဖက်ရွက်လိုသဘောမထားမိဖို့ မချုပ်တီးနိုင်ကြတော့ပါဘူး။ ၁၉၄၅ မှာ ဟီရိုရှီးမားနဲ့ နာဂါစာကီမြို့တွေပေါ် အနုမြူဗုံးကြဲချခဲ့တာဟာ အနုမြူဗုံးသုံးကိုသုံးမှ စစ်နိုင်မှာမို့ ကြဲဖို့ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်မျိုး မဟုတ်ဘူး။ အဲဒိအချိန်မှာ မဟာမိတ်တွေ စစ်နိုင်ဖို့က လုံးဝကိုကျိန်းသေနေပြီ။ ဒါပေမယ့် အမေရိကန်စစ်သားတွေရဲ့ အသက်တွေ ထပ်အဆုံးရှုံးမခံရစေဖို့ ကြဲခဲ့တာဖြစ်တယ်။ တဘက်မှာ အဏုမြူဗုံးကြဲလိုက်ရင် ဂျပန်အရေးနိမ့်မှုမှာ အမေရိကန်ရဲ့မဟာမိတ် ဆိုဗီယက်ပြည်ထောင်စု USSR နံမယ်ဝင်ယူမှာကို တားဆီးရာရောက်သွားနိုင်တဲ့ စဉ်းစားချက်ကလည်း အမေရိကန်အစိုးရဆီမှာ ရှိကောင်းရှိနေခဲ့မှာပဲ။

အနောက်ဘက်စစ်မျက်နှာမှာ သွေးချောင်းစီးပြီး မတိုးသာမဆုတ်သာ အနေအထားရောက်နေပေမယ့် အရှေ့ဘက်မှာတော့ အတိုးအဆုတ်က ဆက်ရှိနေတယ်။ စစ်စပြီး ပထမလမှာ ဂျာမနီကို သိမ်းဖို့ ဒယိမ်းဒယိုင် ချီတက်လာတဲ့ ရုသျှတပ်တွေကို တန်နင်ဘတ်စစ်ပွဲမှာ Tannenbergဂျာမနီက အလွယ်တကူပဲ အနိုင်ယူလိုက်နိုင်ပြီး နောက်ပိုင်းမှာလည်း သြစတြီးယားရဲ့ ထိရောက်တချက် မထိရောက်တချက်ဖြစ်နေတဲ့ အကူအညီနဲ့ ရုသျှကို ပိုလန်အပြင်ဘက်ကို မောင်းထုတ်နိုင်ခဲ့တယ်။ ရုသျှက ရံဖန်ရံခါဆိုသလို တန်ပြန်တိုက်စစ် ဆင်လေ့ရှိပေမယ့် အဲဒိဘက်မှာ ဗဟိုနိုင်ငံတွေအသာစီးရနေတာ ထင်ရှားတယ်။ ရုသျှအနေနဲ့ ဂျာမနီရဲ့ထိုးစစ်ကနေ တဆုတ်ထဲဆုတ်နေရတဲ့ သူ့တပ်တွေကို ခုခံပေးတဲ့စစ်လောက်သာ တိုက်နိုင်တယ်။ ဘော်ကန် Balkanဒေသမှာလည်း ဟာ့ဘတ် Habsburgအင်ပိုင်ယာရဲ့ စစ်ဆင်ရေးတွေဟာ နိုင်တလှည့်၊ ရှုံးတလှည့် ဆိုပေမယ့် ဒီဒေသကို ဗဟိုနိုင်ငံတွေကပဲ ချုပ်ထားတယ်။ အဲဒိမှာ ဗဟိုနိုင်ငံတွေနဲ့တိုက်နေတဲ့ ဒေသတွင်းက ဆားဘီးယားနဲ့ ရူမေးနီးယားတို့ဟာ ရာခိုင်နှုန်းအားဖြင့် အကြီးမားဆုံးစစ်ရေးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ မဟာမိတ်နိုင်ငံတွေက ဂရိကို သိမ်းထားပေမယ့် ဗဟိုနိုင်ငံတွေ ပြိုလဲချိန် ၁၉၁၈ နွေရာသီမတိုင်ခင်ထိ သိမ်းပိုက်နယ်မြေတွေကနေ ရှေ့ကို ဆက်မတိုးတော့ဘူး။ အဲ့လပ Alpsတောင်တန်းဒေသမှာ အီတလီက သြစတြီးယားဟန်ဂေရီအင်ပိုင်ယာနဲ့ စစ်မျက်နှာ တခုထပ်ဖွင့်ဖို့ စီစဉ်ပေမယ့် အီတလီစစ်သားအများစုက သူတို့နိုင်ငံအစိုးရလို့ သဘောမထားသလို သူတို့ဆီက လူအနည်းအကျဉ်းလောက်သာပြောနိုင်တဲ့စကားပြောတဲ့နိုင်ငံအစိုးရအတွက် စစ်တိုက်ပေးနေစရာအကြောင်းမရှိဘူးလို့ ယူဆတဲ့အတွက် ဒီအစီအစဉ် အရေးနိမ့်ခဲ့တယ်။ ၁၉၁၇ မှာ ကာပိုရက်တို Caporettoမှာ ကြုံခဲ့ရတဲ့ အန်းနက်ဟဲမင်းဝေး Ernest Hemmingway ရဲ့ လက်နက်တွေကိုလက်ပြနှုတ်ဆက်ခြင်း A Farewell to Armsဝထ္ထုမှာ ရေးသားဖော်ပြခဲ့တဲ့ စစ်ရေးအရေးနိမ့်မှုကြီးအပြီးမှာ မဟာမိတ်တွေရဲ့တပ်ကစစ်သားတွေကို အီတလီပို့ပြီး အားတောင်ဖြည့်ပေးခဲ့ရသေးတယ်။ ဒီအတောအတွင်း အနောက်ဘက်စစ်မျက်နှာမှာ ပြင်သစ်၊ ဗြိတိန်နဲ့ ဂျာမနီ သုံးနိုင်ငံ သွေးအလိမ်းလိမ်းနဲ့ ဘတပြန် ကျားတပြန် သတ်နေသလို ရုသျှမှာလည်း ထင်ထင်ရှားရှားကြီးကို အရေးနိမ့်လာနေတဲ့စစ်ကြောင့် ပိုပိုပြီး မတည်မငြိမ် ဖြစ်လာတယ်။ တခါ သြစတြီးယားဟန်ဂေရီအင်ပိုင်ယာဟာလည်း အင်ပိုင်ယာထဲက အမျိုးသားရေးလှုပ်ရှားမှုတွေ ဟိုးရှေးရှေးထဲက မျှော်လင့်တောင့်တနေသလို တစစီပြိုကွဲဖို့ ပိုပိုနီးစပ်လာခဲ့တယ်။ ဒါကို မဟာမိတ်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက စိတ်မပါ့တပါနဲ့လက်ခံထားပြီးဖြစ်သလို အနာဂတ်မှာတွေ့လာရမယ့် ဥရောပဟာ တည်ငြိမ်မှုမရှိမှာကိုလည်း ကြိုမြင်ထားကြပြီးသား ဖြစ်တယ်။

ရေတပ်တိုက်ပွဲတွေကလည်း အရှုံးအနိုင် အဖြေမထွက်နိုင်ဖြစ်နေချိန်မှာ အနောက်ဘက်မှာ အနိုင်မရဘဲ စစ်ကိုနိုင်မှာမဟုတ်တဲ့အတွက် အနောက်ဘက်စစ်မျက်နှာက မတိုးသာမဆုတ်သာအနေအထားကနေ ဘယ်လို ဖောက်ထွက်မလဲဆိုတာ နှစ်ဘက်စလုံးအတွက် အသည်းအသန်ပြဿနာဖြစ်နေတယ်။ ဂျာမန်ရေတပ်က နေရာကွက်ကျား ဝင်သိမ်းတဲ့အဖြစ်အပျက်တချို့တလေကလွဲလို့ သမုဒ္ဒရာရေပြင်ကို မဟာမိတ်တွေက စီးထားတယ်။ တဘက်မှာ မြောက်ပင်လယ် North Sea မှာ ဗြိတိသျှနဲ့ ဂျာမန်ရေတပ်ရင်ဆိုင်မိကြပြီး တဘက်က ကျန်တဘက်ကို မလှုပ်နိုင်အောင် ချုပ်ထားတယ်။ နှစ်ဘက် တိုက်ဖို့ (၁၉၁၆ မှာ) တခါပဲ ကြိုးစားကြပြီး အရှုံးအနိုင် အဖြေမထွက်ခဲ့ပေမယ့် ဂျာမန်ရေတပ် သင်းဘောတွေကို သူတို့စခန်းကနေ မခွာနိုင်အောင် ချုပ်ထားနိုင်တာမို့ စာရင်းချုပ်လိုက်ရင် မဟာမိတ်တွေဘက်က အသာစီးရလိုက်တယ်။

နှစ်ဘက်စလုံးက နည်းပညာကိုသုံးပြီး မတိုးသာမဆုတ်သာ အနေအထားကနေ ဖောက်ထွက်ဖို့ ကြိုးစားကြသေးတယ်။ ဓာတုဗေဒမှာ အမြဲတန်းအားကောင်းတဲ့ ဂျာမနီက စစ်မြေပြင်မှာ အဆိပ်ဓာတ်ငွေ့တွေ အသုံးပြုရာမှာ လူမဆန်သလောက် ထိရောက်မှုမရှိတာ တွေ့ခဲ့ရတာကြောင့် စစ်အပြီးမှာ စစ်ပွဲတွေမှာ ဓာတုလက်နက်တွေ အသုံးမပြုဖို့ ဂတိပြုကြတဲ့၊ အစိုးရတွေ တကယ့် လူသားချင်းစာနာစိတ်နဲ့ နှစ်နှစ်ကာကာဆန့်ကျင်ရှုတ်ချတဲ့ တခုတည်းသော စစ်တိုက်ပုံ တိုက်နည်းဖြစ်တဲ့ ၁၉၂၅ ဂျီနီဗာ ကွန်ဗင်းရှင်းဆိုပြီး ပေါ်ထွက်လာခဲ့တယ်။ တကယ်တမ်းမှာ အစိုးရအားလုံးက ဓာတုလက်နက်တွေအတွက် ဆက်လက်ပြင်ဆင်ပြီး ကိုယ့်ရန်သူက ဓာတုလက်နက်သုံးမယ်လို့ မှန်းခဲ့ကြပေမယ့် ဒုတိယကမ္ဘာစစ်အတွင်းမှာ နှစ်ဘက်စလုံးက ဓာတုလက်နက်တွေ မသုံးခဲ့ကြဘူးဆိုပေမယ့်လည်း ပြောခဲ့တဲ့ လူသားချင်းစာနာစိတ်က အီတလီကို သူကိုလိုနီပြုထားသူတွေကို ဓာတ်ငွေ့သုံးပြီးမတိုက်အောင် မတားနိုင်ခဲ့ဘူး။ (ဒုတိယကမ္ဘာစစ်အပြီးမှာ လူသားတွေရဲ့ကျင့်ဝတ်နှုန်းစံတွေ ဇောက်ထိုးဆင်းလာရာမှာ အဆိပ်ဓာတ်ငွေ့တွေကို ပြန်အသုံးပြုလာကြတယ်။ ၁၉၈၀ ဆယ်စုနှစ်တွေမှာ အီရန်နဲ့ အီရတ် စစ်ဖြစ်တော့ အနောက်နိုင်ငံတွေရဲ့ စိတ်အားထက်သန်ထောက်ခံမှုကိုရထားတဲ့ အီရတ်က အဆိပ်ဓာတ်ငွေ့တွေကို အတားအဆီးမရှိသုံးပြီး စစ်သားတွေရော အရပ်သားတွေကိုပါ တိုက်ခိုက်ခဲ့တယ်။) ဗြိတိသျှတွေက ချိန်းကြိုးနဲ့မောင်းရတဲ့ ကနေ့ထိ သူတို့ရဲ့ လျှို့ဝှက်နံမယ်ဖြစ်တဲ့ တင့်ကားဆိုပြီးတော့ပဲသိကြတဲ့ သံချပ်ကာကားတွေကို တီထွင်ကြံဆခဲ့ပေမယ့် အထင်ကြီးလေးစားစရာ မကောင်းလှတဲ့ ဗြိတိသျှဗိုလ်ချုပ်တွေက တင့်ကားတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သဘောမပေါက်ကြသေးဘူး။ ဂျာမနီရဲ့ ဆေးပြင်းလိပ်တိုပုံစံ ဟီလီယံဓာတ်ငွေ့ဖြည့်ထားတဲ့ လေသင်းဘောတွေအပါအဝင် နှစ်ဘက်စလုံးက ခနော်နီ ခနော်နဲ့ အဆင့်က မတက်သေးတဲ့ လေယာဉ်ပျံသစ်တွေကိုသုံးပြီး ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်တဲ့နည်းကို စမ်းသပ်ခဲ့ကြပေမယ့် ကံကောင်းထောက်မစွာဘဲ ထိရောက်မှု သိပ်မရှိတာတွေ့ခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်မှာတော့ အရပ်သားတွေကို အကြမ်းဖက်ခြောက်လှန့်တဲ့ အနေနဲ့ ဆင်နွှဲတဲ့ ဝေဟင်စစ်ပွဲကို တခါတွေ့ခဲ့ရတယ်။

၁၉၁၄ ၁၈ ကစစ်ပွဲတွေကို အဓိကသက်ရောက်မှုရှိစေခဲ့တဲ့ တခုတည်းသော နည်းပညာလက်နက်ကတော့ ရေငုတ် သင်းဘောပဲ။ နှစ်ဘက်စလုံးက ကိုယ့်ရန်သူတပ်သားတွေကို အနိုင်မတိုက်နိုင်တဲ့အခါမှာ ရန်သူ့ဘက်က အရပ်သားတွေကို အစာငတ် ရေငတ်ဖြစ်အောင် အကြံကုန်ဂဠုန်ဆားချက်လုပ်ကြတယ်။ ဗြိတိန်ရဲ့ ထောက်ပံ့ရေးပစ္စည်းအားလုံးဟာ ပင်လယ်ကလာတာမို့ ထောက်ပံ့ရေးသင်းဘောတွေကို ရေငုတ်သင်းဘောတွေနဲ့ ရက်ရက်စက်စက် စောင့်မြှုတ်ပစ်ပြီး ဗြိတိသျှကျွန်းစုတွေရဲ့ အသက်ရှုပေါက်ကိုပိတ်ဖို့ ဖြစ်နိုင်စရာရှိတယ်။ ဒီနည်းကို ထိထိရောက်ရောက် တန်ပြန်လုပ်ဆောင်နိုင်မယ့်နည်းလမ်းတွေကိုမတွေ့ခင် ၁၉၁၇ လောက်ထိတော့ ဒီစစ်ဆင်ရေးက အောင်မြင်လု နီးနီးဖြစ်ခဲ့ပေမယ့် တဘက်က အမေရိကန်ကိုပါစစ်ထဲပါလာအောင် လုပ်မိလျက်သား ဖြစ်သွားခဲ့တယ်။ တဘက်မှာ ဗြိတိသျှတွေကလည်း ဂျာမန်ထောက်ပံ့ရေး လမ်းကြောင်းတွေကိုပိတ်ဆို့ဖို့ တနည်းအားဖြင့် ဂျာမနီရဲ့ စစ်တွင်းကာလ စီးပွားရေးကိုရော၊ ဂျာမန်လူထုကိုပါ ရိက္ခာပြတ်အောင် အစွမ်းကုန်လုပ်တယ်။ ဒီနည်းလမ်းဟာ အောင်မြင်သင့်တာထက် တောင် အောင်မြင်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဂျာမနီရဲ့ စစ်တွင်းကာလစီးပွားရေးကိုစီမံခန့်ခွဲပုံဟာ ဂျာမန်တွေ ဂုဏ်ယူလေ့ရှိတဲ့ ထိရောက်မှု၊ ဓမ္မဓိဌာန်ကျမှုမျိုးနဲ့ခန့်ခွဲတာ မဟုတ်တဲ့အတွက်ပဲ။ ဒါကို နောက်ပိုင်းမှာ တွေ့ရမယ်။ တဘက်မှာ ဂျာမန်တွေရဲ့ စစ်ယန္တရားကတော့ ပထမကမ္ဘာစစ်မှာရော၊ ဒုတိယကမ္ဘာစစ်မှာပါ တခြားနိုင်ငံတိုင်းထက် အဆင်မြင့်တာ ထင်ရှားတယ်။ ဂျာမန်စစ်တပ်ရဲ့ စစ်အင်အားဟာ အဆင့်မြင့်လွန်းတဲ့အတွက် ၁၉၁၇ မှာ မဟာမိတ်တွေသာ အမေရိကန်ဆီက အကူအညီကို အကန့်အသတ် မရှိသလောက်ရတာမျိုး မရှိခဲ့ရင် ပထမကမ္ဘာစစ် အနိုင်အရှုံးကို ဂျာမန် စစ်အင်အားတခုထဲက အဆုံးအဖြတ်ပေးကောင်းပေးသွားနိုင်လောက်တယ်။ သြစတြီးယားနဲ့ မဟာမိတ်ပြုထားတာမို့ ခရီးမတွင် ဖြစ်နေတာတောင် အရှေ့ဘက်မှာ ဂျာမနီဟာ ရုသျှကို စစ်ထဲကမောင်းထုတ်ပြီး ၁၉၁၇ –၁၈ မှာ ရုသျှရဲ့ ဥရောပက ပိုင်နက်အတော်များများကို ရုသျှဆီကနေ ရယူနိုင်ခဲ့တယ်။ ရုသျှကို ဘရက်လစ်တော့ Brest-Litowsk စာချုပ် (၁၉၁၈ မတ်) ကို လက်မှတ်ထိုးခိုင်းပြီးနောက် အနောက်ဘက်ကို လွတ်လွတ်လပ်လပ် အာရုံပြန်စိုက်လာနိုင်တဲ့ ဂျာမန်စစ်တပ်ဟာ အနောက်ဘက်စစ်မျက်နှာကို ထိုးဖောက်ပြီး ပါရီကို တခါချီတက်လာပြန်တယ်။ အမေရိကန်ရဲ့ လက်နက် အင်အား၊ လူအင်အား အကူအညီနဲ့လှိမ့်ခံနိုင်တဲ့အတွက် မဟာမိတ်နိုင်ငံတွေ နလံပြန်ထူလာနိုင်ပေမယ့် တချိန်မှာ အရှုံးအနိုင် ဘယ်လိုမှ မသဲကွဲတဲ့ အနေအထားရောက်နေပုံရတာကို တွေ့ခဲ့ရတယ်။ သို့သော်လည်း ဒီစစ်ဆင်ရေးဟာ စစ်ပန်းနေတဲ့ ဂျာမနီရဲ့ နောက်ဆုံးကြိုးပမ်းမှုသာသာပဲ။ ၁၉၁၈ နွေရာသီမှာ မဟာမိတ်တွေ အရှေ့ဘက်ကို စထိုးဖောက်တာနဲ့ စစ်ရဲ့ အနိုင်အရှုံးဟာ သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ အဖြေထွက်သွားတော့တယ်။ ဗဟိုနိုင်ငံတွေ အရှုံးပေးလိုက်ရရုံမက အုပ်ချုပ်မှုပါပျက်ပြီး ပြိုကွဲသွားတော့တယ်။ ၁၉၁၇ မှာ ရုသျှတနိုင်ငံလုံးမှာ လက်ရှိအုပ်ချုပ်မှုကို အမြစ်ပြတ်တွန်းလှန်ပစ်တဲ့ တော်လှန်ရေးဖြစ်ခဲ့သလို ၁၉၁၈ ဆောင်းဉီးပေါက်ချိန်မှာ ဥရောပအရှေ့တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသအနှံ့မှာ လက်ရှိ အစိုးရတွေကို ဖြုတ်ချပစ်ခဲ့တဲ့ တော်လှန်ရေးတွေ ဖြစ်ပွားခဲ့တယ်။ ပြင်သစ်နယ်စပ်ကနေ အရှေ့ဘက် ဂျပန်ပင်လယ် Sea of Japan ထိ ဘယ်အစိုးရမှမခံနိုင်ပဲ ပြုတ်ကျသွားခဲ့တယ်။ အနိုင်ရတဲ့ နိုင်ငံတွေမှာလည်း အီတလီကိုဖယ်ပြီး ဗြိတိန်နဲ့ ပြင်သစ်တို့သာ အရေးနိမ့်ခဲ့ရင် သူတို့လက်ရှိနိုင်ငံရေးပုံစံအတိုင်း ဆက်ရှိနေမှာမဟုတ်ဘူးဆိုတာကို ယုံဖို့ခက်ပေမယ့် အနိုင်ရတဲ့နိုင်ငံကြီးတွေတောင် တုန်လှုပ်သွားတယ်။ စစ်ရှုံးတဲ့နိုင်ငံတွေမှာတော့ တော်လှန်ရေးမဖြစ်တဲ့နိုင်ငံ တနိုင်ငံမှ မကျန်ခဲ့ဘူး။

အကယ်၍များ အတိတ်မှာ ထင်ရှားခဲ့တဲ့ဝန်ကြီးတွေ၊ ဒါမှမဟုတ် သံတမန်ကြီးတွေ ဆိုလိုတာက သက်ဆိုင်ရာနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးဌာနတွေမှာ တနေ့ ရာထူးကြီးတွေကို ဆက်ခံမယ့်အလားအလာရှိတဲ့အမှုထမ်းတွေ အတုယူကြဖို့ စံနမူနာပြခံရတဲ့ တယ်လီရမ်း Talleyrand တို့လို၊ ဘိစမတ် Bismark တို့လို ပုဂ္ဂိုလ်ကြီးတွေထဲက တယောက်ယောက်များ သင်္ချိုင်းကပြန်ထလာပြီး ပထမကမ္ဘာစစ်ကို မြင်တွေ့ခွင့်ရမယ်ဆိုရင် အဲဒိအချိန်က စဉ်းစဉ်းစားစား ဆင်ဆင်ခြင်ခြင် လုပ်ကိုင်တတ်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ စစ်က ၁၉၁၄ မှာ တည်ရှိခဲ့တဲ့ ကမ္ဘာ့အဆောက်အအုံကြီးကို ဖျက်ဆီးမပစ်ခင်မှာ ညှိညှိနှိုင်းနှိုင်းနဲ့ ပြေလည်မှုရအောင်ယူဖို့ ဘာကြောင့်မဆုံးဖြတ်ခဲ့ကြသလဲဆိုတာ ကျိန်းသေ သိချင်ကြမှာဘဲ။ ကျနော်တို့လည်း ဒါကို သိချင်ကြရလိမ့်မယ်။ အတိတ်မှာဖြစ်ခဲ့တဲ့ တော်လှန်စစ်မဟုတ်တဲ့ non-revolutionary war ဒါမှမဟုတ် အယူဝါဒကွဲပြားမှုကိုအခြေခံပြီးတိုက်တဲ့စစ်မျိုးမဟုတ်တဲ့ non-ideological war စစ်ပွဲတွေထဲမှာ အများစုဟာ တဘက်က တဘက်ကိုလုံးဝဥဿုံ နလံပြန်မထူနိုင်အောင်တိုက်နိုင်ရင်တိုက် မတိုက်နိုင်ရင် မတိုက်နိုင်တဲ့ဘက်က နလံပြန်မထူတော့ပဲခံရမယ့်စစ် ဒါမှမဟုတ် သေတာနဲ့ အကြွင်းမဲ့အနိုင်ရတာနဲ့ တခုခုကိုပဲ အပြတ်ရွေးရမယ့်စစ်မျိုး မဟုတ်ကြဘူး။ တိုင်းပြည်ထဲက ပြည်သူလူထုရဲ့ သဘောထားကို စည်းရုံးလှုံ့ဆော်ပြီးမှ စစ်တိုက်လို့ရမယ့် အနေအထားမျိုးမှာ တနိုင်ငံလုံး၊ တမျိုးသားလုံး လက်ခံထားတဲ့ စံနှုန်းစံထားတွေ နက်နက်ရှိုင်းရှိုင်း စိန်ခေါ်ခံနေရပြီဆိုပြီး ဥပမာ ဂျာမန်ယဉ်ကျေးမှုကို ရုသျှအရိုင်းအစိုင်းတွေလက်က ကာကွယ်ကြတို့၊ နောက်တခါ ပြင်သစ်၊ အင်ဂလိပ်ဒီမိုကရေစီကို ဂျာမန်အကြွင်းမဲ့ဝါဒရန်ကကာကွယ်ကြတို့လို စစ်တိုက်လို့ရရုံ အပြိုင်ကြွေးကြော် ကြတာမျိုးကလွဲလို့ ၁၉၁၄ မှာ စစ်ဖြစ်ကြတဲ့ နိုင်ငံတွေကြားက ပဋိပက္ခဟာ အယူဝါဒရေးရာ ပဋိပက္ခ လုံးဝမဟုတ်ဘူး။ဒါ့အပြင် စစ်ရှုံးခါနီးမှာ ပိုပိုသွေးပျက်လာပြီး ကိုယ့်မဟာမိတ်တွေကို စစ်ပြေငြိမ်းဖို့ အသီးသီးနားချနေတဲ့ ရုသျှနဲ့ သြစတြီးယားဟန်ဂေရီနှစ်နိုင်ငံအပြင် တခြားနိုင်ငံတွေမှာလည်း တနည်းနည်းနဲ့စေ့စပ်ပြီး စစ်ပြေငြိမ်းဖို့တင်ပြလာတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အဲဒိတုန်းကရှိခဲ့တယ်။ ဒီတော့ ဘာဖြစ်လို့ နှစ်ဘက်စလုံးကဉီးဆောင်နိုင်ငံတွေက ပထမကမ္ဘာစစ်ကို ချုပ်လိုက်ရင်အမြတ်မကျန်တဲ့စစ် zero-sum game အဖြစ် ဆိုလိုတာက အပြည့်အဝအနိုင်ရရင်ရ မဟုတ်ရင် အပြည့်အဝ အရှုံးပေးရတဲ့စစ်အဖြစ် သဘောထား တိုက်ခဲ့ကြတာလဲ။

အကြောင်းရင်းကတော့ ပထမကမ္ဘာစစ်ဟာ ရည်မှန်းချက် တိတိကျကျထား၊ ရည်မှန်းချက်အကန့်အသတ်ထားတိုက်တဲ့ သူ့အရင်စစ်တွေလိုမဟုတ်ဘဲ ရည်မှန်းချက်အကန့်အသတ်မထားဘဲ တိုက်ကြတဲ့စစ်မို့လို့ပဲ။ အင်ပိုင်ယာခေတ် Age of Empire မှာ နိုင်ငံရေးနဲ့ စီးပွားရေးဟာ တဆက်တစပ်ထဲ၊ တပေါင်းတစည်းထဲ ရောယှက်သွားပြီ။ နိုင်ငံအချင်းချင်းကြား နိုင်ငံရေးအရ ပြိုင်ဆိုင်မှုပုံစံဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေးအရယှဉ်ပြိုင်မှုပုံစံကိုယူထားတယ်ဆိုပေမယ့် ဒီယှဉ်ပြိုင်မှုပုံစံရဲ့ အဓိကသရုပ်သကန်က ပြိုင်ဆိုင်မှုအကန့်အသတ်မရှိတာပဲ။ စတန်းဒတ်ရေနံကုမ္ပဏီ Standard Oil တို့၊ ဂျာမန်ဘဏ် Detusch Bank တို့၊ ဒီဘီးယားစိန်လုပ်ငန်းကော်ပိုရေးရှင်း De Beers Diamond Corporation တို့လို ကုမ္ပဏီကြီးတွေရဲ့ သဘာဝနယ်စည်း natural frontiers ဟာ စကြာဝဠာရဲ့အဆုံးမှာ ဒါမှမဟုတ်သူတို့ရဲ့တိုးချဲ့နိုင်စွမ်း ကန့်သတ်ခံရတဲ့နေရာထိ ကျယ်တာကလား (Hobsbawm၊ ၁၉၈၇၊ စာ ၃၁)။ ပိုပြီး တိတိကျကျပြောရရင် ဂျာမနီက ဗြိတိန် လောလောဆယ်ရထားတဲ့ ကမ္ဘာ့နိုင်ငံရေးအဆင့်အတန်းနဲ့ ကမ္ဘာ့ရေကြောင်းအဆင့်အတန်းကို ဝင်ယူချင်နေပြီး အဲဒီလိုသာ ဝင်ယူလိုက်နိုင်ရင် စကတည်းက တဖြည်းဖြည်းချင်းကျလာနေတဲ့ ဗြိတိန်ရဲ့အဆင့်အတန်းကို အလိုအလျောက် လျှောကျသွားစေမှာမို့ အဓိကပြိုင်ဘက်နှစ်နိုင်ငံဖြစ်တဲ့ ဂျာမနီနဲ့ ဗြိတိန်တို့အတွက် ရည်မှန်းချက်ဆိုတာဟာ အကန့်အသတ်မရှိပေဘူး။ နိုင်ရင်နိုင် မနိုင်ရင်အရှုံးပေးရမယ့် အနေအထားမျိုးဖြစ်တယ်။ ပြင်သစ်ရဲ့ကြေးကတော့ ကမ္ဘာနဲ့ချီပြီးမကြီးပေမယ့် သူ့ဟာနဲ့သူလည်း ရေးကြီးခွင်ကျယ်နိုင်လှတယ်။ အဲဒါတွေကတော့ ဂျာမနီနဲ့ ယှဉ်လိုက်ရင် ရှောင်လွဲလို့ရပုံမပေါ်တဲ့ တနေ့တခြားကြီးထွားလာနေတဲ့လူဉီးရေနဲ့ စီးပွားရေးအရ ပိုပိုနောက်ကောက်ကျလာမှုကို အဖတ်ဆယ်ဖို့ပဲ။ ဒီနေရာမှာလည်း အဓိကကိစ္စက ပြင်သစ်ဟာ အနာဂတ်မှာ နိုင်ငံကြီးအဖြစ် ဆက်ရှိနေရေးနဲ့ဆိုင်တဲ့ ကိစ္စပဲ။ နှစ်နိုင်ငံစလုံးအတွက်က ဂျာမနီနဲ့ စေ့စပ်သဘောတူညီမှုယူနိုင်ရင်တောင် စစ်မဖြစ်အောင် ခဏဆိုင်းရုံသာ ဆိုင်းထားနိုင်မှာ။ ဒီနေရာမှာ တချို့က ဂျာမနီအနေနဲ့ သူ့ရဲ့ကြီးထွားလာတဲ့အရွယ်အစားနဲ့ အဆင့်အတန်းက ဂျာမန်အစိုးရတွေ သူတို့နိုင်ငံနဲ့ ထိုက်တန်တဲ့၊ အနှေးနဲ့အမြန်ရောက်မှာ ကျိန်းသေတယ်လို့ယူဆတဲ့ အနေအထားတခုကို မတည်ဆောက်နိုင်ခင်အထိ စောင့်လို့ရနိုင်သားပဲလို့ ယူဆကောင်းယူဆကြမယ်။ တကယ်တမ်းကြည့်မယ်ဆိုရင်လည်း ဥရောပမှာ စစ်နှစ်ကြိမ်ရှုံးထားပြီး အမှီအခိုကင်းတဲ့စစ်အင်အားမရှိတဲ့ ၁၉၉၀ ဆယ်စုနှစ်အစောပိုင်းနှစ်တွေကဂျာမနီရဲ့ အထက်စီးရထားတဲ့ အနေအထားကို စစ်ဝါဒကျင့်သုံးတဲ့ ၁၉၄၅ မတိုင်ခင်ကဂျာမနီရဲ့ တောင်းဆိုမှုတွေလောက် စိန်ခေါ် စောဒက မတက်ကြဘူး။ ဒါကလည်း ဗြိတိန်နဲ့ပြင်သစ်တို့ဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ သူတို့လက်မခံချင်တောင် လက်မခံလို့မရတဲ့ ဒုတိယတန်းစားနိုင်ငံတွေအဆင့်ကိုလက်ခံလာရသလို စီးပွားရေးတောင့်လှပါတယ်ဆိုတဲ့ အနောက်ဂျာမနီ Federal Germany အတွက်ကလည်း ၁၉၄၅ နောက်ပိုင်းကာလမှာ သူ့တနိုင်ငံထဲအင်အားနဲ့ ကမ္ဘာကို ကြီးစိုးဖို့မဖြစ်နိုင်တာ၊ ကမ္ဘာကိုကြီးစိုးဖို့ထိ သူ့အင်အားကိုမချဲ့သင့်တာကို သဘောပေါက်လာတဲ့အတွက်ပဲ။ ဧကရာဇ်ဝါဒနဲ့ ဧကရာဇ်နိုင်ငံကြီးတွေ အထွတ်အထိပ်ကိုရောက်နေတဲ့ ၁၉၀၀ ဆယ်စုနှစ်တွေမှာတော့ ဂျာမန်တွေရဲ့ ကမ္ဘာမှာ ဘယ်သူမှ မရဖူးတဲ့အဆင့်အတန်းမျိုးကို (ဂျာမန်စိတ်ဓာတ်က တကမ္ဘာလုံးကို ပြန်လည်နိုးထ သက်ဝင်စေလိမ့်မယ်ဆိုတဲ့ အပြောလို) တောင်းဆိုမှုနဲ့ ဥရောပကိုဗဟိုပြုထားဆဲဖြစ်တဲ့ကမ္ဘာမှာ အင်အားကြီးနိုင်ငံတွေအဖြစ် ဘယ်လိုမှငြင်းမရတဲ့ ပြင်သစ်နဲ့ အင်ဂလိပ်တို့ရဲ့ ဂျာမနီရဲ့တောင်းဆိုမှုကို ငြင်းဆန်မှုတွေဟာ မပြောင်းမလဲဆက်ရှိနေခဲ့တယ်။ စာရွက်ပေါ်မှာတော့ စစ်စဖြစ်ဖြစ်ချင်းဆိုသလို နှစ်ဘက်စလုံးက ဘဝင်လေဟပ်ပြီးချရေးထားတဲ့ စစ်ရေးရည်မှန်းချက်တွေထဲက တချို့အချက်တွေမှာ စေ့စပ်ဖို့ဖြစ်နိုင်မှာဘဲ။ ဒါပေမယ့် တကယ့်လက်တွေ့မှာစဉ်းစားကြတဲ့ တခုတည်းသော စစ်ရေးရည်မှန်းချက်ကတော့ ဒုတိယကမ္ဘာစစ်မှာ ခြွင်းချက်မရှိ လက်နက်ချမှု‘ uncoditional surrenderအဖြစ်သိလာကြတဲ့ အကြွင်းမဲ့အနိုင်ရရှိရေးပဲ။

ခြွင်းချက်မရှိလက်နက်ချရေးရည်မှန်းချက်ဟာ စစ်နိုင်သူတွေအတွက်ရော စစ်ရှုံးသူတွေအတွက်ပါ ကိုယ့်ကိုကိုယ်ပြန် အရေးနိမ့်စေတဲ့၊ အဓိပ္ပါယ်မရှိတဲ့ ရည်မှန်းချက်ပဲ။ စစ်ရှုံးတဲ့နိုင်ငံတွေမှာ တော်လှန်ပုန်ကန်မှုတွေကို ဖြစ်ပွားစေသလို စစ်နိုင်တဲ့နိုင်ငံတွေကိုလည်း မွဲပြာကျပြီး အင်အားချိနဲ့ဆုတ်ယုတ်သွားစေတယ်။ ပြင်သစ်ဆိုရင် ၁၉၁၄ –၁၈ မှာ သွေးအန်ပြီး သေလုနီးနီးအခြေဆိုက်ခဲ့တဲ့အတွက် ၁၉၄၀ မှာ သူ့လောက်အင်အားမကောင်းတဲ့ ဂျာမန်တပ်တွေက သူ့ကို ချွေးတောင်မထွက်လိုက်ဘဲ အလျင်အမြန်သိမ်းပစ်နိုင်ခဲ့ပြီး ဟစ်တလာရဲ့လက်အောက်ခံအဖြစ်ကို တုံ့ဆိုင်းမနေတော့ဘဲ လက်ခံခဲ့တယ်။ ဗြိတိန်နိုင်ငံဆိုရင်လည်း စီးပွားအပျက်ခံပြီး သူတတ်နိုင်တာထက် အဆပေါင်းများစွာပိုကုန်ကျတဲ့ စစ်ကို တိုက်ခဲ့တဲ့အတွက်ကြောင့် ၁၉၁၈ နောက်ပိုင်း ဗြိတိန်ဟာ အဲဒီ့မတိုင်ခင်ဗြိတိန်နဲ့ ဘာမှမဆိုင်တော့ဘူး။ ဒါ့အပြင် တဘက်သတ်ဒဏ်ခပ်ထားတဲ့ငြိမ်းချမ်းရေးစာချုပ်တွေနဲ့ တရားဝင်အောင်လုပ်ထားတဲ့အကြွင်းမဲ့အနိုင်ရရေးဟာ ဘောဂ ဗေဒပညာရှင် ဂျွန်မေနတ်ကီး John Meynard Keynes ချက်ချင်းမြင်သလို တည်ငြိမ်တဲ့၊ လစ်ဘရယ်ကျတဲ့၊ ဘူဇွာဆန်တဲ့ ဥရောပစီးပွားရေးပုံစံကို ပြန်တည်ဆောက်နိုင်ဖို့ မဆိုစလောက်သာရှိတဲ့အခွင့်အရေးတွေကို ဖျက်ဆီးပစ်လိုက်တယ်။ ဂျာမနီကို ဥရောပစီးပွားရေးစနစ်ထဲမှာ တစုတစည်းထဲပြန်ဖြစ်အောင်မလုပ်ဘဲ တနည်းအားဖြင့် ဥရောပစီးပွားရေးစနစ်မှာ ဂျာမနီရဲ့ စီးပွားရေးအင်အားကိုအသိအမှတ်မပြုလက်မခံဘဲ တည်ငြိမ်မှုဆိုတာမဖြစ်နိုင်ဘူး။ ဒါပေမယ့်လည်း ဒီအချက်ဟာ ဂျာမနီကို အမြစ်ပြတ်အောင်တိုက်ခဲ့သူတွေ လက်မခံချင်ဆုံးအချက် ဖြစ်ခဲ့တယ်။

ပထမကမ္ဘာစစ်မှာ အောင်ပွဲခံလိုက်တဲ့ အဓိကနိုင်ငံကြီးတွေ (အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ အီတလီ) အတင်းအကြပ် လက်မှတ်ထိုးခိုင်းတဲ့၊ များသောအားဖြင့် ဗာဆိုင်းစာချုပ် (တကယ်က ဗာဆိုင်းစာချုပ်က ဂျာမနီတနိုင်ငံထဲနဲ့ ချုပ်တဲ့စာချုပ်၊ ကျန်တဲ့ စစ်ရှုံးနိုင်ငံတွေနဲ့ချုပ်တဲ့စာချုပ်တွေကို ပြင်သစ်က ပန်းခြံတွေ၊ တော်ဝင်အဆောက်အအုံတွေရဲ့ နံမယ်တွေကို အစွဲပြုပြီး ခေါ်ဆိုခဲ့တယ်။ သြစတြီးယားနဲ့ချုပ်ဆိုတဲ့ စာချုပ်ကို စိန့်ဂျာမိန်း St Germain စာချုပ်၊ ဟန်ဂေရီနဲ့ချုပ်တဲ့စာချုပ်ကို ထြီယန်နွန် Trianon စာချုပ်၊ တူရကီနဲ့ချုပ်တဲ့ စာချုပ်ကို ဆူဗာ Sevres၊ ဘူဂေးရီးယားနဲ့ချုပ်တဲ့ စာချုပ်ကို နူးယီလNeuilly ဆိုပြီးခေါ်ကြတယ်။) ဆိုပြီးသိကြတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ဟာ အချက်ငါးချက်ကို အဓိကစဉ်းစားပြီး ချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်တယ်။ လက်ငင်းအကျဆုံး အချက်က ဥရောပကအစိုးရတွေပြိုကွဲလာနေမှုနဲ့ ရုသျှမှာ တကမ္ဘာလုံးကအစိုးရတွေကို ပြုတ်ကျအောင် အားသွန်ခွန်စိုက်လုပ်မယ့်၊ တကမ္ဘာလုံးကတော်လှန်ရေးအင်အားစုတွေကို အဓိကစွဲဆောင်နေတဲ့ တော်လှန်တဲ့ ဘော်ရှီဗစ်အင်အားစုတွေ ပေါ်ထွန်းလာတဲ့အချက်ပဲ (အခန်း ၂ ကိုကြည့်)။ ဒုတိယစဉ်းစားချက်က မဟာမိတ် အင်အားစုကြီးတခုလုံးကို တနိုင်ငံထဲနဲ့ အနိုင်ရလုနီးနီးထိ အင်အားတောင့်တင်းခဲ့တဲ့ ဂျာမနီကို ထိန်းချုပ်ဖို့လိုတယ်ဆိုတဲ့ စဉ်းစားချက်။ တတိယတချက်က ဂျာမနီကို အင်အားချိနဲ့သွားအောင်၊ နောက်တခါ ရုသျှ၊ ဟာ့ဘတ်နဲ့ အော်တိုမန်း Ottoman အင်ပိုင်ယာတို့ စစ်ရှုံးပြီးတခါထဲပြိုလဲသွားပြီးနောက် ဥရောပနဲ့ အရှေ့အလယ်ပိုင်း Middle East မှာ လစ်လပ်သွားတဲ့ ကွက်လပ်ကြီးတွေကိုဖြည့်ရအောင် ဥရောပမြေပုံကို ပြန်ရေးဆွဲရမယ်ဆိုတဲ့ စဉ်းစားချက်။ အသစ်ပေါ်လာမယ့်နိုင်ငံတွေမှာ အုပ်ချုပ်သူနေရာတွေကို အဓိကဆက်ခံသူတွေဟာ အနည်းဆုံးဥရောပမှာဆိုရင် အမျိုးမျိုးသောအမျိုးသားရေးလှုပ်ရှားမှုတွေဖြစ်ပြီး ဘော်ရှီဗစ်တွေကို အတိုင်းအတာတခုထိဆန့်ကျင်သူဆိုရင် စစ်နိုင်နိုင်ငံတွေက အားပေးမြှောက်စားချင်ကြတယ်။ တကယ်တမ်းမှာလည်း ဥရောပမြေပုံကိုပြန်ဆွဲတဲ့အခါ အခြေခံမူတခုက နိုင်ငံတိုင်းမှာ ကိုယ့်ကြမ္မာကိုယ်ပြဌာန်းခွင့် right to self-determination ရှိတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့အညီ ဘာသာစကားတစကားထဲပြောသူတွေနဲ့ စုဖွဲ့စည်းထားတဲ့နိုင်ငံတွေ ethnic-linguistic nation states တွေ ဖန်တီးဖို့ပဲ။ စစ်ရဲ့အနိုင်အရှုံးကို အဆုံးအဖြတ်ပေးလိုက်တဲ့ အမေရိကန်နိုင်ငံရဲ့သဘောထားကို ဖော်ပြသူလို့မြင်ကြတဲ့ အမေရိကန်သမ္မတ ဝီလဆင် Wilson က ကိုယ့်ကြမ္မာကိုယ်ပြဌာန်းခွင့်ကို နှစ်နှစ်ကာကာယုံကြည်တယ်။ ဒီလို ယုံကြည်ချက်မျိုးကို သက်ဆိုင်ရာဒေသတွေရဲ့ ဘာသာစကားနဲ့ လူမျိုးစုတွေရဲ့လက်တွေ့အခြေအနေနဲ့ ethnic and lignuistic relities1အလှမ်းဝေးသူတွေအဖို့ အလွယ်တကူ လက်ကိုင်ပြုနိုင်ကြမှာပဲ။ အခုလည်းအလားတူပဲ။ ဒီလိုနဲ့ ဒီဒေသတွေမှာ တိတိကျကျ စိတ်ပိုင်းဖန်တီးထားတဲ့ အမျိုးသားနိုင်ငံတွေပေါ်ထွက်လာတယ်။ ဒါပေမယ့် ပြောခဲ့သလိုနိုင်ငံဖွဲ့စည်းပေးဖို့ကြိုးပမ်းမှု လုံးဝပျက်ပြားခဲ့တာကို ဥရောပမှာ ၁၉၉၀ ဆယ်စုနှစ်တွေမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကနေ တွေ့နိုင်တယ်။ ၁၉၉၀ ဆယ်စုနှစ်တွေမှာ ဥရောပကုန်းမြေကို အကွဲကွဲအပြဲဖြစ်စေခဲ့တဲ့ အမျိုးသားရေးပဋိပက္ခတွေဟာ ဗာဆိုင်းကပြဿနာတွေရဲ့ ဆိုးကျိုးတွေကို တခါပြန်မြင်ကြရတာပဲဖြစ်တယ်။ (ယူဂိုစလပ် ပြည်တွင်းစစ်၊ စလိုဗက်ကီးယားက ခွဲထွက်ရေးမငြိမ်သက်မှု၊ အရင် ဆိုဗီယက်ပြည်ထောင်စုကနေ ဘောလတစ်နိုင်ငံတွေ Balticခွဲထွက်မှု၊ ထရန်စီဗေးနီးယား Transylvaniaကို အကြောင်းပြုပြီး ဟန်ဂေရီနဲ့ ရူမေးနီးယားတို့ရဲ့ ပဋိပက္ခ၊ အရင် ဘက်စရားဘီးယား Bessarabia လို့သိကြတဲ့ မော်ဒိုဗာကခွဲထွက်ရေးဝါဒနဲ့ သူ့ကိုအကြောင်းပြုဖြစ်လာတဲ့ ကော့ကေးရှန်းဒေသတဝှမ်း Transcaucasianက အမျိုးသားရေးဝါဒတွေဟာ ပေါက်ကွဲနိုင်တဲ့ ပြဿနာကြီးတွေဖြစ်ပြီး ဒီပြဿနာတွေဟာ ၁၉၁၄ မတိုင်ခင်ကမရှိခဲ့၊ ဒါမှမဟုတ် ရှိစရာအကြောင်းမရှိတဲ့ပြဿနာတွေပဲ။) အရှေ့အလယ်ပိုင်းမြေပုံကိုပြန်ဆွဲတော့လည်း ပါလက်စတိုင်းကလွဲပြီး ကျန်တဲ့နိုင်ငံတွေအားလုံးကို ဗြိတိန်နဲ့ပြင်သစ်တို့ရဲ့ သမားရိုးကျဧကရာဇ်လိုင်းနဲ့အညီ ပြန်ရေးဆွဲခဲ့တယ်။ စစ်ဖြစ်ချိန်မှာ နိုင်ငံတကာမှာရှိနေတဲ့ ဂျူးတွေရဲ့ ထောက်ခံမှုကို မရမှာစိုးရိမ်နေတဲ့ ဗြိတိသျှအစိုးရက ဂျူးတွေအတွက် နေစရာအိမ်တခုဖန်တီးပေးမယ်ဆိုပြီး ဝေဝေဝါးဝါးနဲ့ ခပ်ပေါ့ပေါ့ ကတိပေးလိုက်တဲ့အတွက် ပါလက်စတိုင်းကတော့ ဝေစုခွဲတဲ့ထဲ မပါခဲ့ဘူး။ ဒါကလည်း ပထမကမ္ဘာစစ်ရဲ့ မမေ့နိုင်စရာ နောက်ဆက်တွဲပြဿနာတခုဖြစ်ဖို့ ဖြစ်လာခဲ့တယ်။

စတုထ္ထ စဉ်းစားချက်က စစ်နိုင်တဲ့နိုင်ငံတွေရဲ့ (ဆိုလိုတာ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်) ပြည်တွင်းနိုင်ငံရေးနဲ့ ဒီနိုင်ငံတွေကြား ဆက်ဆံရေးအဖုအထစ်တွေနဲ့ ပတ်သက်တယ်။ ဒီပြည်တွင်းနိုင်ငံရေး အလျှော့အတင်းလုပ်ကြရာကနေ ထွက်လာတဲ့ အရေးကြီးဆုံးအကျိုးဆက်တခုကတော့ အမေရိကန်ကွန်ဂရက်က သူတို့သမ္မတ အဓိကရေးဆွဲထားတဲ့ ဒါမှမဟုတ် သူတို့သမ္မတအတွက် အဓိကရေးဆွဲထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဥပဒေဖြစ်အောင် တရားဝင် အတည်မပြုပေးတဲ့အတွက် နောက်ဆုံးမှာ အမေရိကန်ဟာ ဒီသဘောတူညီချက်ကနေ နှုတ်ထွက်သွားပြီး နက်ရှိုင်းတဲ့ အကျိုးဆက်တွေ ကျန်ခဲ့တယ်။

နောက်ဆုံးတချက်အနေနဲ့ ကမ္ဘာကို ရက်ရက်စက်စက်ဖျက်ဆီးသွားပြီး အကျိုးဆက်တွေကိုလည်း ပတ်ပတ်လည်မှာ မြင်နေရတဲ့ ပထမကမ္ဘာစစ်လိုစစ်မျိုး နောက်မဖြစ်အောင် တားဆီးမယ့် ငြိမ်းချမ်းရေး သဘောတူညီချက်မျိုးချုပ်နိုင်အောင် စစ်နိုင်တဲ့နိုင်ငံတွေက အသည်းအသန်ကြိုးစားကြတယ်။ ဒီကြိုးစားချက်တွေ တစက်ဆို တစက်မှမအောင်မြင်ခဲ့ဘူး။ အနှစ်နှစ်ဆယ်အတွင်းမှာ ကမ္ဘာစစ်ကြီး နောက်တခု ထပ်ဖြစ်ပြန်တယ်။

တော်လှန်ပုန်ကန်ရေးကို အားပေးအားမြှောက်ပြုတဲ့ရုသျှသာ မပြိုကွဲဘဲ ရှင်သန်တည်တံ့လာရင် (၁၉၁၉ မှာ ရုသျှတော်လှန်ရေး အောင်မြင်မယ်လို့ အတပ်မပြောနိုင်သေးဘူး။) သူ့ကိုကိုင်တွယ်ဖို့ လက်ငင်းလုပ်နိုင်တဲ့ တခုတည်းသောနည်းက ကွန်မြူနစ်ဆန့်ကျင်တဲ့ နိုင်ငံတွေကိုကြားခံထားပြီး (ခေတ်ပြိုင်သံတမန်လောကစကားနဲ့ cordon sanitaire လို့ခေါ်တဲ့) ဒီကြားခံစင်္ကြန်ဒေသ အရှေ့ဘက်မှာ ရုသျှကိုသီးသန့်ထားထားရင် ကမ္ဘာကို ဘော်ရှီဗစ်ဝါဒ အန္တရယ်က ကာကွယ်ရာရောက်သလို ဥရောပမြေပုံကို ပြန်ရေးဆွဲပြီးသားလည်း ဖြစ်သွားမယ်။ နောက်တခါ ဒီနိုင်ငံတွေရဲ့ နယ်မြေအစိတ်အပိုင်း အားလုံးနီးနီးလောက်ဟာ အရင်ရုသျှပိုင်နက်ကနေ ဖဲ့ထုတ်ထားတာမို့ ဒီနိုင်ငံတွေက ရုသျှကို ရန်မလိုမှာ မမုန်းတီးမှာကိုလည်း ပူစရာမလိုတော့ဘူး။ ဒီနိုင်ငံတွေကတော့ မြောက်ဘက်ကနေ တောင်ဘက်ကို အစဉ်အတိုင်း ကြည့်ရင် လီနင်ကခွဲထွက်ခွင့်ပြုခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဖင်လန် Finland၊ နောက် ဘောလတစ် Baltic ဒေသက သမ္မတနိုင်ငံသစ် သုံးခု (Estonia အက်စတိုးနီးယား၊ Latviaလတ်ဗီယား၊ Lithuianiaလစ်သူယေးနီးယား) ပေါ်လာတယ်။ အခုလို သမ္မတနိုင်ငံသစ် ပေါ်လာတာ အရင်က မရှိခဲ့ဖူးဘူး။)နောက်တခါ နှစ်ပေါင်း ၁၂၀ အကြာမှာ လွတ်လပ်တဲ့နိုင်ငံ တခါပြန်ဖြစ်လာတဲ့ ပိုလန်နဲ့ ဟာ့ဘတ် Habsburgအင်ပိုင်ယာနဲ့ အရင်ရုသျှပိုင် ဘက်စရားဘီးယားက သြစတီးယားနဲ့ဆိုင်တဲ့ အစိတ်အပိုင်းနဲ့ ဟန်ဂေရီနဲ့ဆိုင်တဲ့ အစိတ်အပိုင်းတွေကိုပေါင်းထည့်လိုက်တာမို့ ဧရိယာ အကျယ်အဝန်း နှစ်ဆကြီးလာတဲ့ရူမေးနီးယား။ တကယ်တမ်းမှာ အခုပြောတဲ့ နယ်မြေအများစုကို ဂျာမနီက ရုသျှဆီက ဖဲ့ယူထားတာဖြစ်ပြီး ဘော်ရှီဗစ် တော်လှန်ရေးသာမဖြစ်ခဲ့ရင် ရုသျှကို ပြန်ပေးမှာ ကျိန်းသေသလောက်ရှိတဲ့ နယ်မြေတွေ ဖြစ်တယ်။ ကော့ကေးဆပ်ဒေသမှာ ဆိုဗီယက်ရုသျှကို ကြားခံနိုင်ငံတွေနောက်မှာ သပ်သပ်ခြားထားဖို့ ဆက်ကြိုးစားပေမယ့် တော်လှန်ပုန်ကန်ရေးလိုလားတဲ့ရုသျှက ကွန်မြူနစ်မဟုတ်ပေမယ့် ပြင်သစ်နဲ့ ဗြိတိသျှနယ်ချဲ့တွေကို မနှစ်သက်တဲ့၊ တော်လှန်ပုန်ကန်ရေးလိုလားသူမဟုတ်တဲ့ တူရကီနဲ့ အပေးအယူတည့်သွားတော့ ဒီအစီအစဉ် မအောင်မြင်ခဲ့ဘူး။ အဲဒိအတွက် ဘရက်လစ်တော့ Brest Litowsk သဘောတူညီချက်နဲ့ အာမီးနီးယား Armenia နဲ့ ဂျော်ဂျီယာ Georgia နိုင်ငံနှစ်နိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံတွေအဖြစ် ခဏပေါ်လာတယ်။ နောက်တခါ ရေနံပေါကြွယ်ဝတဲ့ အဇာဘိုင်ဂျန် Azerbaijan ကို ဆွဲထုတ်ဖို့ ဗြိတိသျှလက်အောက်မှာ အကြိမ်ကြိမ်ကြိုးစားပေမယ့် ၁၉၁၈ –၂၀ ရုသျှပြည်တွင်းစစ်မှာ ဘော်ရှီဗစ်တွေအနိုင်ရမှုနဲ့ ၁၉၂၁ ဆိုဗီယက်တူရကီ စာချုပ်တွေချုပ်ပြီးနောက်မှာ အဇာဘိုင်ဂျန် လွတ်လပ်ရေး ပျက်ပြားခဲ့တယ်။ အတိုချုပ်ရရင် ဥရောပအရှေ့ဘက်မှာ ဂျာမနီက ရုသျှအတွက်သတ်မှတ်တဲ့ နယ်မြေပိုင်ဆိုင်မှု အနေအထားကို မဟာမိတ်တွေထိန်းချုပ်နိုင်မှုအပြင်ဘက်မှာရှိတဲ့တပ်တွေက ထိန်းချုပ်လို့မရအောင်မလုပ်သရွေ့ ဒီအနေအထားကို မဟာမိတ်တွေက လက်ခံထားတယ်။

ပြောခဲ့သလိုစိတ်ပိုင်းပြီးတာတောင် ဥရောပက အဓိကအားဖြင့် အရင်သြစတီးယားဟန်ဂေရီအင်ပိုင်ယာထဲက တချို့အပိုင်းကြီးတွေရဲ့နယ်နမိတ်ကို ထပ်ဆွဲဖို့ကျန်နေသေးတယ်။ သြစတီးယားနဲ့ ဟန်ဂေရီကို ဂျာမန်စကားပြောတဲ့ အပိုင်းနဲ့ မဂ္ဂရာ Magyar (ဟန်ဂေရီ) စကားပြောတဲ့အပိုင်းဆိုပြီးခွဲလိုက်တယ်။ နောက်တခါ အရင် သြစတီးယားထဲမှာရှိနေတဲ့ စလိုဗီးနီးယား Slovenia ရယ်၊ ဟန်ဂေရီထဲက ခရိုအေးရှား Croatia ရယ်၊ နောက် သိုးကျောင်းတဲ့အလုပ်လုပ်ကိုင်ကြတဲ့၊ တိုင်းရင်းသားလူမျိုးစုတစုနဲ့စုဖွဲ့ထားပြီးဘုရင်စနစ်ကျင့်သုံးတဲ့၊ လွတ်လပ်တဲ့ နိုင်ငံလေးဖြစ်တဲ့ မွန်တီနီးဂရိုး Montenegroရယ် သုံးခုကို ဆားဘီးယားနဲ့ပေါင်းပြီး ယူဂိုစလားဗီးယားဆိုပြီး လုပ်လိုက်တယ်။ အရင်လွတ်လပ်တဲ့နိုင်ငံအဖြစ်နေနေရတဲ့၊ တောတောင်ထူထပ်တဲ့ မွန်တီနီးဂရိုးမှာနေထိုင်သူတွေက သူတို့ လွတ်လပ်ရေး ဆုံးရှုံးတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ သူရဲကောင်းစိတ်ဓာတ်ကိုချီးမြှောက်တယ်လို့ သူတို့မြင်တဲ့ ကွန်မြူနစ်ဝါဒကို အစုလိုက် အပြုံလိုက် ပြောင်းကြတယ်။ ဒီလူမျိုးစုတွေကို ရုသျှနဲ့ နီးစပ်စေတဲ့ နောက်အကြောင်းတခုက မဲနက်နေတဲ့တောင်တန်း Black Mountainတွေမှာ နေထိုင်တဲ့ ဒီလူမျိုးစုတွေဟာ ရုသျှတွေ ကိုးကွယ်တဲ့ အော်သိုဒေါ့ Orthodoxဝါဒကို ကိုးကွယ်ယုံကြည်သူတွေဖြစ်ပြီး ဒီအယူဝါဒကိုလက်မခံတဲ့ တူရကီလူမျိုးတွေရန်ကနေ ဒီဝါဒကို ရာစုနှစ်နဲ့ချီ ကာကွယ်စောင့်ရှောက်လာတဲ့အတွက်ပဲ။ တခါ ဟာ့ဘတ်အင်ပိုင်ယာရဲ့ အရင်အကြီးစားစက်မှုလုပ်ငန်းတွေ တည်ရှိရာဒေသဖြစ်တဲ့ ချက်ဒေသ Czech lands နဲ့ အရင်ဟန်ဂေရီအောက်က စလိုဗက် Slovek နဲ့ ရူသီးနီးယန်း Ruthenian ဒေသတွေကို ပေါင်းပြီး ချက်ကိုစလိုဗက်ကီးယား Czechkoslovakiaဆိုတဲ့ နိုင်ငံသစ်ပေါ်လာတယ်။ ရူမေးနီးယားကတော့ လူမျိုးပေါင်းစုံရောပြွန်းပြီးဖွဲ့စည်းထားတဲ့ နိုင်ငံကြီးတနိုင်ငံအဖြစ်ပေါ်ထွန်းလာသလို ပိုလန်နဲ့ အီတလီတို့လည်း ဒီမြေပုံပြန်ဆွဲမှုကနေ အသီးသီး အမြတ်ထွက်ခဲ့ကြတယ်။ ယူဂိုစလားဗီးယားနဲ့ ချက်ကိုစလိုဗါးကီးယား နှစ်နိုင်ငံကို နိုင်ငံအဖြစ်ဖန်တီးမှုမျိုးဟာ အရင်သမိုင်းမှာ တကြိမ်တခါမှ မရှိဖူးတဲ့အပြင် ဘာအဓိပ္ပါယ်မှလည်းမရှိဘူး။ ပိစိညှောက်တောက်နိုင်ငံလေးတွေ မွစိကြဲနေတာကို အလိုမရှိမှုနဲ့ လူမျိုးကွဲပေမယ့် တနိုင်ငံထဲမှာစုပြီး ဘုံနိုင်ငံသား၊ ဘုံလူမျိုးစု common ethnicity ဆိုတဲ့ သဘောတရားရဲ့အားနဲ့ နိုင်ငံတည်ဆောက်နိုင်မယ်ဆိုပြီး ယုံကြည်တဲ့ အမျိုးသားရေးအယူအဆကနေ တည်ဆောက်ယူထားတဲ့ နိုင်ငံတွေဖြစ်တယ်။ တောင်ပိုင်းစလပ် Southern Slavs တွေအားလုံးကို (ယူဂိုစလပ်လို့အဓိပ္ပါယ်ရ) တနိုင်ငံထဲစုထည့်လိုက်သလို ချက်နဲ့ စလိုဗက်ဒေသတွေက အနောက်ပိုင်းစလပ်တွေကိုလည်း နောက်တနိုင်ငံမှာစုထည့်လိုက်တယ်။ ဒီလိုအတင်းအကြပ်ပေးစားရာကနေ ပေါ်ထွက်လာတဲ့ နိုင်ငံရေးအိမ်ထောင်တွေဟာ တချို့မှန်းသလို ကြာကြာမခံတာတွေ့ခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် သြစတြီးယားနဲ့ ဟန်ဂေရီကလွဲပြီး ရုသျှ ဒါမှမဟုတ် ဟာ့ဘတ်အင်ပိုင်ယာကနေဖဲ့ထုတ်ပြီး အသစ်ပေါ်လာတဲ့ နိုင်ငံလေးတွေဟာ လူမျိုးစုစုံလင်မှုအပိုင်းမှာ သူတို့နေရာမှာ အရင်ရှိခဲ့တဲ့ နိုင်ငံတွေထက်တော့ မလျော့ဘူး။

ဂျာမနီကို ရာသက်ပန် ချိနဲ့သွားစေဖို့ စစ်နဲ့ စစ်ကြောင့်ဖြစ်လာတဲ့ အကျိုးဆက်အားလုံးအတွက် စစ်ရှုံးနိုင်ငံတွေမှာသာ တာဝန်ရှိတာကြောင့် တနိုင်ငံလုံး တာဝန်ယူရမယ်ဆိုတဲ့ ကျိုးကြောင်းပြဆိုချက်နဲ့ တရားထူထောင်ထားတဲ့၊ ငြိမ်းချမ်းရေး ပြစ်ဒဏ် penal peace ကို ဂျာမနီကို အတင်းလက်ခံခိုင်တယ်။ အယ်ဆေးစနဲ့ လော်ရိန်း Alsace-Lorraineနယ်တွေကို ပြင်သစ်ကပြန်ယူတယ်၊ အရှေ့ဘက်က နယ်မြေအတော်များများကို အသစ်ပေါ်ထွန်းလာတဲ့ ပိုလန်နိုင်ငံထဲ ထည့်လိုက်သလို (ပရပ်ရှားအရှေ့ပိုင်း East Prussia နဲ့ ဂျာမနီတနိုင်ငံလုံးကို ပိုလန်စင်္ကြန်ဒေသ Polish Corridor နဲ့ခြားထားလိုက်တယ်။) ဂျာမနီနဲ့ထိစပ်နေတဲ့ နယ်နမိတ်တွေကိုလည်း အနည်းအပါးအတိုးအလျှော့လုပ်တာရှိပေမယ့် ဂျာမနီပိုင်မြေတွေကို ဒီလိုခွဲစိတ်ပစ်တဲ့နည်းနဲ့ ဒီပြစ်ဒဏ်ကို ကျခံစေတာ သိပ်အလုပ်မဖြစ်ဘူး။ ဒီတော့ ဂျာမန်ကြည်းတပ်ကို စစ်သည် ၁၀၀,၀၀၀ ထက်ပိုထားခွင့်မပြု၊ လေတပ်နဲ့ ရေတပ် ထိထိရောက်ရောက်တိုးချဲ့ခွင့်မပြုတဲ့အပြင် သီအိုရီအားဖြင့် ရာသက်ပန် စစ်လျှော်ကြေးပေးဆပ်နေရအောင် (စစ်နိုင်နိုင်ငံတွေရဲ့ စစ်အတွက် ကုန်ကျရတဲ့စရိတ်) စီစဉ်ပြီး ဂျာမနီကို ရာသက်ပန် ချိနဲ့သွားအောင် ကြိုးစားခဲ့တယ်။ ဂျာမနီနိုင်ငံအနောက်ပိုင်းမှာ စစ်နိုင်နိုင်ငံတွေတပ်စွဲထားသလို ပင်လယ်ရပ်ခြားက ဂျာမနီရဲ့ ကိုလိုနီအားလုံးကိုလည်းသိမ်းပစ်ခဲ့တယ်။ (ဒီကိုလိုနီတွေကို ဗြိတိသျှနဲ့ သူတို့ရဲ့ဒိုမီနီယန်နိုင်ငံတွေ၊ နောက် ပြင်သစ်တို့ခွဲယူကြတယ်။ ဂျပန်လည်း အတိုင်းအတာတခုထိရလိုက်တယ်။ ဒါပေမယ့် ဧကရာဇ်ဝါဒကို သဘောမကျသူတွေ များလာတဲ့အတွက် ဒီနယ်မြေတွေကို ကိုလိုနီလို့ မခေါ်ကြတော့ဘဲ ခေတ်နောက်ကျတဲ့ နိုင်ငံတွေကလူသားတွေ တိုးတက်လာအောင် ဧကရာဇ်နိုင်ငံကြီးတွေကို ကမ္ဘာ့လူသားတွေက တာဝန်လွှဲအပ်ထားတာမို့ ဒီနိုင်ငံကြီးတွေက နိုင်ငံငယ်လေးတွေကို တခြားရည်ရွယ်ချက်တခုခုအတွက် သွေးစုပ်အမြတ်ထုတ်ဖို့ အိပ်မက်တောင်မက်မှာ မဟုတ်ဘူးဆိုတဲ့ သဘောသက်ရောက်စေတဲ့နံမယ်ဖြစ်တဲ့ မန်းဒိတ် mandates လို့ခေါ်တယ်။)ဒါပေမယ့် ၁၉၃၀ ဆယ်စုနှစ်လယ်လောက်လည်းကျရော နယ်မြေပိုင်ဆိုင်မှုနဲ့ဆိုင်တဲ့ စာပိုဒ်တချို့တလေလောက်ကလွဲပြီး ဗာဆိုင်းစာချုပ်ထဲမှာ ဘာမှမကျန်တော့ဘူး။

ကမ္ဘာစစ်နောက်တခုမဖြစ်အောင်ဟန့်တားဖို့ ဆွဲထားတဲ့အစီအမံတွေနဲ့ပတ်သက်လို့ ဥရောပအင်အားကြီးနိုင်ငံတွေ တစုတစည်းထဲပါတဲ့အဖွဲ့တဖွဲ့နဲ့ ဒီလိုအစီအမံမျိုးကို ရေးဆွဲချမှတ်ခဲ့ရမှာဖြစ်ပေမယ့် ၁၉၁၄ မတိုင်ခင်မှာကို ဒီလိုအဖွဲ့မျိုးက လုံးဝပြိုကွဲသွားတယ်။ အဲဒိမှာ ပရင်စတန် Princeton တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင်တယောက်ရဲ့ လစ်ဘရယ်ရူး ရူးနေတဲ့ အကြံပေးချက်နဲ့ အမေရိကန်သမ္မတဝီလဆင်က ပြဿနာတွေကို ထိန်းမနိုင်သိမ်းမရဖြစ်တဲ့အခြေအနေထိ မရောက်အောင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီနည်းနည်းနဲ့ဖြေရှင်းမယ့် လွတ်လပ်တဲ့နိုင်ငံပေါင်းစုံပါဝင်တဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီး League of Nations ဆိုပြီး ဖွဲ့ဖို့ ခေါင်းမာတဲ့ ဥရောပနိုင်ငံရေးသမားတွေကို တိုက်တွန်းတယ်။ စစ်ကြောင့် ပုံမှန်ဆွေးနွေးနေကြ အပြည်ပြည်ဆိုင်ရာဆွေးနွေးညှိနှိုင်းမှုတွေကို လျှို့ဝှက်သံတမန်နည်းလမ်းတွေအဖြစ် သံသယရှိလာကြတာမို့ ဖြစ်နိုင်ရင် လူသိရှင်ကြားစေ့စပ်ဆွေးနွေးတဲ့နည်း (ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီးရလာတဲ့ လူသိရှင်ကြား သဘောတူညီချက်တွေ) နဲ့ ရှင်းကြဖို့ တိုက်တွန်းကြတယ်။ ဒါကလည်း စစ်ဖြစ်နေတုန်းမှာ မဟာမိတ်တွေ အချင်းချင်းစာချုပ်ချုပ်ပြီး စစ်ပြီးရင် ဥရောပနဲ့အရှေ့အလယ်ပိုင်းကို အဲဒီဒေသတွေမှာ နေထိုင်နေသူတွေရဲ့ ဆန္ဒ၊ အကျိုးစီးပွား စတာတွေကို အံ့အားသင့်စရာကောင်းလောက်အောင် တစက်ဆို တစက်ကလေးမှ ထည့်မတွက်ဘဲ သူတို့အချင်းချင်းကြားမှ ဝေစားမျှစားလုပ်ဖို့လောက်ကိုသာ စဉ်းစားပြီးချုပ်ဆိုထားတဲ့ စာချုပ်မျိုးတွေ ထပ်မချုပ်ဖြစ်အောင် တန်ပြန်လုပ်ဆောင်တာပဲ။ ဇာဘုရင်တွေရဲ့ မှတ်တမ်းဟောင်းတွေထဲမှာ အဲဒီလိုစာချုပ်တွေကို ဘော်ရှီဗစ်တွေ ရှာတွေ့ပြီးနောက် တကမ္ဘာလုံးသိသွားအောင် ဖွင့်ချလိုက်တဲ့အတွက် အင်ပိုင်ယာနိုင်ငံကြီးတွေ နံမယ်မပျက်ရအောင် ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တောင်းဆိုခဲ့ကြသေးတယ်။ တကယ်တော့ ငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့ တစိတ်တဒေသအဖြစ် နိုင်ငံပေါင်းချုပ်အသင်းကြီးကို ဖွဲ့တာဖြစ်ပြီး စာရင်းအင်းကောက်တဲ့အလုပ်ကလွဲလို့ ကျန်တာဘာမှ အောင်အောင်မြင်မြင် မလုပ်နိုင်တာ တွေ့ခဲ့ရတယ်။ စပေါ်လာပြီးပြီးချင်းမတော့ အာလန်းကျွန်းစုများ Aland Islands ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဆွီဒင်နဲ့ဖင်လန်တို့ရဲ့ အငြင်းပွားမှုလို ကမ္ဘာငြိမ်းချမ်းရေးကို ဘာမှမထိခိုက်လောက်တဲ့ အငြင်းပွားမှုတခုနှစ်ခုလောက်ကို ပြေလည်အောင်လုပ်ပေးနိုင်တာတော့ ရှိခဲ့တယ်။ အမေရိကန်က နိုင်ငံပေါင်းချုပ် အသင်းကြီးမှာ ပါဖို့ ငြင်းဆန်တဲ့အတွက် ဒီအဖွဲ့ကြီးရှိနေတာ ဘာအဓိပ္ပါယ်မှ မရှိသလို ဖြစ်ခဲ့တယ်။

ဗာဆိုင်းစာချုပ်ဟာ တည်တံ့တဲ့ငြိမ်းချမ်းရေးရဖို့အတွက် အခြေခံကောင်းဘယ်လိုမှမဖြစ်နိုင်တာကိုမြင်ဖို့ စစ်ကြီး နှစ်ခုကြားက အဖြစ်အပျက်တွေရဲ့ အသေးစိတ်ကို လေ့လာကြည့်ဖို့တောင်မလိုလှဘူး။ စကတည်းက ဒီစာချုပ်ဟာ ပျက်နေပြီးသားပြီမို့ နောက်စစ်တခုဖြစ်မှာ ကျိန်းသေသလောက်ပဲ။ အပေါ်မှာပြောခဲ့သလို အမေရိကန်က ချက်ချင်းဆိုသလို စာချုပ်ကနေ ထွက်သွားတယ်၊ နောက်တခါ ဥရောပကို ဗဟိုမပြုတော့တဲ့ကမ္ဘာမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံကိုယ်တိုင် ဝင်ပြီးအာမမခံတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်မျိုးဟာ မြဲနိုင်စရာမရှိဘူး။ နိုင်ငံရေးတင်မက စီးပွားရေး ကိစ္စရပ်တွေမှာလည်း အဓိကအင်အားကြီးနိုင်ငံတွေမပါတဲ့သဘောတူညီချက်မျိုး မမြဲနိုင်တာ နောက်ပိုင်း ကျနော်တို့ တွေ့ရမယ်။ ဥရောပတင်မက ကမ္ဘာမှာပါ အဓိကအင်အားကြီးနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ ဂျာမနီနဲ့ဆိုဗီယက်ရုသျှကို ကမ္ဘာ့ကစားပွဲကြီးကနေ ထုတ်ပစ်လိုက်ရုံမက လွတ်လပ်တဲ့နိုင်ငံတွေအဖြစ် တည်ရှိမနေဘူးလို့တောင် ယူဆထားလိုက်ကြတယ်။ ဒီနှစ်နိုင်ငံထဲက တနိုင်ငံငံ ဒါမှမဟုတ် နှစ်နိုင်ငံစလုံး ကစားပွဲထဲ ပြန်ဝင်လာတာနဲ့ ဗြိတိန်နဲ့ ပြင်သစ်နှစ်နိုင်ငံထဲကို အခြေခံထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ဟာ အီတလီကလည်း စိတ်တိုင်းမကျတာမို့ တည်တံ့နိုင်စရာ မရှိတော့ဘူး။ သိပ်မကြာခင်မှာဘဲ ဂျာမနီ ဒါမှမဟုတ် ရုသျှ၊ ဒါမှမဟုတ် နှစ်နိုင်ငံစလုံးဟာ အဓိက ကစားသမားတွေအဖြစ် မလွဲမသွေ ပြန်ပေါ်လာမှာဘဲ။

ပထမကမ္ဘာစစ်မှာ စစ်ရှုံးနိုင်ငံတွေကို ကမ္ဘာ့စီးပွားရေးစနစ်ထဲမှာတစုတစည်းထဲပြန်ပါနိုင်အောင်လုပ်ဖို့ကို စစ်နိုင်နိုင်ငံတွေက လက်မခံတာက ငြိမ်းချမ်းရေးအတွက် မဆိုစလောက်လေးရှိတဲ့ အခွင့်အလမ်းလေးကို ပျက်စီးသွားစေခဲ့တယ်။ ဂျာမနီကို လုံးဝဖိနှိပ်ထားဖို့နဲ့ ဆိုဗီယက်ရုသျှကို နိုင်ငံတကာ အသိုင်းအဝိုင်းကနေ လုံးဝဖယ်ထုတ်ထားဖို့ဟာ ဘယ်လိုမှ မဖြစ်နိုင်တာ ထင်ရှားလာတယ်ဆိုပေမယ့် အရှိကိုအရှိအတိုင်း လက်ခံဖို့ ဝန်လေးခဲ့၊ နှေးနှေးခဲ့ကြတယ်။ အထူးသဖြင့် ပြင်သစ်ဆိုရင် ဂျာမနီကို ချိနဲ့ပြီး ဘာမှမလုပ်နိုင်အောင် ထိန်းချုပ်ထားနိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက်ကို နောက်ဆုံးကျမှ စိတ်မပါ့တပါနဲ့ စွန့်လွှတ်ခဲ့တယ်။ (ဗြိတိသျှတွေကတော့ အကျူးကျော်ခံရတဲ့၊ စစ်ရှုံးတဲ့အတွေ့အကြုံမရှိတော့ ဒီလိုအတွေ့အကြုံရဲ့ ခြောက်လှန့်တာမျိုး မခံရဘူး။) ဆိုဗီယက်ယူနီယံကျပြန်တော့ စစ်နိုင်နိုင်ငံတွေက သူ့ကိုမရှိရင်ကောင်းမှာဘဲလို့ သဘောထားသလို ရုသျှပြည်တွင်းစစ်တုန်းက တန်ပြန်တော်လှန်ရေးအင်အားစုတွေကို စစ်တပ်ပါလွှတ်ပြီး ထောက်ခံခဲ့တာမို့ ဆိုဗီယက်ယူနီယံ ရှင်သန်ရုန်းထလာတာကို အသိအမှတ်ပြုဖို့ စိတ်ပါမှုမပြကြဘူး။ စစ်၊ တော်လှန်ရေးနဲ့ ပြည်တွင်းစစ်ကြောင့် ပျက်စီးလုနီးနီး ဖြစ်ခဲ့တဲ့ စီးပွားရေးကို ဘယ်နည်းနဲ့ဖြစ်ဖြစ် ပြန်ထနိုင်အောင် အသည်းအသန် ကြိုးစားနေတဲ့ လီနင်က ပြည်ပရင်းနှီးမြှတ်နှံသူတွေကို အများကြီးမှ အများကြီးလိုက်လျောထားတဲ့ အလျှော့ပေးမှုတွေနဲ့ ကမ်းလှမ်းခဲ့တာကိုတောင် နိုင်ငံခြားကစီးပွားရေးသမားတွေကပယ်ချခဲ့တယ်။ နောက်ဆုံး ၁၉၂၀ ဆယ်စုနှစ် အစောပိုင်းနှစ်တွေမှာ ဥရောပမှာ စည်းအပြင်ရောက်နေတဲ့ ဆိုဗီယက်ရုသျှနဲ့ ဂျာမနီတို့ နိုင်ငံရေးအကြောင်းပြုပြီး နီးစပ်လာတယ်ဆိုပေမယ့်လည်း ဆိုဗီယက်ရုသျှဟာ ဘယ်သူ့အကူမှမရဘဲ ကမ္ဘာ့စီးပွားရေးအသိုင်းအဝိုင်း အပြင်ဘက်ကနေ ဖွံ့ဖြိုးတိုးတက်အောင် ကိုယ့်ဟာကိုယ် ကြိုးစားရတော့တယ်။

ကြွယ်ဝတိုးတက်မှုနဲ့ ဖွံဖြိုးမှုအတွက် ကမ္ဘာလုံးဆိုင်ရာစနစ်တခုအဖြစ်နဲ့ စစ်မဖြစ်ခင်ကစီးပွားရေးပုံစံကို ပြန်ဖော်ဆောင်နိုင်မယ်ဆိုရင် နောက်စစ်ကြီးတခုကို ရှောင်ချင်ရှောင်နိုင်မယ်၊ ဒါမှမဟုတ် ချက်ချင်းပြန်မဖြစ်အောင် ဆိုင်းထားလို့ ရကောင်းရနိုင်အုံးမယ်။ သို့သော်လည်း ၁၉၂၀ ဆယ်စုနှစ်ရဲ့ အစောပိုင်းနှစ်တွေမှာ စစ်နဲ့ စစ်ပြီးအပျက်အစီးတွေကနေ ကျော်လွှားနိုင်ပုံရနေချိန်မှာဘဲ ကမ္ဘာ့စီးပွားရေးဟာ စက်မှုတော်လှန်ရေးနောက်ပိုင်း အကြီးဆုံးနဲ့ ကမောက်ကမ အဖြစ်ဆုံး အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတယ် (အခန်း ၃ ကိုကြည့်)။ ဒီဖြစ်ရပ်ကြောင့် လက်ရှိ အကျပ်အတည်းကနေ ဖောက်ထွက်ဖို့လုပ်တဲ့အခါ စေ့စပ်ဆွေးနွေးတဲ့နည်းမဟုတ်ဘဲ လိုအပ်ရင် တမင်ထိပ်တိုက် ရင်ဆိုင်တဲ့နည်းကိုအသုံးပြုဖို့ ပိုင်းဖြတ်ထားတဲ့ စစ်ဝါဒနဲ့ လက်ျာစွန်းရောက်တွေရဲ့ နိုင်ငံရေးအင်အားစုတွေ ဂျာမနီနဲ့ ဂျပန်မှာ အာဏာရလာခဲ့တယ်။ အဲဒိအချိန်ကစပြီး ကမ္ဘာစစ်နောက်တခုထပ်ဖြစ်မှာကို ဟောကိန်းထုတ်လို့ရရုံမက ဟောကိန်းထုတ်တာတွေ မကြာခဏ ရှိလာတယ်။ ၁၉၃၀ ဆယ်စုနှစ်တွေမှာ အရွယ်ရောက်လာသူတွေက နောက်စစ်ကြီးတခု ဖြစ်မယ်လို့ တွက်ထားကြတယ်။ မြို့ကြီးတွေပေါ် လေယာဉ်ပျံတွေနဲ့ဗုံးတွေကြဲချနေတဲ့ပုံရိပ်တွေ၊ အိပ်မက်ဆိုးတွေထဲမှာ တွေ့ရတတ်တဲ့ မျက်နှာကိုဓာတ်ငွေ့မျက်နှာဖုံးစွပ်ပြီး အဆိပ်ဓာတ်ငွေ့တွေကြားမှာ မျက်မမြင်တွေလို စမ်းတဝါးဝါးနဲ့ လျှောက်သွားနေသူတွေရဲ့ပုံရိပ်တွေဟာ ကျနော့မျိုးဆက်ကိုခြောက်လှန့်နေတယ်။ ပထမပုံရိပ်တွေအတိုင်း အပြင်မှာ မြင်လာရပေမယ့် ဒုတိယပုံရိပ်တွေကတော့ ယောင်မှားပြီးမြင်ရတဲ့ပုံရိပ်တွေ။

ဒုတိယကမ္ဘာစစ်ကိုဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေနဲ့ပတ်သက်ပြီးရေးသားထားတဲ့ သမိုင်းစာအုပ်အရေအတွက်ဟာ ပထမကမ္ဘာစစ်ကိုဖြစ်စေတဲ့ အကြောင်းရင်းတွေအကြောင်းရေးထားတဲ့ သမိုင်းစာအုပ်တွေလောက် မများဘူး။ ဒါကလည်း ရှင်းတယ်။ ရှားမှရှားတဲ့ ခြွင်းချက်တချို့တလေကလွဲပြီး လေးလေးနက်နက် သဘောထားခံရတဲ့ ဘယ်သမိုင်းဆရာမဆို ဂျာမနီ၊ ဂျပန်နဲ့ (မပါချင့်ပါချင်ပါလာတဲ့) အီတလီ သုံးနိုင်ငံဟာ ရန်စကျူးကျော်သူတွေဆိုတာကို သံသယမရှိကြဘူး။ အရင်းရှင်ပဲနိုင်ငံပဲဖြစ်ဖြစ်၊ ဆိုရှယ်လစ်နိုင်ငံပဲဖြစ်ဖြစ် ဒီနိုင်ငံသုံးနိုင်ငံနဲ့ တိုက်ရဖို့ စစ်ထဲပါလာတဲ့နိုင်ငံတွေဟာ စစ်မတိုက်ချင်ကြဘူး၊ အများစုဟာ စစ်ကိုရှောင်ရှားဖို့ အစွမ်းကုန်ကြိုးစားကြတယ်။ ဒုတိယကမ္ဘာစစ်ကို ဖြစ်စေတဲ့အရာ ဒါမှမဟုတ် ပုဂ္ဂိုလ် ဘယ်သူဆိုတဲ့မေးခွန်းကို စကားလုံးနှစ်လုံးနဲ့ အရှင်းဆုံး အဖြေပေးလို့ရတယ်။ အဲ့ဒါကတော့ အဒေါ့ဟစ်တလာ Adolf Hitler ပဲ။

သမိုင်းအဖြစ်အပျက်တွေနဲ့ပတ်သက်တဲ့မေးခွန်းတွေအတွက်အဖြေတွေဟာ ဒီလောက်ကြီးတော့ မရိုးစင်း၊ မလွယ်ကူဘူး ပေါ့။ အပေါ်မှာပြောခဲ့သလို ပထမကမ္ဘာစစ်က ဖန်တီးပေးလိုက်တဲ့ ကမ္ဘာ့အခြေအနေဟာ အထူးသဖြင့် ဥရောပမှာဆိုပေမယ့် ဥရောပါတင်မက အရှေ့ဖျားဒေသမှာပါ စကတည်းကမတည်ငြိမ်တာမို့ ငြိမ်းချမ်းရေးဟာလည်း တည်တံ့မယ်လို့ မမျှော်လင့်ခဲ့ကြဘူး။ ဂျာမနီက သူတို့မှာ နာကျည်းစရာအကြောင်းတွေ အများကြီးရှိတယ်လို့ခံစားရသလို တကယ်လည်း နာကျည်းစရာအကြောင်းတွေ ရှိခဲ့တယ်ဆိုပေမယ့် လက်ရှိအနေအထားကို မကျေနပ်မှုဟာ စစ်ရှုံးနိုင်ငံတွမှာတင် ရှိတာမဟုတ်ဘူး။ ဂျာမနီမှာ လက်ဝဲစွန်းက ကွန်မြူနစ်ကနေ လက်ျာစွန်းက ဟစ်တလာရဲ့ အမျိုးသားဆိုရှယ်လစ်တွေထိ ပါတီတိုင်းက ဗာဆိုင်းစာချုပ်ကို မတရားတဲ့၊ လက်ခံနိုင်စရာမရှိတဲ့စာချုပ်အဖြစ် ပြစ်တင်ရှုံချရာမှာ တညီတညွတ်ထဲရှိကြတယ်။ အကယ်၍များ ဂျာမနီမှာ တော်လှန်ရေးစစ်စစ်သာဖြစ်ခဲ့ရင် နိုင်ငံတကာနဲ့ဆက်ဆံရာမှာ ဟစ်တလာရဲ့ဂျာမနီလောက် ရန်မလိုတဲ့၊ ဆပ်ဆပ်ထိမခံမဖြစ်တဲ့ ဂျာမနီနိုင်ငံမျိုး ပေါ်လာကောင်း ပေါ်လာနိုင်သေးတယ်။အစိုးရဟောင်းတွေကို အပြတ်တော်လှန်ပစ်လိုက်တဲ့ စစ်ရှုံးနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ ရုသျှနဲ့ တူရကီနှစ်နိုင်ငံက သူတို့နယ်စပ်ကို ကာကွယ်စောင့်ရှောက်ဖို့အပါအဝင် ကိုယ့်ကိစ္စနဲ့ကိုယ် အကြီးအကျယ်အလုပ်ရှုပ်နေတဲ့အတွက် နိုင်ငံတကာအခြေအနေကို မတည်မငြိမ်ဖြစ်အောင်မလုပ်နိုင်ကြဘူး။ ၁၉၃၀ ဆယ်စုနှစ်ကာလတွေမှာ ဒီနှစ်နိုင်ငံဟာ တည်ငြိမ်မှုအတွက် အင်အားတွေဖြစ်ခဲ့ပြီး တူရကီဆိုရင် ဒုတိယကမ္ဘာစစ်မှာဆက်ပြီးကြားနေခဲ့တယ်။ ဒါပေမယ့် ဂျပန်နဲ့အီတလီ နှစ်နိုင်ငံကျတော့ စစ်နိုင်တဲ့ဘက်မှာရှိပေမယ့် သူတို့လည်းသူတို့ရထားတဲ့ အဆင့်အနေအထားကိုမကျေနပ်ကြဘူး။ ဒီနှစ်နိုင်ငံမှာ ဂျပန်ရဲ့မကျေနပ်မှုက နည်းနည်းပိုပြီး လက်တွေ့ကျပေမယ့် အီတလီရဲ့ အင်ပိုင်ယာချဲ့ချင်တဲ့အာသိသက သူ့ရဲ့ လွတ်လပ်တဲ့အင်အားက ဖြည့်ဆည်းနိုင်တာထက်ကို အများကြီးပိုကြီးနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အီတလီဟာ ၁၉၁၅ မှာ တြိမဟာမိတ်အဖွဲ့ဘက်ပါလာဖို့ မဟာမိတ်တွေကတိပေးထားတဲ့မက်လုံးတွေအားလုံးကို မရဘူးဆိုပေမယ့်လည်း ပထမကမ္ဘာစစ်အပြီးမှာ အဲ့လပတောင်တန်းဒေသ၊ ဧဒြိယတစ်Adriatic ဒေသနဲ့ အေဂျီယံ Agean ပင်လယ်နဲ့ထိစပ်နေတဲ့ ဒေသတွကနေ နယ်မြေအတော်များများကိုရလိုက်သေးတယ်။ သို့သော်လည်း အီတလီမှာ ဖက်ဆစ်တွေနဲ့ တန်ပြန်တော်လှန်ရေးအင်အားစုတွေအာဏာရလာပြီး အကျိုးဆက်အားဖြင့် အစွန်းရောက်အမျိုးသားရေးလှုပ်ရှားမှုနဲ့ နယ်ချဲ့လှုပ်ရှားမှုတွေ အားကောင်းလာတာကိုက အီတလီရဲ့မကျေနပ်ချက်ကို အထင်အရှားပြသနေတယ် (အခန်း ၅ ကိုကြည့်)။ ဂျပန်အတွက်ကတော့ ကမ္ဘာ့အရှေ့ဖျားဒေသမှာ ရုသျှကလည်း ခဏပျောက်နေတာကြောင့် သူ့ရဲ့ ကြီးမားတဲ့စစ်အင်အား၊ ရေတပ်အင်အားနဲ့ အင်အားတောင့်တင်းတဲ့ နိုင်ငံဖြစ်လာတယ်။ ဒီအချက်ကို ၁၉၂၂ မှာ ချုပ်ဆိုခဲ့တဲ့ နိုင်ငံတကာ ရေတပ်အင်အားအချိုးကို ဗြိတိန်၊ အမေရိကန်၊ ဂျပန် သုံးနိုင်ငံကြားမှာ ၅::၃ အတိုင်းထားဖို့ ဆုံးဖြတ်ခဲ့ပြီး ကမ္ဘာမှာဗြိတိန်ရဲ့ ရေတပ်အသာစီးရမှုကိုပါ အဆုံးသတ်သွားစေတဲ့ ဝါရှင်တန်ရေတပ်သဘောတူညီချက် Washington Naval Agreement မှာ အတိုင်းအတာတခုထိ အသိအမှတ်ပြုထားတယ်။ ဒါပေမယ့်လည်း စက်မှုဖွံ့ဖြိုးမှုက အမြန်နှုန်းနဲ့သွားနေတဲ့ ဂျပန်ကပကတိတန်ဖိုးအရတော့ သူ့စီးပွားရေးဟာ ခပ်သေးသေးပဲရှိသေးတယ်။ ၁၉၂၀ ဆယ်စုနှစ်ကုန်ခါနီးနှစ်တွေမှာ ဂျပန်ရဲ့ စက်မှုထွက်ကုန်ဟာ တကမ္ဘာလုံးရဲ့ ၂.၅ ရာခိုင်နှုန်းပဲရှိတယ်။အရှေ့ဖျားဒေသမှာ မျက်နှာဖြူဧကရာဇ်နိုင်ငံကြီးတွေ သူ့ကိုပေးထားတဲ့ဝေစုထက် အများကြီး ပိုရထိုက်တယ်လို့ ကျိန်းသေပေါက် သဘောထားတယ်။ ဒါ့အပြင် ခေတ်သစ်စက်မှုစီးပွားရေးနိုင်ငံတနိုင်ငံအတွက် လိုအပ်တဲ့ သဘာဝသံယံဇာတ အားလုံးနီးနီးလောက်မရှိတဲ့နိုင်ငံ၊ ပြည်ပကသွင်းကုန်တွေဟာ နိုင်ငံခြားရေတပ်တွေရဲ့ နှောက်ယှက်ဖျက်ဆီးမှုကို အလွယ်တကူခံရနိုင်တဲ့နိုင်ငံ၊ နောက်တခါ ပြည်တွင်းကပို့ကုန်တွေဟာ အမေရိကန်စျေးကွက်ရဲ့ မျက်နှာသာပေးမှုပေါ် မှီတည်နေရတဲ့နိုင်ငံတနိုင်ငံဟာ ကတိမ်းကပါးဖြစ်ဖို့လွယ်တာကို ဂျပန်က ကောင်းကောင်းသဘောပေါက်တယ်။ ဒီအတွက်ကြောင့် အနီးအနားကတရုတ်နိုင်ငံမှာ အင်ပိုင်ယာကုန်းမြေတခုထူထောင်ဖို့ စစ်ရေးဖိအားဟာ ဂျပန်ရဲ့ ထောက်ပံ့ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းတွေကို တိုတောင်းသွားစေနိုင်ပြီး ဘေးရန်မကာကွယ်နိုင်တဲ့ အနေအထားကနေ သက်သာရာရစေနိုင်မယ်လို့ သူတို့က ယူဆကြတယ်။

သို့သော်လည်း ၁၉၁၈ အလွန် ငြိမ်းချမ်းရေးဟာ ဘယ်လိုမတည်ငြိမ်မှုတွေရှိရှိ၊ ဒီငြိမ်းချမ်းရေးပြိုကွဲနိုင်ခြေ ဘယ်လိုပဲရှိရှိ တကယ်တမ်း ဒုတိယကမ္ဘာစစ်ကိုကျိန်းသေပေါက်ဖြစ်စေတာဟာ ၁၉၃၀ ဆယ်စုနှစ်ရဲ့ အလယ်လောက်မှာ အမျိုးမျိုးသော စာချုပ်တွေချုပ်ပြီး တစည်းတလုံးထဲဖြစ်လာတဲ့၊ အလိုရမက်မပြည့်တဲ့နိုင်ငံသုံးနိုင်ငံရဲ့ရန်လိုမှု ဆိုတာကတော့ ဘယ်လိုမှ မငြင်းနိုင်ဘူး။ စစ်ဖြစ်ပွားစေတဲ့ အထင်ကရအဖြစ်အပျက်တွေကတော့ ၁၉၃၁ မှာ ဂျပန်ရဲ့ မန်ချူးရီးယားကို ကျူးကျော်မှု၊ ၁၉၃၅ မှာ အီတလီရဲ့ အီသီယိုးပီးယားကို ကျူးကျော်မှု၊ ၁၉၃၆ ၃၉ စပိန်ပြည်တွင်းစစ်မှာ ဂျာမနီနဲ့အီတလီတို့ ဝင်ရောက်စွက်ဖက်မှု၊ ၁၉၃၈ ရဲ့ အစောပိုင်းလတွေမှာ ဂျာမနီရဲ့ သြစတြီးယားကို ကျူးကျော်မှု၊ နောက်တနှစ်ထဲမှာ ချက်ကိုစလိုဗါးကီးယားကို ချိနဲ့သွားအောင် ဂျာမနီရဲ့လုပ်ဆောင်မှုနဲ့ (အီတလီက အယ်ဘေးနီးယားကို သိမ်းပိုက်ပြီးနောက်) ၁၉၃၉ မတ်လမှာ ကျန်တဲ့ချက်ကိုစလိုဗါးကီးယားတနိုင်ငံလုံးကိုသိမ်းပိုက်မှုနဲ့ ဂျာမနီက ပိုလန်ကို တောင်းဆိုမှုတွေ လုပ်ရာကနေ စစ်ဖြစ်ပွားတော့တယ်။ ဒီအဖြစ်အပျက်တွေကိုပဲ ပျက်ကွက်မှုတွေရှိခဲ့တဲ့ဘက်ကကြည့်မယ်ဆိုရင် ဂျပန်ကိုအရေးယူဖို့ နိုင်ငံပေါင်းချုပ်အသင်းကြီးရဲ့ပျက်ကွက်မှု၊ ၁၉၃၅ မှာ အီတလီကို ထိထိရောက်ရောက် အရေးယူဖို့ပျက်ကွက်မှု၊ ဗာဆိုင်းစာချုပ်ကို ဂျာမနီက သူ့တသဘောထဲနဲ့ဖောက်ဖျက်တာကို ဗြိတိန်နဲ့ပြင်သစ်က တုန့်ပြန်လုပ်ဆောင်ဖို့ ပျက်ကွက်မှု၊ အထူးသဖြင့် ၁၉၃၆ မှာ ဂျာမနီက ရိုင်းလင်းဒေသ Rhinelandမှာ ပြန်တပ်စွဲတာကို ဗြိတိန်နဲ့ ပြင်သစ်ကတုန့်ပြန်လုပ်ဆောင်ဖို့ပျက်ကွက်မှု၊ စပိန်ပြည်တွင်းစစ်မှာ ဝင်ရောက်ဖြန်ဖြေဖို့ငြင်းဆန်မှု (ဝင်ရောက်ဖြန်ဖြေမှု မလုပ်တာ)၊ သြစတြီးယားကို ဂျာမန်သိမ်းပိုက်တာကို တုန့်ပြန်လုပ်ဆောင်ဖို့ပျက်ကွက်မှု၊ ချက်ကိုစလိုဗါးကီးယားကို ဂျာမနီက အနိုင်ကျင့်ခြိမ်းခြောက်တာမလုပ်ခင်နောက်ပြန်ဆုတ်မှု (၁၉၃၈ မြူးနစ် သဘောတူညီချက်)နဲ့ ၁၉၃၉ မှာ ဆိုဗီယက်ပြည်ထောင်စုက ဟစ်တလာကို ဆက်လက်ဆန့်ကျင်ဖို့ပျက်ကွက်မှု (၁၉၃၉ သြဂုတ်လမှာချုပ်တဲ့ ဟစ်တလာစတာလင် သဘောတူညီချက်) တွေဖြစ်တယ်။

တဘက်က စစ်ကိုအလိုမရှိဘဲ စစ်ကိုရှောင်ရှားဖို့ အစွမ်းကုန်လုပ်ပေမယ့် ကျန်တဘက်ကတော့ စစ်ကိုသိဒ္ဓိတင်တယ်။ ဟစ်တလာဆိုရင် စစ်တိုက်ချင်လွန်းလို့ စစ်ကို အားတက်သရောဖန်တီးတယ်။ ဒါပေမယ့် ရန်လိုတဲ့နိုင်ငံသုံးနိုင်ငံစလုံးက စစ်တကယ်ဖြစ်တဲ့အချိန်မှာ သူတို့တိုက်ချင်တဲ့ စစ်ပွဲမျိုးကိုမတိုက်ရသလို တကယ်တမ်းမှာ သူတို့မတိုက်ချင်တဲ့နိုင်ငံတွေနဲ့ စစ်တိုက်မိလျက်သားဖြစ်ခဲ့တယ်။ ဂျပန်ဆိုရင် စစ်တပ်ကနိုင်ငံရေးမှာ ချယ်လှယ်နိုင်စွမ်းရှိနေတာတောင် အနှစ်သာရအားဖြင့် အရှေ့အာရှအင်ပိုင်ယာတည်ထောင်ဖို့ဆိုတဲ့ သူ့ရဲ့ရည်မှန်းချက်တွေကို အထွေထွေစစ်ပွဲတခု a general warမတိုက်ရဘဲရမယ်ဆိုရင် အဲဒီနည်းလမ်းကို ကျိန်းသေဉီးစားပေးမှာပဲ။ အမေရိကန်ပါနေတဲ့အတွက်သာ ဒီစစ်ထဲကို ပါလာရတာဖြစ်တယ်။ တဘက်မှာ ဟစ်တလာဟာ သူ့ဆုံးဖြတ်ချက်တွေကို မှတ်တမ်းတင်ထားတတ်သူမဟုတ်တဲ့အတွက် ဂျာမနီဟာ ဘယ်အချိန်မှာ ဘယ်သူနဲ့ ဘယ်လိုစစ်မျိုးတိုက်ချင်သလဲဆိုတာ အခုထိ ငြင်းခုံစရာဖြစ်နေတယ်။ ဒါပေမယ့် သေချာတာ နှစ်ခုရှိတယ်။ ၁၉၃၉ မှာ (ဗြိတိန်နဲ့ ပြင်သစ်နှစ်နိုင်ငံစလုံးကထောက်ခံထားတဲ့) ပိုလန်ကို တိုက်ဖို့ကိစ္စဟာ သူ့အစီအစဉ်ထဲမှာမပါဘူး။ နောက်တခါ USSR နဲ့ USAနှစ်နိုင်ငံစလုံးနဲ့ တိုက်ရတဲ့စစ်မျိုးဟာ ဂျာမန်ဗိုလ်ချုပ်တိုင်း၊ ဂျာမန်သံတမန်တိုင်းအတွက်တော့ တကယ့်အိပ်မက်ဆိုးကြီးပဲ။

၁၉၁၄ တုန်းကလို အကြောင်းတရားတွေကြောင့် ဂျာမနီနဲ့ (နောက်ပိုင်း ဂျပန်ဟာ) အလျင်အမြန်ပွဲသိမ်းသွားစေတဲ့ တိုက်ပွဲမျိုးကိုတိုက်ဖို့ လိုအပ်တယ်။ သူတို့တနိုင်ငံချင်းစီရဲ့ ရန်သူတွေရဲ့ အင်အားအရင်းအမြစ်တွေကိုစုစည်းပြီး ဟန်ချက်ညီညီအသုံးချနိုင်တာနဲ့ ဒီနိုင်ငံတွေရဲ့အင်အားအရင်းအမြစ်ပမာဏဟာ သူတို့အင်အားအရင်းအမြစ်ထက် အပုံကြီးကြီးမားတယ်။ နှစ်နိုင်ငံစလုံးက ရေရှည်တိုက်ဖို့အတွက်တောင် ထိထိရောက်ရောက် မပြင်ဆင်သလို အချိန်ယူတည်ဆောက်ပြီးမှအသုံးပြုနိုင်တဲ့ စစ်လက်နက်မျိုးကို မှီခိုအားထားတာမရှိဘူး။. (တဘက်မှာ ဗြိတိသျှတွေကတော့ မြေနေရာပိုင်ဆိုင်မှုအပိုင်းမှာ ဂျာမနီထက်နိမ့်ကျတာကိုလက်ခံပြီး စျေးအကြီးဆုံးနဲ့ နည်းပညာအရ အဆင့်မြင့်ဆုံးလက်နက်တွေ ထုတ်လုပ်တဲ့အပိုင်းမှာ စကတည်းက ရင်းနှီးမြှုပ်နှံပြီး နောက်ဆုံးမှာ သူနဲ့ သူ့မဟာမိတ်တွေက ကျန်တဘက်ထက် စစ်လက်နက်ပစ္စည်း အများကြီးပိုထုတ်နိုင်မယ့် ရေရှည်စစ်ပွဲအတွက် ပြင်ဆင်တယ်။) ဂျပန်ဟာ ဂျာမနီရဲ့ ၁၉၃၉၄၀ မှာ ဗြိတိန်၊ ပြင်သစ်တို့နဲ့ တိုက်တဲ့စစ်နဲ့ ၁၉၄၁ နောက်ပိုင်း ရုသျှနဲ့တိုက်တဲ့စစ်နှစ်ခုစလုံးကနေ လက်ရှောင်နေနိုင်တဲ့အတွက် သူဟာ တစုတစည်းထဲရှိတဲ့ရန်သူတွေနဲ့ တိုက်ရတဲ့စစ်မျိုးကို ရှောင်တဲ့နေရာမှာ ဂျာမနီထက် ပိုပြီးအောင်မြင်တာတွေ့ရတယ်။ ကျန်တဲ့နိုင်ငံတွေအားလုံးနဲ့မတူတာက ဂျပန်ဟာ ၁၉၃၉ မှာ တရုတ် ဆိုက်ဘေးရီးယားနယ်စပ်မှာ တရားဝင်ကြေညာပြီးတိုက်တဲ့စစ်မဟုတ်ပေမယ့်လည်း အရေးပါတဲ့စစ်ပွဲကြီးတပွဲမှာ တပ်နီတော်နဲ့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ဖူးပြီး ပယ်ပယ်နယ်နယ် ချေမှုန်းခံရဖူးတယ်။ ၁၉၄၁ ဒီဇင်ဘာကျမှ ဂျပန်ဟာ ဗြိတိန်၊ USA တို့နဲ့တိုက်ဖို့ စစ်ထဲဝင်လာတယ်။ အဲဒီအချိန်မှာ ဆိုဗီယက်နဲ့မတိုက်သေးဘူး။ ဂျပန်အတွက် ကံဆိုးတာက သူတကယ် တိုက်ရတဲ့ တခုတည်းသောနိုင်ငံဖြစ်တဲ့ USA ဟာ ဂျပန်ထက် အင်အားအရင်းအမြစ်အပိုင်းမှာ အပုံကြီးပိုသာတဲ့အတွက် နောက်ဆုံးမှာ ကျိန်းသေပေါက်အနိုင်ရမှာမို့ပဲ။

ဂျာမနီဟာ ခဏတော့ကံကောင်းနေပုံရတယ်။ ၁၉၃၀ ဆယ်စုနှစ်တွေမှာ စစ်ဖြစ်ဖို့နီးသထက်နီးလာချိန်မှာ ဗြိတိန်နဲ့ ပြင်သစ်နှစ်နိုင်ငံဟာ ဆိုဗီယက်ရုသျှနဲ့ ပူးပေါင်းဖို့ပျက်ကွက်ခဲ့ပြီး နောက်ဆုံးမှာ ဆိုဗီယက်ရုသျှဟာ ဂျာမနီနဲ့ မကျူးကျော်ရေး စာချုပ်ချုပ်ဖို့ကို ဉီးစားပေးစဉ်းစားလာတော့တယ်။ အမေရိကန်ပြည်တွင်းနိုင်ငံရေး အနေအထားကလည်း သမ္မတရူးစဗဲ့ကို သူနှစ်နှစ်ကာကာ ထောက်ခံတဲ့ဘက်ကို စာရွက်ပေါ်ထောက်ခံတာထက်ပိုမလုပ်နိုင်အောင် တားထားခဲ့တယ်။ ဒါ့ကြောင့် ဒုတိယကမ္ဘာစစ်ဟာ ၁၉၃၉ မှာ ဥရောပစစ်သက်သက်အဖြစ်နဲ့ စတယ်။ ဂျာမနီက ပိုလန်နိုင်ငံထဲချီတက်လာပြီး သုံးပတ်အတွင်းမှာ ပိုလန်ကိုအနိုင်တိုက်ပြီး အဲဒိအချိန်မှာ ကြားနေနေတဲ့ ဆိုဗီယက်ရုသျှနဲ့ ပိုလန်ကိုခွဲခြမ်းပြီးချိန်မှာ ဒုတိယကမ္ဘာစစ်ဟာ ဂျာမနီကတဘက်၊ ပြင်သစ်နဲ့ ဗြိတိန်ကတဘက် တိုက်ကြတဲ့ အနောက်ဥရောပစစ်သာသာပဲ ရှိသေးတယ်။ ၁၉၄၀ နွေဉီးပေါက်ကာလမှာ ဂျာမနီဟာ နော်ဝေး၊ ဒိန်းမတ်၊ နယ်သာလန်၊ ဘယ်ဂျီယံနဲ့ ပြင်သစ်တို့ကို မယုံနိုင်စရာကောင်းလောက်အောင်အလွယ်တကူ သိမ်းပစ်လိုက်တယ်။ ပထမလေးနိုင်ငံမှာ တပ်စွဲထားပြီး ပြင်သစ်ကိုတော့ အောင်ပွဲရဂျာမန်တွေတိုက်ရိုက်ရုံးစိုက်တဲ့အပိုင်းနဲ့ ဂျာမနီရဲ့ရုပ်သေးအစိုးရကို အုပ်ချုပ်ခိုင်းတဲ့လက်အောက်ခံနိုင်ငံ satellite ‘French’ state အဖြစ် နှစ်ပိုင်းပိုင်းလိုက်ပြီး (အမျိုးမျိုးသော ခေတ်နောက်ပြန်ဆွဲတဲ့အင်အားစုတွေကနေခေါ်ယူထားတဲ့ လက်အောက်ခံအစိုးရက ပြင်သစ်ကိုသမ္မတနိုင်ငံအဖြစ် မခေါ်ချင်တော့ဘူး။) ဒီလက်အောက်ခံနိုင်ငံရဲ့မြို့တော်အဖြစ် ကျန်းမာရေးအတွက် အပန်းဖြေခရီးထွက်ရာမြို့ဖြစ်တဲ့ ဗစ်ချီ Vichy မြို့ကို ရွေးချယ်ခဲ့တယ်။ ဒီအချိန်မှာ ဂျာမနီနဲ့ စစ်ဖြစ်နေတဲ့နိုင်ငံဆိုလို့ ဝင်စတန်ချာချီ Winston Churchill ဉီးဆောင်ပြီး ဟစ်တလာနဲ့ ဘယ်လိုမှမစေ့စပ်ဘူးဆိုတဲ့အချက်ပေါ်မှာ အခြေခံစုစည်းထားတဲ့၊ အမျိုးသားအင်အားစုတွေ အားလုံးပါတဲ့၊ ညွန့်ပေါင်းအစိုးရအုပ်ချုပ်နေတဲ့ ဗြိတိန်တနိုင်ငံပဲကျန်တယ်။ အဲဒီအချိန်မှာ ဖက်ဆစ်အီတလီက အတွက်မှားပြီး ကြားနေရေးခြံစည်းရိုးပေါ် သူ့အစိုးရသတိကြီးကြီးနဲ့ ခွထိုင်နေတဲ့အနေအထားကနေ ဂျာမန်ဘက်ကို ဆင်းလာဖို့ ဆုံးဖြတ်ခဲ့တယ်။

လက်တွေ့အားဖြင့်ကြည့်မယ်ဆိုရင် ဥရောပက စစ်က ဒီမှာပြီးသွားပြီ။ ရေခြားနေတာနဲ့ တော်ဝင်လေတပ်ရဲ့ ခုခံမှု အဟန့်အတားတွေကြောင့် ဂျာမနီဟာ ဗြိတိန်ကို မသိမ်းနိုင်ရင်တောင် ဗြိတိန်အနေနဲ့ ဂျာမနီကို အနိုင်ရဖို့မဆိုနဲ့ ဥရောပကုန်းမြေပေါ်ပြန်တက်နိုင်မယ့် စစ်မျိုးကဘယ်လိုမှမဖြစ်နိုင်သေးဘူး။ ဗြိတိန်တနိုင်ငံထဲ ထီးတည်းကျန်တော့တဲ့ ၁၉၄၀ ၄၁ ကာလတွေဟာ ဗြိတိသျှပြည်သူပြည်သားတွေရဲ့ ဒါမှမဟုတ် ကံကောင်းထောက်မစွာနဲ့ အသက်မသေဘဲ စစ်ကိုဖြတ်သန်းခဲ့သူတွေရဲ့သမိုင်းမှာ ဂုဏ်ယူစရာကာလတွေပဲ။ ဒါပေမယ့်လည်း တိုင်းပြည်ရဲ့ ကံကြမ္မာဟာ မကောင်းလှဘူး။ ၁၉၄၀ ဇွန်လမှာ ထွက်လာတဲ့ အမေရိကန်အစိုးရရဲ့ အနောက်ကမ္ဘာခြမ်းကာကွယ်ရေးဆိုင်ရာ ‘Hemispheric Defence’ လက်နက်ပြန်လည်တပ်ဆင်ရေးအစီအစဉ်မှာ ဗြိတိန်ကိုလက်နက်ဆက်လက်ရောင်းချတာဟာ ဘာမှအကျိုးမရှိဘူးလို့ ယူဆထားသလို နောက်ဆုံးဗြိတိန်ဟာ ဂျာမန်လက်မကျရင်တောင် ယူနိုက်တစ်ကင်းဒမ်းကို အဓိကအားဖြင့် အမေရိကန်ရဲ့ အဝေးတနေရာက ကာကွယ်ရေးအခြေစိုက်စခန်းအဖြစ်ပဲ မြင်ကြတယ်။ ဒီအတောအတွင်းမှာ ဥရောမြေပုံကို ပြန်ဆွဲကြတယ်။ ဆိုဗီယက်ယူနီယံက ၁၉၁၈ တုန်းက ဆုံးရှုံးသွားတဲ့ ဇာဘုရင်ရဲ့ အင်ပိုင်ယာထဲမှာရှိခဲ့တဲ့ ဥရောပဒေသတွေမှာ (ဂျာမနီသိမ်းထားတဲ့ ပိုလန်ကတချို့အပိုင်းတွေကလွဲလို့)သဘောတူညီမှုနဲ့အညီ ပြန်တပ်စွဲတယ်။ တခါ ၁၉၃၉ ၄၀ဆောင်းတွင်းကာလမှာ စတာလင် မပိုင်ဘဲသွားတိုက်တဲ့စစ်ကနေ ဖင်လန်ကိုရလိုက်တာမို့ ရုသျှရဲ့ နယ်နမိတ်အစွန်အဖျားက လီနင်ဂရက်နဲ့ပိုဝေးသွားတယ်။ ဟစ်တလာက အရင်ဟာ့ဘတ်အင်ပိုင်ယာက သက်ဆိုး မရှည်လိုက်တဲ့နယ်မြေတွေမှာ ဗာဆိုင်းစာချုပ်ကို ပြင်ဆင်တဲ့အလုပ်ကို ကြီးကြပ်လုပ်ဆောင်တယ်။ ဗြိတိသျှတွေက ဘော်ကန်ဒေသမှာ စစ်ကိုချဲ့ဖို့ကြိုးစားရာမှာ မှန်းကြတဲ့အတိုင်း ဂျာမနီက ဂရိကျွန်းစုတွေအားလုံး အပါအဝင် ဘော်ကန်ကျွန်းဆွယ်ကြီးတခုလုံးကို သိမ်းပစ်လိုက်တဲ့ အခြေဆိုက်သွားခဲ့တယ်။

ပထမကမ္ဘာစစ်တုန်းက ဂျာမနီရဲ့မဟာမိတ် သြစတြီးယားဟန်ဂေရီ စိတ်ပျက်စရာကောင်းတာထက်ကို အခု ဒုတိယကမ္ဘာစစ်မှာ ပိုတောင်စိတ်ပျက်စရာကောင်းတဲ့ ဂျာမနီရဲ့မဟာမိတ် အီတလီဟာ အီဂျစ်ကိုခြေကုပ်ယူထားတဲ့ ဗြိတိသျှတို့ရဲ့တိုက်ခိုက်မှုကြောင့် သူ့ရဲ့အာဖရိကအင်ပိုင်ယာကနေ မောင်းထုတ်ခံရတော့မယ့် အနေအထားရောက်လာချိန်မှာ ဂျာမနီဟာ မြေထဲပင်လယ်ကိုဖြတ်ပြီး အာဖရိကကို ချီတက်ခဲ့ရသေးတယ်။ စွမ်းဆောင်ရည်အရှိဆုံးဗိုလ်ချုပ်ကြီးတွေထဲ တဉီးအပါအဝင်ဖြစ်တဲ့ အာဗင်ရွန်းမဲ Erwin Rommel ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာ ဂျာမနီရဲ့ အာဖရိကတပ် Afrika Corps ဟာ အရှေ့အလယ်ပိုင်းက ဗြိတိသျှတို့ရဲ့ အနေအထားတခုလုံးကိုတောင် ခြိမ်းခြောက်ခဲ့သေးတယ်။

ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ရဲ့အနိုင်အရှုံးကို အဆုံးအဖြတ်ပေးခဲ့တဲ့ နေ့ရက်တရက်ဖြစ်တဲ့ ၁၉၄၁ ဇွန်လ ၂၂ ရက်နေ့မှာ ဟစ်တလာဟာ ဆိုဗီယက်ပြည်ထောင်စုကို ကျူးကျော်ရာကနေ စစ်ဟာ တခါ လှုပ်လှုပ်ရှားရှား ပြန်ဖြစ်လာတယ်။ ဟစ်တလာရဲ့ ဆိုဗီယက်ပြည်ထောင်စုကိုကျူးကျော်မှုဟာ ဂျာမနီဟာ စစ်မျက်နှာနှစ်ခုမှာ တပြိုင်ထဲတိုက်ရတော့မှာမို့ အတော့ကို အဆင်အခြင်ကင်းတဲ့လုပ်ရပ်ဖြစ်တဲ့အတွက် ဟစ်တလာဒီလိုမျိုးစဉ်းစားတာကို စတာလင်ဟာ ယုံတောင်မယုံဘူး။ ဒါပေမယ့် ဟစ်တလာအတွက်ကတော့ သံယံဇာတရော ကျွန်လိုခိုင်းလို့ရတဲ့ လုပ်အားပါ ပေါကြွယ်ဝတဲ့ ကျယ်ပြောလှတဲ့ အရှေ့ဘက်ကကုန်းမြေကြီးကို ကျူးကျော်တာဟာ ယုတ္တိရှိတဲ့ ခြေလှမ်းပဲ။ တခါ ဂျပန်တွေကလွဲပြီး ကျန်တဲ့ စစ်ရေးကျွမ်းကျင်သူတွေလျှော့တွက်သလို သူဟာ ဆိုဗီယက်ရဲ့ခုခံနိုင်စွမ်းကို အကြီးအကျယ်လျှော့တွက်ခဲ့တယ်။ ဒါပေမယ့်လည်း ၁၉၃၀ ဆယ်စုနှစ်တွေမှာ တပ်နီတော် Red Army ထဲ ရာထူးက ဖယ်ရှားမှုကြီးတွေလုပ်ပြီးနောက် တပ်နီတော်ဟာ ဖရိုဖရဲဖြစ်နေတဲ့အပြင် တိုင်းပြည်ရဲ့လက်ရှိအခြေအနေ၊ ခြောက်လှန့်သတ်ဖြတ်မှုတွေရဲ့ အထွေထွေအကျိုးဆက်တွေအပြင် စစ်ရေးဗျူဟာချတဲ့နေရာတွေမှာ စတာလင်ရဲ့ စစ်ရေးအကြောင်းမကျွမ်းကျင်ဘဲ ဝင်ဝင်ရှုပ်တာတွေရှိနေတဲ့အတွက် အဲဒိတုန်းက တပ်နီတော်ကိုလျှော့တွက်တာလည်း အဓိပ္ပါယ်မရှိတာတော့မဟုတ်ဘူး။ တကယ်တမ်းတိုက်တော့လည်း ဂျာမန်စစ်တပ်ရဲ့ ကနဉီးထိုးစစ်ဟာ အနောက်ဘက်ကစစ်ဆင်ရေးတွေမှာလို မြန်ပြီး အရှုံးအနိုင် အဖြေပေးမယ့်ပုံ ရှိခဲ့တယ်။ အောက်တိုဘာလဆန်းမှာ သူတို့ဟာ မော်စကိုမြို့စွန်နားရောက်နေပြီး စတာလင်ကိုယ်တိုင် ဒီရက်ပိုင်းတွေအတွင်းမှာ စိတ်ဓာတ်ကျပြီး ငြိမ်းချမ်းရေးယူဖို့တောင် စဉ်းစားခဲ့တဲ့ အထောက်အထားရှိတယ်။ ဒါပေမယ့်လည်း စိတ်ဓာတ်ကျနေတဲ့အချိန်ကို ကျော်လွန်လာနိုင်ခဲ့ပြီး ကြီးမားလှတဲ့ လူအင်အား၊ နယ်မြေအနေအထား၊ ရုသျှတွေရဲ့ အကြမ်းပတမ်းခံနိုင်စွမ်းနဲ့ မျိုးချစ်စိတ်အပြင် အညှာအတာမထားတဲ့ စစ်ရေးကြိုးပမ်းမှုတွေနဲ့ ဂျာမန်တွေကို မော်စကိုမှာအနိုင်ယူပြီး တဘက်မှာ အရည်အချင်းပြည့်ဝတဲ့ စစ်ခေါင်းဆောင်တွေကို (တချို့ဆိုရင် အကျဉ်းစခန်းတွေကနေ လွတ်ခါစရှိသေးတယ်။) သူတို့အကောင်းဆုံးလို့ ယူဆတာကို ပေးလုပ်တဲ့နည်းနဲ့ ဆိုဗီယက်ယူနီယံဟာ ထိထိရောက်ရောက် ပြန်စုစည်းဖို့ အချိန်ရလိုက်တယ်။ စတာလင် အကြမ်းဖက်ခြောက်လှန့်မှုတွေ ရပ်ထားတဲ့နှစ်တွေဆိုလို့ ၁၉၄၂၄၅ကာလတွေပဲရှိတယ်။

ဟစ်တလာမှန်းသလို ရုသျှစစ်ဆင်ရေးဟာ သုံးလအတွင်းအဖြေမထွက်တော့ဘူးဆိုတာနဲ့ ရေရှည်စစ်အတွက် မပြင်ဆင်ထားသလို ရေရှည်စစ်အတွက်လည်းခံနိုင်ရည်မရှိတဲ့ ဂျာမနီရှုံးပြီ။ အစပိုင်းမှာ အောင်မြင်မှုတွေရနေလင့်ကစား ဂျာမနီပိုင်ဆိုင်တဲ့၊ နောက် သူထုတ်နိုင်တဲ့ တင့်ကားနဲ့ လေယဉ်အရေအတွက်ဟာ အမေရိကန်မပါသေးဘဲ ဗြိတိန်နဲ့ ဆိုဗီယက် နှစ်နိုင်ငံပေါင်း အရေအတွက်နဲ့ယှဉ်ရင်ကို အများကြီးနည်းသေးတယ်။ ခက်ခဲကြမ်းတမ်းလှတဲ့ဆောင်းအပြီး ၁၉၄၂ မှာ လုပ်တဲ့ ဂျာမန်တွေရဲ့ထိုးစစ်သစ်ဟာ အရင်ထိုးစစ်တွေလို အောင်မြင်မှုရပြီး ဂျာမန်စစ်တပ်ဟာ ကောကေးဆပ်အတွင်းပိုင်းနဲ့ ဗော်ဂါတောင်ကြား Volga ထိချီတက်နိုင်ခဲ့ပေမယ့် ဒီထိုးစစ်ဟာ စစ်အနိုင်အရှုံးကို အဆုံးအဖြတ်မပေးနိုင်တော့ဘူး။ စတာလင်ဂရက် (၁၉၄၂ နွေ ၁၉၄၃ မတ်လ) မှာ ဂျာမန်တပ်မဟာတွေ အထိန်းခံရ၊ အထောင်းခံရ၊ အဝိုင်းခံရပြီး နောက်ဆုံးမှာ လက်နက်ချလိုက်ရတော့တယ်။ အဲဒိနောက်မှာ ရုသျှတွေက တလှည့်ပြန်ချီတက်လာနိုင်ရာမှာ စစ်ပြီးချိန်မှာ ဘာလင်၊ ပရပ်နဲ့ ဗီယင်နာမြို့တွေထိပဲရောက်တယ်။ စတာလင်ဂရက်မှာ အရေးနိမ့်ပြီးနောက် ဂျာမနီ အနှေးနဲ့အမြန်ဆိုသလို စစ်ရှုံးတော့မှာကို လူတိုင်းသိနေပြီ။

ဒီအတောအတွင်းမှာ အခြေခံအားဖြင့် ဥရောပစစ်သာသာရှိသေးတဲ့ ဒုတိယကမ္ဘာစစ်ဟာ ကမ္ဘာစစ်အသွင် ဆောင်လာတယ်။ ဒါကလည်း တစိတ်တပိုင်းအားဖြင့် အဲဒိအချိန်မှာ ကမ္ဘာတဝှမ်းမှာ အကြီးဆုံးအင်ပိုင်ယာအဖြစ် ဆက်ရှိနေသေးတဲ့ ဗြိတိန်ရဲ့ လက်အောက်ခံနဲ့ မှီခိုနိုင်ငံတွေမှာနယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ အုံကြွလာတဲ့အတွက်ပဲ။ ဒါပေမယ့် ဗြိတိန်အနေနဲ့ ဒီနယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အခက်အခဲမရှိ နှိမ်နင်းနိုင်တဲ့ အနေအထားရှိနေသေးတယ်။ တောင်အာဖရိက ဘိုးဝါး Boers တွေထဲက (စစ်အပြီး ၁၉၄၈ မှာပေါ်လာတဲ့ အသားအရောင်ခွဲခြားအုပ်ချုပ်တဲ့အစိုးရကို တည်ထောင်သူတွေအဖြစ်ပြန်ပေါ်လာ)ဟစ်တလာကို သဘောကျသူတွေကို ကွပ်ညှပ်လို့ရသလို ၁၉၄၁ နွေဉီးပေါက်ကာလမှာ အီရတ်မှာ ရာရှစ်အလီရဲ့ Rashid Ali အာဏာရယူဖို့ ကြိုးစားမှုကိုလည်း အလျင်အမြန် နှိမ်နင်းနိုင်ခဲ့တယ်။ ဒီဖြစ်ရပ်တွေထက် အများကြီး အရေးပါတဲ့အဖြစ်အပျက်က ဟစ်တလာ ဥရောပမှာ အောင်ပွဲခံနေမှုက အင်ဒိုချိုင်းနားမှာ မရှုနိုင်မကယ်နိုင်ဖြစ်နေတဲ့ ပြင်သစ်ရဲ့လက်ကျန်ဒေသတွေကို ဂျပန်က အစောင့်ရှောက်ခံအဖြစ် ကြေညာပြီး အရှေ့တောင်အာရှက ဧကရာဇ်နိုင်ငံကြီးတွေ တစိတ်တပိုင်းသာရှိတော့တဲ့ဒေသထဲကို ဂျပန် ဝင်လာတဲ့အဖြစ်အပျက်ပဲ။ အရှေ့တောင်အာရှမှာ ဝင်ရိုးတန်းနိုင်ငံတနိုင်ငံ ခွင်ချဲ့လာတာကို အမေရိကန်က သည်းခံနိုင်စရာ မရှိဘူးလို့သဘောထားပြီး ကုန်သွယ်ရေးနဲ့ထောက်ပံ့ရေးအတွက် ပင်လယ်ရေကြောင်းဆက်သွယ်ရေးကို လုံးဝ မှီခိုအားထားနေရတဲ့ ဂျပန်ကို စီးပွားရေးအရ အပြင်းအထန် ဖိအားပေးတယ်။ အမေရိကန်နဲ့ ဂျပန် စစ်တိုက်တဲ့ထိ ဖြစ်လာစေခဲ့တာ ဒီပဋိပက္ခပဲ။ ၁၉၄၁ ဒီဇင်ဘာ ၇ ရက်မှာ ဂျပန်က ပုလဲဆိပ်ကမ်းကို ဗုံးကြဲမှုကနေ စစ်ကို တကမ္ဘာလုံးကို ပျံနှံ့သွားစေတော့တယ်။ လအနည်းငယ်အတွင်းမှာ ဂျပန်ဟာ အရှေ့တောင်အာရှတခုလုံးကို ကုန်းတွင်းပိုင်းရော ကျွန်းတွေပါမကျန် သိမ်းပစ်လိုက်ပြီး အနောက်ဘက်မှာ အိန္ဒိယကို မြန်မာနိုင်ငံကတဆင့် သိမ်းဖို့၊ နောက်တခါ ဘာမှမရှိတဲ့ သြစတြေးလျမြောက်ပိုင်းကို နယူးဂီနီ New Guineaကတဆင့် သိမ်းဖို့ ခြိမ်းခြောက်လာတယ်။

ဂျပန်အနေနဲ့ သူ့ပေါ်လစီရဲ့အနှစ်သာရဖြစ်တဲ့ အင်အားတောင့်တင်းတဲ့ စီးပွားရေးအင်ပိုင်ယာထူထောင်ရေး ရည်မှန်းချက်ကို (အရှေ့အာရှသာတူညီမျှရေးရပ်ဝန်း Greater East Asian Co-Prosperity Sphere လို့ အပေါ်ယံ ကြားကောင်းအောင် နံမယ်ပေးထားတဲ့) မစွန့်လွှတ်ဘူးဆိုရင် အမေရိကန်နဲ့စစ်ကို ရှောင်နိုင်မှာမဟုတ်ဘူး။ သို့သော်လည်း ဥရောပနိုင်ငံတွေ ဟစ်တလာနဲ့ မူဆိုလီနီကိုဆန့်ကျင်ဟန့်တားဖို့ပျက်ကွက်ခဲ့မှုရဲ့ အကျိုးဆက်တွေနဲ့ ရလာဒ်တွေကို တွေ့မြင်ပြီးသကာလ အက်ဒီရူးစဗဲ့ F D Roosevelt ရဲ့ အမေရိကန်အနေနဲ့ ဂျပန်ရဲ့ခွင်ချဲ့လာမှုကို ဗြိတိန်နဲ့ပြင်သစ်တို့ ဂျာမနီခွင်ချဲ့လာမှုကို တုန့်ပြန်သလို တုန့်ပြန်လိမ့်မယ်လို့ ဘယ်လိုမှမမျှော်လင့်နိုင်ပေဘူး။ နောက်တခါ အမေရိကန်ပြည်သူလူထုကလည်း ပစိဖိတ်ဒေသကို လာတင်အမေရိကဒေသလို (ဥရောပလိုမဟုတ်ဘဲ)အမေရိကန်တွေရဲ့စွက်ဖက်ရိုးစွက်ဖက်စဉ်ဒေသအဖြစ် normal field of action မြင်တယ်။ အမေရိကန်ရဲ့ ထီးတည်းနေထိုင်ရေးမူဝါဒ ‘isolationism’ ဟာ ဥရောပရေးရာတွေမှာ ဝင်မပါချင်ရုံသက်သက်ပဲ။ ပင်လယ်ရေကြောင်းကတင်ပို့မှုတခုထဲကို လုံးဝမှီခိုနေရတဲ့ ဂျပန်စီးပွားရေး အချိန်တိုအတွင်းမှာ အသက်ရှုရပ်မသွားဖို့ဆိုရင် ဂျပန့်ကုန်သွယ်ရေးကိုပိတ်ဆို့မှုနဲ့ ဂျပန့်ပိုင်ဆိုင်မှုတွေကို အပြောင်းအရွှေ့မလုပ်နိုင်အောင် အနောက်က (ဆိုလိုတာ အမေရိကန်က) ထိန်းချုပ်မှုတွေစလုပ်ရာကနေ ဂျပန်ဟာ စစ်ထဲဝင်ကိုလာတော့တယ်။ ဂျပန်ရဲ့ အလောင်းအစားဟာ အင်မတန်မှအန္တရယ်ကြီးပြီး သူ့သေတွင်းသူတူးသလိုဖြစ်သွားခဲ့တယ်။ ဂျပန်အနေနဲ့ သူ့ရဲ့တောင်ပိုင်းအင်ပိုင်ယာကို အလျင်အမြန်ထူထောင်နိုင်ဖို့ တခုတည်းသောအခွင့်အလမ်းကို အမိအရဆုပ်ကိုင်တာမျိုး လုပ်ချင်လုပ်ရလိမ့်မယ်။ ဒါပေမယ့် အဲဒီလိုလုပ်ဖို့ဆိုရင် သူ့ကိုဝင်ရောက်ဟန့်တားစွက်ဖက်နိုင်တဲ့ တခုတည်းသော အင်အားကြီးနိုင်ငံဖြစ်တဲ့ USA ကို ငြိမ်အောင်ချုပ်ထားရမယ်လို့ သူကတွက်တာမို့ သူ့ထက် စစ်အင်အားနဲ့ အရင်းအမြစ်တွေ မနှိုင်းယှဉ်သာလောက်အောင်ကြီးတဲ့ အမေရိကန်ကို စစ်ထဲ ချက်ချင်း ဆွဲခေါ်ရာရောက်မယ်။ ဂျပန်အနေနဲ့ ဒီလိုစစ်ပွဲမျိုးကို ဘယ်လိုမှ နိုင်စရာအကြောင်းမရှိဘူး။

နားလည်ရခက်တဲ့အချက်တခုက ဟစ်တလာဟာ ရုသျှမှာစစ်အင်အားအပြည့်သုံးထားရတာတောင် ဘာ့ကြောင့် အမေရိကန်ကို အလကားသက်သက် သွားပြီးစစ်ကြေညာသလဲဆိုတဲ့အချက်ပဲ။ ဒီလိုစစ်ကြေညာလိုက်တဲ့အတွက် ရူစဗဲ့အစိုးရအနေနဲ့ ပြည်တွင်းမှာ ကွန်ဂရက်ရဲ့ကြီးကြီးမားမား အတိုက်အခံလုပ်တာကို ရင်မဆိုင်ရတော့ဘဲ ဥရောပစစ်ကို ဗြိတိသျှဘက်က ဝင်တိုက်ဖို့ အခွင့်အရေးရသွားခဲ့တယ်။ အမေရိကန်ရဲ့ အနေအထားနဲ့ ကမ္ဘာ့အနေအထားအတွက် နာဇီဂျာမနီဟာ ဂျပန်ထက် အန္တရယ်ပိုရှိတာ၊ ကမ္ဘာနဲ့ချီပြီး အန္တရယ်ပိုပေးနိုင်တာကို အမေရိကန်အစိုးရစိတ်ထဲမှာ သံသယ စိုးစဉ်းမရှိဘူး။ အဲဒိအတွက်ကြောင့်ပဲ အမေရိကန်အစိုးရက ဂျပန်ထက် ဂျာမနီကို အရင်အနိုင်ရဖို့ကို တမင်အာရုံစိုက်ပြီး သူ့ရဲ့ အင်အားရင်းမြစ်တွေကိုလည်း ဒီစဉ်းစားချက်နဲ့အညီ အသုံးပြုခဲ့တယ်။ ဒီတွက်ချက်မှု မှန်တယ်။ အမေရိကန် စစ်ထဲဝင်လာပြီးနောက် ဂျာမနီကိုအနိုင်ရဖို့ သုံးနှစ်ခွဲလောက်အချိန်ယူခဲ့ရပြီး ဂျာမနီရှုံးပြီးသုံးလအတွင်းမှာ ဂျပန်ဒူးထောက်လိုက်ရတော့တယ်။ ဒီမိုကရေစီအစိုးရတွေဟာ အလုပ်ဖြစ်အောင်မလုပ်နိုင်ဘူးလို့ ဟစ်တလာက ယူဆထားတဲ့အတွက် သူဟာ အမေရိကန်ရဲ့စီးပွားရေးနဲ့ နည်းပညာအလားအလာတွေမပြောနဲ့ အမေရိကန်တွေရဲ့ တခုခု ဖြစ်မြောက်အောင်လုပ်ဆောင်နိုင်စွမ်းကို တောက်လျှောက် အကြီးအကျယ်လျှော့တွက်ခဲ့တယ်ဆိုတာ ကျနော်တို့ သိကြပေမယ့်လည်း ဒါနဲ့တင် ဟစ်တလာအတွက်မှားပုံကို ပြည့်ပြည့်စုံစုံ ရှင်းပြနိုင်မှာမဟုတ်ဘူး။ ဟစ်တလာ လေးလေး နက်နက် သဘောထားတဲ့ တခုတည်းသော ဒီမိုကရေစီနိုင်ငံက ဒီမိုကရေစီမစစ်ဘူးလို့ သူ မှန်မှန်ကန်ကန် မြင်ခဲ့တဲ့ ဗြိတိန်ပဲ။

ရုသျှကို ကျူးကျော်ဖို့ဆုံးဖြတ်ချက်နဲ့ အမေရိကန်ကို စစ်ကြေညာတဲ့ ဆုံးဖြတ်ချက်တွေက ဒုတိယကမ္ဘာစစ်ရဲ့ အနိုင်အရှုံးကို အဆုံးအဖြတ် ပေးသွားတယ်။ ၁၉၄၂ နှစ်လယ်မှာ ဝင်ရိုးတန်းနိုင်ငံတွေရဲ့အောင်မြင်မှုက အထွတ်အထိပ်ရောက်နေသလို ၁၉၄၃ မတိုင်ခင်ထိ သူတို့ရဲ့စစ်ရေးအင်အား လုံးဝကျမသွားသေးတဲ့အတွက် အဲဒီအချိန်မှာ စစ်အနိုင်အရှုံး အဆုံးအဖြတ်ထွက်သွားတာ ချက်ချင်းကြီးတော့ မသိသာသေးဘူး။ ဒါ့အပြင် အာဖရိကမြောက်ပိုင်းမှာ မဟာမိတ်တွေက ဝင်ရိုးတန်းနိုင်ငံတွေကို မောင်းထုတ်ပြီး အီတလီနိုင်ငံထဲဝင်လာနိုင်ပြီဆိုပေမယ့် အဲဒီမှာ ဂျာမန်စစ်တပ်က သူတို့ကို ရှေ့ဆက်မတက်နိုင်အောင် အောင်အောင်မြင်မြင် ဟန့်ထားနိုင်တဲ့အတွက် အနောက်မဟာမိတ်တွေဟာ ၁၉၄၄ မတိုင်ခင်ထိ ဥရောပကုန်းမြေပေါ်ကို ထိထိရောက်ရောက် ပြန်မဝင်နိုင်သေးဘူး။ ဒီအတောအတွင်းမှာ အနောက်မဟာမိတ်တွေရဲ့ တခုတည်းသော အဓိကလက်နက်က လေကြောင်းတိုက်ခိုက်မှုပဲ။ ဒါကလည်း အရပ်သားတွေကို သေဆုံးစေတာ၊ မြို့တွေကို ဖျက်ဆီးပစ်တာကလွဲပြီး ဘာမှထိရောက်မှုမရှိတာကို နောက်ပိုင်း သုတေသနပြုလုပ်ချက်တွေမှာ တွေ့ရတယ်။ ရှေ့ကိုမှန်မှန် ဆက်ချီတက်နေနိုင်တာ ဆိုဗီယက်တပ်တွေပဲရှိသလို နာဇီဂျာမနီနဲ့ အထူးသဖြင့် အီတလီကို စစ်ရေးပြဿနာ ကြီးကြီးမားမားပေးနိုင်တာ ဘော်ကန်ဒေသက (အဓိကအားဖြင့် ယူဂိုစလားဗီးယား၊ အယ်ဘေးနီးယားနဲ့ ဂရိ)အဓိကအားဖြင့် ကွန်မြူနစ်တွေရဲ့ စည်းရုံးမှုအောက်ကနေလှုပ်ရှားနေတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေပဲ။ သို့သော်လည်း ပုလဲဆိပ်ကမ်းဗုံးကြဲခံရပြီးနောက်မှာ ဝင်စတန်ချာချီရဲ့ ကြီးမားလှတဲ့အင်အားကို ကျကျနန အသုံးချခြင်းဖြင့်အောင်မြင်မှု ကျိန်းသေရလိမ့်မယ်ဆိုပြီး ယုံကြည်ချက်ရှိရှိ ပြောခဲ့တဲ့ အပြောဟာ မှန်ကန်ခဲ့တယ် (ကနေဒီ Kennedy,စာ ၃၄၇)။ မဟာမိတ်တပ်ပေါင်းစု Grand Alliance ဝင်ရိုးတန်းနိုင်ငံတွေကို အနိုင်ရတော့မှာကို ၁၉၄၂ နှစ်ကုန်ကစပြီး ဘယ်သူမှသံသယမရှိကြတော့ဘူး။ နိုင်ပြီးရင်ဘာဆက်လုပ်မလဲဆိုတာကိုပဲ မဟာမိတ်တွေအာရုံ စိုက်ကြတော့တယ်။

စစ်ရေးအဖြစ်အပျက်တွေကို ဒီထက်ပိုပြီး အသေးစိတ်ပြောနေစရာမလိုတော့ဘူး။ နှစ်ခုပဲပြောစရာရှိတယ်။ အနောက်ဘက် စစ်မျက်နှာမှာ ၁၉၄၄ ဇွန်လမှာ မဟာမိတ်တပ်တွေ ဥရောပကုန်းမြေထဲပြန်ဝင်လာနိုင်ပြီဆိုပေမယ့် ဂျာမနီရဲ့ခံစစ်ကို ကျော်လွှားဖို့က အင်မတန်မှ ခဲရာခဲဆစ်နိုင်လှသလို ၁၉၁၈ တုန်းကလို ဟစ်တလာကိုဆန့်ကျင်တဲ့ ဂျာမန်တော်လှန်ရေးမျိုးဖြစ်မယ့် အရိပ်အယောင်လည်းမရှိဘူး။ အစဉ်အလာအားဖြင့် ပရပ်ရှားစစ်အင်အားနဲ့ ထိရောက်ကျွမ်းကျင်မှုအပိုင်းရဲ့ အဓိကမောင်းနှင်အားဖြစ်တဲ့ ဂျာမန်ဗိုလ်ချုပ်ကြီးတွေဟာ ရာရှင်နယ်ကျကျ စဉ်းစား ဆင်ခြင်တတ်တဲ့၊ မျိုးချစ်ပုဂ္ဂိုလ်တွေဖြစ်ပြီး ဂျာမန်ဂီတပညာရှင် ဗါဂနာWagner ရဲ့ Götterdämmerungသီချင်းထဲကလို ဂျာမနီ လုံးဝဖျက်ဆီးခံရမှာကို မလိုလားတဲ့အတွက် သူတို့လောက်ပဲ ၁၉၄၄ ဇူလိုင်မှာ ဟစ်တလာကျဆုံးအောင် အကွက်ချလုပ်ဆောင်ကြတယ်။ သူတို့မှာ ထောက်ခံမှုကြီးကြီးမားမားလည်းမရှိတော့ မအောင်မြင်ဘဲ ဟစ်တလာကို သစ္စာစောင့်သိသူတွေက သူတို့ကို အစုလိုက်အပြုံလိုက် လက်စတုန်းပစ်လိုက်တယ်။ ကမ္ဘာ့အရှေ့ဘက်မှာလည်း ဂျပန်ရဲ့ စစ်ကို ဆုံးခန်းတိုင်တဲ့ထိတိုက်မယ့် သံဓိဌာန်ဟာ ကျိုးပျက်မယ့် အရိပ်အယောင် ပိုတောင်မှမရှိသေးတဲ့အတွက်ကြောင့် ဂျပန် မြန်မြန် လက်နက်ချအောင် ဟီရိုရှီးမားနဲ့ နာဂါစကီမြို့တွေပေါ်ကို အဏုမြူဗုံးကြဲချခဲ့တာဖြစ်တယ်။ ၁၉၄၅ မှာ အောင်ပွဲဟာ အကြွင်းမဲ့အောင်ပွဲဖြစ်ပြီး လက်နက်ချတာလည်း ခြွင်းချက်မရှိလက်နက်ချတာ။ ဒီနောက်မှာ စစ်ရှုံးနိုင်ငံတွေကို စစ်နိုင်နိုင်ငံတွေက လုံးဝသိမ်းပိုက်လိုက်တယ်။ အနည်းဆုံးဂျာမနီနဲ့ ဂျပန်မှာ စစ်နိုင်နိုင်ငံတွေကနေသီးခြားလွတ်လပ်ပြီး တည်ရှိတဲ့ ဘယ်အာဏာပိုင်အဖွဲ့အစည်းကိုမှ အသိအမှတ်မပြုကြတဲ့အတွက် တရားဝင်စစ်ပြေငြိမ်းမှုလည်း မလုပ်ခဲ့ဘူး။ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲနဲ့ အနီးစပ်ဆုံးတူတာဆိုလို အဓိကမဟာမိတ်နိုင်ငံတွေ – USA၊ ဆိုဗီယက်ယူနီယံနဲ့ ဗြိတိန်တို့ ၁၉၄၃ ကနေ ၁၉၄၅ ကြားကာလတွေမှာ ကွန်ဖရင့်တွေ တခုပြီးတခုခေါ်ပြီး စစ်နိုင်ပြီးရလာတဲ့ နိုင်ရာပါတွေကို ဘယ်လိုခွဲဝေယူကြမလဲဆိုတာကိုဆုံးဖြတ်ဖို့နဲ့ စစ်ပြီးကာလမှာ သူတို့အချင်းချင်းကြားဆက်ဆံရေး အနေအထားကို ဆုံးဖြတ်ဖို့ (မအောင်မမြင်)ကြိုးစားကြတာပဲရှိတယ်။ ဒီကွန်ဖရင့်တွေကို ၁၉၄၃ မှာ တီဟီရန် Tehranမှာ၊ ၁၉၄၄ ဆောင်းဉီးပေါက်မှာ မော်စကို Moscowမှာ၊ ၁၉၄၅ အစောပိုင်းလတွေမှာ ခရိုင်းမီးယားဒေသက ယော်လတာ Yaltaနဲ့ ၁၉၄၅ သြဂုတ်လမှာ သိမ်းပိုက်လိုက်ပြီဖြစ်တဲ့ ဂျာမနီက ပေါ့စဒမ် Potsdam တို့မှာ ပြုလုပ်ခဲ့ကြတယ်။ အောင်အောင်မြင်မြင်ရှိခဲ့တာကတော့ ၁၉၄၃ ကနေ ၁၉၄၅ ကြားမှာ မဟာမိတ်တွေအချင်းချင်း တွေ့ဆုံးဆွေးနွေးမှုတွေကနေ ကုလသမဂ္ဂဖွဲ့စည်းတည်ထောင်ရေးအပါဝင် နိုင်ငံအချင်းချင်းကြား စီးပွားရေး၊ နိုင်ငံရေး ဆက်ဆံရေးအတွက် ပိုပြီးယေဘုယျကျတဲ့အခြေခံမူတွေကို ချမှတ်ခဲ့ကြတာပဲဖြစ်တယ်။ ဒီအကြောင်းတွေက နောက်တခန်းမှာ ပါတယ် (အခန်း ကိုးကိုကြည့်ပါ။)

ဒီတော့ ဒုတိယကမ္ဘာစစ်ကို ပထမကမ္ဘာစစ်ထက်တောင် ပိုပြီးပွဲပြတ်တဲ့ထိတိုက်ကြသေးတယ်။ အီတလီကလွဲပြီး နှစ်ဘက်စလုံးကစေ့စပ်ဖို့ လေးလေးနက်နက် မစဉ်းစားကြဘူး။ အီတလီမှာ ၁၉၄၃ မှာ အစိုးရသစ်တက်လာပြီး အစိုးရသစ်က မဟာမိတ်တွေဘက်ကဝင်တိုက်တယ်။ သူ့ကိုတော့သိမ်းပိုက်နယ်မြေတခုလို သဘောမထားဘဲ အသိအမှတ်ပြုအစိုးရအုပ်ချုပ်တဲ့ စစ်ရှုံးနိုင်ငံတနိုင်ငံအဖြစ် သဘောထားတယ်။ (ဒါကလည်း မဟာမိတ်တွေက ဂျာမန်တွေနဲ့ ဂျာမန်တွေကို မှီခိုအားထားနေတဲ့ မူဆိုလီနီရဲ့ ဖက်ဆစ် ဆိုရှယ်သမ္မတနိုင်ငံရဲ့ တပ်တွေကို အီတလီမြောက်ပိုင်းကနေ နောင်နှစ်နှစ်နီးပါးလောက်ထိ မောင်းမထုတ်နိုင်ခဲ့တဲ့အတွက် ဒီလိုသဘောထားဖို့ ဖြစ်လာခဲ့တယ်။) ပထမကမ္ဘာစစ်နဲ့မတူတာက ဒုတိယကမ္ဘာစစ်မှာ နှစ်ဘက်စလုံးရဲ့ စေ့စပ်ဖို့ဆန္ဒမရှိတာကို အထူးတလည် ရှင်းပြနေစရာမလိုလှဘူး။ ဒီစစ်ဟာ ဘာသာရေးစစ်၊ တနည်းအားဖြင့် ခေတ်စကားနဲ့ပြောရရင် အယူဝါဒရေးရာစစ်ပဲ။ ဒီစစ်မှာဝင်တိုက်တဲ့ နိုင်ငံအများစုအတွက်က စစ်ရှုံးပြီဆိုတာနဲ့ဘဝပျက်ကိန်းဆိုက်မှာမို့ တကယ်လည်းဆိုက်ခဲ့တာမို့ အသေအကြေတိုက်ခဲ့ကြတယ်။ ဂျာမနီက အမျိုးသားဆိုရှယ်လစ်အစိုးရ စစ်ရှုံးတဲ့အတွက် ပေးဆပ်လိုက်ရတာက ပိုလန်နဲ့ ဆိုဗီယက်ယူနီယံမှာတွေခဲ့ရတဲ့ နောက်တခါ ဂျူးတွေကြုံတွေ့ခဲ့ရတဲ့ကြမ္မာဆိုးကပြသခဲ့တဲ့ သေခြင်းတရားနဲ့ ကျွန်ပြုခံရမှုပဲ။ အဲဒိအတွက် စစ်ကို အကန့်အသတ်မရှိတိုက်ကြတယ်။ ဒုတိယကမ္ဘာစစ်ဟာ အကြီးစစ် mass war ကနေအလုံးစုံစစ် total war ဖြစ်လာခဲ့တယ်။

ဒုတိယကမ္ဘာစစ်မှာ (ပထမကမ္ဘာစစ်လို မဟုတ်ဘဲ) ယူနီဖောင်းဝတ်တွေတင်မက အရပ်သားတွေကိုပါ အလွယ်တကူ သတ်ပစ်ကြသလို၊ သတ်ဖြတ်မှု အတော်များများဟာ ဘယ်သူကမှရေတွက်နိုင်မှာမဟုတ်တဲ့ ဒါမှမဟုတ် ရေတွက်ဖို့တောင် ဂရုမစိုက်တဲ့ အချိန်၊ နေရာတွေမှာ ဖြစ်ပွားခဲ့တာမို့ စစ်အတွင်းဆုံးရှုံးမှုတွေဟာ တကယ့်ကိုမရေတွက်နိုင်လောက်အောင် များလှတယ်၊ မှန်းခြေလောက် ပြောဖို့တောင် မဖြစ်နိုင်ဘူး။ ဒီစစ်ရဲ့တိုက်ရိုက်ပယောဂနဲ့သေဆုံးခဲ့သူ အရေအတွက်ဟာ ပထမကမ္ဘာစစ်တုန်းက သေဆုံးခဲ့တယ်လို့ (မှန်းကြတဲ့) အရေအတွက်ထက် သုံးဆကနေ ငါးဆလောက်ထိ ရှိတယ် (မီးလဝဒ် Milward၊ စာ ၂၇၀၊ ပီတာဆန် Peterson၊ ၁၉၈၆)၊ နောက်တမျိုး နှိုင်းယှဉ်ပြီးပြောရရင် ဆိုဗီယက်ယူနီယံ၊ ပိုလန်နဲ့ ယူဂိုစလားဗီးယားတို့က စုစုပေါင်းလူဉီးရေရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်း၊ ဒါမှမဟုတ် ဂျာမနီ၊ အီတလီ၊ သြစတြီးယား၊ ဟန်ဂေရီ၊ ဂျပန်၊ တရုတ်နိုင်ငံတွေက လူဉီးရေးစုစုပေါင်းရဲ့ ၄ ကနေ ၆ ရာခိုင်နှုန်းထိရှိတယ်။ ဗြိတိန်နဲ့ ပြင်သစ်အတွက်တော့ သေဆုံးဒဏ်ရာရသူအရေအတွက်ဟာ ပထမကမ္ဘာစစ်တုန်းကထက်နည်းတယ်၊ ၁ ရာခိုင်နှုန်းပဲ ရှိတယ်။ ဒါပေမယ့် အမေရိကန်အတွက်တော့ ပိုများတယ်။ သို့သော်လည်း ဒါတွေဟာ ခန့်မှန်းချက်တွေပဲ။ ဆိုဗီယက်က သေဆုံးဒဏ်ရာရသူအရေအတွက်ကိုလည်း အကြိမ်ကြိမ် တခါတလေတရားဝင်တောင်ခန့်မှန်းကြည့်ကြတယ်။ တခါတလေ ခုနှစ်သန်းလို့ပြော၊ တခါတလေ ဆယ်သန်း၊ တခါတလေလည်း သန်းနှစ်ဆယ်တောင်၊ တချို့ သန်းငါးဆယ်ဆိုပြီး မှန်းကြတာတောင် ရှိသေးတယ်။ ဘာပဲဖြစ်ဖြစ် ကိန်းဂဏန်းတွေဒီလောက်ကြီးနေတဲ့နောက်မှာ အရေအတွက် တိတိကျကျသိရလို့ရော ဘာများပိုပြီးထူးခြားသွားမှာမို့လဲ။ ဒုတိယကမ္ဘာစစ်အတွင်း မီးလောင်တိုက်သွင်းခံရသူ အရေအတွက်ဟာ တချို့သမိုင်းဆရာတွေမှန်းသလို ခြောက်သန်းမဟုတ်ဘဲ (အကြမ်းမျဉ်းအရေအတွက်ဖြစ်ပြီး ပိုတွက်ထားတာ ကျိန်းသေသလောက်ရှိ) ငါးသန်း၊ ဒါမှမဟုတ် လေးသန်းဆိုရင်ရော ဒီမီးလောင်တိုက်သွင်းမှုတွေရဲ့ ကြောက်မက်ရွံ့ရှာဖွယ်ကောင်းပုံဟာ လျော့သွားမှာမို့လား။ ဂျာမနီရဲ့ လီနင်ဂရက်ကို (၁၉၄၁ ၄၄) ရက်ကိုးရာကြာဝိုင်းထားမှုမှာ အစာရေစာပြတ်လတ်ပြီးသေဆုံးခဲ့သူအရေအတွက်ဟာ တသန်းမဟုတ်ဘဲ တသန်းရဲ့ လေးပုံသုံးပုံပဲရှိတယ်ဆိုရင် ဒီဝိုင်းထားမှုရဲ့ကြောက်မက်ဖွယ်ကောင်းပုံက လျော့သွားမှာမို့လား။ အမြင်နဲ့မှန်းလို့ရတဲ့ အရေအတွက်ထက်ပိုတဲ့ ကိန်းဂဏန်းတွေကို ကျနော်တို့ တကယ်တမ်းမှာမြင်ကြည့်လို့ရမှာမို့လား။ဂျာမနီက ရုသျှစစ်သုံးပန်း ၅.၇ သန်းမှာ ၃.၃ သန်းသေခဲ့တယ်ဆိုတဲ့အချက်က အခုစာမျက်နှာကို ဖတ်နေသူ သာမန်လူတယောက်အတွက် ဘာအဓိပ္ပါယ်ရှိမလဲ (ဟာ့ရှဖဲ Hirschfeld၊ ၁၉၈၆)။ စစ်အတွင်းသေဆုံးမှုတွေနဲ့ပတ်သက်ပြီး သေသေချာချာပြောနိုင်တဲ့ တခုတည်းသောအချက်က စုစုပေါင်းကြည့်လိုက်ရင် သေတဲ့ယောက်ျားအရေအတွက်က မိန်းမအရေအတွက်ထက်များတဲ့အချက်ပဲ။ ဆိုဗီယက်ယူနီယံမှာ ၁၉၅၉ ထိ အသက်သုံးဆယ့်ငါးနှစ်နဲ့ငါးဆယ်ကြား အရွယ်တွေမှာ ယောက်ျားလေးယောက်ရှိရင် မိန်းမခုနှစ်ယောက်ရှိနေတုန်းပဲ (မီးလဝဒ် Milward၊ ၁၉၇၉၊ စာ ၂၁၂)ဒီစစ်ကြီးပြီးသွားတဲ့အခါ ပျက်စီးသွားတဲ့အဆောက်အအုံတွေကို ပြန်ဆောက်ရတာက အသက်မသေဘဲကျန်ခဲ့သူတွေရဲ့ ဘဝတွေကို ပြန်ဆောက်ရတာထက် ပိုလွယ်နိုင်တယ်။

ကနေ့ခေတ်စစ်ပွဲတွေဟာ နိုင်ငံသားအားလုံးကို စစ်နဲ့ပတ်သက်စေပြီး နိုင်ငံသားအများစုကို စစ်အတွက်စုစည်း အသုံးပြုရတဲ့အချက်၊ တိုင်းပြည်စီးပွားရေးတခုလုံးကို လက်နက်ထုတ်လုပ်ဖို့သက်သက်အတွက်ကိုပဲ ဉီးတည်ချက်ထားပြီး ထုတ်လုပ်ရတဲ့ လက်နက်ကိရိယာတွေကိုသုံးပြီးတိုက်ကြတဲ့အချက်၊ အသုံးပြုတဲ့ လက်နက်အရေအတွက်ဟာလည်း စိတ်ကူးထဲထည့်ကြည့်လို့မရအောင် များပြားတဲ့အချက်၊ နောက်တခါ ဒီစစ်ပွဲတွေဟာ အပျက်အစီး အမြောက်အမြား ဖြစ်ပွားစေပြီး စစ်ဖြစ်နေတဲ့နိုင်ငံတွေမှာနေထိုင်သူတွေရဲ့ဘဝတွေကို စစ်ကအပြည့်အဝ ကြီးစိုးလွှမ်းမိုးထားပြီး ပြောင်းလဲပစ်လိုက်တယ်ဆိုတဲ့ အချက်တွေဟာ ကျနော်တို့အတွက် အထူးအဆန်းမဟုတ်ဘူးလို့ သဘောထားမိကြတယ်။ ဒါပေမယ့် အခုပြောခဲ့တဲ့အခြင်းအရာအားလုံးဟာ နှစ်ဆယ်ရာစုထဲကစစ်ပွဲတွေကျမှတွေ့ရတဲ့ အခြင်းအရာတွေပဲ။ အစောပိုင်းကာလတွေတုန်းက ကြေကွဲစရာကောင်းတဲ့၊ အပျက်အစီးများတဲ့စစ်ပွဲတွေနဲ့ ပြင်သစ်တော်လှန်ရေး ကာလတုန်းက ပြင်သစ်မှာလို အားထုတ်မှုအပြည့်အဝလိုအပ်ပြီး ခေတ်သစ်စစ်ပွဲပုံစံတောင် ပေါ်စပြုလာတဲ့စစ်ပွဲတွေ တကယ်ကိုရှိခဲ့တယ်။ အမေရိကန်သမိုင်းမှာ ကနေ့ထိ သွေးထွက်သံယိုအများဆုံး လက်နက်ကိုင်ပဋိပက္ခဟာ ၁၈၆၁ ကနေ ၆၅ ထိကြာမြင့်တဲ့ ပြည်တွင်းစစ်ပဲ။ ဒီပြည်တွင်းစစ်မှာ သေဆုံးသူအရေအတွက်ဟာ ကမ္ဘာစစ်နှစ်ခု၊ ကိုရီးယားနဲ့ ဗီယက်နမ်စစ်ပွဲတွေအပါအဝင် ဒီပြည်တွင်းစစ်နောက်ပိုင်းဖြစ်ပွားတဲ့ စစ်ပွဲအားလုံးမှာ သေဆုံးသူစုစုပေါင်းအရေအတွက်နဲ့ တူတူလောက်သွားကျတယ်။ သို့သော်လည်း နှစ်ဆယ်ရာစုမတိုင်ခင်မှာ တိုင်းပြည်ထဲက လူ့အသိုက်အမြုံကြီး တခုလုံးကို သိမ်းကြုံးပြီးစစ်နဲ့မပတ်သက်လို့မရ ပတ်သက်နေရတဲ့စစ်ပွဲဆိုတာမျိုးကတော့ ရှားမှရှားပဲ။ ဂျိမ်းအော်စတင် Jane Austenဟာ သူ့ဝထ္ထုတွေကို နပိုလီယံစစ်ပွဲကာလမှာရေးတယ်။ နပိုလီယံစစ်ပွဲကာလကို ဖြတ်သန်းခဲ့တဲ့ လူငယ်လူရွယ်တချို့ဟာ ဒီစစ်ထဲမှာ ကျိန်းသေပါဝင်မှာဖြစ်ပေမယ့် စစ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေဟာ ဝထ္ထုစာမျက်နှာတွေမှာ မပါတဲ့အတွက် အော်စတင်ဟာ သူ့ဝထ္ထုတွေကို နပိုလီယံစစ်ပွဲကာလအတွင်းရေးတာကိုမသိတဲ့ စာဖတ်သူတယောက် အနေနဲ့ ဝထ္ထုဖတ်ရုံနဲ့ အပြင်မှာစစ်ဖြစ်နေတာကို မှန်းမိချင်မှမှန်းမိမယ်။ နှစ်ဆယ်ရာစုစစ်ပွဲကာလတွေအတွင်းမှာ ဝထ္ထုရေးသူတယောက်ဟာ ဗြိတိန်အကြောင်းကို အဲ့သလိုမျိုးရေးဖို့ ဘယ်လိုမှ စဉ်းစားလို့ရနိုင်မှာ မဟုတ်ဘူး။

နှစ်ဆယ်ရာစုရဲ့အလုံးစုံစစ်ဆိုတဲ့ သူရဲသူဘက်ကြီးဟာ မွေးကတည်းက အစွယ်ပါလာတာတော့မဟုတ်ဘူး။ သို့သော်လည်း ၁၉၁၄ ကစပြီး စစ်ပွဲတွေဟာ အကြီးစားစစ်ပွဲကြီးတွေအသွင်ဆောင်လာတာကို ယုံမှားစရာမရှိဘူး။ ပထမကမ္ဘာစစ်မှာကို ဗြိတိန်နိုင်ငံက အမျိုးသားဉီးရေရဲ့ ၁၂.၅ ရာခိုင်နှုန်း၊ ဂျာမနီက ၁၅.၄ ရာခိုင်နှုန်း၊ ပြင်သစ်က ၁၇ ရာခိုင်နှုန်းနီးပါးကို တပ်တွေအတွက်သုံးခဲ့တယ်။ ဒုတိယကမ္ဘာစစ်ကျတော့ စစ်တပ်ထဲရောက်သွားတဲ့ လုပ်သားအင်အား စုစုပေါင်း ရာခိုင်နှုန်းဟာ ၂၀ ရာခိုင်နှုန်းဝန်းကျင်မှာ ကောင်းကောင်းရှိတယ် (မီးလဝဒ် Milward၁၉၇၉၊စာ ၂၁၆)။ ကုန်ထုတ်လုပ်မှုနှုန်းမြင့်မားတဲ့၊ ခေတ်သစ်စက်မှုစီးပွားရေးစနစ်ကျင့်သုံးတဲ့နိုင်ငံတွေနဲ့ စီးပွားရေးဟာ အဓိကအားဖြင့် သေနတ်ကိုင်တိုက်မနေသူတွေလက်ထဲမှာရှိနေတဲ့နိုင်ငံတွေလောက်ပဲ ဒီလောက်များပြားလှတဲ့ လူအင်အားကို နှစ်နဲ့ချီပြီး စနစ်တကျ အသုံးပြုဖို့ ဖြစ်နိုင်တာကို ဒီနေရာမှာ သတိပြုမိသင့်တယ်။ သမားရိုးကျ ကျေးလက်စီးပွားရေးစနစ် ကျင့်သုံးတဲ့နိုင်ငံတွေမှာဆို လယ်စိုက်တဲ့နှစ်တွေမှာ တနိုင်ငံလုံးရဲ့လုပ်အားကို (ဥပမာ ကောက်ရိပ်သိမ်းချိန်လို) လိုအပ်တဲ့အတွက် ဒီလောက်ကြီးမားလှတဲ့ အလုပ်သမားအင်အားရာခိုင်နှုန်းကို တနှစ်တာရဲ့အချိန်ပိုင်းလောက်ကလွဲလို့ တနှစ်ပတ်လုံး အသုံးချဖို့ဆိုတာမဖြစ်နိုင်ဘူး။ စက်မှုစီးပွားရေးကျင့်သုံးတဲ့လူ့အဖွဲ့အစည်းတွေမှာတောင် အင်မတန်မှ ကြီးမားတဲ့ လုပ်သားအင်အားကို စစ်အတွက်စုစည်းပြီးအသုံးချတာမျိုးဟာ တိုင်းပြည်ရဲ့လုပ်သားအင်အားပေါ် ဒဏ်ကြီးကြီးမားမားပိစေတယ်။ အဲဒီအတွက်ကြောင့်ပဲ ခေတ်သစ်စစ်ပွဲတွေဟာ စနစ်တကျစုစည်းထားတဲ့ အလုပ်သမားထုအင်အားကို ပိုအားကောင်းစေပြီး အမျိုးသမီးတွေ အိမ်ထောင်အပြင်ဘက် အလုပ်ထွက်လုပ်တဲ့အပိုင်းမှာ အတိတ်မှာမရှိခဲ့တဲ့ အပြောင်းအလဲတွေကိုဖြစ်စေခဲ့တယ်။ ဒီအပြောင်းအလဲက ပထမကမ္ဘာစစ်မှာ ခဏသာခံပြီး ဒုတိယကမ္ဘာစစ်ကျတော့ ရာသက်ပန်အပြောင်းအလဲဖြစ်လာခဲ့တယ်။

နောက်တခါ နှစ်ဆယ်ရာစုကစစ်ပွဲတွေကို အကြီးစားစစ်ပွဲတွေ mass wars လို့ ခေါ်ရတာက ဒီစစ်ပွဲတွေမှာ အရင်ဘယ်လိုမှ စိတ်ကူးထဲထည့်ကြည့်လို့မရလောက်အောင် များပြားတဲ့ ကုန်ပစ္စည်းတွေကိုသုံးပြီး ဖျက်ဆီးပစ်ကြတာမို့ပဲ။ ဒါ့ကြောင့် ပထမကမ္ဘာစစ်မှာ အနောက်ဘက်စစ်မျက်နှာက ၁၉၁၄ ၁၈ကာလတိုက်ပွဲတွေကို ဂျာမန်လို Materialschlachtပစ္စည်းတိုက်ပွဲအဖြစ် ခိုင်းနှိုင်းခေါ်ဆိုကြတယ်။ နပိုလီယံခေတ်က ပြင်သစ်ပြည်ရဲ့ အကြီးစားကုန်ထုန်နိုင်စွမ်းဟာ ကံကောင်းထောက်မစွာနဲ့ အလွန်အမင်းအားနည်းတာမို့ သူဟာ အမြှောက်အကြိမ် ၁,၅၀၀ ထက်ပိုမပစ်ရဘဲ ပရပ်ရှားအင်အားကို ဖျက်ဆီးပစ်လိုက်ပြီး ၁၈၀၆ မှာ ယေနာတိုက်ပွဲကိုအနိုင်ရနိုင်တယ်။ တဘက်မှာ ပထမကမ္ဘာစစ် မတိုင်ခင်မှာတောင် ပြင်သစ်ဟာ အမြှောက်ဆံ တရက်ကို ၁၀၁၂,၀၀၀ ထိ ထုန်လုပ်ဖို့ စပြင်ဆင်ပြီး နောက်ဆုံးမှာ တရက်ကို အမြှောက်ဆံ၂၀၀,၀၀၀ ထိ ထုတ်ခဲ့ရတယ်။ ဇာဘုရင်ရဲ့ ရုသျှတောင်မှာ တရက်ကို အမြှောက်ဆံ ၁၅၀,၀၀၀ တလကို လေးသန်းခွဲထိ ထုတ်လာတာတွေ့ရတယ်။ စက်ရုံတွေကို စက်မှုအင်ဂျင်နီယာအတတ်နဲ့ တော်လှန်ပြောင်းလဲပစ်တာ အံ့အားသင့်စရာမရှိဘူး။ အမြှောက်ကျည်ဆံလောက် ဖျက်ဆီးအားမကောင်းတဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုကို ကြည့်ရင်လည်း ဒုတိယကမ္ဘာစစ်အတွင်းမှာ အမေရိကန်စစ်တပ်ဟာ ခြေအိပ်အရံပေါင်း ၅၁၉ သန်းနဲ့ ဘောင်းဘီ အထည် ၂၁၉ သန်းမှာယူခဲ့သလို ဂျာမန်စစ်တပ်ကတော့ ဗြူရိုကရေစီအစဉ်အလာနဲ့အညီ တနှစ်ထဲမှာ (၁၉၄၃) ကပ်ကြေး ၄.၄ သန်းနဲ့ စစ်ရုံးတွေမှာသုံးတဲ့ တံဆိပ်မင်နှိပ်တုံး ၆.၂ သန်း မှာယူခဲ့တယ်။ (မီးလဝဒ် Milward၊ ၁၉၇၉၊စာ ၆၈) အကြီးစားစစ်အတွက် အကြီးစားကုန်ထုတ်လုပ်မှုလိုတယ်။

ဒါပေမယ့် ကုန်ထုတ်လုပ်မှုဆိုတာက သူ့ရဲ့ရည်ရွယ်ချက်က ဂျာမန်တွေရဲ့ လက်စတုံးစခန်းတွေမှာလို လူ့ဘဝတွေကို အထိရောက်ဆုံးနည်းလမ်းနဲ့ စနစ်တကျ ဖျက်ဆီးပစ်ဖို့ဆိုရင်တောင် စနစ်ကျတဲ့ဖွဲ့စည်းမှုနဲ့ စီမံခန့်ခွဲမှုတွေလိုသေးတယ်။ ယေဘုယျအကျဆုံးအသုံးအနှုန်းတွေနဲ့ပြောရရင် အလုံးစုံစစ်ဟာ ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျဖွဲ့စည်းပြီး စီမံခန့်ခွဲပြီးတိုက်ရမယ့် သမိုင်းမှာ လူသားတွေကြုံဖူးခဲ့သမျှထဲမှာ အကြီးမားဆုံးစွန့်ဉီးလုပ်ငန်းကြီးပဲ။

အဲဒီမှာ အရင်ကမကြုံဖူးတဲ့ ပြဿနာတွေပေါ်ထွက်လာတယ်။ ဆယ့်ခွန်နှစ်ရာစုတုန်းကဆိုရင် အစိုးရတွေက စစ်နဲ့ဆိုင်တဲ့ အရေးအရာတွေကို စစ်ဘက်ဆိုင်ရာစွန့်ဉီးတီထွင်သူတွေကို ကန်ထရိုက်ချပြီးလုပ်ခိုင်းတာထက် အမြဲတန်းစစ်တပ်ထားပြီး စီမံအုပ်ချုပ်ကြတာမို့ စစ်ရေးစစ်ရာတွေဟာ အစိုးရတွေ အမြဲတန်းအာရုံစိုက်ရတဲ့အလုပ်ပဲ။ တကယ်တမ်းမှာလည်း စစ်တပ်တွေနဲ့ စစ်ဟာ မကြာခင်မှာဘဲ ဘယ်ပုဂ္ဂလိကလုပ်ငန်းကိုင်ငန်းထက်မဆို အဆပေါင်းများစွာ ကြီးမားတဲ့ အကြီးစားကုန်ထုတ်လုပ်ငန်းကြီးတွေနဲ့ ရှုပ်ထွေးအဆင့်မြင့်တဲ့ စီးပွားရေးလုပ်ငန်းကိုင်ငန်းကြီးတွေဖြစ်လာတယ်။ ဒီ အတွက်ကြောင့်ပဲ ဆယ့်ကိုးရာစုထဲမှာ စစ်တပ်ဟာ အကြီးစားကုန်ထုတ်လုပ်ငန်းတွေခေတ်မှာပေါ်ထွက်လာတဲ့ ရထားလမ်းစီမံကိန်းတို့၊ ဆိပ်ကမ်းတည်ဆောက်ရေးတို့လို ကြီးမားလှတဲ့ ပုဂ္ဂလိကလုပ်ငန်းကြီးတွေအတွက် စီမံခန့်ခွဲမှုဆိုင်ရာကျွမ်းကျင်မှုနဲ့ တခြားလုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေဖြည့်ဆည်းပေးတဲ့အလုပ်ကို မကြာခဏ လုပ်ဆောင်လာခဲ့တယ်။ ဒါ့အပြင် ဆယ့်ကိုးရာစုနောက်ပိုင်းနှစ်တွေမှာ အစိုးရနဲ့ ပုဂ္ဂလိကပိုင်းက စစ်လက်နက်ထုတ်လုပ်မှုကို အဓိကလုပ်တဲ့လုပ်ငန်းတွေပေါင်းပြီး အကျိုးတူဖက်စပ်လုပ်ငန်းမျိုးတွေ အထူးသဖြင့် အမြှောက်နဲ့ ရေတပ်လို အဆင့်မြင့်နည်းပညာတွေအသုံးပြုရတဲ့ကဏ္ဍတွေမှာ အကျိုးတူဖက်စပ်လုပ်ငန်းမျိုး တွေပေါ်ထွက်လာတယ်ဆိုပေမယ့်လည်း အစိုးရတိုင်းနီးနီးလောက်က စစ်လက်နက်နဲ့ စစ်သုံးပစ္စည်းထုတ်လုပ်တဲ့ အလုပ်ကို လုပ်နေကြတယ်ပြီး အဲဒိကနေ ကနေ့ခေတ်မှာ စစ်ဘက်ဆိုင်ရာ အကြီးစားစက်မှုလုပ်ငန်း ‘military-industrial complex’ ဆိုပြီးသိကြတဲ့ ကုန်ထုတ်လုပ်ငန်းတွေ ပေါ်ထွက်လာတယ် (Age of Empire အခန်း ၁၃ ကိုကြည့်။)။ ဘာပဲဖြစ်ဖြစ် ပြင်သစ်တော်လှန်ရေးနဲ့ ပထမကမ္ဘာစစ်ကြားမှာ အခြေခံယူဆချက်တခုက စစ်တိုက်နေတဲ့ကာလမှာ တိုင်းပြည်စီးပွားရေးကို ငြိမ်းချမ်းနေတဲ့ကာလမှာလို (ပိုနေမြဲ၊ ကျားနေမြဲအတိုင်း ‘business as usual’) ဆက်လက်မောင်းနှင်သွားဖို့ဆိုတဲ့ ယူဆချက်ပဲ။ တချို့လုပ်ငန်းတွေ ဥပမာ အဝတ်အထည်ထုတ်လုပ်ရေးလုပ်ငန်းတွေဆိုရင် စစ်တွင်းကာလမှာ ထုတ်လုပ်ဖို့လိုအပ်တဲ့ အရေအတွက်ဟာ ငြိမ်းချမ်းတဲ့ကာလက ထုတ်လုပ်အားထက် အဆပေါင်းများစွာပိုများတဲ့အတွက် ဒီလုပ်ငန်းတွေပေါ် စစ်ရဲ့ရိုက်ခတ်မှုက သိသာတယ်။

အစိုးရတွေအတွက် အဓိက ပြဿနာက သူတို့ကိုယ်တိုင်လည်းမြင်မိကြတဲ့ စစ်အတွက် ပိုက်ဆံဘယ်လိုရှာမလဲဆိုတဲ့ ဘဏ္ဍာရေးပြဿနာပဲ။ ပိုက်ဆံချေးမလား၊ ဒါမှမဟုတ် တိုက်ရိုက်အခွန်ကောက်မလား၊ ဘယ်လမ်းရွေးရွေး အတိအကျဘယ်လိုလုပ်မလဲ။ အကျိုးဆက်အားဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာနတွေကို Treasuries or Ministries of Financeစစ်စီးပွားရေးရဲ့ အဓိကတပ်မှုးကြီးတွေအဖြစ်မြင်လာကြတယ်။ ပထမကမ္ဘာစစ်ဟာ အစိုးရတွေ တွက်ထားတာထက် အများကြီးပိုကြာပြီး လူတွေ၊ လက်နက်တွေ အများကြီးပိုသုံးခဲ့ရတာမို့ ပိုနေမြဲ ကျားနေမြဲအတိုင်းဆက်လုပ်ဖို့နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတွေက တခြားဌာနတွေရဲ့ အထက်မှာရှိနေဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒါတောင်မှလည်း နိုင်ငံရေးသမားတွေရဲ့ ဘဏ္ဍာရေးကုန်ကျစရိတ်တွေကိုမတွက်ဘဲ စစ်ကိုမနိုင်နိုင်အောင်တိုက်ဖို့ အလွယ်တကူဆုံးဖြတ်ထားတာကို ဘဏ္ဍာရေးဝန်ကြီးဌာနတွေက အရာရှိတွေ (ဗြိတိန်က အဲဒိတုန်းက ဂျွန်အမ်ကိန်း John M Keyenes ကလူငယ်အရွယ်ပဲရှိသေးတယ်။) မယုံနိုင်အောင် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့တယ်။ ဒီအရာရှိတွေ မှန်တာပေါ့။ ဗြိတိန်ဟာ သူတတ်နိုင်တာထက် ကျော်လွန်ပြီး စစ်ကြီးနှစ်ခုစလုံးကိုတိုက်ခဲ့ရာမှာ သူ့စီးပွားရေးအတွက် ရေရှည်ဆိုးကျိုးတွေကျန်ခဲ့တယ်။ ဒီတော့ နောက်ဆုံး စစ်ကို ခေတ်သစ်စကေးအတိုင်း တိုက်ရတော့မယ်ဆိုရင် စစ်အတွက်ကုန်ကျစရိတ်တွေကို တွက်ချက်စဉ်းစားရရုံတင်မက ကုန်ထုတ်လုပ်မှုနဲ့ နောက်ဆုံးမှာ စီးပွားရေးတခုလုံးကို ချုပ်ကိုင်အစီအစဉ်ချပြီးစီမံခန့်ခွဲရမှာဖြစ်တယ်။

ဒီလိုလုပ်ဖို့ကို အစိုးရတွေဟာ ပထမကမ္ဘာစစ်အတွင်းမှာ အတွေ့အကြုံကတဆင့်သာ သဘောပေါက်လာကြတယ်။ ဒုတိယကမ္ဘာစစ်ကျတော့ အဓိက ပထမကမ္ဘာစစ်တုန်းကသင်ခန်းစာတွေကို အစိုးရအရာရှိတွေက စူးစူးစိုက်စိုက် လေ့လာခဲ့ပြီး အဲဒီအတွေ့အကြုံတွေကျေးဇူးနဲ့ ဒါကို စကတည်းက သဘောပေါက်ကြတယ်။ သို့သော်လည်း စီးပွားရေးကို အစိုးရတွေ ဘယ်သို့ဘယ်ပုံ အပြည့်အဝသိမ်းပိုက်မလဲဆိုတာ၊ နောက် စီးပွားရေးအစီအမံတွေကို ကိုယ်တိုင်ဝင်ပြီး ရေးဆွဲရေးနဲ့ သံယံဇာတအရင်းအမြစ်တွေကို (ပုံမှန်စီးပွားရေးယန္တရားတွေချပေတဲ့အတိုင်းမဟုတ်ဘဲ) ခွဲတမ်းချရေးတွေ မရှိမဖြစ်အခရာကျတာကိုတော့ တဖြည်းဖြည်းချင်းပဲ သဘောပေါက်လာကြတယ်။ ဒုတိယကမ္ဘာစစ် စဖြစ်ဖြစ်ချင်းမှာ စီးပွားရေးကို ကိုယ်တိုင်ကိုယ်ကျလက်တွေ့ထိန်းချုပ်နိုင်တဲ့ ယန္တရားတွေရှိတဲ့ နိုင်ငံဆိုလို့ ဆိုဗီယက်ယူနီယံနဲ့ နာဇီဂျာမနီ နှစ်နိုင်ငံ (ဆိုဗီယက်လောက် မများ)ပဲရှိတယ်။ ဒါကလည်း ဆိုဗီယက်တွေရဲ့ စီမံကိန်းအယူအဆတွေဟာ ဂျာမန်တွေရဲ့ ၁၉၁၄ –၁၇ ကာလတွေမှာ ကျင့်သုံးတဲ့ ဗဟိုကချုပ်ကိုင်တဲ့ စစ်စီးပွားရေးပုံစံကို အားကျအတုယူပြီး အတိုင်းအတာတခုထိ ဒီပုံစံကို အခြေပြုတည်ဆောက်ထားတာမို့ပဲ (အခန်း ၁၃ ကိုကြည့်။)။ တချို့နိုင်ငံတွေ၊ အထူးသဖြင့် ဗြိတိန်နဲ့ USA တို့ဆီမှာ အဲဒိလို နိုင်ငံရေးက စီးပွားရေးကို ချုပ်ကိုင်နိုင်တဲ့ယန္တရားမျိုး အခြေခံလောက်တောင် မရှိခဲ့ဘူး။

ဒီတော့ စစ်ကြီးနှစ်ခုစလုံးမှာ အစိုးရကချုပ်ကိုင်တဲ့ စစ်စီးပွာရေးစနစ်ကျင့်သုံးတဲ့နိုင်ငံတွေထဲမှာ ဆိုလိုတာက စစ်ဖြစ်နေတဲ့နိုင်ငံအားလုံးမှာ အနောက်ဒီမိုကရေစီနိုင်ငံတွေရဲ့စီးပွားရေးဟာ ပထမကမ္ဘာစစ်မှာ ဗြိတိန်နဲ့ပြင်သစ်၊ ဒုတိယကမ္ဘာစစ်မှာ ဗြိတိန်နဲ့ USA – အစဉ်အလာအားဖြင့်ရော၊ သီအိုရီပိုင်းမှာပါ စနစ်ကျတဲ့ ဗျူရိုကရေစီစနစ်တွေရှိတဲ့ ဂျာမနီထက် အများကြီးပိုပြီးအဆင့်မြင့်နေတာက ထူးဆန်းတဲ့ပဟေဠိဖြစ်နေတယ် (ဆိုဗီယက်စီမံကိန်းအကြောင်း အခန်း ၁၃ မှာကြည့်။)။ ဘာ့ကြောင့် ဒီလိုဖြစ်ရသလဲဆိုတာကို မှန်းဆကြည့်ရုံကြည့်နိုင်တယ်၊ ဒါပေမယ့် အချက်အလက်ကိုတော့ ဘယ်လိုမှသံသယဖြစ်စရာမရှိဘူး။ ဂျာမန်တွေရဲ့ စစ်တွင်းစီးပွားရေးဟာ စစ်အတွက်လိုအပ်တဲ့ အရင်းအမြစ်အားလုံးကို စီမံအသုံးချတဲ့အပိုင်းမှာ စနစ်ကျမှု၊ ထိရောက်မှုအားနည်းတယ်။ သူတို့ရဲ့လျှပ်စီးထိုးစစ်တွေ အရေးမနိမ့်ခင်ထိတော့ ဒီလိုထိရောက်မှုအားနည်းတဲ့အချက်က ကိစ္စမရှိသေးဘူးပေါ့။ နောက်တခါ ဂျာမန်အစိုးရဟာ သူ့တိုင်းသူ ပြည်သားတွေကိုလည်း အနောက်ဒီမိုကရေစီနိုင်ငံတွေ သူတို့တိုင်းသူပြည်သားတွေကိုဂရုစိုက်သလောက် မစိုက်ဘူး။ ပထမကမ္ဘာစစ်ကို ဘေးမသီ ရန်မခ ကျော်လွှားနိုင်ခဲ့တဲ့ ဗြိတိန်နဲ့ပြင်သစ်မှာနေထိုင်သူတွေဟာ စစ်မတိုင်ခင်ကထက် တနည်းတဖုံ ပိုပြီးကျန်းမာကြသလို ပိုတောင်ဆင်းရဲသွားအုံးတော့ သူတို့အလုပ်သမားတွေရဲ့ ပကတိဝင်ငွေဟာလည်း တက်လာခဲ့တယ်။ ဂျာမန်တွေကျတော့ အစာရေစာ ဝဝလင်လင် မစားကြရသလို သူ့အလုပ်သမားတွေရဲ့ ပကတိဝင်ငွေဟာလည်း ကျဆင်းသွားခဲ့တယ်။ ဒုတိယကမ္ဘာစစ် ကျတော့ ပြင်သစ်က စစ်စပြီးမကြာခင်မှာ အရေးနိမ့်ခဲ့တာမို့ နှိုင်းယှဉ်ရတာ ပိုခက်သွားတယ်၊ USA က သူရင်ဆိုင်ရတဲ့ဖိအားက အပုံကြီးပိုနည်းပြီး စစ်အပြီးမှာ ပိုချမ်းသာလာတယ်၊ ဆိုဗီယက်ယူနီယံကျတော့ သူရင်ဆိုင်ရတဲ့ဖိအားက အပုံကြီးပိုကြီးပြီး စစ်အပြီးမှာ ပိုဆင်းရဲသွားတယ်။ ဂျာမနီရဲ့ စစ်စီးပွားရေးဟာ ဥရောပတတိုက်လုံးနီးပါးကို အမြတ်ထုတ်လို့ ရနေတဲ့အနေအထားမှာ ရှိခဲ့ပေမယ့် စစ်ပြီးတဲ့အခါ သူ့ရဲ့ ပျက်စီးဆုံးရှုံးမှုအတိုင်းအတာပမာဏဟာ အနောက်ဘက်ကနိုင်ငံတွေထက် အများကြီးပိုများတယ်။ ဒါတောင်မှလည်း အရပ်ဘက် ကုန်စည်စားသုံးမှုဟာ ၁၉၄၃ မှာ ၂၀ ရာခိုင်နှုန်းကျဆင်းခဲ့တဲ့ ခြုံကြည့်ရင်ပိုဆင်းရဲသွားတဲ့ ဗြိတိန်ဟာ တန်းတူညီရေးနဲ့ မျှတရေးအတွက် ကိုယ်ကျိုးစွန့်မှုရဲ့တန်ဖိုး၊ လူ့အဖွဲ့အစည်းထဲတရားမျှတမှုထွန်းကားရေးစတဲ့ နှုန်းတွေ၊ စံတွေကို စနစ်တကျအသားပေးပြီး စစ်စီးပွားရေးကိုချုပ်ကိုင်မောင်းနှင်တဲ့ကျေးဇူးနဲ့ စစ်အပြီးမှာ ဗြိတိန်မှာ နေထိုင်သူတွေဟာ စစ်မတိုင်ခင်ကထက် ပိုကောင်းကောင်းမွန်မွန် စားနိုင်သောက်နိုင်ခဲ့ကြပြီး ပိုလည်းကျန်းမာကြတယ်။ ဂျာမန်တွေရဲ့စနစ်ကျတော့ မူကိုက မညီမျှမှုကိုအခြေခံထားတာရှင်းတယ်။ ဂျာမနီဟာ သူသိမ်းထားတဲ့ဥရောပတိုက်က အရင်းအမြစ်တွေရော၊ လူအင်အားကိုပါ အမြတ်ထုတ်ပြီး ဂျာမန်မဟုတ်သူတွေကို သူတို့ထက် အဆင့်အတန်းနိမ့်သူတွေအဖြစ် သဘောထားပြီး အဆိုးဆုံးအဖြစ်အပျက်တွေမှာဆို ပိုလန်လူမျိုးတွေ၊ အထူးသဖြင့် ဂျူးတွေနဲ့ ရုသျှတွေ ဒီလူတွေကို လိုသလိုအသုံးပြုနိုင်တဲ့၊ အရှင်ထားစရာတောင်မလိုဘူးလို့ယူဆတဲ့ ကျေးကျွန်တွေသာသာသဘောထားတယ်။ ၁၉၄၄ မှာ ဂျာမနီရဲ့ နိုင်ငံခြားသားအလုပ်သမားအရေအတွက်ဟာ စုစုပေါင်း လုပ်သားဉီးရေရဲ့ ငါးပုံတပုံလောက်ရှိပြီး လက်နက်ထုတ်လုပ်တဲ့ကဏ္ဍမှာဆို ၃၀ ရာခိုင်နှုန်းထိရှိတယ်။ ဒါတောင်မှလည်း ဂျာမန်လူမျိုးအလုပ်သမားတွေ အများဆုံးရနိုင်တာက သူတို့ရဲ့ ပကတိဝင်ငွေဟာ ၁၉၃၈ နှုန်းအတိုင်း ဆက်ရှိနေတဲ့အချက်ပဲရှိတယ်။ စစ်အတွင်းမှာ ဗြိတိန်ရဲ့ ခလေးသေဆုံးမှုနဲ့ နာမကျန်းဖြစ်မှုတွေ သိသိသာသာ ကျဆင်းသွားခဲ့တယ်။ နာဇီသိမ်းထားတဲ့ ပြင်သစ်နဲ့ ရုပ်သေးအစိုးရအောက်ကပြင်သစ်၊ စာထဲမှာ အစာရေစာပေါများတဲ့နိုင်ငံအဖြစ် ပြောစမှတ်ပြုခံထားရပြီး ၁၉၄၀ နောက်ပိုင်းမှာ စစ်ထဲပါမလာတော့တဲ့ ပြင်သစ်မှာတော့ ပျမ်းမျှကိုယ်အလေးချိန်နဲ့ ကျန်းမာကြံ့ခိုင်မှုတွေဟာ အရွယ်တိုင်းမှာ ကျဆင်းခဲ့တယ်။

အလုံးစုံစစ်က စီမံခန့်ခွဲနည်းတွေကိုလည်း တော်လှန်ပြောင်းလဲပစ်လိုက်တာ သံသယဖြစ်စရာမရှိဘူး။ နည်းပညာနဲ့ ကုန်ထုတ်လုပ်မှုကို ဘယ်လောက်အတိုင်းအတာထိ တော်လှန်ပြောင်းလဲပစ်သလဲ။ တနည်းအားဖြင့် အလုံးစုံစစ်က စီးပွားရေးဖွံ့ဖြိုးမှုကို တိုးတက်စေလား၊ ဆုတ်ယုတ်စေလား။ စစ်ဆိုတာက စစ်တပ်ချင်းတိုက်ကြတဲ့အပြင် စစ်တပ်တွေအတွက် ထိရောက်တဲ့လက်နက်တွေနဲ့ တခြားမရှိမဖြစ်အရေးပါတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကိုပါ ဖြည့်ဆည်းပေးတဲ့ နည်းပညာပိုင်းမှာလည်း တဘက်နဲ့တဘက်အပြိုင်ကြဲကြရတာမို့ အလုံးစုံစစ်က နည်းပညာကို ဖွံ့ဖြိုးတိုးတက်စေတာကတော့ရှင်းတယ်။ ဒုတိယကမ္ဘာစစ်ကြောင့်သာ မဟုတ်ရင်၊ ဒါမှမဟုတ် နာဇီဂျာမနီဟာ နယူကလိယရူပဗေဒက ရှာဖွေတွေ့ရှိမှုတွေကို အသုံးချမှာကို စိုးရိမ်မှုကြောင့်သာမဟုတ်ရင် အဏုမြူဗုံးကို တီထွင်ကြံဆဖြစ်မှာမဟုတ်တာ၊ ဒါမှမဟုတ် အဏုမြူစွမ်းအင်ထုတ်လုပ်ဖို့လိုအပ်တဲ့ နှစ်ဆယ်ရာစုထဲ လုပ်ဆောင်ခဲ့တဲ့ ကုန်ကျစရိတ် အတော်ကြီးကိုကြီးမားတဲ့စီမံကိန်းတွေကို မလုပ်ဖြစ်ဖို့က ကျိန်းသေသလောက်ရှိတယ်။ စစ်ဘက်အတွက်ရည်ရွယ်ပြီးကြံဆခဲ့တဲ့ တချို့ဖော်ထုတ်နိုင်ခဲ့တဲ့နည်းပညာတွေဟာ လေကြောင်းသိပ္ပံပညာနဲ့ ကွန်ပြူတာတွေကို မျက်စိထဲမြင်မိကြမယ်။ ငြိမ်းချမ်းရေးကာလမှာလည်း အတော်ကြီးကိုအလွယ်တကူအသုံးချနိုင်တာကို တွေ့ခဲ့ရတယ်။ ဒါပေမယ့်လည်း ပုံမှန်ငြိမ်းချမ်းနေတဲ့ကာလတွေမှာ ရင်းစားတွက်ကြည့်ကြသူဘယ်သူမဆို တီထွင်ကြံဆဖြစ်ကြမှာမဟုတ်တဲ့ ဒါမှမဟုတ် တဖြည်းဖြည်းချင်းနဲ့ စိတ်မပါ့တပါပဲ ဖော်ထုတ်ကြံ့ဆကြစရာရှိတဲ့ နည်းပညာဆိုင်ရာ တီထွင်ကြံဆမှုတွေရဲ့ ကုန်ကျစရိတ်တွေကို စစ်သုံးစရိတ်ထဲကနေ စိုက်ထုတ်ပေးခြင်းဖြင့် စစ်နဲ့ စစ်အတွက် ပြင်ဆင်မှုတွေဟာ နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေရဲ့ အဓိကမောင်းနှင်အားဆိုတဲ့ အချက်ကတော့ မမှားနိုင်ပေဘူး (အခန်း ၉ ကိုကြည့်။)

တကယ်က နည်းပညာဖွံ့ဖြိုးတိုးတက်မှုက စစ်ပေါ် အမှီသဟဲပြုနေတာ အသစ်အဆန်းတော့မဟုတ်ပေဘူး။ ဒါ့အပြင် ခေတ်သစ်အကြီးစားစီးပွားရေးစနစ်ဟာ နည်းပညာပိုင်းမှာ အစဉ်မပြတ်အသစ်အသစ်တီထွင်ကြံဆံမှုပေါ် အခြေခံ တည်ဆောက်ထားတာဖြစ်ပြီး စစ်မဖြစ်လည်း ဒီတီထွင်ကြံဆမှုတွေကျိန်းသေပေါက် ဖြစ်လာမှာပဲ။ စစ်သာမဖြစ်ရင်(ဒီ ယူဆချက်က မဖြစ်နိုင်ပေမယ့် ဆိုလိုရင်းကို သဘောပေါက်အောင် ယူဆကြည့်ရင်)ပိုပြီးမြန်ဆန်တဲ့နှုန်းနဲ့တောင် ဖြစ်လာနိုင်သေးတယ်။ စစ်တွေက အထူးသဖြင့် ဒုတယိကမ္ဘာစစ်က နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုကို တခြား ကဏ္ဍတွေထိ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့စေခဲ့ပြီး အကြီးစားကုန်ထုတ်လုပ်နည်းတွေနဲ့ အကြီးစားစီမံခန့်ခွဲမှုပိုင်းတွေမှာ အဓိကရိုက်ခတ်မှုရှိခဲ့တယ်။ ဒါပေမယ့်လည်း သူတို့ကြောင့် ရရှိလာတာတွေက များသောအားဖြင့် အရင်မရှိသေးတဲ့ အနေအထားကနေ ပြောင်းလဲပစ်လိုက်တာထက် သူ့ဟာသူစနေတဲ့ အပြောင်းအလဲကို အရှိန်ရသွားစေတာပဲ။

စစ်က စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို အားကောင်းစေလား။ တဘက်ကကြည့်ရင် အားမကောင်းစေတာရှင်းတယ်။ အလုပ်လုပ်နေတဲ့ လူဉီးရေ လျော့ကျသွားတာအပြင် ကုန်ထုတ်အင်အားအရင်းအမြစ်တွေ ဆုံးရှုံးမှုကြီးမားလှတယ်။ ဆိုဗီယက်ယူနီယံမှာ ဒုတိယကမ္ဘာစစ်မတိုင်ခင်ကရှိခဲ့တဲ့ ကုန်ထုတ်ပစ္စည်းစုစုပေါင်းရဲ့ နှစ်ဆယ့်ငါးရာခိုင်နှုန်းလောက်၊ ဂျာမနီမှာ ၁၃ ရာခိုင်နှုန်း၊ အီတလီမှာ ၈ ရာခိုင်နှုန်း၊ ပြင်သစ်မှာ ၇ ရာခိုင်နှုန်း၊ ဗြိတိန်ကတော့ ၃ ရာခိုင်နှုန်းပဲ (ဒါကလည်း စစ်အတွင်းတည်ဆောက်ခဲ့တဲ့ ကုန်ထုတ်ပစ္စည်းတွေနဲ့ ပြန်ကာမိမှာမို့)စစ်အတွင်းမှာ ပျက်စီးသွားတယ်။ အားလုံးထဲမှာ အဆိုးဆုံးဖြစ်တဲ့ ဆိုဗီယက်ယူနီယံဆိုရင် စစ်ရဲ့အသားတင် စီးပွားရေးအကျိုးဆက်ဟာ အနုတ်လုံးလုံးပြတယ်။ ၁၉၄၅ မှာ တိုင်းပြည်ရဲ့ လယ်ယာစိုက်ပျိုးရေးဟာပျက်စီးနေပြီး စစ်မဖြစ်ခင် စက်မှုဖွံ့ဖြိုးရေး ငါးနှစ်စီမံကိန်းတွေလည်း ပျက်စီးခဲ့တယ်။ ကျန်ခဲ့တာဆိုလို့ တခြားကဏ္ဍတွေမှာ ဘယ်လိုမှအလိုက်သင့်ပြောင်းသုံးလို့လဲမရတဲ့ စစ်လက်နက် အကြီးစားထုတ်လုပ်ရေးလုပ်ငန်းရယ်၊ လျော့ကျသွားပြီးငတ်ပြတ်နေတဲ့လူတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုတွေပဲ ရှိတယ်။

တဘက်မှာတော့ စစ်ဟာ အမေရိကန်စီးပွားရေးအတွက် ကောင်းတာထင်ရှားတယ်။ စစ်ကြီးနှစ်ခုစလုံးအတွင်းမှာ သူ့ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာ သာမန်ထက်အများကြီးပိုကောင်းပြီး အထူးသဖြင့် ဒုတိယကမ္ဘာစစ်မှာ တနှစ်ကို အကြမ်းအားဖြင့် ၁၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ဒုတိယမတိုင်ခင်ရော နောက်ပိုင်းမှာပါ သူ့စီးပွားရေးဟာ ဒီနှုန်းကို မမှီဘူး။ စစ်ကြီးနှစ်ခုစလုံးမှာ အမေရိကန်ဟာ တိုက်ခိုက်မှုတွေနဲ့ အလှမ်းဝေးနေ၊ သူ့မဟာမိတ်တွေအတွက် အဓိကလက်နက်တိုက်ကြီးဖြစ်နေသလို သူ့စီးပွားရေးက ကုန်ထုတ်လုပ်မှု တိုးချဲ့တဲ့အလုပ်ကို တခြားဘယ်နိုင်ငံထက်မဆို ထိထိရောက်ရောက် စနစ်တကျစုစည်းလုပ်ဆောင်နိုင်တဲ့ အားလည်းရှိနေတဲ့အချက်နှစ်ချက်စလုံးက အမေရိကန်ကို အများကြီးအကျိုးအမြတ်ထွက်စေခဲ့တယ်။ ပြောလို့ရနိုင်တဲ့ စစ်ကြီးနှစ်ခုစလုံးရဲ့ ရေရှည်စီးပွားရေးအကျိုးဆက်တခုက အမေရိကန်ကို တိုတောင်းလှတဲ့နှစ်ဆယ်ရာစုတခုလုံးမှာ ကမ္ဘာမှာ အလွှမ်းမိုးဆုံးနဲ့ အင်အားအကြီးဆုံးနိုင်ငံအဖြစ်ကို တွန်းတင်ပေးလိုက်ရာမှာ ရာစုနှစ်ကုန်ခါနီးကျမှ ဒီအနေအထားကနေ တဖြည်းဖြည်းချင်း ကျစပြုလာတဲ့အချက်ပဲ (အခန်း ၉ ကိုကြည့်။)၁၉၁၄ မှာ အမေရိကန်ဟာ ကမ္ဘာမှာ အကြီးဆုံးစက်မှုစီးပွားရေးနိုင်ငံဖြစ်လာပေမယ့် သူ့စီးပွားရေးဟာ တခြားနိုင်ငံတွေရဲ့စီးပွားရေးကို လွှမ်းမိုးနိုင်အားမရှိသေးဘူး။ အမေရိကန်စီးပွားရေးကို အားကောင်းစေခဲ့ပြီး သူ့ပြိုင်ဘက်တွေကို နှိုင်းယှဉ်ချက်အရရော၊ ပကတိအရပါ ချိနဲ့သွားစေတဲ့ စစ်ပွဲတွေက သူ့စီးပွားရေးအခြေအနေကို ပြောင်းလဲပစ်လိုက်တယ်။

အမေရိကန် (စစ်ကြီးနှစ်ခုလုံးမှာ) နဲ့ ရုသျှ (အထူးသဖြင့် ဒုတိယကမ္ဘာစစ်မှာ) နှစ်နိုင်ငံဟာ စစ်ကြီးတွေရဲ့စီးပွားရေး အကျိုးဆက်တွေရဲ့ အစွန်းနှစ်ဘက်ကို ကိုယ်စားပြုတယ်ဆိုရင် တကမ္ဘာလုံးက ကျန်တဲ့နိုင်ငံတွေက သူတို့နှစ်နိုင်ငံကြား တနေရာရာမှာ ရှိတယ်။ ဒါပေမယ့် ခြုံကြည့်ရင် အမေရိကန်ထက် ရုသျှဘက်နဲ့ ပိုနီးတယ်။

ခုတခါ စစ်ပွဲတွေခေတ်ရဲ့ လူသားတွေပေါ်ရိုက်ခတ်မှုတွေ၊ ဒီခေတ်အတွင်း လူ့ဘဝတွေပေးဆပ်ခဲ့ရမှုအတိုင်းအတာတွေကို ခန့်မှန်းလေ့လာကြည့်ဖို့ ကျန်နေသေးတယ်။ အပေါ်မှာပြောသွားတဲ့ ကြီးမားလွန်းလှတဲ့ သေဆုံးဒဏ်ရာရရှိမှု အတိုင်းအတာပမာဏဟာ ဒီပေးဆပ်ခဲ့မှုတွေရဲ့ အစိတ်အပိုင်းလေး တပိုင်းစာလောက်ပဲရှိသေးတယ်။ ထူးဆန်းတာက နားလည်လို့ရတဲ့အကြောင်းတွေကြောင့် ဆိုဗီယက်ယူနီယံကလွဲပြီး ကျန်တဲ့နိုင်ငံတွေမှာ ပထမကမ္ဘာစစ်မှာ ပေးဆပ်ခဲ့ရတဲ့ အရေအတွက်ဟာ ဒုတိယကမ္ဘာစစ်မှာ ပေးဆပ်ခဲ့ရတဲ့အရေအတွက်ထက် အများကြီးလျော့နည်းပေမယ့် ရိုက်ခတ်မှုပိုင်းမှာ ဒုတိယကမ္ဘာစစ်ရဲ့ရိုက်ခတ်မှုက အများကြီးပိုကြီးတယ်။ ပထမကမ္ဘာစစ်မှာ ကျဆုံးခဲ့သူတွေအတွက် အထိမ်းအမှတ်တွေဟာ ပိုပြီးကြီးကျယ်ထင်ရှားသလို ပထမကမ္ဘာစစ်အတွင်းကျဆုံးခဲ့သူတွေကို ဂုဏ်ပြုတဲ့အလုပ်ကို ဘာသာရေးဝတ်တခုလို သဘောထားတာတွေက ဒါကို သက်သေအဖြစ်ပြနေတယ်။ အမည်မသိစစ်သည် ‘the unknown soldier’ အတွက် အထိမ်းအမှတ်ဗိမာန်လို အဆောက်အအုံတွေ ဒုတိယကမ္ဘာစစ်အပြီးမှာ ပေါ်ထွက်မလာသလို ဒုတိယကမ္ဘာစစ်နောက်ပိုင်း စစ်ပြေငြိမ်းနေ့ (၁၉၁၈ နိုဝင်ဘာ ၁၁ နှစ်ပတ်လည်နေ့)ကျင်းပပုံတွေမှာလည်း စစ်တွင်းကာလမှာတွေ့ရတဲ့ လေးနက်တည်ကြည်မှုတွေ တဖြည်းဖြည်းပျောက်ကွယ်သွားတယ်။ ဒါကလည်း လူဆယ်သန်းလောက်သေဆုံးမှုက ဒီလောက်ကြီးမားတဲ့ပေးဆပ်မှုမျိုးကို အရင်မကြုံဖူးသူတွေကို လူသတ်ပွဲကြီးတွေနဲ့ ကြုံဖူးလိုက်တဲ့လူတွေရဲ့ လေးဆယ့်လေးသန်းသေဆုံးမှုထက် ပိုပြီးရက်ရက်စက်စက်ရိုက်ခတ်တဲ့အတွက် ဖြစ်ချင်လည်း ဖြစ်မှာပါပဲ။

စစ်တိုက်ဖို့အားထုတ်ကြိုးပမ်းခဲ့မှုတခုလုံးရော၊ စစ်ကိုဘယ်လောက်ပဲကုန်ကျကုန်ကျ အကန့်အသတ်မထားဘဲတိုက်ဖို့ နှစ်ဘက်စလုံးရဲ့ သံဓိဌာန်ရော နှစ်ခုစလုံးဟာ ဒီခေတ်ရဲ့ ထင်ရှားတဲ့အမှတ်အသားတွေပဲ။တယ်။ ဒါမပါဘဲ နှစ်ဆယ်ရာစုထဲ လူမဆန်မှုတွေ၊ ကြမ်းကြုတ်မှုတွေ ကြီးထွားလာတာကို ရှင်းပြဖို့ခက်တယ်။ ၁၉၁၄ နောက်ပိုင်းမှာ ရက်စက်ကြမ်းကြုတ်မှုဝါဒ ကြီးထွားလာတာကို ကြီးကြီးမားမား သံသယဖြစ်စရာမရှိဘူး။ အနောက်ဥရောပ တခုလုံးမှာ ညှင်းပန်းနှိပ်စက်မှုဟာ နှစ်ဆယ်ရာစု အစောပိုင်းမှာကတည်းက တရားဝင် အဆုံးသတ်သွားခဲ့ပြီ။ ဒါပေမယ့် ၁၉၄၅ ကစပြီး သက်တမ်းအရှည်ကြာဆုံးနဲ့ အယဉ်ကျေးဆုံးနိုင်ငံတချို့အပါအဝင် ကုလသမဂ္ဂရဲ့အဖွဲ့ဝင်နိုင်ငံ အနည်းဆုံးသုံးပုံတပုံ လောက်မှာ ညှင်းပန်းနှိပ်စက်နည်းတွေသုံးတာကို ကျနော်တို့တွေ စက်ဆုတ်ရွံရှာမှုကြီးကြီးမားမားမဖြစ်မိဘဲ ဖြစ်ရိုးဖြစ်စဉ်လို တခါပြန် သဘောထားမိလာကြတယ် (ပီတာ Peters၊ ၁၉၈၅)

စစ်ရဲ့သဘောသဘာဝကိုက လူတွေရဲ့ ရက်စက်နိုင်စွမ်းနဲ့ အကြမ်းဖက်နိုင်စွမ်းတွေကို တရားဝင်ခွင့်ပြုထားသလို ပထမကမ္ဘာစစ်အပြီးမှာ တချို့ စစ်မှုထမ်းဟောင်းတွေ (စစ်ပြန်တွေ)အထူးသဖြင့် လက်မရွံ့တပ်ဖွဲ့တွေ၊ အမျိုးသားရေးဝါဒီ လက်ျာစွန်းက ‘Free Corps’ လိုစစ်မှုထမ်းဟောင်းမျိုးတွေဆီမှာ ရက်စက်အကြမ်းဖက်နိုင်စွမ်းတွေ ကျိန်းသေပေါက် ပေါ်ထွက်လာဆိုပေမယ့်လည်း ရက်စက်ကြမ်းကြုတ်မှုကြီးထွားလာတာဟာ ပြောခဲ့သလို လူသားတွေဆီမှာ အောင်းနေတဲ့ ရက်စက်နိုင်စွမ်းနဲ့ အကြမ်းဖက်နိုင်စွမ်းတွေ ပွင့်ထွက်လာလို့တင်မဟုတ်ဘူး။ ကိုယ့်သူငယ်ချင်းတွေ အသတ်ခံရတာ ကိုယ်တိုင်မြင်ခဲ့တဲ့၊ ကိုယ်ကိုယ်တိုင်ကလည်း သတ်ခဲ့ဖြတ်ခဲ့တဲ့ လူအဖို့က ကောင်းတဲ့အရေးတခု မအောင်မြင်အောင် အဟန့်အတားပြုနေတဲ့ ရန်သူတွေကို သတ်ဖြတ်အကြမ်းဖက်ဖို့ ဘာ့ကြောင့်ဝန်လေးနေတော့မလဲ။

အဓိကအကြောင်းရင်းတခုကစစ်ဟာ ထူးထူးဆန်းဆန်း ဒီမိုကရေစီအသွင်ဆောင်လာတဲ့ democratisation of war အချက်ပဲ။ အရပ်သားတွေနဲ့ အရပ်သားတွေရဲ့ဘဝတွေက စစ်ရေးမဟာဗျူဟာ ချမှတ်ရာမှာ သင့်တော်တဲ့ပစ်မှတ်တွေ တခါတခါ အဓိကပစ်မှတ်တွေ ဖြစ်လာတဲ့အတွက်၊ နောက်တခါ ဒီမိုကရေစီနိုင်ငံရေးမှာလို ဒီမိုကရေစီစစ်ပွဲတွေမှာ ကိုယ့်ရန်သူကိုမုန်းလာအောင်၊ ဒါမှမဟုတ် အနည်းဆုံး မုန်းထိုက်သူအဖြစ်မြင်လာအောင် ပုံဖော်ကြတဲ့အတွက် အလုံးစုံပဋိပက္ခတွေဟာ ပြည်သူလူထုတရပ်လုံးပါတဲ့စစ်ပွဲ ‘people’s wars’ အဖြစ် အသွင်ပြောင်းလာခဲ့တယ်။ နှစ်ဘက်စလုံးမှာ ကျွမ်းကျင်သူတွေ၊ အထူးသဖြင့် ကျွမ်းကျင်သူအဆင့်ရောက်သူတွေမှာရှိတတ်တဲ့ လူနေမှုအဆင့်အတန်းရှိသူတွေ၊ ပရော်ဖက်ရှင်နယ်တွေနဲ့ တိုက်ကြတဲ့စစ်မှာ စည်းမျဉ်းစည်းကမ်းတွေကို လက်ခံမှု၊ အပြန်အလှန်လေးစားမှု၊ နောက်ဆုံး လူကြီးလူကောင်းဆန်မှုတွေကိုတောင် မပစ်ပယ်ပါဘူး။ အကြမ်းဖက်မှုမှာလည်း သူ့စည်းကမ်းနဲ့သူ ရှိသေးတယ်။ ဒါမျိုးကို စစ်ကို ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဂျိမ်းရနွိုင်း James Renoir ရဲ့ ပထမကမ္ဘာစစ်အကြောင်း ရိုက်ထားတဲ့ စစ်ဆန့်ကျင်ရေးရုပ်ရှင် တက်တက်စင်လွဲမှားမှုကြီးLa Grande Illusionထဲကလို စစ်ကြီးနှစ်ခုစလုံးမှာ လေတပ်မှာအမှုထမ်းခဲ့တဲ့ တိုက်လေယဉ်မှုးတွေဆီမှာ အထင်အရှားတွေ့နိုင်တယ်။ မဲဆန္ဒရှင်တွေ ဒါမှမဟုတ် သတင်းစာတွေရဲ့ တောင်းဆိုမှုတွေရဲ့ ကန့်သတ်တာခံမထားရတဲ့ နိုင်ငံရေးအလုပ်၊ သံတမန်အလုပ်လုပ်စားသူတွေအနေနဲ့ ကြိုးဝိုင်းထဲ တယောက်နဲ့တယောက်မထိုးသတ်ခင် လက်ဆွဲနှုတ်ဆက်၊ ပွဲပြီးတော့လည်း တဝိုင်းထဲထိုင်ပြီး အတူသောက်လို့စားလို့ရတဲ့ လက်ဝှေ့သမားတွေလို တဘက်က ကျန်တဘက်ကို ဘာမှနာကျည်းတာမျိုးမရှိဘဲ စစ်ကြေညာနိုင်၊ ငြိမ်းချမ်းရေးလုပ်ဖို့ တွေ့ဆုံဆွေးနွေးနိုင်ကြတယ်။ ဒါပေမယ့် ကျနော်တို့ရာစုနှစ်ရဲ့ အလုံးစုံစစ်ပွဲတွေဟာ ဆယ့်ရှစ်ရာစုပုံစံ၊ ဘိစမတ်ပုံစံနဲ့ တခြားစီဖြစ်သွားပြီ။ စိတ်ခံစားမှုတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ပေါ်လာအောင်နှိုးဆွပြီးတိုက်တဲ့ ဘယ်စစ်မျိုးမှ သူကောင်းမျိုးတွေအချင်းချင်းတိုက်ကြတဲ့ စစ်တွေလို အကန့်အသတ်မရှိနိုင်ဘူး။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဟစ်တလာ့ အစိုးရရဲ့ သဘောသဘာဝနဲ့ နာဇီမဟုတ်တဲ့ ဂျာမန်စစ်တပ်ဟောင်းက ဂျာမန်တွေအပါအဝင် အရှေ့ဥရောပက ဂျာမန်တွေရဲ့ အပြုအမူဟာ တဘက်ရန်သူကို ရွံ့မုန်းလာအောင်လုပ်တာကို တရားထူထောင်တဲ့အပြုအမူမျိုးတွေဆိုတာကို ဒီနေရာမှာ ပြောရပေမယ်။

ဒါပေမယ့် နောက်အကြောင်းရင်းတခုက သေဆုံးမှု၊ ဒဏ်ရာအနာတရဖြစ်မှုဆိုတာတွေကို အဝေးကခလုပ်တချက်နှိပ်၊ လီဗာတချက်ဆွဲလိုက်တဲ့လုပ်ရပ်ရဲ့ အကျိုးဆက်သက်သက်အဖြစ်ကို အသွင်ပြောင်းပစ်လိုက်တဲ့ စစ်ရဲ့ ပုဂ္ဂလမဲ့အသွင်ဆောင်လာမှု impersonality of warfareပဲ။ ဘက်နက်ကြောင့် ဗိုက်ပွင့်ပြီးကလီဇာတွေထွက်ကျလာပုံတွေ၊ ပစ်ခတ်မှုအတွင်း အသက်လုပြေးနေပုံတွေကို မမြင်အောင်လုပ်လို့မရနိုင်ပေမယ့် နည်းပညာအကူအညီနဲ့ စစ်ရဲ့သားကောင်တွေကို မမြင်အောင်လုပ်ထားလို့တော့ရတယ်။ အနောက်ဘက် စစ်မျက်နှာမှာ ကျောက်ချထားတဲ့ အမြှောက်တွေရဲ့ တူရူမှာရှိနေတာက လူတွေမဟုတ်ဘူး၊ ကိန်းဂဏန်းတွေပဲ။ ကိန်းဂဏန်းတောင် အမေရိကန်ဗီယက်နမ်စစ်အတွင်း ရန်သူ့သေဆုံးဒဏ်ရာရမှုကို ခန့်မှန်းရေကြည့်တဲ့လုပ်ရပ်က ပြနေသလို ကိန်းဂဏန်းအစစ်တွေမဟုတ်ဘဲ၊ မှန်းခြေတွက်ထားတဲ့ ကိန်းဂဏန်းတွေ။ ကောင်းကင်ကနေ ဗုံးကြဲချမယ့်လေယဉ်တွေရဲ့ ဟိုးအောက်မှာရှိနေတာက ခန္ဓာကိုယ်မီးစွဲလောင်မယ့်လူတွေ၊ ဗိုက်တွေပွင့်ထွက်ပြီး အထဲကကလီဇာတွေ ပြန့်ကျဲထွက်လာမယ့် လူတွေမဟုတ်တော့ဘဲ ပစ်မှတ်တွေ။ ကိုယ်ဝန်ရှိနေတဲ့ တောသူမလေးတယောက်ဗိုက်ကို ဘက်နက်နဲ့ ဘယ်လိုမှထိုးမယ့်ပုံမရှိတဲ့ ပျော့ပြောင်းနူးညံ့တဲ့လူငယ်တယောက်ဟာ လန်ဒန်၊ ဒါမှမဟုတ် ဘာလင်မြို့ကြီးတွေပေါ် ပေါက်ကွဲမှုအားပြင်းတဲ့ ပစ္စည်းတွေကို၊ ဒါမှမဟုတ် နာဂါစာကီမြို့ပေါ်ကို အနုမြူဗုံးတွေကြဲချတာမျိုးကိုတော့ အလွယ်တကူလုပ်နိုင်မှာဘဲ။ အစာရေစာငတ်ပြတ်နေတဲ့ဂျူးတွေကို သားသတ်ရုံတွေကို ကိုယ်တိုင်ကားမောင်းပို့ရမှာကို ဘယ်လိုမှမလုပ်ရက်တဲ့ အလုပ်ကြိုးစားတဲ့ ဂျာမန်ဗျူရိုကရက်တွေဟာ ပိုလန်က လက်စတုံးစခန်းတွေကိုသွားမယ့် သေမင်းတမန်ရထားတွေရဲ့ အချိန်ဇယားတွေကို ဒီလက်စတုံးသတ်ဖြတ်မှုတွေမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်နေတဲ့ခံစားမှု သိပ်မပါဘဲ တွက်ချက်လုပ်ကိုင်နိုင်မှာပဲ။ အဝေးကဆုံးဖြတ်ချက်တွေ၊ စနစ်တွေ၊ လုပ်နေကျဖြစ်သွားတဲ့လုပ်ရပ်တွေရဲ့ ဥပက္ခာပြုထားတဲ့ရက်စက်မှု impersonal cruelties တွေ၊ အထူးသဖြင့် ဒီလိုလုပ်ရပ်တွေဟာ ရည်မှန်းချက်အောင်ဖို့ မလုပ်မဖြစ် လုပ်ရမယ့်အရာတွေအဖြစ် တရားထူထောင်လို့ရနိုင်စရာရှိတဲ့အခါ ဒီဥပက္ခာထားပြီးရက်စက်မှုတွေဟာ ကျနော်တို့ရာစုနှစ်ထဲ ကြုံခဲ့ရတဲ့ အရက်စက်တကာ့ အရက်စက်ဆုံးအရာတွေပဲ။

ဒီလိုနဲ့ ကမ္ဘာကြီးဟာ မလုပ်မဖြစ်လုပ်ရမယ့်၊ အတိုင်းအတာပမာဏကြီးမားလွန်းလှတဲ့ နှင်ထုတ်မှုကြီးတွေ၊ သတ်ဖြတ်မှုကြီးတွေနဲ့ ကျင့်သားရလာခဲ့တယ်။ ဒီလိုဖြစ်ရပ်မျိုးတွေနဲ့ အရင်ကအကျွမ်းမဝင်ဘူးတဲ့အတွက် ဒီဖြစ်ရပ်တွေအတွက် လူမျိုးတုန်းသတ်ဖြတ်မှု genocideတို့၊ နိုင်ငံမဲ့ statelessတို့လို ဝေါဟာရသစ်တွေတောင် ဖန်တီးလာရတယ်။ ပထမကမ္ဘာစစ်က တူရကီတွေရဲ့ အရေအတွက်ဘယ်လောက်မှန်းမသိရတဲ့ (.၅ သန်းလောက်ရှိတယ်လို့ မှန်းကြတယ်။)အာမီးနီးယန်းတွေကို သတ်ဖြတ်မှုကြီးတွေ ဖြစ်ပွားစေခဲ့တယ်။ ဒီသတ်ဖြတ်မှုဟာ ခေတ်သစ်မှာ လူမျိုးတမျိုးလုံးပြုတ်ပြုတ်ပြုန်းသွားဖို့ ပထမဆုံး လုပ်ဆောင်မှု မြောက်နိုင်တယ်။ အဲဒါပြီးတော့ လူသိပိုများတဲ့ နာဇီတွေရဲ့ ဂျူးငါးသန်းလောက်ကို အရေအတွက်က အငြင်းပွားစရာဖြစ်နေဆဲ – (ဟီးလဘတ် Hillberg၁၉၈၅) အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်တယ်။ ပထမကမ္ဘာစစ်နဲ့ ရုသျှတော်လှန်ရေးကြောင့် သန်းနဲ့ချီတဲ့လူတွေဟာ ဒုက္ခသည်တွေအဖြစ်နဲ့ ဒါမှမဟုတ် နိုင်ငံတွေအချင်းချင်းကြား မလုပ်မနေလုပ်ရတဲ့ လူဉီးရေဖလှယ်မှုexchanges of populationအစီအစဉ်အရ ရွှေ့ကြပြောင်းကြရတယ်။ တကယ်တော့ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းခံရတဲ့လူ နှစ်ခုစလုံးက တူတူပါပဲ။ ဂရိလူမျိုး .သန်းကို အဓိက တူရကီကနေ ဂရိကိုပြန်ပို့ကြတယ်။ တူရကီလူမျိုး ၄၀၀,၀၀၀ ကို သူတို့ကိုတောင်းတဲ့ နိုင်ငံတွေမှာ သွားသွန်တယ်။ ဘူဂေးရီးယားလူမျိုး ၂၀၀,၀၀၀ လောက်ကျတော့ သူတို့လူမျိုးနံမယ်ပါတဲ့ ပေျာက်ကွယ်လာနေတဲ့နယ်မြေထဲ ပြောင်းရွှေ့ခံရတယ်။ ရုသျှတော်လှန်ရေးကနေ ထွက်ပြေးလာသူတွေ ဒါမှမဟုတ် ရုသျှပြည်တွင်းစစ်မှာ ရှုံးတဲ့ဘက်ကလူ ၁.၅ သန်းကနေ ၂ သန်းလောက်ကတော့ အိမ်မဲ့ယာမဲ့ဖြစ်ကုန်ကြတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုတွေကနေထွက်ပြေးလာရတဲ့ အာမီးနီးယန်း ၃၂၀,၀၀၀ အတွက်ဆိုတာထက် ဒီအိမ်မဲ့ ယာမဲ့တွေအတွက် ဗျူရိုကရေစီပိုပိုဆန်လာတဲ့ကမ္ဘာမှာ ဘယ်လိုဗျူရိုကရေစီအတွေ့အကြုံမှမရှိသူတွေအတွက် စာရွက်စာတမ်းသစ်တခု ထွင်ခဲ့ရတယ်။ အဲဒါကတော့ မိတ်ဆွေမဲ့တွေရဲ့မိတ်ဆွေအဖြစ် သူ့ကိုယ်သူသဘောထားပြီး ဒုက္ခသည်တွေအရေး ဆောင်ရွက်ပေးခဲ့တဲ့ အာတိတ်ဒေသကို စူးစမ်းလေ့လာခဲ့သူ နော်ဝေးလူမျိုး နန်ဆန် Nansen ကို အစွဲပြုပြီးခေါ်တဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီးရဲ့ နန်ဆန်နိုင်ငံကူးလက်မှတ်လို့ခေါ်တဲ့ စာရွက်စာတမ်းပဲ။အကြမ်းခန့်မှန်းချက်အရ ၁၉၁၄ ၂၂ ကြားနှစ်တွေမှာ ကမ္ဘာမှာဒုက္ခသည် လေးသန်းကနေငါးသန်းကြား ပေါ်ထွက်လာတယ်။

ပထမအသုတ်အဖြစ်ထွက်လာတဲ့ စွန့်ပစ်ခံလူသားလှိုင်းလုံးထုကြီးဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ထွက်လာတဲ့ အရေအတွက်နဲ့ နှိုင်းယှဉ်ရင်၊ ဒါမှမဟုတ် သူတို့ရင်ဆိုင်ခဲ့ရတဲ့လူမဆန်မှုတွေနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်သေးဘူး။ ၁၉၄၅ မေလရောက်ချိန်မှာ ဥရောပတတိုက်လုံးမှာ အတင်းအကြပ်ဘဝသစ်ပြန်စခိုင်တာခံရသူအရေအတွက်က ဂျာမန်မဟုတ်တဲ့ အဓမ္မ လုပ်အားပေးခိုင်းစေခံရသူနဲ့ ချီတက်လာတဲ့ ဆိုဗီယက်တပ်တွေမရောက်ခင် ပြေးရတဲ့ ဂျာမန်တွေမပါဘဲနဲ့ကို ၄၀.၅ သန်းရှိတယ်လို့ ခန့်မှန်းရတယ်။ (ကူလီရှာ Kulischer၊ ၁၉၄၈၊စာ ၂၅၃၇၃)ဂျာမန်လူမျိုး ဆယ့်သုံးသန်းလောက်ဟာ ပိုလန်နဲ့ ဆိုဗီယက်ယူနီယံတို့သိမ်းလိုက်တဲ့ ဂျာမနီရဲ့နယ်မြေဒေသတွေနဲ့ ချက်ကိုစလိုဗက်ကီးယား၊ နောက် အရှေ့တောင်ဥရောပမှာ ဟိုးအစောကြီးထဲက သူတို့ အခြေချနေထိုင်နေတဲ့နေရာတွေကနေ မောင်းထုတ်ခံရတယ်။ (ဟော်ဘွန်း Holbornစာ ၃၆၃) နိုင်ငံသစ်အစ္စရေးက ဘယ်ဂျူးကိုမဆို ပြန်လာပိုင်ခွင့် right of return ပေးသလို အသစ်ပေါ်လာတဲ့ ဂျာမန်ဖယ်ဒရယ်သမ္မတနိုင်ငံက သူဆီလာတဲ့ ဘယ်ဂျာမန်ကိုမဆိုလက်ခံပြီး နေစရာနဲ့ နိုင်ငံသားပေးတယ်။ အစုလိုက်အပြုံလိုက် ပြေးကြလွှားကြရတဲ့ ကာလကလွဲလို့ ကျန်တဲ့ကာလမှာ ဘယ်နိုင်ငံကများ ဒီလိုကမ်းလှမ်းချက်မျိုးပေးနိုင်မလဲ။ ၁၉၄၅ မှာ အနိုင်ရလိုက်တဲ့ တပ်တွေက ဂျာမနီမှာတွေ့ရတဲ့ နိုင်ငံပေါင်းစုံက ရွှေ့ပြောင်းခံရသူ အယောက် ‘displaced persons’ ၁၁,၃၃၂,၇၀၀ မှာ ဆယ်သန်းလောက်က သူတို့မွေးရပ်မြေကို မကြာခင် ပြန်သွားကြပေမယ့် အဲဒိထဲမှာ တဝက်လောက်က သူတို့ဆန္ဒနဲ့ဆန့်ကျင်ပြီး အတင်းပြန်ခိုင်း ခံရသူတွေဖြစ်တယ် (ဂျက်ကော့မေယာ Jacobmeyer၁၉၈၆)

ဒါတွေက ဥရောပက ဒုက္ခသည်တွေပဲရှိသေးတယ်။ ၁၉၄၇ မှာ အိန္ဒိယနိုင်ငံ ကိုလိုနီအဖြစ်က လွတ်မြောက်ရာမှာ အရပ်သားအချင်းချင်း ရန်ပြုမှုမှာ သေဆုံးသူလူနှစ်သန်းမပါသေးဘဲကို အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ်ကိုဖြတ်ပြီး (အရပ်မျက်နှာနှစ်ဘက်စလုံး) အတင်းအကြပ် ရွှေ့ပြောင်းခံရရာမှာ ဒုက္ခသည်ဘဝရောက်သူ ဆယ့်ငါးသန်းလောက်ရှိတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ ဘေးထွက်ပစ္စည်းနောက်တခုဖြစ်တဲ့ ကိုရီးယားစစ်မှာ ကိုယ့်နေရပ်က ရွှေ့ပြောင်းခံရသူ ကိုရီးယားလူမျိုး ငါးသန်းလောက်ရှိတယ်။ တခါ စစ်ရဲ့ နောက်ဆက်တွေ အကျိုးဆက်တခုဖြစ်တဲ့ အစ္စရေးနိုင်ငံတည်ထောင်မှုမှာ ပါလက်စတိုင်းလူမျိုး .သန်းလောက်ဟာ ကုလသမဂ္ဂရဲ့ နေရာချထားရေးနဲ့အလုပ်အကိုင်ရုံး UNWRA မှာ မှတ်ပုံလာတင်ရတယ်။ ၁၉၆၀ ဆယ်စုနှစ်ကာလအစောပိုင်းမှာ ဂျူးလူမျိုး ၁.၂ သန်းလောက်ကို အစ္စရေးကိုရွှေ့ပြောင်းလာခဲ့ပြီး အဲဒီထဲမှာ အများစုက ဒုက္ခသည်တွေ။ ချုပ်ပြောရရင် ဒုတိယကမ္ဘာစစ်က မွေးဖွားပေးလိုက်တဲ့ တကမ္ဘာလုံးကလူသားတွေ ဘေးဒုက္ခကျရောက်မှုဟာ လူ့သမိုင်းမှာအကြီးဆုံးပဲ။ ဒီဘေးဒုက္ခရဲ့ ကြေကွဲစရာအကောင်းဆုံး နောက်အပိုင်းတပိုင်းကတော့ သတ်ဖြတ်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေ၊ အကြီးစား မောင်းထုတ်မှုကြီးတွေကို နေ့စဉ်နဲ့အမျှ ကြုံတွေ့လာရတဲ့ကမ္ဘာကြီးမှာနေထိုင်နေတဲ့ ကမ္ဘာ့လူသားတွေဟာ ဒါတွေကို သတိမပြုကြတော့တဲ့ အဖြစ်ပဲ။

သြစတြီးယားအိမ်ရှေ့စံ ဆာရာယေဗိုမှာလုပ်ကြံခံရမှုကနေ ဂျပန်ခြွင်းချက်မရှိလက်နက်ချတဲ့ထိ သုံးဆယ့်တနှစ်တာကာလ ကို ပြန်ကြည့်ရာမှာ ဒီနှစ်တွေကို ဂျာမန်သမိုင်းမှာ ဆယ့်ခွန်နှစ်ရာစုထဲဖြစ်ခဲ့တဲ့ နှစ်သုံးဆယ်ကြာစစ် Thirty Year Wars နဲ့ နှိုင်းယှဉ်လို့ရတဲ့ ပျက်စီးဆုံးရှုံးမှုကာလအဖြစ် မြင်ရလိမ့်မယ်။ နောက်တခါ ဆာရာယေဗို ပထမဆာရာယေဗို ဟာ ဘေးဒုက္ခကျရောက်မှုခေတ်နဲ့ ကမ္ဘာ့ရေးရာတွေမှာ အကျပ်အတည်းဆိုက်မှုတွေစတင်တဲ့နေရာကို ကျိန်းသေ ကိုယ်စားပြုတယ်။ ဒီအကြောင်းကို အခုအခန်းနဲ့ နောင်လာမယ့် အခန်းလေးခန်းမှာ ဆက်လက်ဖော်ပြသွားမယ်။ သို့သော်ငြားလည်း ၁၉၄၅ နောက်ပိုင်းမျိုးဆက်တွေရဲ့ ခေါင်းထဲစွဲကျန်ခဲ့တဲ့ အတွေ့အကြုံနဲ့ သုံးဆယ့်တနှစ်ကြာစစ်က ချန်ထားခဲ့တဲ့ အတွေ့အကြုံမျိုးနဲ့ကွာတာက ဆယ့်ခွန်နှစ်ရာစုတုန်းကစစ်က ပိုပြီးဒေသန္တရဆန်တာပဲဖြစ်တယ်။

ဒီလိုဖြစ်ရတာကလည်း သုံးဆယ့်တနှစ်ကြာစစ်က သမိုင်းဆရာတွေရဲ့ ရှုဒေါင့်အမြင်က ကြည့်မှသာ စစ်တွေဖြစ်နေတဲ့ တခုတည်းသောကာလကြီးအဖြစ်ပေါ်လို့ပဲ။ ဒီကာလကို ဖြတ်သန်းနေထိုင်ခဲ့သူတွေအတွက်ကတော့ တခုနဲ့တခု ဆက်စပ်နေပေမယ့်လည်း တခုနဲ့တခုကြားမှာ ရန်လိုမှုတွေထင်သာမြင်သာမရှိတဲ့ စစ်တွင်းကာလကပိုင်းခြားထားတဲ့၊ သပ်သပ်စီဖြစ်ခဲ့တဲ့ စစ်ပွဲကြီးနှစ်ပွဲလို ခံစားကြရတယ်။ ဒီစစ်တွင်းကာလရှည်ကြာမှုကလည်း တနိုင်ငံနဲ့တနိုင်ငံမတူကြဘူး။ အတိုဆုံးဖြစ်တဲ့ဂျပန်အတွက်က (သူ့အတွက် ဒုတိယကမ္ဘာစစ်က ၁၉၃၁ မန်ချူးရီးယားမှာစတယ်။) ဆယ့်သုံးနှစ်ကြာပြီး အရှည်ဆုံးဖြစ်တဲ့ အမေရိကန် အတွက်တော့ (အမေရိကန်ဟာ ၁၉၄၁ ဒီဇင်ဘာထိ စစ်ထဲပါမလာသေးဘူး။) နှစ်ဆယ့်သုံးနှစ်ကြာတယ်။ သို့သော်လည်း နောက်အကြောင်းတခုက စစ်ကြီးနှစ်ခုစလုံးကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေ၊ အထ္ထုပတ္တိတွေက တခုနဲ့တခု မတူတဲ့အတွက်ကြောင့်ပဲ။ နှစ်ခုစလုံးက သူတို့နောက်ပိုင်း မျိုးဆက်သစ်ကို အဆင့်မြင့်နည်းပညာတွေကိုစွဲပြီးမက်တဲ့ အိပ်မက်ဆိုးတွေမှာမြင်ရတဲ့ ကြောက်စရာပုံရိပ်တွေနဲ့ နေ့ရော၊ ညပါခြောက်လှန့်နေတဲ့ သမိုင်းမှာအပြိုင်မရှိတဲ့ လူသတ်ပွဲ ကြီးတွေ။ ၁၉၁၈ နောက်ပိုင်းမျိုးဆက်ကို အဆိပ်ဓာတ်ငွေ့တွေနဲ့ ကောင်းကင်ကဗုံးကြဲချနေတဲ့ ပုံရိပ်တွေက ခြောက်လှန့်နေပြီး ၁၉၄၅ နောက်ပိုင်းမျိုးဆက်ကိုတော့ အဏုမြူဗုံးနဲ့ဖျက်ဆီးခံရတဲ့အခါတွေ့ရတဲ့ မှိုပွင့်တိမ်တိုက်ကြီးတွေရဲ့ ပုံရိပ်တွေက ခြောက်လှန့်နေတယ်။ စစ်ကြီးနှစ်ခုစလုံးအပြီးမှာ ဥရောပနဲ့ အာရှက နေရာအများအပြားမှာ လူ့အသိုက်အမြုံပြိုကွဲမှုတွေ နောက်တခန်းမှာ တွေ့ရမယ် တော်လှန်ရေးတွေ ဖြစ်ပွားခဲ့တယ်။ စစ်ကြီးနှစ်ခုစလုံးအပြီးမှာ အပျက်အစီးမရှိဘဲ စစ်အပြီးမှာ အတော်လေးကြွယ်ဝတဲ့ ကမ္ဘာ့နံပါတ်တစ်စီးပွားရေးအနေအထားကိုရောက်လာခဲ့တဲ့ USA ကလွဲပြီး နှစ်ဘက်စလုံးက ကျန်တဲ့နိုင်ငံတွေဟာ စစ်ပန်းပြီး အင်အားချိနဲ့ဆုတ်ယုတ်ခဲ့တယ်။ အခုလို တူတာတွေရှိသလို မတူတာတွေကလည်း သိပ်ကိုသိသာထင်ရှားလွန်းလှတယ်။ ပထမကမ္ဘာစစ်က ဘာပြဿနာကိုမှ မရှင်းနိုင်ခဲ့ဘူး။ ပထမကမ္ဘာစစ်အပြီးထွက်လာတဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံပေါင်းချုပ်အသင်းကြီးအောက်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေပေါ်လာဖို့မျှောလင့်ချက်တွေ၊ ၁၉၁၃ မှာရှိခဲ့တဲ့ ကမ္ဘာ့စီးပွားရေး အခြေအနေကို ပြန်သွားနိုင်ဖို့မျှော်လင့်ချက်တွေ၊ ရုသျှတော်လှန်ရေးကို ထောက်ခံအားပေးသူတွေရဲ့ ကမ္ဘာ့အရင်းရှင်စနစ်ကို လပိုင်း၊ နှစ်ပိုင်းအတွင်းမှာကိုပဲ ဖိနှိပ်ခံတွေရဲ့ ထကြွပုန်ကန်မှုနဲ့ ဖြိုချဖျက်ဆီးနိုင်မယ်လို့ မျှော်လင့်ခဲ့ကြတဲ့ မျှော်လင့်ထားချက်တွေအားလုံး မကြာခင်မှာဘဲ လက်မှိုင်ချလိုက်ရတယ်။ အတိတ်ကို ဘယ်လိုမှလက်လှမ်းမမှီကြတော့ဘူး၊ အနာဂတ်ကိုလည်း ရွှေ့ဆိုင်းထားကြတယ်၊ ပစ္စုပ္ပန်ကျပြန်တော့လည်း ၁၉၂၀ ဆယ်စုနှစ်ရဲ့ နှစ်လယ်တချို့တလေကလွဲပြီး ခါးသီးလွန်းတယ်။ တဘက်မှာ ဒုတိယကမ္ဘာစစ်ကတော့ ပြဿနာတွေကို အနည်းဆုံးဆယ်စုနှစ်တချို့လောက်ထိတော့ခံအောင် ဖြေရှင်းပေးခဲ့တယ်။ ဘေးဒုက္ခခေတ်ကြီး Age of Catastrophe မှာ ကြုံတွေ့ခဲ့ရတဲ့ အရင်းရှင်စနစ်ရဲ့ လူမှုပြဿနာကြီးတွေနဲ့ စီးပွားရေးပြဿနာကြီးတွေ ပျောက်သွားပုံရတယ်။ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးဟာ ရွှေခတ်ထဲ ဝင်ရောက်လာခဲ့တယ်၊ အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီနိုင်ငံရေးစနစ်ဟာလည်း လူတွေရဲ့ရုပ်ဘဝတွေ အများကြီးတိုးတက်လာမှုကြောင့် တည်ငြိမ်မှုရှိခဲ့တယ်။ စစ်ဆိုတာကို တတိယကမ္ဘာတွေမှာပဲ အဖြစ်ခိုင်းထားတယ်။ တဘက်မှာ တော်လှန်းရေးတောင် ရှေ့ဘယ်လိုဆက်လုပ်ရမလဲဆိုတာ ရှာတွေ့သွားပုံပဲ။ ကိုလိုနီအင်ပိုင်ယာ ဟောင်းကြီးတွေ ပျောက်ကွယ်သွား ဒါမှမဟုတ် မကြာခင်ကျိန်းသေပေါက် ကွယ်ပျောက်တော့မယ့်အနေအထားကိုရောက်လာခဲ့တယ်။ ကွန်မြူနစ်နိုင်ငံတွေက စူပါပါဝါအဖြစ်ကိုအသွင်ပြောင်းလာတဲ့ ဆိုဗီယက်ယူနီယံကိုခြံရံပြီး စီးပွားရေးဖွံ့ဖြိုးမှုပြိုင်ပွဲမှာ အနောက်နိုင်ငံတွေနဲ့ ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပုံရတယ်။ နောက်ပိုင်းကျမှ ဒါဟာ တံလျှပ်ရေထင်နေမှု သက်သက်ဆိုတာ တွေ့လာခဲ့ပေမယ့် ၁၉၆၀ မတိုင်ခင်ထိကတော့ အဲဒီလိုမမြင်ကြသေးဘူး။ နိုင်ငံတကာမြင်ကွင်းကတောင် အဲဒိအချိန်က တည်ငြိမ်ပုံမရသေးပေမယ့် အခုအချိန်ကနေ ပြန်ကြည့်တဲ့အခါ တည်ငြိမ်နေတာတွေ့ရတယ်။ ပထမကမ္ဘာစစ်အပြီးမှာလိုမဟုတ်ဘဲ စစ်အတွင်းက ရန်သူတွေဖြစ်တဲ့ ဂျာမနီနဲ့ဂျပန်ကို အနောက်ကမ္ဘာရဲ့စီးပွားရေးလောကထဲ ပြန်ဝင်ဆန့်အောင်လုပ်နိုင်ခဲ့ကြပြီး ရန်သူအသစ်တွေဖြစ်လာတဲ့ USA နဲ့ ဆိုဗီယက်ယူနီယံတို့ကတော့ တကယ်တမ်း ထိုးကြ၊ သတ်ကြတဲ့အဆင့်ကို ရောက်မလာခဲ့ဘူး။

စစ်ပွဲနှစ်ခုစလုံးကို အဆုံးသတ်သွားစေတဲ့ တော်လှန်ရေးတွေကတောင် တခုနဲ့တခု လုံးဝမတူဘူး။ ပထမကမ္ဘာစစ်အပြီး ပေါ်လာတဲ့ တော်လှန်ရေးတွေဟာ ဒီစစ်ကိုကိုယ်တိုင်ဖြတ်သန်းခဲ့ရသူအများစုက စစ်ကို ဘာအဓိပ္ပါယ်မှမရှိတဲ့ သတ်ဖြတ်မှုကြီးတွေအဖြစ် တနေ့တခြားမြင်လာတာကို စက်ဆုတ်မှုမှာအမြစ်တွယ်တယ်။ နောက်ပိုင်းမှာ ဒါကိုတွေ့ရမယ်။ ဒီတော်လှန်ရေးတွေဟာ စစ်ကိုဆန့်ကျင်ပြီးပေါ်လာတဲ့ တော်လှန်ရေးတွေ။ ဒုတိယကမ္ဘာစစ်အပြီးပေါ်လာတဲ့ တော်လှန်ရေးတွေကျတော့ တကမ္ဘာလုံးရဲ့ ရန်သူတွေ (ဂျာမနီ၊ ဂျပန်နဲ့ ပိုပြီးယေဘုယျကျကျပြောရရင် ဧကရာဇ်ဝါဒ) ကို တွန်းလှန်တိုက်ထုတ်မှုမှာ ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ပါဝင်လာမှုကနေ ပေါ်လာတဲ့တော်လှန်ရေးတွေ။ ဒီတွန်းလှန်တိုက်ထုတ်မှုတွေမှာပါဝင်တာဟာ ဘယ်လောက်ပဲခါးသီးခါးသီး ဒါဟာတရားတယ်လို့ ဒီတော်လှန်ရေးမှာ ပါဝင်သူတွေကခံစားမိကြတဲ့ တော်လှန်ရေးတွေ။ ဒါပေမယ့်လည်း စစ်ကြီးနှစ်ခုလိုပဲ စစ်လွန်ကာလတော်လှန်ရေးနှစ်ခုကို ဖြစ်စဉ်တခုထဲအဖြစ် သမိုင်းဆရာရဲ့ ရှုဒေါင့်ကနေ မြင်ကြည့်နိုင်တယ်။ အခုအဲဒီလို မြင်ကြည့်ကြမယ်။

To be continued…

1အင်ဂလိပ်စကား ethnic အတွက် ဗမာမှာ စိတ်တိုင်းကျစရာ ဝေါဟာရရှိပုံမရဘူး။ ethnic က ယဉ်ကျေးမှုတူတဲ့သူတွေ၊ ဘာသာစကားတမျိုးထဲ ပြောသူတွေ၊ ဘာသာတခုထဲ ကိုးကွယ်သူတွေ စသဖြင့်ကို စုစည်းထားတဲ့ အစုကို ခေါ်တာဖြစ်တယ်။ အခုဘာသာပြန်ရာမှာတော့ ethnic ကို လူမျိုးစုဆိုပြီးပဲ ပြန်လိုက်တယ်။ ဒါပေမယ့် ethnicity တူတူပဲဆိုတာ လူမျိုးတမျိုးထဲကို ဆိုလိုတာမဟုတ်တာကို သဘောပေါက်ထား စေချင်ပါတယ်။

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: