//
you're reading...
History

အစွန်းများခေတ် (တိုတောင်းလှတဲ့ နှစ်ဆယ်ရာစု ၁၉၁၄ – ၁၉၉၁) E J Hobsbawm

သူရိန်ကျော်ဇော ဘာသာပြန်တယ်။

အခန်းနှစ် 

ကမ္ဘာ့တော်လှန်ရေး

 

တော်လှန်ရေးဟာ နှစ်ဆယ်ရာစုစစ်ပွဲက မွေးထုတ်ပေးလိုက်တဲ့အရာပဲ။ အထူးသဖြင့် ၁၉၁၇ မှာ ဆိုဗီယက်ယူနီယံကို မွေးဖွားပေးခဲ့ပြီး သုံးဆယ့်တနှစ်ကြာစစ်ပွဲရဲ့ ဒုတိယပိုင်းအပြီးမှာ ဆိုဗီယက်ယူနီယံကို စူပါပါဝါ ဖြစ်လာစေတဲ့ ရုသျှတော်လှန်ရေးနဲ့ ပိုပြီးယေဘုယျကျကျပြောရရင် နှစ်ဆယ်ရာစုသမိုင်းတလျှောက် တကမ္ဘာလုံးမှာ မပြောင်းလဲတဲ့ အရာအဖြစ်ရှိနေတဲ့ တော်လှန်ရေးကို နှစ်ဆယ်ရာစုစစ်ပွဲက မွေးထုတ်ပေးလိုက်တယ်။ စစ်ဖြစ်နေတဲ့နိုင်ငံတွေက အကျပ်အတည်းတွေ၊ ပြိုကွဲမှုတွေ၊ တော်လှန်ရေးတွေဟာ စစ်တခုထဲကနေ မြေကြီးလက်ခပ်မလွဲ ဉီးတည် ဖြစ်ပွားလာတာတော့ မဟုတ်ဘူး။ တကယ်တမ်းမှာလည်း ၁၉၁၄ မတိုင်ခင်မှာ အနည်းဆုံး ထုံးတမ်းစဉ်လာကိုအားပြုပြီး တရားဝင်မှုတည်ဆောက်ထားတဲ့ traditional legitimacy အစိုးရတွေနဲ့ပတ်သက်လာရင် ဆန့်ကျင်ဘက်ယူဆချက်က ပိုအားကောင်းတယ်။ နပိုလီယံတစ် Napoleon I က သြစတြီးယားဧကရာဇ်ဟာ တိုက်ပွဲတရာရှုံးလည်း နန်းကျချင်မှကျမယ်၊ အလားတူ ပရပ်ရှားဘုရင်ဆိုလည်း စစ်ရေးဥပဒ်ကျရောက်ပြီး သူ့တိုင်းပြည်တဝက်လောက် ဆုံးရှုံးသွားလည်း နန်းသက်ဆက်တည်တံ့ခဲ့တယ်၊ ပြင်သစ်တော်လှန်ရေးက မွေးဖွားပေးလိုက်တဲ့သူ့မှာတော့ တခါအရေးနိမ့်တာနဲ့ ဒုက္ခရောက်ကိန်း ဆိုက်ရခြေရဲ့ဆိုပြီး စိတ်ပျက်လက်ပျက် ညည်းတွားဖူးတယ်။ ဒါပေမယ့်လည်း နှစ်ဆယ်ရာစုရဲ့ အလုံးစုံစစ်ရဲ့ စစ်ဖြစ်နေတဲ့နိုင်ငံတွေနဲ့ ဒီစစ်နဲ့ ပတ်သက်နေသူတွေပေါ် ဖိချလိုက်တဲ့အားဟာ သမိုင်းမှာ မကြုံဖူးလောက်အောင် ကြီးမားလွန်းတဲ့အတွက် ဒီနိုင်ငံတွေဟာ ပြိုကွဲလုပြိုကွဲခင်အနေအထားထိ ရောက်သွားခဲ့တာ ကျိန်းသေသလောက်ပဲ။ အမေရိကန်တနိုင်ငံလောက်ပဲ စစ်ပြီးချိန်မှာ စစ်ထဲမဝင်ခင်တုန်းကပုံစံအတိုင်း ပြန်ထွက်လာနိုင်တယ်၊ ပိုတောင် အားကောင်းလာသေးတယ်။ ကျန်တဲ့နိုင်ငံတွေ အားလုံးအတွက်က စစ်ပြီးတာနဲ့ ကသောင်းကနင်း ဖြစ်တော့တာပဲ။

ကမ္ဘာဟောင်းဟာ လုံးဝပျက်သွားတာ ထင်ရှားနေပုံပဲ။ လက်ရှိရှိနေတဲ့ လူ့အသိုက်အမြုံ၊ လက်ရှိရှိနေတဲ့ စီးပွားရေးပုံစံ၊ လက်ရှိပုံစံအတိုင်းသွားနေတဲ့ နိုင်ငံရေးစနစ်တွေဟာ တရုတ်စကားပုံကပြောသလို ကမ္ဘာလောကရဲ့ မျက်နှာသာပေးမှုကို မရတော့ဘူးlost the mandate of heaven။ လူသားတွေဟာ အပြောင်းအလဲတခုခုကိုစောင့်နေကြတယ်။ ၁၉၁၄ မှာ လူတွေနဲ့တရင်းတနှီးရှိနေတဲ့ ရွေးစရာအပြောင်းအလဲတခုရှိတယ်။ ဥရောပကနိုင်ငံအများစုမှာ ကြီးထွားလာနေတဲ့ အလုပ်သမားလူတန်းစားရဲ့ ထောက်ခံမှုကို အားပြုထားတဲ့၊ သမိုင်းလိုအပ်ချက်အရ မြေကြီးလက်ခတ်မလွဲ အောင်မြင်ရမယ်ဆိုတဲ့ ယုံကြည်မှုစွမ်းအားတွေရထားတဲ့ ဆိုရှယ်လစ်ပါတီတွေဟာ ပြောခဲ့တဲ့အပြောင်းအလဲကို ကိုယ်စားပြုတယ် (အင်ပိုင်ယာခေတ် အခန်း ၅ ကိုကြည့်)။ နိုင်ငံအနှံ့မှာ လူတွေထကြွဖို့၊ အရင်းရှင်စနစ်ကို ဆိုရှယ်လစ်စနစ်နဲ့ အစားထိုးဖို့၊ ပြီးတာနဲ့ ကမ္ဘာစစ်ကြောင့် အဓိပ္ပါယ်မဲ့ ဒုက္ခခံစားနေရတာတွေကနေ ပိုပြီးကောင်းမွန်တဲ့ အခြေအနေတခုခုကို ပြောင်းလဲပစ်ဖို့ အချက်ပြချက်ပဲလိုပုံရတဲ့ အနေအထားမျိုး၊ နာနာကျင်ကျင်နဲ့ မီးဖွားချလိုက်ပြီးနောက်မှာ သွေးအလိမ်းလိမ်းကပ်နေတဲ့ ကမ္ဘာသစ်ဟာ တသိမ့်သိမ့်တုန်ခါပြီး ထွက်လာမယ့် အနေအထားမျိုး။ ရုသျှတော်လှန်ရေး ပိုပြီးတိတိကျကျပြောရရင် ၁၉၁၇ အောက်တိုဘာ ဘော်ရှီဗစ်တော်လှန်ရေးဟာ တကမ္ဘာလုံးကို ဒီအချက်ပြချက်ပေးဖို့ ပေါ်ထွက်လာခဲ့တယ်။ ဒီအတွက်ကြောင့်ပဲ ၁၇၈၉ ပြင်သစ်တော်လှန်ရေးဟာ ဆယ့်ကိုးရာစုသမိုင်းမှာ အချက်အချာကျသလို ဒီတော်လှန်ရေးဟာ နှစ်ဆယ်ရာစုသမိုင်းမှာ အချက်အချာကျတဲ့ အဖြစ်အပျက်ပဲ။ တကယ်တော့ ဒီစာအုပ်ကသတ်မှတ်ထားတဲ့ တိုတောင်းလှတဲ့နှစ်ဆယ်ရာစုသမိုင်းဟာ အောက်တိုဘာတော်လှန်ရေးက မွေးဖွားပေးလိုက်တဲ့ နိုင်ငံရဲ့သက်တမ်းနဲ့ ထပ်တူနီးနီးကျနေတာ အကြောင်းမဲ့သက်သက် မဟုတ်ပေဘူး။

သို့သော်လည်း အောက်တိုဘာတော်လှန်ရေးဟာ သူ့အရင်တော်လှန်ရေးထက် အများကြီးပိုနက်ရှိုင်း၊ ရိုက်ခတ်မှုအား အများကြီးပိုကြီးတယ်။ ပြင်သစ်တော်လှန်ရေးရဲ့ အိုင်ဒီယာတွေဟာ ဘော်ရှီဗစ်ဝါဒ Bolshevism ထက် သက်ဆိုးရှည်တာ အခုအထင်အရှားတွေ့ရပေမယ့် ၁၉၁၇ ရဲ့ လက်တွေ့အကျိုးဆက်တွေဟာ ၁၇၈၉ ရဲ့ လက်တွေ့အကျိုးဆက်တွေထက် အပုံကြီးပိုကြီးသလို သက်တမ်းလည်းပိုရှည်တယ်။ အောက်တိုဘာတော်လှန်ရေးက ခေတ်သစ်သမိုင်းမှာ အတောင့်တင်းဆုံး တော်လှန်ရေးလှုပ်ရှားမှုကို မွေးဖွားပေးလိုက်တယ်။ အစ္စလာမ်ဘာသာ စပေါ်လာပြီး ပထမရာစုနှစ်အတွင်း သိမ်းပိုက်မှုတွေပြုလုပ်ခဲ့တဲ့ အဖြစ်အပျက်နောက်ပိုင်းမှာ အောက်တိုဘာတော်လှန်ရေးလို ကမ္ဘာတဝှမ်းပျံ့နှံ့သွားပုံအဖြစ်မျိုး အတွက် နှိုင်းယှဉ်စရာမရှိခဲ့ဘူး။ ပဲထရိုဂရက် Petrograd မြို့က ဖင်လန်ဘူတာရုံကို လီနင်ရောက်ပြီး နှစ်သုံးလေးဆယ် အကြာလောက်မှာကိုပဲ ကမ္ဘာ့လူဉီးရေရဲ့ သုံးပုံတပုံလောက်ဟာ ကမ္ဘာကိုကိုင်လှုပ်ခဲ့တဲ့ ရက်ဆယ်ရက်‘ Ten Days That Shook The World (ရီး Reed၊ ၁၉၁၉) နဲ့ လီနင်ရဲ့စည်းရုံးရေးပုံစံဖြစ်တဲ့ ကွန်မြူနစ်ပါတီကနေ တိုက်ရိုက်ပုံစံယူဖွဲ့ထားတဲ့ အစိုးရတွေလက်အောက်မှာ နေထိုင်မိလျက်သားဖြစ်နေတာ တွေ့ခဲ့ကြရတယ်။ အဲဒီအစိုးရတွေထဲမှာ အများစုဟာ ၁၉၁၄ ကနေ ၁၉၄၅ ထိကြာမြင်တဲ့ ရှည်လျားလှတဲ့စစ်ပွဲရဲ့ ဒုတိယပိုင်းကနေ ပေါ်ထွက်လာတဲ့ တော်လှန်ရေးဒုတိယလှိုင်းမှာ ဆိုဗီယက်ယူနီယံနောက် လိုက်ကြတာဖြစ်တယ်။ အခုအခန်းက အရင်းမူလကျပြီး အရှိန်သြဇာကြီးခဲ့တဲ့ ၁၉၁၇ တော်လှန်ရေးနဲ့ ဒီတော်လှန်ရေးကို ဆက်ခံသူတွေ သူတို့နည်းသူတို့ဟန်နဲ့ ဆက်ခံခဲ့ပုံတွေကို အဓိက အာရုံစိုက်ထားတာ ဆိုပေမယ့်လည်း အခုအခန်းဟာ အပိုင်းနှစ်ပိုင်းပါတဲ့ တော်လှန်ရေးအကြောင်းပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ၁၉၁၇ တော်လှန်ရေးက သူ့ဆက်ခံသူတွေကို သြဇာလွှမ်းမိုးခဲ့တာပဲ။

တိုတောင်းလှတဲ့ နှစ်ဆယ်ရာစုရဲ့ အချိန်ကာလအတော်များများမှာ ဆိုဗီယက်ကွန်မြူနစ်စနစ်က သူဟာ အရင်းရှင်စနစ်ထက်သာတဲ့၊ အရင်းရှင်စနစ်အပြင် တခြားရွေးစရာအဖြစ်ပြနိုင်တဲ့၊ နောက်ပြီး သမိုင်းလိုအပ်ချက်အရ အရင်းရှင်စနစ်ကို မုချအနိုင်ယူမယ့်စနစ်အဖြစ် ကြွေးကြော်ခဲ့တယ်။ ဒီကာလရဲ့ အချိန်အတော်များများမှာ ဆိုဗီယက်ကွန်မြူနစ်စနစ်ဟာ အရင်းရှင်စနစ်ထက် သာတယ်ဆိုတာကို လက်မခံသူတွေတောင် ဒီစနစ်အောင်ပွဲမခံနိုင် လောက်ဘူးဆိုတဲ့အပြောကို ဘယ်လိုမှ အပြည့်အဝမယုံကြည်နိုင်ကြဘူး။ ၁၉၃၃ ကနေ ၁၉၄၅ ကြားနှစ်တွေကလွဲပြီး (အခန်း ၅ ကိုကြည့်) အောက်တိုဘာတော်လှန်ရေးနောက်ပိုင်း တိုတောင်းလှတဲ့နှစ်ဆယ်ရာစုတခုလုံးရဲ့ နိုင်ငံရေးအခင်း အကျင်းကို စနစ်ဟောင်းရဲ့အင်အားစုတွေနဲ့ ဆိုဗီယက်ယူနီယံနဲ့ နိုင်ငံတကာကွန်မြူနစ်ဝါဒတို့နဲ့ မဟာမိတ်ပြုထား၊ နောက် နိုင်ငံတကာ ကွန်မြူနစ်ဝါဒ ကိန်းဝင်လှုပ်ရှားပြီး ဆိုဗီယက်ယူနီယံနဲ့ နိုင်ငံတကာကွန်မြူနစ်ဝါဒရဲ့ အတက်အကျရေချိန်ကို အမှီပြုနေတဲ့ လူမှုတော်လှန်ရေးတွေရဲ့ သီးသန့်တိုက်ပွဲသက်သက်အဖြစ် နားလည်ကြည့်လို့ရတယ်၊

သို့သော်လည်း တိုတောင်းလှတဲ့ နှစ်ဆယ်ရာစုထဲ ချင်းနင်းဝင်ရောက်လာတာနဲ့အမျှ ကမ္ဘာ့နိုင်ငံရေးကို ပြိုင်ဘက်လူနေမှုပုံစံနှစ်ခုရဲ့ အင်အားစုတွေရဲ့ စီးချင်းထိုးပွဲအဖြစ် (၁၉၄၅ နောက်ပိုင်းမှာ နိုင်ငံတိုင်းဟာ ကမ္ဘာဖျက်လက်နက်တွေ ကိုင်ဆောင်ထားတဲ့ စူပါပါဝါ တနိုင်ငံငံနောက်မှာ လာစုကြတဲ့)မြင်နေတဲ့ ဒီအမြင်ဟာ လက်တွေ့နဲ့ကိုက်ညီမှု ပိုပိုကင်းမဲ့လာတော့တယ်။ ၁၉၈၀ ဆယ်စုနှစ်ကုန်မှာတော့ ဒီအမြင်ရဲ့ ကမ္ဘာ့နိုင်ငံရေးနဲ့ ဆီလျော်မှုဟာ ခရူးဆိပ်စစ်ပွဲလို အနည်းအကျဉ်းလောက် ရှိတော့တယ်။ ဒါပေမယ့် ဒီအမြင် ဘယ်လိုပေါ်ထွက်လာသလဲဆိုတာကို နားလည်နိုင်တယ်။ အောက်တိုဘာတော်လှန်ရေးက သူဟာ တနိုင်ငံထဲနဲ့ဆိုင်တဲ့ အဖြစ်အပျက် ဆိုတာထက် ကမ္ဘာအရပ်ရပ်က တော်လှန်ရေးလှုပ်ရှားမှုတွေကို တစည်းတလုံးထဲဖြစ်အောင်စုစည်းပေးမယ့် အဖြစ်အပျက်အဖြစ် သူ့ကိုယ်သူမြင်တဲ့နေရာမှာ ဂျက်ကောဘင်ကာလတွေ Jacobin days တုန်းက ပြင်သစ်တော်လှန်ရေးထက်ကို ပိုသေးတယ်။ အောက်တိုဘာတော်လှန်ရေးဟာ ရုသျှကို လွတ်လပ်မှုနဲ့ ဆိုရှယ်လစ်ဝါဒ သယ်ဆောင်ပေးဖို့ဆိုတာထက် ကမ္ဘာ့အလုပ်သမားတော်လှန်ရေး ပေါ်ပေါက်လာစေဖို့အတွက် ဆင်နွှဲခဲ့တဲ့တော်လှန်ရေးပဲ။ လီနင်နဲ့ သူ့ရဲဘော်တွေစိတ်ထဲမှာ ရုသျှမှာ ဘော်ရှီဗစ်ဝါဒအောင်မြင်မှုဟာ ပဓာနအားဖြင့် ကမ္ဘာတဝှမ်းလုံးမှာ ဘော်ရှီဗစ်ဝါဒအနိုင်ရရှိရေး စစ်ဆင်ရေးကြီးထဲက တိုက်ပွဲတပွဲသာသာပဲ၊ ဒီထက်ပိုပြီး မြင်စရာအကြောင်းလည်း မရှိသလောက်ပဲ။

ဇာဘုရင်အုပ်ချုပ်တဲ့ ရုသျှဟာ တော်လှန်ရေးဖြစ်ဖို့ ရင့်မှည့်နေတာ၊ တော်လှန်ရေးတခု လုံးဝဖြစ်ချိန်တန်နေတာ၊ အဲဒီလို တော်လှန်ရေးမျိုးဟာ ဇာဝါဒကိုဖြုတ်ချပစ်နိုင်တာကို ၁၈၇၀ ဆယ်စုနှစ်ကာလနောက်ပိုင်း ကမ္ဘာ့အခြေအနေကို ယထာဘူတကျကျ လေ့လာစောင့်ကြည့်သူတိုင်းက လက်ခံထားကြတယ် (အင်ပိုင်ယာခေတ် Age of Empire အခန်း ၁၂ ကိုကြည့်)။ ၁၉၀၅ –၀၆ မှာ တော်လှန်ရေးကြောင့် ဇာဝါဒ Tasrism တကယ်တမ်း ဒူးထောက်အညံ့ခံခဲ့ရပြီးနောက်မှာ ဒီအချက်ကိုဘယ်သူမှ သံသယ ကြီးကြီးမားမား မရှိကြတော့ဘူး။ ဒီနေရာမှာ ဇာဘုရင်အုပ်ချုပ်တဲ့ ရုသျှဟာ ပထမကမ္ဘာစစ်နဲ့ ဘော်ရှီဗစ်တော်လှန်ရေးသာမဖြစ်ရင် လစ်ဘရယ်ကျတဲ့၊ အရင်းရှင်စီးပွားရေးပုံစံကျင့်သုံးတဲ့ စက်မှုနိုင်ငံတနိုင်ငံအဖြစ်ကို တဖြည်းဖြည်းချင်း ဖွံ့ဖြိုးရောက်ရှိကောင်းရောက်ရှိသွားနိုင်တယ်၊ အဲဒီလိုလမ်းကြောင်းပေါ် ရောက်နေပြီဆိုပြီး နောက်ကြောင်းပြန်ကောက်ချက်ချတဲ့ သမိုင်းဆရာတချို့ရှိပေမယ့် ၁၉၁၄ မတိုင်ခင်မှာတော့ ဒီသဘောမျိုးပြောတဲ့ ဟောစတမ်းတွေကိုရှာတွေ့ဖို့ အဏုကြည့်မှန်ဘီလူး လိုလိမ့်မယ်။ တကယ်လည်း ထုံးစံအတိုင်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ ဘာမှလည်းမလုပ်တတ်မကိုင်တတ်တဲ့ ဇာဘုရင်အုပ်ချုပ်တဲ့ အစိုးရဟာ ၁၉၀၅ တော်လှန်ရေးကနေ ထူထူထောင်ထောင် ပြန်မဖြစ်သေးခင်မှာကိုပဲ အလျင်အမြန် ကြီးထွားလာနေတဲ့ လူမှုရေးမကျေနပ်မှုလှိုင်းလုံးကြီးတွေ ရိုက်ခတ်တာ တခါခံရပြန်တယ်။ စစ်မဖြစ်ခင်လပိုင်းအလိုလောက်မှာ တိုင်းပြည်ဟာ စစ်တပ်၊ ရဲနဲ့ အစိုးရ ဝန်ထမ်းတွေရဲ့ တင်းပြည့်သစ္စာစောင့်သိမှုကြောင့်သာမဟုတ်ရင် ပေါက်ကွဲတော့မယ့်အနေအထားကို တခါပြန်ရောက်လာပုံပဲ။ စစ်ဖြစ်နေတဲ့နိုင်ငံအတော်များများမှာလိုပဲ စစ် စ ဖြစ်ချိန်မှာ စစ်အတွက်အကြီးအကျယ် စိတ်အားထက်သန်မှုတွေနဲ့ မျိုးချစ်စိတ်က နိုင်ငံရေးဖြူးနန်းကြိုးကို ဖြတ်ထားလိုက်တယ်၊ ဒါပေမယ့် ရုသျှမှာကျတော့ ကြာကြာဖြတ်ထားလို့မရဘူး။ ၁၉၁၅ မှာ ဇာဘုရင်အစိုးရရဲ့ ပြဿနာတွေဟာ ထိန်းမနိုင်သိမ်းမရ ပြန်ဖြစ်လာပုံရတယ်။ ဒီတော့ ရုသျှဘုရင်စနစ်ကို ဖြုတ်ချလိုက်တဲ့ ၁၉၁၇ မတ်လတော်လှန်ရေးဟာ1 ဘယ်လိုမှ အံ့အားသင့်စရာ မကောင်းတော့၊ မျှော်လင့်မထားဘဲဖြစ်လာတာမျိုး မဟုတ်တော့သလို အရိုးရင့်နေတဲ့ ခေတ်နောက်ပြန်ဆွဲနေသူတွေကလွဲပြီး အနောက်က နိုင်ငံရေး လေ့လာသုံးသပ်သူတိုင်းက ဒီတော်လှန်ရေးကို တညီတညွတ်ထဲ ကြိုဆိုကြတယ်။

နောက်တခါ စုပေါင်းစနစ်ကျင့်သုံးတဲ့ ရုသျှကျေးလက်လူ့အသိုက်အမြုံကနေ ဆိုရှယ်လစ်အနာဂတ်ကို ဖြောင့်ဖြောင့်ကြီး ချီတက်နိုင်တော့မယ်လို့ မြင်ကြတဲ့ စိတ်ကူးယဉ်စိတ္တဇသမား တချို့လောက်ကလွဲပြီး အားလုံးက ရုသျှကတော်လှန်ရေးဟာ ဆိုရှယ်လစ်တော်လှန်ရေး ဖြစ်မှာမဟုတ်တာ၊ ဘယ်လိုမှမဖြစ်နိုင်တာကို လက်ခံထားကြတယ်။ ဆင်းရဲမှု၊ အသိပညာမဲ့မှု၊ ခေတ်နောက်ကျကျန်နေမှုတွေရဲ့ ဆိုထုံးလိုဖြစ်နေတဲ့ လယ်သမားတိုင်းပြည်မှာ မတ် Marx ပြောတဲ့ အရင်းရှင်စနစ်ကို မြေကြီးလက်ခတ်မလွဲ မြေမြှုပ်သင်္ဂြိုဟ်မယ့် စက်မှုအလုပ်သမားလူတန်းစား industrial proletariat ဟာ အချက်အချာကျတဲ့နေရာတွေမှာ ကွက်ကြားရှိနေတယ်ဆိုပေမယ့် မဆိုစလောက်အရေအတွက်နဲ့ လူနည်းစုလောက်သာရှိတဲ့ တိုင်းပြည်မှာ ဆိုရှယ်လစ်စနစ်ကိုကူးပြောင်းမယ့် အခြေအနေမျိုးတွေဟာ ရှိကိုမရှိဘူး။ ရုသျှက မတ်ဝါဒီ တော်လှန်ရေးသမားတွေကိုယ်တိုင်က ဒီအမြင်ကိုလက်ခံထားခဲ့ကြတယ်။ ဒီတော့ သူ့ချည်းသက်သက်ကြည့်မယ်ဆိုရင် ဇာဝါဒ Tasrism နဲ့ မြေရှင်စနစ်ကိုဖြုတ်ချမှုဟာ ဘူဇွာတော်လှန်ရေးပဲ ဖြစ်နိုင်မယ်၊ ဘူဇွာတော်လှန်ရေးပဲဖြစ်မယ်လို့ မျှော်မှန်းနိုင်မယ်။ အဲဒီနောက်မှာ ဘူဇွာလူတန်းစားနဲ့ အလုပ်သမားလူတန်းစားကြား လူတန်းစားပဋိပက္ခဟာ (မတ်အပြောအရ ဒီပဋိပက္ခကနေ ထွက်စရာအဖြေတခုပဲရှိနိုင်တယ်) အသစ်ပေါ်ထွက်လာတဲ့ နိုင်ငံရေးအခြေအနေတွေမှာ ဆက်ရှိနေမယ်။ ဒါပေမယ့် ရုသျှဟာ သူ့တနိုင်ငံထဲကွက်ပြီး ထီးတည်းရှိမနေသလို ဂျပန်နယ်စပ်ကနေ ဂျာမနီနယ်စပ်ထိကျယ်ပြောလှပြီး ကမ္ဘာ့အခြေအနေကို ကြီးစိုးလွှမ်းမိုးနိုင်တဲ့အစိုးရတွေထဲ တခုအပါအဝင်ဖြစ်တဲ့ အစိုးရအုပ်ချုပ်တဲ့ ဒီဧရာမနိုင်ငံကြီးက တော်လှန်ရေးဟာ နိုင်ငံတကာမှာအကျိုးဆက်တွေမရှိဘဲ ဘယ်လိုမှနေမှာ မဟုတ်ဘူး။ ရုသျှတော်လှန်ရေးဟာ စက်မှုပိုင်းမှာ ပိုဖွံ့ဖြိုးတိုးတက်ပြီး အလုပ်သမားလူတန်းစားရဲ့ ဆိုရှယ်လစ် တော်လှန်ရေးဖြစ်ဖို့ အခြေအနေတွေရှိနေတဲ့ အနောက်နိုင်ငံတွေမှာ အလုပ်သမားလူတန်းစားရဲ့တော်လှန်ရေးတွေ ဖြစ်လာဖို့ စနက်တံသဖွယ် ဖြစ်လိမ့်မယ်လို့ ကားမတ် Karl Marx ကိုယ်တိုင်သေခါနီးမှာ မျှော်လင့်ခဲ့တယ်။ ပထမကမ္ဘာစစ်ပြီးခါနီးမှာ ဒီအတိုင်းအတိအကျ ဖြစ်လာတော့မယ့်ပုံပဲ၊ ဒါကို နောက်ပိုင်းမှာ တွေ့ရမယ်။

ဒီနေရာမှာ မရှင်းတာတခုပဲရှိတယ်။ ရုသျှဟာ မတ်ဝါဒီတွေရဲ့ အလုပ်သမားလူတန်းစား ဆိုရှယ်လစ်တော်လှန်ရေးအတွက် အသင့်မဖြစ်သေးဘူးဆိုရင် လစ်ဘရယ် ဘူဇွာတော်လှန်ရေးအတွက်လည်း အသင့်မဖြစ်သေးဘူး။ ရုသျှကို ဘူဇွာတော်လှန်ရေးထက်ပိုပြီး မဖြစ်စေချင်သူတွေတောင် ဘူဇွာတော်လှန်ရေးဖြစ်ဖို့ဆိုရင် လစ်ဘရယ်လူတန်းစား ဝင်ဆန့်နိုင်မယ့် ကိုယ်စားပြုအစိုးရစနစ်ရဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာအစဉ်အလာတွေ ဘာဆိုဘာမှမရှိတဲ့နိုင်ငံမှာ အရေအတွက်နည်းပြီး အင်အားကလည်း ခပ်လျော့လျော့သာရှိတဲ့၊ လူထုထောက်ခံမှုလည်းမရှိ၊ လူထုကြည်ညိုလေးစားမှုလည်းမရတဲ့ ရုသျှလစ်ဘရယ် လူလတ်တန်းစားကိုအားမကိုးဘဲ တခြားနည်းလမ်းရှာမှရမယ်။ လွတ်လပ်စွာရွေးကောက် တင်မြှောက်ထားတဲ့ (သိပ်မကြာခင် ပျက်သွားတဲ့) ၁၉၁၇ ၁၈ တိုင်းပြုပြည်ပြုလွှတ်တော်မှာ Constitutional Assembly ဘူဇွာလစ်ဘရယ်ဝါဒရဲ့ပါတီဖြစ်တဲ့ ကဒက် Kadets တွေရဲ့ ကိုယ်စားလှယ်ဉီးရေဟာ ၂.၅ ရာခိုင်နှုန်းအောက်မှာပဲ ရှိတယ်။ တခြားအရာတခုကို အလိုရှိနေတဲ့ တော်လှန်ရေးပါတီတွေ ဉီးဆောင်မှုအောက်မှာ ရှိနေပြီး ဘူဇွာလစ်ဘရယ်ဝါဒဆိုတာ ဘာမှန်းမသိ ဘူဇွာလစ်ဘရယ်ဝါဒဆိုတာကို အရေးလည်းမစိုက်တဲ့ လယ်သမား၊ အလုပ်သမားတွေရဲ့ အုံကြွမှုကနေ ဘူဇွာလစ်ဘရယ်ကျတဲ့ ရုသျှပေါ်လာရင်ပေါ်လာ၊ မဟုတ်ရင် ဒီထက်ပိုပြီးဖြစ်နိုင်တာက တော်လှန်ရေးကိုဖန်တီးတဲ့ အင်အားစုတွေက ဘူဇွာလစ်ဘရယ်အဆင့်ထက် ပိုပြီးအရင်းအမြစ်ကျတဲ့အရာတခုကို (မတ် စသုံးခဲ့ပြီး ၁၉၀၅ တော်လှန်ရေးမှာ အဲဒီတုန်းကလူငယ်ပဲရှိသေးတဲ့ ထရော့စကီ Trotsky က ပြန်ပြီးဖော်ထုတ်ခဲ့တဲ့ အမြဲတန်းတော်လှန်ရေး ‘permanent revolution’ဆိုတဲ့ စကားအတိုင်း) ရယူဖို့ ဖြစ်လာလိမ့်မယ်။ ၁၉၀၅ မှာ ရုသျှကို ဘူဇွာဒီမိုကရေစီစနစ်ထက် အများကြီးပိုပြီးမမျှော်လင့်ခဲ့တဲ့ လီနင်ဟာ ၁၉၁၇ ရောက်တော့လည်း ရုသျှတော်လှန်ရေးပြိုင်ပွဲမှာ လစ်ဘရယ်မြင်း ဝင်ပြေးမှာမဟုတ်တာကို စကတည်းက တွက်ထားခဲ့တယ်။ ဒါဟာ အဖြစ်မှန်ကိုထင်ဟပ်တဲ့ အကဲဖြတ်ချက်ပဲ။ သို့သော်လည်း ရုသျှမှာ ဆိုရှယ်လစ်တော်လှန်ရေးဖြစ်ဖို့ အခြေအနေတွေ ဘယ်လိုမှမရှိတာဟာ ၁၉၁၇ မှာ သူ့အတွက်ရော၊ တခြားရုသျှနဲ့ရုသျှမဟုတ်တဲ့ မတ်ဝါဒီတွေအတွက်ပါ ထင်ရှားလာခဲ့တယ်။ ရုသျှကမတ်ဝါဒီတော်လှန်ရေးသမားတွေအတွက်က ရုသျှတော်လှန်ရေးဟာ တခြားနေရာတွေကို ပျံ့ပွားမှဖြစ်မှာကို သဘောပေါက်ထားကြတယ်။

ဒါပေမယ့် မဟာစစ်ကြီး Great War ဟာ နေရာအနှံ့မှာ အထူးသဖြင့် စစ်ရှုံးသွားတဲ့နိုင်ငံတွေမှာ ဖြစ်ပွားလာတဲ့ နိုင်ငံရေးပြိုကွဲမှုတွေ၊ တော်လှန်ရေးဖြစ်မယ့်အကျပ်အတည်းတွေနဲ့ နိဂုံးချုပ်သွားခဲ့တာမို့ ရုသျှတော်လှန်ရေးဟာ တခြားကို ပျံ့နှံ့သွားတာကလွဲပြီး တခြားဖြစ်နိုင်တာဆိုလို့ ဘာဆိုဘာမှရှိပုံမရဘူး။ ၁၉၁၈ မှာ စစ်ရှုံးသွားတဲ့နိုင်ငံလေးခုစလုံးက (ဂျာမနီ၊ သြစတြီးယားဟန်ဂေရီ၊ တူရကီ၊ ဘူဂေးရီးယား) ခေါင်းဆောင်တွေ ထီးနန်းစွန့်ခဲ့ရသလို ဂျာမနီကိုရှုံးနိမ့်ခဲ့တဲ့ ရုသျှက ဇာဘုရင်လည်း ၁၉၁၇ မှာထဲက ထွက်ပြေးခဲ့ရတယ်။ ဒါ့အပြင် အီတလီမှာ ဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးနီးနီးကြီးမားတဲ့ လူမှုရေးမငြိမ်မသက်မှုတွေဟာ စစ်ကိုအနိုင်ရလိုက်တဲ့ ဥရောပနိုင်ငံကြီးတွေကိုတောင် လှုပ်ခါသွားစေခဲ့တယ်။

တွေ့ခဲ့ပြီးတဲ့အတိုင်း စစ်ဖြစ်နေတဲ့ဥရောပတိုက်က လူ့အဖွဲ့အစည်းတွေဟာ အကြီးစားစစ်ရဲ့ သာမန်ထက်လွန်ကဲတဲ့ ဖိအားကို မခံနိုင်ဘဲ တအိအိနဲ့ ပြိုကွဲစပြုလာတယ်။ စစ်ဖြစ်ဖြစ်ချင်းမှာ နေရာအနှံ့တွေ့ခဲ့ရတဲ့ ဇာတိမာန်တက်ကြွမှုတွေ တဖြည်းဖြည်း ပျောက်ကွယ်လာတယ်။ ၁၉၁၆ ရောက်တဲ့အခါ စစ်ပန်းမှုကနေ အတောမသတ်နိုင်တဲ့၊ အရှုံးအနိုင်လည်း အဖြေမထွက်နိုင်သေးတဲ့၊ ဘယ်သူကမှလည်း အဆုံးသတ်ချင်ပုံမရသေးတဲ့ လူသတ်ပွဲကြီးကို စိတ်ထဲမတင်မကျဖြစ်လာ၊ ကြိတ်ပြီးမုန်းတီးစပြုလာတယ်။ ၁၉၁၄ မှာ စစ်ဆန့်ကျင်တဲ့သူတွေဟာ သူတို့ရင်ဆိုင်နေရတဲ့ အနေအထားကို ပြောင်းလဲပစ်ဖို့ရာ ဘာမှလည်းမတတ်နိုင်တဲ့၊ အထီးကျန်ဖြစ်နေတဲ့ အနေအထားမှာ ရှိနေတယ်လို့ ခံစားကြရပေမယ့် ၁၉၁၆ ရောက်တဲ့အခါ သူတို့ဟာ အများစုရဲ့အသံကို ကိုယ်စားပြုတယ်လို့ ခံစားလာနိုင်ကြတယ်။ ၁၉၁၆ အောက်တိုဘာ ၂၈ ရက်နေ့မှာ သြစတြီးယားဆိုရှယ်လစ်ပါတီကိုတည်ထောင်သူ ပါတီခေါင်းဆောင်ရဲ့သား ဖရီးဒရစ်အက်ဒလာ Friedrich Adler ဟာ စစ်ကိုပြည်သူလူထုက ဆန့်ကျင်နေတာကို ပြသတဲ့အနေနဲ့ ဗီယင်နာမြို့က ကာဖီဆိုင်တဆိုင်မှာ သြစတြီးယားနန်းရင်ဝန် မြို့စားကြီးရှတူး Count Stugkh ကို သွေးအေးအေးနဲ့ လုပ်ကြံပစ်လိုက်တဲ့ဖြစ်ရပ်က အဲဒီခေတ်က လုံခြုံရေးသက်တော်စောင့်ဆိုတာ ရှိရကောင်းမှန်း မသိသေးတဲ့ခေတ် အခြေအနေ သိသိသာသာကြီး ပြောင်းလဲလာပုံကိုပြနေတယ်။

စစ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေ မြင့်မားလာတော့ ၁၉၁၄ မတိုင်ခင်က စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုဆီ အရှိန်နဲ့ ပြန်ချီတက်နေတဲ့ ဆိုရှယ်လစ်တွေရဲ့ နိုင်ငံရေးသိက္ခာလည်း သဘာဝကျကျ လိုက်တက်လာတယ်။ ဆိုရှယ်လစ်တွေထဲမှာ စစ်ကိုထောက်ခံသူဆိုရင်တောင် ဒီစစ်ကိုထောက်ခံတဲ့ပါတီကို အကျယ်လောင်ဆုံး ဝေဖန်တိုက်ခိုက်သူတွေဟာ သူ့ပါတီထဲကလူတွေဖြစ်ပြီးတချို့ပါတီတွေဆို (ရုသျှ၊ ဆားဘီးယားနဲ့ ဗြိတိန်က လွတ်လပ်တဲ့အလုပ်သမားပါတီ Independent Labour Party) စစ်ကိုတောက်လျှောက်ဆန့်ကျင်လာခဲ့တယ်။2 တချိန်ထဲမှာ စစ်ဖြစ်နေတဲ့ အဓိကနိုင်ငံတွေ အားလုံးမှာ ကြီးမားလှတဲ့ လက်နက်ထုတ်လုပ်ရေးစက်မှုလုပ်ငန်းတွေက စုစည်းထားတဲ့ အလုပ်သမားလှုပ်ရှားမှုတွေဟာ စစ်ဆန့်ကျင်မှုနဲ့ အလုပ်သမားဆန္ဒပြမှုတွေ ဒေါသတကြီးပေါက်ကွဲမယ့် အချက်အချာနေရာတွေ ဖြစ်လာခဲ့တယ်။ ဒီစက်ရုံတွေက အောက်ခြေအဆင့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေ၊ လုပ်အားခနဲ့ အလုပ်ခွင်အခြေအနေတွေနဲ့ ပတ်သက်လာရင် စျေးဆစ်နိုင်စွမ်းကောင်းကောင်းရှိတဲ့ ကျွမ်းကျင်လုပ်သားတွေ (ဗြိတိန်က စီမံခန့်ခွဲမှုပိုင်းကိုကိုင်တဲ့ သမဂ္ဂကိုယ်စားလှယ်တွေ shop stewards နဲ့ ဂျာမနီက စက်ရုံမန်နေဂျာ Betriesobleute)ဟာ အမြစ်လှန်ပြောင်းလဲရေးဝါဒရဲ့ ဆိုထုံးလိုဖြစ်လာခဲ့တယ်။ ရေပေါ်က စက်ရုံတွေနဲ့ ဘာမှမခြားတဲ့ အဆင့်မြင့်နည်းပညာတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ရေတပ်တွေက မက္ကင်းနစ်တွေ၊ လက်မြောက်အလုပ်သမား တွေဟာလည်း ဒီလမ်းကြောင်းအတိုင်း လျှောက်လာကြတယ်။ ရုသျှနဲ့ ဂျာမနီနှစ်နိုင်ငံစလုံးက အဓိက ရေတပ်အခြေစိုက်စခန်းတွေရှိတဲ့ မြို့တွေ (ကရွန်ရှတာ့ Kronstadt၊ ကီးယဲ Kiel)ဟာ တော်လှန်ရေးဗဟိုချက်မနေရာတွေ ဖြစ်လာခဲ့ပြီး နောက်ပိုင်းမှာ ပင်လယ်နက်ထဲ ပြင်သစ်ရေတပ်သားတွေရဲ့ တပ်တွင်းပုန်ကန်မှုက ၁၉၁၈၂၀ရုသျှပြည်တွင်းစစ်မှာ ပြင်သစ်စစ်တပ်ကို ဘော်ရှီဗစ်တွေကိုတိုက်ဖို့ ဝင်ရောက်စွက်ဖက်မှုမလုပ်နိုင်အောင် ဟန့်တားနိုင်ခဲ့တယ်။ ဒီလိုနဲ့ စစ်ဆန့်ကျင်တဲ့ပုန်ကန်ခြားနားမှုတွေဟာ ဉီးတည်ချက်ရလာ၊ အရှိန်ရလာခဲ့တယ်။ ဒီတော့ သြစတြီးယားဟန်ဂေရီနိုင်ငံမှာ တပ်သားတွေရဲ့စာတွေကို ဆင်ဆာလုပ်နေတဲ့ စိစစ်ရေးတွေဟာ စစ်သားတွေ လေသံပြောင်းလာတာကို စပြီးသတိပြုမိလာတာ အံ့အားသင့်စရာ မရှိတော့ဘူး။ ဘုရားသခင်က ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးလာမယ်ဆိုရင်ဖြင့်ဆိုတဲ့ စာသားတွေနေရာမှာ ဒို့တော့ ဆက်သည်းမခံနိုင်တော့ဘူးတို့၊ တချို့ဆိုရင် ဆိုရှယ်လစ်တွေက ငြိမ်းချမ်းရေးယူမယ်ပြောနေပါလားလို့ဆိုတဲ့ စာသားတွေကို တွေ့လာရတော့တယ်။

ဒီတော့ ဟာ့ဘတ် Habsbargစိစစ်ရေးသမားတွေကိုတခါ ပြန်ကိုးကားရမယ်ဆိုရင် ရုသျှတော်လှန်ရေးဟာ စစ်စဖြစ်ပြီးနောက်ပိုင်း လယ်သမားတွေ၊ အလုပ်သမားတွေရဲ့ မိန်းမတွေရဲ့ စာတွေထဲမှာတောင် ပဲ့တင်ရိုက်ခဲ့တဲ့ ပထမဆုံး နိုင်ငံရေးအဖြစ်အပျက်ဆိုတာ အံ့အားသင့်စရာမကောင်းတော့ဘူး။ အထူးသဖြင့် လီနင်နဲ့ ဘော်ရှီဗစ်တွေ အောက်တိုဘာတော်လှန်ရေးနဲ့ အာဏာရလာပြီးနောက်မှာ ငြိမ်းချမ်းရေးနဲ့ လူမှုတော်လှန်ရေးတွေဖြစ်ချင်တဲ့ဆန္ဒတွေ ပေါင်းစည်းမိသွားတာ အံ့အားသင့်စရာ မရှိလှဘူး။ ၁၉၁၇ နိုဝင်ဘာနဲ့ ၁၉၁၈ မတ်လကြား စိစစ်ရေးလက်ဖြတ်သွားတဲ့စာတွေထဲက တချို့ကိုနမူနာယူပြီး လေ့လာကြည့်ရာမှာ သုံးပုံတပုံလောက်က ရုသျှနဲ့ငြိမ်းချမ်းရေးရမယ်လို့ မျှော်လင့်ကြပြီး နောက်သုံးပုံတပုံက တော်လှန်ရေးဖြစ်မှ ငြိမ်းချမ်းရေးရမယ်လို့ မျှော်လင့်ကြသလို နောက် ၂၀ ရာခိုင်နှုန်းကတော့ နှစ်ခုစလုံးကနေ ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ခဲ့ကြတယ်။ ရုသျှတော်လှန်ရေးဟာ နိုင်ငံတကာမှာ အဓိကရိုက်ခတ်မှုကြီးတွေရှိလာနိုင်တာ ရှင်းတယ်။ ၁၉၀၅၀၆မှာဖြစ်တဲ့ ပထမတော်လှန်ရေးကတောင် အဲဒီအချိန်က မပျက်မစီးဘဲ အစဉ်အဆက်တည်တံ့လာတဲ့ ခေတ်ဟောင်းက အင်ပိုင်ယာကြီးတွေဖြစ်တဲ့ သြစတြီးယားဟန်ဂေရီကနေ တူရကီ၊ အီရန်၊ နောက် တရုတ်တို့လို အင်ပိုင်ယာကြီးတွေကို တုန်လှုပ်သွားစေခဲ့တယ်(အင်ပိုင်ယာခေတ် Age of Empire အခန်း ၁၂ ကိုကြည့်)။ ၁၉၁၇ ရောက်တဲ့အခါ ဥရောပတတိုက်လုံးဟာ ပေါက်ကွဲဖို့အသင့်ဖြစ်နေတဲ့ လူမှုဒိုင်းနမိုက်တွေ ဖြစ်လာခဲ့တယ်။

လူမှုတော်လှန်ရေးဖြစ်ဖို့ ရင့်မှည့်နေပြီဖြစ်တဲ့၊ စစ်ပန်းနေတဲ့၊ စစ်ရှုံးခါနီးဆဲဆဲအနေအထားကိုရောက်နေတဲ့ ရုသျှဟာ ဥရောပအလယ်ပိုင်းနဲ့အရှေ့ပိုင်းမှာ ပထမကမ္ဘာစစ်ရဲ့ ဖိအားတွေ၊ ဖိစီးမှုတွေအောက်မှာ ပထမဆုံးပြိုလဲသွားတဲ့ နိုင်ငံဖြစ်တယ်။ ရုသျှမှာ လူထုအုံကြွမှုဖြစ်မှာကို မှန်းထားကြပြီးသားဆိုပေမယ့် ဘယ်အချိန်မှာ ဘာက စနက်တံလာဖြုတ်မလဲဆိုတာ ဘယ်သူမှ ဘယ်လိုမှ မခန့်မှန်းနိုင်ကြဘူး။ ဆွစ်ဇာလန်မှာ တိမ်းရှောင်နေတဲ့ လီနင်ဆိုရင် သူမသေခင် တော်လှန်ရေးကို မြင်မှမြင်သွားရပါ့မလားဆိုပြီး ဖေဖော်ဝါရီတော်လှန်ရေးမဖြစ်ခင် သီတင်းပတ်အနည်းငယ်ပဲ လိုတော့တဲ့အချိန်ထိ သူ့ဟာသူ ပြန်မေးခွန်းထုတ်နေရတုန်းပဲ။ တကယ်တမ်းမှာလည်း အလုပ်သမား လူတန်းစားအမျိုးသမီးတွေရဲ့ (နောက်ပိုင်း ဆိုရှယ်လစ်လှုပ်ရှားမှုတွေမှာ အမျိုးသမီးများနေ့ ‘Women’s Day’ ဆိုပြီးဖြစ်လာတဲ့ မတ်လ ၈ ရက်နေ့မှာ)စပြီး ဆန္ဒပြမှုနဲ့ သွေးကြွတဲ့နေရာမှာ နံမယ်ကြီးလှတဲ့ ပူတီလော့ Putilovသံရည်ကျိုစက်ရုံက အလုပ်သမားတွေရဲ့ ဆန္ဒပြမှုကနေ အထွေထွေသပိတ်ဖြစ်ပွားပြီး ဆန္ဒပြသူတွေက ရေခဲနေတဲ့ မော်စကိုမြို့လယ်ခေါင်ကမြစ်ကိုဖြတ်ပြီး အဓိကပေါင်မုန့်ရရှိရေးတောင်းဆိုဖို့ မြို့လယ်ခေါင်ကို ဝင်စီးရာကနေ ဇာဘုရင်ရဲ့အုပ်ချုပ်မှု ပြိုကျသွားတော့တယ်။ ဇာဘုရင်ရဲ့တပ်တွေ၊ အဲဒီထဲမှာ အစိုးရကိုအမြဲတန်းသစ္စာစောင့်တဲ့ ကော့ဆက် Cossaks တွေတောင် ဆန္ဒပြသူတွေကို ပစ်ခတ်ဖို့ ပထမတုန့်ဆိုင်းနေရာကနေ ပစ်ခတ်ဖို့ငြင်းဆန်တဲ့ထိဖြစ်လာပြီး နောက်ဆုံးမှာ ဆန္ဒပြလူအုပ်နဲ့တသွေးထဲတသားထဲ ဖြစ်သွားတဲ့အခါမှာ အစိုးရရဲ့ ပြိုကွဲမတတ်ဖြစ်နေတဲ့ အခြေအနေက အထင်အရှား ပေါ်ထွက်လာတော့တယ်။ လေးရက်ကြာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တပ်ကပုန်ကန်မှုလုပ်တဲ့အခါမှာ ဇာဘုရင်နန်းစွန့်ခဲ့ရပြီး သွေးရူးသွေးတန်းဖြစ်နေတဲ့ဇာဘုရင်အစိုးရ ဂျာမနီနဲ့ သီးခြားစစ်ပြေငြိမ်းရေးစာချုပ်ချုပ်ပြီး စစ်ပွဲကနှုတ်ထွက်သွားမှာကိုစိုးရိမ်တဲ့ ရုသျှရဲ့အနောက်မဟာမိတ်တွေရဲ့ စာနာမှုအနည်းအပါးနဲ့ အထောက်အပံ့တောင် ရထားတဲ့ လစ်ဘရယ် ယာယီအစိုးရprivisional government တက်လာတယ်။ လေးရက်ကြာလမ်းတွေပေါ်မှာ ခေါင်းဆောင်မှု တမုဟုတ်ချည်းပျောက်သွားပြီးနောက်မှာ အင်ပိုင်ယာတခု ဇာတ်သိမ်းသွားတော့တယ်။3 အင်ပိုင်ယာဇာတ်သိမ်းသွားထက်ထူးတာက ရုသျှဟာ လူမှုတော်လှန်ရေးတွေဖြစ်ဖို့ ဘယ်လောက်တောင် အသင့်ဖြစ်နေသလဲဆိုရင် ပဲထရိုဂရက်က လူအုပ်ကြီးက ဇာဘုရင်နန်းကျကျချင်း ဒီနန်းကျမှုကို တလောကလုံးလွတ်လပ်မှု၊ တန်းတူညီမှုနဲ့ တိုက်ရိုက်ဒီမိုကရေစီရရှိလိုက်တဲ့ ကြေညာချက်အဖြစ် သဘောထားကြတယ်။ လီနင်ရဲ့ ပြောင်မြောက်လှတဲ့ အောင်မြင်မှုက ထိန်းမနိုင်သိမ်းမရဖြစ်လာနေတဲ့ လူအင်အားထုကြီးကို ဘော်ရှီဗစ်တွေရဲ့အင်အား Bolshevik power အဖြစ်ကို ပြောင်းလဲပစ်နိုင်ခဲ့တာပဲ။

ဒီတော့ လစ်ဘရယ်ကျတဲ့၊ အနောက်ဘက်ညွတ်တဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့၊ ဂျာမန်တွေကိုလည်း ဆက်တိုက်ဖို့ ဆန္ဒရှိတဲ့ ရုသျှနိုင်ငံပေါ်မလာခဲ့ဘဲ တော်လှန်ရေးခွင်တခု revolutionary vacuum ပေါ်ထွက်လာခဲ့တယ်။ ဘာအာဏာမှမရှိတဲ့ ယာယီအစိုးရ ‘provisional government’ကတဘက်၊ ကျန်တဘက်မှာတော့ မိုးကျပြီးထွက်လာတဲ့မှိုတွေလို နေရာအနှံ့မှာတပြိုင်နက် ပေါ်ထွက်လာတဲ့ မြောက်မြားလှတဲ့ ကောင်စီတွေ Sovietsတွေ။4 အာဏာတကယ်တမ်းရှိတာ၊ အနည်းဆုံး ဒေသန္တရအဆင့်မှာ ဗီတိုအာဏာရှိတာက ဆိုဗီယက်တွေဆိုပေမယ့် သူတို့ရှိတဲ့အာဏာနဲ့ ဘာလုပ်ရမလဲ၊ ဘာလုပ်နိုင်လဲ၊ ဘာလုပ်သင့်လဲ မသိကြဘူး။ အဲဒီမှာ အမျိုးမျိုးသော တော်လှန်ရေးပါတီတွေ၊ အဖွဲ့အစည်းတွေက ဘော်ရှီဗစ်နဲ့ ဆိုရှယ်ဒီမိုကရက်မင်ရှီဗစ်တွေ Menshivik Social Democrats၊ လူမှုတော်လှန်ရေးအင်အားစုတွေ Social Revolutionaries၊ နောက်ပြီးမတရားသင်း ကြေညာခံထားရာကနေပေါ်ထွက်လာတဲ့ ပြောခဲ့တဲ့အဖွဲ့တွေလောက်အရေးမပါလှတဲ့ အမျိုးမျိုးသော လက်ဝဲအဖွဲ့အစည်းတွေဒီအဖွဲ့အစည်းတွေမှာ နေရာဝင်ယူဖို့ကြိုးစားကြ၊ ဒီအဖွဲ့အစည်းတွေကို ဟန်ချက်ညီဖြစ်အောင် စုစည်းပြီး သူတို့ပေါ်လစီတွေကို လက်ခံလာအောင် ကြိုးစားကြတယ်။ ဒါပေမယ့် ဒီအဖွဲ့အစည်းတွေကို အစိုးရအခန်းကဏ္ဍကို ဝင်ယူနိုင်မယ့် အင်အားစုအဖြစ်နဲ့မြင်တာ အစောပိုင်းမှာ လီနင်တယောက်ပဲ ရှိတယ် (‘အာဏာအရပ်ရပ်ကို ဆိုဗီယက်တွေလက်အပ်ကြ‘All power to the Soviets’)သို့သော်လည်း ဇာဘုရင်နန်းကျသွားတဲ့အခါမှာ ဒီအမျိုးမျိုးသော တော်လှန်ရေးပါတီတွေရဲ့နံမယ်တွေက ဘာကို ကိုယ်စားပြုသလဲ၊ သူတို့တွေရဲ့ တောင်းဆိုချက်တွေ တခုနဲ့တခု ဘာကွာလဲဆိုတာကို ရုသျှပြည်သူတွေထဲမှာ သိတဲ့လူ အနည်းအကျဉ်းပဲရှိတယ်။ သူတို့သိတာက သူတို့ဟာ အထက်က အမိန့်ပေးတာကို လက်မခံတော့ဘူး၊ သူတို့ထက်ပိုသိတယ်ဆိုပြီး ကြွေးကြော်နေတဲ့ တော်လှန်ရေးသမားတွေရဲ့ အမိန့်ကိုတောင်လက်မခံတော့ဘူး ဆိုတာကိုပဲ သိတယ်။

မြို့ပေါ်နေ ဆင်းရဲသားတွေရဲ့ အခြေခံတောင်းဆိုချက်က ပေါင်မုန့်၊ နောက် ဒီဆင်းရဲသားတွေထဲက အလုပ်သမားတွေရဲ့ အခြေခံတောင်းဆိုချက်က လုပ်ခတိုးပြီး အလုပ်ချိန်လျှော့ပေးဖို့ပဲ။ စိုက်ပျိုးမွေးမြူရေးနဲ့အသက်မွေးတဲ့ ၈၀ ရာခိုင်နှုန်းသော ရုသျှတွေရဲ့ အခြေခံတောင်းဆိုချက်ကတော့ ဟိုးအရင်တုန်းကလိုပဲ မြေ။ မြို့ပေါ်နေသူရော၊ ကျေးလက်နေသူပါ စစ်ကို အဆုံးသတ်ချင်ကြတယ်။ ဒါပေမယ့်လည်း လယ်သမားမိသားစုကဆင်းသက်လာတဲ့စစ်သားတွေက အစပိုင်းမှာ တိုက်ခိုက်မှုတွေကိုဆန့်ကျင်တာ မဟုတ်သေးဘဲ အထက်အရာရှိတွေရဲ့ နိုင့်ထက်စီးနင်းပြုကျင့်မှုနဲ့ ကြမ်းတမ်းပြင်းထန်တဲ့ စစ်စည်းကမ်းတွေကိုသာ ဆန့်ကျင်တာဖြစ်တယ်။ ပေါင်မုန့်၊ ငြိမ်းချမ်းရေးနဲ့ မြေBread, Peace and Land ဆိုတဲ့ကြွေးကြော်သံကို စပြီး ကြွေးကြော်ဖြန့်ချီသူတွေဖြစ်တဲ့ အထူးသဖြင့်လီနင်ရဲ့ ဘော်ရှီဗစ်တွေဟာ ဒီကြွေးကြော်သံကြောင့် ထောက်ခံမှု အလျင်အမြန် အများအပြား ရရှိလာခဲ့တယ်။ ဘော်ရှီဗစ်အရေအတွက်ဟာ ၁၉၁၇ မတ်လမှာ ထောင်ဂဏန်းလောက်ရှိရာကနေ အဲဒီနှစ် နွေဉီးအရောက်မှာ အဖွဲ့ဝင်နှစ်သိန်းခွဲထိ တိုးလာတယ်။ လီနင်ဟာ တကယ်တမ်းမှာ အာဏာသိမ်းမှုတွေကို ဉီးစီးညွှန်ကြားသူဆိုတဲ့ စစ်အေးဝါဒဖြန့်မှုတွေမှာ ပြောနေသလိုမဟုတ်ဘဲ လီနင်နဲ့ဘော်ရှီဗစ်တွေရဲ့ တကယ့်အားသာချက်က လူတွေလိုချင်တာကို သဘောပေါက်နိုင်စွမ်းရှိတာ၊ လူထုနောက် ဘယ်လိုလိုက်ရမလဲဆိုတာသိတဲ့နည်းနဲ့ လူထုကိုဉီးဆောင်နိုင်တာပဲ။ ဥပမာ လယ်သမားတွေက ဆိုရှယ်လစ်လမ်းစဉ်နဲ့ ဆန့်ကျင်တဲ့ မြေကိုမိသားစုပိုင်အဖြစ် ခွဲခြမ်းပေးတာမျိုး ဖြစ်စေချင်တာကို သူသဘောပေါက်တဲ့အခါ ဒီလို စီးပွားရေးတသီးပုဂ္ဂလဝါဒ economic individualismပုံစံမျိုးကို ကျင့်သုံးဖို့ ဘော်ရှီဗစ်တွေကို မဆိုင်းမတွ ညွှန်ကြားခဲ့တယ်။

တဘက်မှာတော့ ယာယီအစိုးရနဲ့ သူ့ကိုထောက်ခံသူတွေက သူတို့ရဲ့ဥပဒေတွေ၊ အမိန့်ဒီဂရီတွေကို တနိုင်ငံလုံးလိုက်နာအောင် မလုပ်နိုင်တာကို သဘောမပေါက်ဘူး။ စီးပွားရေးသမားတွေနဲ့ မန်နေဂျာတွေက အလုပ်ခွင်စည်းကမ်းတွေကို ပြန်ချမှတ်ဖို့ ကြိုးစားတဲ့အခါမှာ အလုပ်သမားတွေကို တဘက်စွန်းကို ပိုပြီးတွန်းပို့မိသလိုသာ ဖြစ်လာတယ်။ ယာယီအစိုးရက ၁၉၁၇ ဇွန်လမှာ စစ်တပ်ကို နောက်ထပ်စစ်ဆင်ရေးတခုလုပ်ဖို့ အတင်းညွှန်ကြားတဲ့အခါမှာတော့ စစ်တပ်ကပါ ဆက်သည်းမခံတော့ဘဲ လယ်သမားမိသားစုက ဆင်းသက်လာတဲ့ စစ်သားတွေက သူတို့သားချင်းတွေနဲ့ လယ်အမွေခွဲဖို့ အိမ်ပြန်ကြတော့တယ်။ ဒီစစ်သားတွေကို အိမ်ပြန်ခေါ်လာတဲ့ ရထားလမ်းတွေတလျှောက် တော်လှန်ရေးက ပျံ့သွားတော့တယ်။ ယာယီအစိုးရ ချက်ချင်းပြုတ်ကျဖို့ အချိန်မတန်သေးပေမယ့် နွေရာသီရောက်ချိန်ကစပြီး တပ်ထဲနဲ့ အဓိကမြို့ကြီးတွေမှာ အမြစ်လှန်ပြောင်းလဲရေးကို လိုလားမှုတွေ အရှိန်ရလာခဲ့ရာမှာ ဘော်ရှီဗစ်တွေ ပိုပို အကျိုးအမြတ်ထွက်ဖို့ ဖြစ်လာခဲ့တယ်။ လယ်သမားထုက လူမှုတော်လှန်ရေးသမားတွေဖြစ်တဲ့ နာရော့နစ် Narodniks တွေရဲ့ (အရင်းခေတ် Age of Capital အခန်း ၉ ကိုကြည့်) အမွေဆက်ခံသူတွေကို တခဲနက်ထောက်ခံလာခဲ့ကြတယ်။ ဒီလူမှုတော်လှန်ရေးသမားတွေထဲမှာ ဘော်ရှီဗစ်တွေနဲ့ နီးစပ်သွားတဲ့ အမြစ်လှန် ပြောင်းလဲရေးလိုလားတဲ့ လက်ဝဲအဖွဲ့တဖွဲ့ ပေါ်ထွက်လာပြီး အောက်တိုဘာတော်လှန်ရေးအပြီးမှာ ဘော်ရှီဗစ်တွေနဲ့အတူ အစိုးရထဲမှာ ခဏပါလိုက်သေးတယ်။

အဲဒီတုန်းက အနှစ်သာရအားဖြင့် အလုပ်သမားပါတီတခုအဖြစ်သာရှိသေးတဲ့ ဘော်ရှီဗစ်တွေဟာ ရုသျှက အဓိက မြို့ကြီးတွေမှာ အထူးသဖြင့် မြို့တော် ပဲထရိုဂရက်နဲ့ မော်စကိုတို့မှာ အများစုဖြစ်လာပြီး စစ်တပ်ထဲမှာလည်း ထောက်ခံမှုအလျင်အမြန် ရလာတဲ့အလျာက် ယာယီအစိုးရတည်ရှိမှုဟာ ပိုပိုမရေမရာ ဖြစ်လာတော့တယ်။ အထူးသဖြင့် မြို့တော်မှာ သြဂုတ်လမှာ ဘုရင်စနစ်ဝါဒီ ဗိုလ်ချုပ်ကြီးတယောက်က တန်ပြန်တော်လှန်ရေးလုပ်ပြီး အာဏာသိမ်းဖို့ကြိုးစားမှုကိုနှိမ်နင်းဖို့ ယာယီအစိုးရဟာ တော်လှန်ရေးအင်အားစုတွေကို အကူအညီတောင်းခံခဲ့ရတဲ့အခါမှာ ယာယီအစိုးရတည်ရှိနေမှု အဓိပ္ပါယ်မရှိတော့တာ ပိုထင်ရှားလာတော့တယ်။ အမြစ်လှန်ပြောင်းလဲရေးလိုလားတဲ့ နောက်လိုက်တွေ တနေ့တခြားအားကောင်းလာမှုက ဘော်ရှီဗစ်တွေကို အာဏာကို လှမ်းဆုတ်ယူရေးဆီ ပိုပိုတွန်းပို့လာခဲ့တယ်။ တကယ်တမ်းမှာလည်း အာဏာကိုလှမ်းဆုတ်ယူဖို့အချိန်ရောက်တဲ့အခါ အာဏာဆိုတာ သိမ်းယူနေစရာတောင်မလိုဘဲ အသာကောက်ယူလိုက်ရုံပဲ။ အိုက်ဇင်ရှတိုင်း Eisenstein ရဲ့အောက်တိုဘာOctober(၁၉၂၇)ရုပ်ရှင်ထဲမှာ ဒဏ်ရာရသူအရေအတွက်က ၁၉၁၇ နိုဝင်ဘာ ၇ ရက် ဆောင်းရာသီနန်းတော် Winter Palace ကို သိမ်းယူတုန်းက ထိခိုက်ဒဏ်ရာရခဲ့သူအရေအတွက်ထက် ပိုများတယ်လို့တောင် ပြောကြတယ်။ ခုခံကာကွယ်မယ့်သူ ဘယ်သူမှ မကျန်တော့တဲ့ ယာယီအစိုးရဟာ လေထဲ အငွေ့ပျံပျောက်ကွယ်သွားတော့တယ်။

ယာယီအစိုးရပြုတ်ကျတော့မှာ သေချာသွားချိန်ကစပြီး ကနေ့ချိန်ထိ အောက်တိုဘာတော်လှန်ရေးဟာ ဝေဖန် တိုက်ခိုက်မှုတွေထဲမှာ နစ်မျောနေခဲ့တယ်။ ဒီဝေဖန်တိုက်ခိုက်မှုထဲမှာ အများစုက ရေလိုက်လွဲနေတယ်။ တကယ်ဆွေးနွေးရမှာက အောက်တိုဘာတော်လှန်ရေးဟာ ကွန်မြူနစ်ဆန့်ကျင်ရေးသမိုင်းဆရာတွေ ကျိုးကြောင်းပြသလို အခြေခံကိုက ဒီမိုကရေစီကိုဆန့်ကျင်တဲ့လီနင်ရဲ့ အာဏာသိမ်းမှုဟုတ်မဟုတ်ကို ဆွေးနွေးရမှာမဟုတ်ဘဲ ယာယီအစိုးရပြုတ်ကျသွားတဲ့အခါ ဘယ်သူတွေတက်လာနိုင်လဲ၊ ဘာဆက်ဖြစ်လာနိုင်လဲ၊ ဘာဆက်လုပ်သင့်သလဲ ဆိုတာကိုသာ ဆွေးနွေးရမှာဖြစ်တယ်။ စက်တင်ဘာလအစောပိုင်းလောက်ကစပြီး လီနင်ဟာ သူ့ပါတီထဲက တုန့်ဆိုင်းနေသူတွေကို အာဏာဟာ သူတို့နဲ့လက်တကမ်း အကွာလောက်ကိုရောက်နေတဲ့ ခဏကလေးမှာ သေချာစီစဉ်ပြီး မဖမ်းဆုတ်လိုက်ရင် အာဏာဟာ သူတို့ဆီကနေ အလွယ်တကူ လွတ်ထွက်သွားနိုင်တယ်ဆိုတာကို ယုံကြည်လာအောင် နားချရရုံမက နောက်ဆုံးအာဏာကို သူတို့ဆုတ်ကိုင်ယူလိုက်နိုင်ပြီဆိုရင် ဘော်ရှီဗစ်တွေဟာ နိုင်ငံတော်အာဏာကို ဆက်ယူထားနိုင်မလားဆိုတဲ့မေးခွန်းကိုပါဖြေဖို့အရေးတကြီး ကြိုးစားခဲ့ရတယ်။ တော်လှန်ရေးအင်အားစုတွေ ကြွတက်လာနေတဲ့ ရုသျှရဲ့ မီးတောင်သဖွယ်ပေါက်ကွဲမှုကို အုပ်ထိန်းဖို့ကြိုးစားမယ့်သူ ဘယ်သူမဆို အဲဒီအချိန်မှာ တခြားဘာများလုပ်နိုင်မှာမို့လဲ။ လီနင်ရဲ့ဘော်ရှီဗစ်တွေကလွဲပြီး ဘယ်ပါတီကမှ အဲဒီအချိန်ကရုသျှကို မပြိုကွဲအောင် ထိန်းသိမ်းဖို့တာဝန်ကိုယူဖို့ ပြင်မထားကြဘူး။ လီနင်ရဲ့ ဖြန့်ဝေစာတွေမှာ ဘော်ရှီဗစ်တွေအားလုံးသူ့လောက် စိတ်ပိုင်းဖြတ်မထားတာကို ပြနေတယ်။ ပဲထရိုဂရက်၊ မော်စကိုနဲ့ မြောက်ပိုင်းက တပ်မဟာတွေထဲက နိုင်ငံရေးအခြေအနေတွေက ကိုယ့်ဘက်မှာရှိနေချိန်မှာ ရှေ့ဆက်ဖြစ်မယ့် အဖြစ်အပျက်တွေကို စောင့်နေတာထက် အာဏာကို အခု သိမ်းယူလိုက်တဲ့အခါ ရေတိုသက်သက်အတွက် ဘာအကျိုးရှိမလဲဆိုတဲ့ မေးခွန်းကိုဖြေရခက်တယ်။ အဲဒီအချိန်မှာ စစ်တပ်ရဲ့ တန်ပြန်တော်လှန်ရေးကလည်း စခါစရှိသေးတယ်။ သွေးရူးသွေးတန်းဖြစ်နေတဲ့ အစိုးရက ဆိုဗီယက်တွေရဲ့ တောင်းဆိုချက်ကို လိုက်လျောမယ့်အစား ပဲထရိုဂရက်မြို့တော်ကို ကနေ့အက်စတိုးနီးယား Estonia ရဲ့ မြောက်ဘက်နယ်နမိတ်နားရောက်နေတဲ့ ဆိုလိုတာက မြို့တော်ကနေ မိုင်အနည်းငယ်အကွာကိုရောက်နေတဲ့ ဂျာမန်စစ်တပ်လက်ကို အပ်ကောင်းအပ်လိုက်နိုင်တယ်။ ဒါ့အပြင် လီနင်ဟာ အဆိုးဆုံးအနေအထားကို တိုက်ရိုက်ရင်ဆိုင်ဖို့ တွန့်ဆုတ်လေ့မရှိဘူး။ ဘော်ရှီဗစ်တွေ အချိန်ကောင်းကို အမိအရဆုပ်ကိုင်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် တကယ့် မင်းမဲ့အခြေအနေဟာ ငါတို့ထက်ကိုပိုပြီး အားကောင်းသွားနိုင်တယ်။ ဒီနောက်ဆုံး လေ့လာဆန်းစစ်မှုမှာ လီနင်ရဲ့ကျိုးကြောင်းပြဆိုမှုကို သူ့ပါတီကလက်ခံသွားတယ်။ တော်လှန်ရေးပါတီတခုဟာ အချိန်အခါနဲ့ လူထုတရပ်လုံးကတောင်းဆိုချိန်မှာ အာဏာကိုရအောင်မယူနိုင်ရင် ဒီပါတီဟာ တော်လှန်ရေးပါတီမဟုတ်တဲ့ ပါတီနဲ့ ဘာများကွာခြားအုံးမှာလဲ။

ပဲထရိုဂရက်နဲ့ မော်စကိုမှာလို အာဏာကို တနိုင်ငံလုံးအတိုင်းအတာနဲ့ရယူနိုင်ပြီး တန်ပြန်တော်လှန်ရေးတွေ၊ မင်းမဲ့အခြေအနေတွေရန်ကိုကျော်လွှားပြီး အာဏာကိုဆက်ယူထားနိုင်တယ်ဆိုဉီးတော့ တကယ့်ပြဿနာက ရေရှည်ဘယ်လို စခန်းသွားမလဲ၊ ရေရှည်အခွင့်အလမ်း ဘယ်လိုဖြစ်လာမလဲဆိုတဲ့ အချက်ပဲ။ လီနင်ရဲ့ လမ်းစဉ်ဖြစ်တဲ့ ဆိုဗီယက်အစိုးရသစ်ကို (ပဓာနအားဖြင့် ဘော်ရှီဗစ်ပါတီကိုဆိုလိုတာ)ရုသျှသမ္မတနိုင်ငံရဲ့ ဆိုရှယ်လစ်စနစ် အသွင်ကူးပြောင်းရေးတာဝန်ယူခိုင်းတာဟာ အနှစ်သာရအားဖြင့် ရုသျှတော်လှန်ရေးကို ကမ္ဘာ့တော်လှန်ရေး၊ ကမ္ဘာ့တော်လှန်ရေးမဖြစ်တောင် အနည်းဆုံးဥရောပတော်လှန်ရေးအဖြစ်ပြေင်းလဲပစ်ဖို့ အလောင်းအစားလုပ်တာပဲ။ သူတချိန်လုံးပြောသလို ‘… ရုသျှနဲ့ ဥရောပတတိုက်လုံးက ဘူဇွာလူတန်းစား လုံးဝမပျက်စီးဘဲ ဆိုရှယ်လစ်ဝါဒ အနိုင်ရနိုင်မယ်လို့ ဘယ်သူကများ ထင်မှတ်ခဲ့ကြမလဲ။ ဒီအတောအတွင်းမှာ ဘော်ရှီဗစ်တွေရဲ့ ပဓာနနဲ့ တခုတည်းသောတာဝန်က ဆက်တောင့်ခံထားဖို့ပဲ။ အစိုးရသစ်အနေနဲ့ ဆိုရှယ်လစ်ဝါဒကို သူတို့ရဲ့ ရည်မှန်းချက်အဖြစ်ကြေညာတာ၊ ဘဏ်တွေကိုပြည်သူပိုင်သိမ်းတာ၊ တဘက်က ကုန်ထုတ်လုပ်မှု ဆက်လုပ်နေဖို့ကို တိုက်တွန်းပြီး တဘက်မှာ လက်ရှိရှိနေတဲ့ စီမံခန့်ခွဲရေး လုပ်ငန်းတွေကို အလုပ်သမားတွေအုပ်ထိန်းမှုအောက် ရောက်သွားပြီဆိုပြီးကြေညာတာ ဆိုလိုတာက တော်လှန်ရေးဖြစ်ချိန်ကစပြီး သူ့ဘာသာသူ ပုံမှန်လိုလုပ်နေတဲ့အလုပ်တွေကို တရားဝင်တံဆိပ်တုံး နှိပ်ပေးတာကလွဲပြီး ဆိုရှယ်လစ်ဝါဒနဲ့ ပတ်သက်ပြီး ဘာမှအထွေအထူးလုပ်ခဲ့တာမရှိဘူး။ ဘာမှလည်း အထူးတလည် ထပ်ပြောနေစရာ မရှိခဲ့ဘူး။5

ဒီလိုနဲ့အသစ်တက်လာတဲ့အစိုးရဟာ ပြိုလဲမသွားအောင် ဆက်တောင့်ထားနိုင်ခဲ့တယ်။ ဘရက်လစ်တော့မှာ ဂျာမန်တွေရဲ့ သူတို့ကိုယ်တိုင် အရေးမနိမ့်ခင် လပိုင်းအလိုက ချမှတ်ခဲ့တဲ့ တဘက်သတ်ငြိမ်းချမ်းရေးပြစ်ဒဏ်ကနေ ကုန်းရုန်းထနိုင်ခဲ့တယ်။ ဒီငြိမ်းချမ်းရေးပြစ်ဒဏ်အရ ပိုလန်၊ ဘောတစ်ပြည်နယ်တွေ၊ ယူကရိန်း၊ ရုသျှအနောက်ပိုင်းနဲ့ တောင်ပိုင်းက အရေးပါတဲ့အစိတ်အပိုင်းတွေနဲ့ ထရန်ကော့ကေးရှား Transcaucasia တို့ကိုပါ (ယူကရိန်းနဲ့ ထရန်ကော့ကေးရှားကို ပြန်ရတယ်) ပေးလိုက်ရတယ်။ မဟာမိတ်တွေကလည်း တကမ္ဘာလုံးကိုတွန်းလှန်ဖြိုချမှု စတင်ရာနေရာကို ဘာစေတနာမှထားနေစရာ အကြောင်းမရှိဘူးလို့ မြင်ကြတယ်။ ဗြိတိသျှ၊ ပြင်သစ်၊ အမေရိကန်၊ ဂျပန်၊ ပိုလန်၊ ဆာ့ဘ Serb၊ ဂရိနဲ့ ရူမေးနီးယားတပ်တွေကို မဟာမိတ်တွေက ရုသျှမြေပေါ် စေလွှတ်ပြီး သူတို့ ထောက်ပံ့ထားတဲ့အမျိုးမျိုးသော တန်ပြန်တော်လှန်ရေး စစ်တပ်တွေ (အဖြူတွေ‘Whites’)နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဟာ ဆိုဗီယက်တွေကို ဆန့်ကျင်ဖို့ ထကြွလာတယ်။ ရက်စက်ပြီး ကသောင်းကနင်းနိုင်လှတဲ့ ၁၉၁၈၂၀ပြည်တွင်းစစ်ရဲ့ အဆိုးဆုံးအချိန်ကာလတွေမှာဆိုရင် ဆိုဗီယက်ရုသျှရဲ့ နယ်မြေပိုင်ဆိုင်မှုဟာ ရုသျှမြောက်ပိုင်း၊ နောက် ဖင်လန်ပင်လယ်ကွေ့ထဲ ထိုးထွက်နေတဲ့ လီနင်ဂရက်မြို့မှအပ ယူရယ် Ural ဒေသနဲ့ လက်ရှိဘောတစ်နိုင်ငံတွေကြား အလယ်ပိုင်းလောက်ပဲရှိတယ်။ အစိုးရသစ်ရဲ့ အဓိကအားသားချက်တွေဆိုလို့ နောက်ပိုင်းမှာ အောင်အောင်မြင်မြင် ဖြစ်လာမယ့်တပ်နီတော်ကို အစကနေ စပြီးတည်ထောင်နေချိန်မှာ အဖြူအင်အားစုတွေကြား အမျိုးမျိုးကွဲနေမှုနဲ့ ဒီအဖြူအင်အားစုတွေရဲ့ညံ့ဖျင်းမှု၊ နောက် ရုသျှလယ်သမားထုကြီးက သူတို့ကိုဆန့်ကျင်လာအောင် လုပ်နိုင်စွမ်းရှိမှု၊ နောက်တခါ တပ်ထဲကနေ ပုန်ကန်ပြီးထွက်လာတဲ့ စစ်သားနဲ့ ရေတပ်ကသင်းဘောသားတွေကို ဘော်ရှီဗစ်တွေကိုတိုက်တဲ့နေရာမှာ အားကိုးလို့မရနိုင်ဘူးဆိုတဲ့ အနောက်နိုင်ငံကြီးတွေရဲ့ အထောက်အထား ကောင်းကောင်းရှိတဲ့ သံသယ စတာတွေပဲရှိတယ်။ ၁၉၂၀ နောက်ပိုင်းမှာ ဘော်ရှီဗစ်တွေ အနိုင်ရလာခဲ့တယ်။

ဒီလိုနဲ့ ဆိုဗီယက်ရုသျှဟာ ဘယ်သူမှထင်မှတ်မထားဘဲ ရှင်သန်တည်တံ့နိုင်ခဲ့တယ်။ ဘော်ရှီဗစ်တွေဟာ သူတို့ရထားတဲ့ အာဏာကို (လီနင်ကိုယ်တိုင် နှစ်လနဲ့ဆယ့်ငါးရက်အကြာမှာ သက်ပြင်းချပြီး ဂုဏ်ယူစွာနဲ့ ပြောခဲ့သလို)၁၈၇၁ ပါရီကွန်မြူး Paris Commune of 1871 ထက် ပိုပြီး ကြာကြာ ဆက်ယူထားနိုင်ရုံမက ပိုတောင်မှတိုးချဲ့နိုင်ခဲ့သေးတယ်၊ ဒါတင်မကသေးဘဲ နှစ်နဲ့ချီပြီး အပြတ်အလပ်မရှိ ဖြစ်ပွားခဲ့တဲ့ အကျပ်အတည်းတွေ ဘေးဒုက္ခကျရောက်မှုတွေ၊ ဂျာမန်သိမ်းပိုက်မှုနဲ့ ငြိမ်းချမ်းရေးပြစ်ဒဏ်၊ ဒေသန္တရ ခွဲထွက်ရေးအဖြစ်အပျက်တွေ၊ တန်ပြန်တော်လှန်ရေး၊ ပြည်တွင်းစစ်၊ ပြည်ပက လက်နက်ကိုင်ဝင်ရောက် စွက်ဖက်မှု၊ ငတ်မွတ်မှုနဲ့ စီးပွားရေးပြိုကျမှုတွေရှိခဲ့တဲ့ကြားကကို အာဏာကိုဆက်ယူထားနိုင်ခဲ့တယ်။ လတ်တလော ဘေးအန္တရယ်ကျရောက်မှုနဲ့ လက်တလော ရှင်သန်တည်တံ့ရေး နှစ်ခုထဲက တခုကိုရွေးရတဲ့အလုပ်ကိုပဲ နိစ္စဓူဝလုပ်နေရတဲ့ အပြင်မှာ တခြား ဘယ်လိုမဟာဗျူဟာမျိုးကိုမှ ချမှတ်နိုင်တဲ့အနေအထား မရှိခဲ့ဘူး။ အခုချက်ချင်း ဆုံးဖြတ်ရမှာကို မဆုံးဖြတ်လိုက်လို့ တော်လှန်ရေးအဆုံးသတ်သွားရင် ကြည့်စရာ ရေရှည်အကျိုးဆက်ဆိုတာတောင် ရှိမှာမဟုတ်တော့တဲ့ အနေအထားမှာ ဘယ်သူကများ ကိုယ်အခုချရမယ့် ဆုံးဖြတ်ချက်ရဲ့ တော်လှန်ရေးအတွက် ရှိလာနိုင်တဲ့ ရေရှည်အကျိုးဆက်တွေကို စဉ်းစားနေနိုင်အုံးမလဲ။ မလုပ်မဖြစ်လုပ်ရမယ့် အဆင့်တွေကို တခုပြီးတခု လုပ်ခဲ့တယ်။ ဒီလိုနဲ့ ပြင်းထန်လှတဲ့ဝေဒနာကနေ ဆိုဗီယက်သမ္မတနိုင်ငံ နလံပြန်ထလာတဲ့အခါ ဒီနိုင်ငံဟာ ဖင်လန်ဘူတာရုံမှာတုန်းက လီနင့်စိတ်ထဲ မှန်းထားခဲ့တဲ့ လမ်းကြောင်းကနေ အများကြီးသွေဖည်နေတဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းနေတာကို တွေ့လာရတော့တယ်။

ဘာပဲဖြစ်ဖြစ် ရုသျှတော်လှန်ရေးဟာ အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့တယ်။ ဒီလိုကျော်လွှားနိုင်တာ အဓိက အချက်သုံးချက်ကြောင့်ပဲ။ ပထမတချက်အနေနဲ့ အင်အား ၆၀၀,၀၀၀ နဲ့ဖွဲ့ထားတဲ့ ဗဟိုကတင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားပြီး စည်းကမ်းကောင်းလှတဲ့ ကွန်မြူနစ်ပါတီမှာ နိုင်ငံတနိုင်ငံလုံးကို တည်ဆောက်နိုင်လောက်တဲ့ သူမတူအောင် ကြီးမားလှတဲ့ အင်အားကိုပိုင်ဆိုင်ထားတယ်။ တော်လှန်ရေးမဖြစ်ခင်မှာ သူ့ရဲ့အခန်းကဏ္ဍက ဘယ်လိုပဲရှိရှိ၊ ၁၉၀၂ ကစပြီး လီနင်ကိုယ်တိုင် မမောနိုင်မပန်းနိုင် ဝါဒဖြန့်ချီခဲ့၊ ကာကွယ်ခဲ့တဲ့ ကွန်မြူနစ်ပါတီရဲ့ ဖွဲ့စည်းမှုပုံစံဟာ တော်လှန်ရေးပြီးတဲ့အခါ သူ့အခန်းကဏ္ဍကို သူ့ဟာသူ ပီပီပြင်ပြင်ယူလာနိုင်တယ်။ တိုတောင်းလှတဲ့ နှစ်ဆယ်ရာစုထဲက တော်လှန်ရေးလိုလားတဲ့ အစိုးရတိုင်းဟာ ဒီပုံစံနဲ့ မတိမ်းမယိမ်းပုံစံတခုမဟုတ်တခုကို ယူကြရတာချည်းပဲ။ ဒုတိယတချက်က ဘော်ရှီဗစ်အစိုးရဟာ ရုသျှကို နိုင်ငံတနိုင်ငံအဖြစ် တစုတစည်းထဲ ဆက်ပြီးတည်ရှိနေအောင် စုစည်းနိုင်တဲ့၊ အဲဒီလိုစုစည်းဖို့ဆန္ဒရှိတဲ့ တခုတည်းသော အစိုးရဖြစ်တာမို့ ပုံမှန်အားဖြင့်ဘော်ရှီဗစ်တွေကို နိုင်ငံရေးအရမျက်မုန်းကျိုးနေတဲ့ မျိုးချစ်ရုသျှတွေ ဥပမာ တပ်နီတော်ကို ပြန်တည်ဆောက်ရာမှာ မရှိမဖြစ်အရေးပါတဲ့ ရုသျှစစ်တပ်က အရာရှိတွေရဲ့ ထောက်ခံမှုကို ကြီးကြီးမားမား ရရှိခဲ့တဲ့အတွက်ပဲ။ ဒီအချက်တွေကြောင့်ပဲ နောက်ကြောင်းပြန်သုံးသပ်တဲ့ သမိုင်းဆရာအမြင်မှာ ၁၉၁၇ ၁၈ မှာ လုပ်ခဲ့ရတဲ့ ရွေးချယ်မှုဟာ လစ်ဘရယ်ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ရုသျှနဲ့ လစ်ဘရယ်မဟုတ်တဲ့ရုသျှ တခုခုကို ရွေးရမယ့် ရွေးချယ်မှုမဟုတ်ဘဲ တစည်းတလုံးထဲရှိနေတဲ့ရုသျှနဲ့ တခြားစစ်ရှုံးအင်ပိုင်ယာတွေဖြစ်တဲ့ သြစတြီးယားဟန်ဂေရီနဲ့ တူရကီတို့ ကြုံခဲ့ရတဲ့ တစစီပြိုကွဲမယ့်ကံကြမ္မာ တခုခုကိုရွေးရမယ့် ရွေးချယ်မှုဆိုတာ တွေ့ရတယ်။ ဒီနိုင်ငံတွေလိုမဟုတ်ဘဲ ဘော်ရှီဗစ်တော်လှန်ရေးဟာ ဇာဘုရင်လက်ထက်ကတည်းကရှိခဲ့တဲ့ လူမျိုးစုပေါင်းစုံပါတဲ့ နယ်မြေအနေအထားကို အနည်းဆုံး နောက် နှစ်ပေါင်းခွန်နှစ်ဆယ့်လေးနှစ်လောက်ထိ တစည်းတလုံးထဲ ဆက်ရှိနေအောင် ထိန်းသိမ်းနိုင်ခဲ့တယ်။ တတိယတချက်က တော်လှန်ရေးက လယ်သမားတွေကို မြေပိုင်ခွင့်ပေးတယ်။ ဒီအချက်ကို စဉ်းစားလာရတဲ့အခါ ရုသျှလယ်သမားထုကြီးက သူတို့ရထားတဲ့မြေတွေကို ဆက်ပြီးပိုင်ဆိုင်နိုင်မယ့်အခွင့်အလမ်းဟာ ပဒေသရာဇ်တွေ ပြန်လာတာထက် အနီတွေ Reds အောက်မှာ ပိုကောင်းနိုင်မယ်လို့ ယူဆကြတယ်။ ဒီအချက်က ဘော်ရှီဗစ်တွေကို ၁၉၁၈၂၀ ပြည်တွင်းစစ်မှာ ပြတ်ပြတ်သားသား အသာစီးရစေခဲ့တယ်။ ဒါပေမယ့် ရုသျှလယ်သမားတွေ သိပ်အကောင်း မြင်ခဲ့ပါလားဆိုတာနောက်ပိုင်းတွေ့လာရတယ်။

ကမ္ဘာ့တော်လှန်ရေးဖြစ်လာစေဖို့ရည်ရွယ်ချက်နဲ့ လီနင်က ရုသျှကို ဆိုရှယ်လစ်ဝါဒကို တာဝန်ယူ ဖော်ဆောင်ခိုင်းဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဖြစ်စေချင်တဲ့ကမ္ဘာ့တော်လှန်ရေး ဖြစ်မလာခဲ့ဘဲ ဒီဆိုရှယ်လစ်ဝါဒနဲ့ပဲ ဆိုဗီယက်ရုသျှဟာ မျိုးဆက်တဆက်စာ ချွတ်ခြုံကျမှုနဲ့ အထီးကျန်ခေတ်နောက်ကျမှု လမ်းကြောင်းပေါ် လျှောက်ရဖို့ဖြစ်လာခဲ့တယ်။ သူရွေးနိုင်တဲ့ အနာဂတ် ဖွံ့ဖြိုးမှုလမ်းကြောင်းတွေကိုလည်း အဲဒီမှာထဲကအဆုံးအဖြတ်ပေးပြီးသား ဒါမှမဟုတ် ကျဉ်းမြောင်းစွာ ကန့်သတ်ပြီးသားဖြစ်သွားခဲ့တယ် (အခန်း ၁၃ နဲ့ ၁၆ ကိုကြည့်)။ ကမ္ဘာ့တော်လှန်ရေး ဖြစ်မလာခဲ့ပေမယ့်လည်း အောက်တိုဘာတော်လှန်ရေးဖြစ်ပြီး နှစ်နှစ်အတွင်းမှာပဲ တကမ္ဘာလုံးကို တော်လှန်ရေးလှိုင်းလုံးကြီးတခု ဖုံးလွှမ်းသွားခဲ့ပြီး တိုက်ပွဲဝင်နေတဲ့ ဘော်ရှီဗစ်တွေရဲ့ မျှော်လင့်ချက်တွေဟာလည်း လက်တွေ့နဲမကိုက်ညီဘူးဆိုပြီး ပြောလို့ရနိုင်ပုံမရှိဘူး။ ကမ္ဘာ့ပြည့်သူလူထုအပေါင်းတို့ အချက်ပေးသံကို နားစွင့်ကြလော့Völker hört die Signale‘ (‘Peoples, hear the signals’)ဆိုတဲ့ စာကြောင်းဟာ ဂျာမန်ဘာသာနဲ့ ရေးထားတဲ့ အင်တာနေရှယ်နယ်သီချင်းမှာ သံပြိုင်ဆိုရတဲ့ အပိုဒ်ရဲ့ ပထမဆုံးစာကြောင်းပဲ။ ဒီအချက်ပေးသံတွေဟာ ပဲထရိုဂရက်နဲ့ ၁၉၁၈ မှာ မြို့တော်ကို ပိုပြီး စိတ်ချရတဲ့နေရာကို ပြောင်းရွှေ့ပြီးနောက်မှာ မော်စကို6ကနေ ကျယ်ကျယ်လောင်လောင်၊ ကြည်ကြည်လင်လင်၊ ပြတ်ပြတ်သားသား ရောက်ရှိလာတယ်၊ ဘယ်လို အယူအဆမျိုးပဲကိုင်စွဲထား ကိုင်စွဲထား အလုပ်သမားနဲ့ ဆိုရှယ်လစ်လှုပ်ရှားမှုတွေ ရှိတဲ့နေရာတိုင်းတင်မက တခြားနေရာတွေမှာတောင် ဒီအချက်ပေးသံတွေကို ကြားလာရတယ်။ ရုသျှနိုင်ငံဘယ်နားနေမှန်းသိသူ အနည်းအကျဉ်းလောက်သာရှိတဲ့ ကျူးဘားမှာ ဆေးလိပ်ရုံအလုပ်သမားတွေဟာ ဆိုဗီယက်တွေ ဖွဲ့ကြတယ်။ စပိန်မှာဆိုရင် ၁၉၁၇ ၁၉ နှစ်တွေကို ဘော်ရှီဗစ်ခုနှစ်တွေ Bolshevik biennium အဖြစ်သိလာကြတယ်၊ ဒါပေမယ့်လည်း ပြည်တွင်းကလက်ဝဲသမားတွေဟာ မင်းမဲ့ဝါဒကို အရူးအမူးနှစ်သက်သူတွေ၊ ဆိုလိုတာက သူတို့ဟာ နိုင်ငံရေးအရဆိုရင် လီနင်ရဲ့ဆန့်ကျင်ဘက်ဝင်ရိုးစွန်းကလူတွေ။ တခါ တော်လှန်ရေးဆန်တဲ့ ကျောင်းသားလှုပ်ရှားမှုတွေ ၁၉၁၉ မှာ ပီကင်း (ပေကျင်း)နဲ့ ၁၉၁၈ မှာ ကော်ဒိုဘာ Cordobar (အာဂျင်တီးနား) မှာ ဖြစ်ပွားခဲ့ပြီး အဲဒီကနေ လာတင်အမေရိကဒေသတခုလုံးကို မကြာခင် ပျံ့နှံ့သွားပြီး ဒေသတွင်းမှာ တော်လှန်တဲ့ မတ်ဝါဒီခေါင်းဆောင်တွေ၊ ပါတီတွေကို မွေးဖွားပေးခဲ့တယ်။ တခါ တော်လှန်တဲ့ရုသျှကို သဘာဝကျကျ သံယောဇဉ်သွားတွယ်မိတဲ့ မက္ကဆီကိုက ၁၉၁၇ တော်လှန်ရေးဟာ အမြစ်လှန်ပြောင်းလဲရေးတောင်းဆိုမှု အပြင်းထန်ဆုံးအဆင့်ကို ရောက်ရှိလာချိန်မှာ မက္ကဆီကိုကို ရောက်သွားတဲ့ အိန္ဒိယလူမျိုး စစ်သွေးကြွ အမျိုးသားရေးဝါဒီ အမ် အန် ရွိုင်း M N Roy ဟာ အဲဒီမှာ ချက်ချင်းဆိုသလိုပဲ တော်လှန်ရေးငန်းဖမ်းတာ ခံလိုက်ရတယ်၊ မတ်နဲ့ လီနင်တို့ရဲ့ရုပ်ပုံတွေဟာ မော့တဇူးမား Moctezuma၊ အီမီလီယာနိုဇာပါတာ Emiliano Zapata နဲ့ တခြားအမျိုးမျိုးသော အိန္ဒိယအလုပ်သမားတွေနဲ့အတူ မက္ကဆီကိုတော်လှန်ရေးကို ဉီးဆောင်တဲ့ သင်္ကေတတွေ ဖြစ်လာပြီး မက္ကဆီကိုမှာ ကနေ့ထက်ထိ သူတို့ပုံတွေကို အစိုးရကော်မရှင်ပေးပြီးဆွဲခိုင်းတဲ့ နံရံဆေးရေးပန်းချီတွေမှာ တွေ့မြင်နိုင်တယ်။ လပိုင်းအတွင်းမှာ ရွိုင်းဟာ ကိုလိုနီပြုခံထားရတဲ့နိုင်ငံတွေ လွတ်မြောက်ရေးအတွက် ကွန်မြူနစ်အင်တာနေရှင်နယ်Communist International ရဲ့ပေါ်လစီတွေ ချမှတ်ရေးဆွဲရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ဖို့ မော်စကိုကိုရောက်ရှိလာခဲ့တယ်။ တစိတ်တဒေသအားဖြင့် အင်ဒိုနီးရှားမှာ နေထိုင်တဲ့ ဟင့်စနီးဗလိယက် Henk Sneevliet တို့လို ဒတ်ချလူမျိုးဆိုရှယ်လစ်တွေကတဆင့် အင်ဒိုနီးရှားအမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုရဲ့ အဓိကလူထု အဖွဲ့အစည်းကြီးဖြစ်တဲ့ ဆာရယ်ကက် အစ္စလာမ် Sarekat Islamအဖွဲ့ပေါ်မှာလည်း အောက်တိုဘာတော်လှန်ရေးဟာ ချက်ချင်းဆိုသလို သက်ရောက်မှုရှိခဲ့တယ်။ တူရကီက သတင်းစာတစောင်ကဆို ရုသျှပြည်သူတွေရဲ့ ဒီလုပ်ဆောင်မှုကြီးဟာ အနာဂတ် တချိန်ချိန်မှာ နေတဆူအဖြစ် အသွင်ပြောင်းသွားပြီး ကမ္ဘာ့လူသားအားလုံးကို အလင်းရောင်ထွန်းညှိပေးလိမ့်မယ်လို့ရေးတယ်။ သြစတြေလျတိုက် ကုန်းတွင်းပိုင်းက အကြမ်းပတမ်းခံနိုင်တဲ့ (များသောအားဖြင့် ကက်သလစ်ဘာသာဝင်အိုင်းရစ်လူမျိုးတွေ)၊ နိုင်ငံရေးသီအိုရီတွေကို ထူးထူးခြားခြား စိတ်ဝင်စားမှုမရှိလှတဲ့ သိုးမွေးရိတ်သမားတွေဟာ ဆိုဗီယက်တွေကို အလုပ်သမားတွေရဲ့နိုင်ငံဆိုပြီး အားပေးထောက်ခံကြတယ်။ USA မှာဆိုရင် ပြည်ပကလာပြီးအခြေချတဲ့ လူမျိုးအစုအဖွဲ့တွေထဲမှာ အချိန်အတော်ကြာကြာကထဲက ဆိုရှယ်လစ်ဝါဒကို အတက်ကြွဆုံး ထောက်ခံနေတဲ့လူမျိုးစုတွေဖြစ်တဲ့ ဖင်လန်လူမျိုးတွေဟာ ကွန်မြူနစ်ဝါဒကို အစုလိုက်အပြုံလိုက် ကူးပြောင်းကုန်ကြတယ်၊ မင်နီဆိုးတားပြည်နယ်က သထ္ထုတွင်းအလုပ်သမားတွေ အခြေချနေထိုင်တဲ့အစုလေးတွေမှာ အစည်းအဝေးတွေခေါ်ကြပြီး အဲဒီမှာ လီနင့်နံမယ် ကြားရုံနဲ့ ရင်ထဲ တလှပ်လှပ်ဖြစ်လာကြတယ်၊ စျာန်သမ္မာပတ်ဝင်စားနေဘိအလား၊ သောမနဿအပြည့်နဲ့ ကျုပ်တို့တွေရုသျှက လာတာမှန်သမျှကို နှစ်သက်မြတ်နိုးမိကြတော့တယ်(ကိုအီဗစ်စတို Koivisto၊ ၁၉၈၃)အတိုချုပ်ရရင် အောက်တိုဘာတော်လှန်ရေးဟာ တကမ္ဘာလုံးကို ကိုင်လှုပ်ခဲ့တဲ့ အဖြစ်အပျက်အပျက်အဖြစ် တလောကလုံးက အသိအမှတ်ပြုကြတယ်။

စျာန်သမ္မာပတ်ဝင်စားဖို့ရာ ဘယ်လိုမှ အထောက်အပံ့ကောင်းမဖြစ်နိုင်တဲ့အနေအထားမျိုးဖြစ်တဲ့ အနီးကပ် အနေအထားကနေ တော်လှန်ရေးကိုမြင်ခဲ့သူ အတော်များများထဲမှာတောင် ရုသျှစစ်အကျဉ်းသားအဖြစ်ကနေ ဘော်ရှီဗစ်အရင့်အမာကြီးတွေအဖြစ်နဲ့ ကိုယ့်နိုင်ငံကိုယ်ပြန်သွားကြပြီး နောက်ပိုင်းမှာ သက်ဆိုင်ရာနိုင်ငံတွေမှာ ကွန်မြူနစ်ခေါင်းဆောင်တွေ ဖြစ်လာကြတဲ့ ခရိုအေးရှားလူမျိုး စက်ပြင်ဆရာ ဂျိုးဇက်ဘရော့ Joseph Broz (တီးတိုးTito) တို့ကနေ နိုင်ငံရေးခေါင်းဆောင်အဖြစ်မထင်ရှားဘဲ ရုသျှကို သတင်းထောက်အဖြစ်နဲ့ ရောက်နေတဲ့၊ နောက်ပိုင်းမှာ လှေလှော်ရွက်တိုက်ဝါသနာကို အကြောင်းပြုပြီး ဖတ်ချင်စရာ ခလေးစာပေတွေရေးသားခဲ့တဲ့ မန်ချက်စတာဂါဒီးယန်း သတင်းစာ Manchester Guardianက အာသာရန်ဆမ် Arthur Ransome တို့လို ပုဂ္ဂိုလ်တွေပါ ရုသျှဘက် ကူးပြောင်းလာကြတယ်။ သိပ်မထင်ရှားတဲ့ ဘော်ရှီဗစ်ခေါင်းဆောင်တွေထဲမှာတောင် နောက်ပိုင်းမှာ သူ့ရဲ့နံမယ်အကြီးဆုံးစာအုပ်ဖြစ်တဲ့ စစ်သားကောင်း ရှဗက်ရဲ့စွန့်စားခန်းများစာအုပ်ရေးသားသူဖြစ်လာမယ့် ချက်လူမျိုးစာရေးဆရာ ယာရိုစလပ်ဟာဆက် Jaroslav Hasek လို ပုဂ္ဂိုလ်မျိုးတွေတောင် တသက်နဲ့တကိုယ် ပထမဆုံးအကြိမ်အဖြစ် အရေးတော်ပုံတခုကို တက်တက်ကြွကြွ ဉီးဆောင်သူတယောက် ဖြစ်လာခဲ့ပြီး ပိုအံ့အားသင့်စရာကောင်းတာက တည်တည်ကြည်ကြည်ဖြစ်လာတယ်ဆိုတဲ့ အပြောပဲ။ သူဟာ ရုသျှပြည်တွင်းစစ်မှာ တပ်နီတော်ထဲ နိုင်ငံရေးမှုးအဖြစ်နဲ့ ဝင်ပါခဲ့ပြီး ပြည်တွင်းစစ်ပြီးတဲ့အခါကျတော့ တော်လှန်ရေးနောက်ပိုင်း ဆိုဗီယက်ရုသျှဟာ သူ့အကြိုက်နဲ့မကိုက်ဘူးလို့အကြောင်းပြပြီး သူ့အရင်ထုံးစံအတိုင်း နေချင်သလိုပြန်နေ၊ အရက်လည်း ပြန်သောက်တယ်။ ဒါပေမယ့် တော်လှန်ရေးကတော့ သူ့အကြိုက်နဲ့အကိုက်ပဲတဲ့။

ရုသျှကအဖြစ်အပျက်တွေဟာ လူပုဂ္ဂိုလ်တွေကို တော်လှန်ရေးသမားတွေဖြစ်လာအောင် စေ့စော်မှုပေးခဲ့သလို ဒီထက်ပိုအရေးကြီးတဲ့အချက်က တော်လှန်ရေးတွေပေါ်ပေါက်လာအောင် စေ့စော်မှုပေးခဲ့တာပဲ။ ဆောင်းရာသီနန်းတော်ကိုသိမ်းပြီး သီတင်းပတ်ပိုင်းပဲရှိသေးချိန်၊ ရှေ့ကိုဆက်ချီတက်လာနေတဲ့ ဂျာမန်စစ်တပ်နဲ့ ဘယ်နည်းနဲ့မဆို စစ်ပြေငြိမ်းဖို့ ဘော်ရှီဗစ်တွေ အသည်းအသန်ကြိုးစားနေရချိန် ၁၉၁၈ ဇန်နဝါရီလမှာ လူထုလူတန်းစားပေါင်းစုံပါဝင်တဲ့ နိုင်ငံရေးသပိတ်ကြီးတွေနဲ့ စစ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေပါဝင်တဲ့ လှိုင်းလုံးကြီးဟာ ဥရောပအလယ်ပိုင်းဒေသတခုလုံးကို ဖုံးလွှမ်းသွားခဲ့တယ်၊ ဆန္ဒပြမှုတွေဟာ ဗီယင်နာကစပြီး ဘူဒါပက်၊ ချက်ဒေသနဲ့ ဂျာမနီနိုင်ငံထဲထိ ကူးစက်သွားခဲ့ပြီး ဧဒြိယတစ်ပင်လယ်ဒေသထဲ သြစတြီးယားဟန်ဂေရီ ရေတပ်သင်းဘောသားတွေ ပုန်ကန်မှုမှာ ဇတ်ရှိန်အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့တယ်။ ဗဟိုနိုင်ငံတွေ အရေးနိမ့်မှာမဟုတ်ပါဘူးဆိုပြီး ယူဆနေတဲ့ နောက်ဆုံးလက်ကျန်သံသယတွေ ပျောက်ကွယ်သွားချိန်မှာ သူတို့ရဲ့စစ်တပ်တွေလည်း တခါထဲ ပြိုဆင်းသွားတော့တယ်။ စက်တင်ဘာလထဲမှာ ဘူဂေးရီးယားစစ်တပ်ထဲက လယ်သမားမိသားစုက ပေါက်ဖွားလာသူတွေ ကိုယ့်အိမ်ကိုယ်ပြန်ပြီး သမ္မတနိုင်ငံတည်ထောင်ကြတယ်၊ အဲဒီနောက် မြို့တော် ဆိုဖီယာကို ချီတက်ကြတယ်၊ ဒါပေမယ့်လည်း သူတို့ကို ဂျာမန်တွေ အကူအညီနဲ့ပဲ လက်နက်ဖြုတ်သိမ်းခဲ့ရသေးတယ်။ အောက်တိုဘာလထဲမှာ ဘုရင်စနစ်ကျင့်သုံးတဲ့ ဟာ့ဘ အင်ပိုင်ယာ Habsburg monarchy ဟာ အီတလီစစ်မျက်နှာက နောက်ဆုံးတိုက်ပွဲမှာ အရေးနိမ့်ပြီးနောက် ပြိုလဲသွားတော့တယ်။ ပထမကမ္ဘာစစ်မှာ အနိုင်ရလိုက်တဲ့ မဟာမိတ်အုပ်စုက ဘော်ရှီဗစ်တော်လှန်ရေးရဲ့အန္တရယ်ထက် အမျိုးသားရေးလှုပ်ရှားမှုကို ဉီးစားပေးသူတွေကို ပိုအလိုရှိလိမ့်မယ်ဆိုတဲ့ (အကျိုးသင့် အကြောင်းသင့်နိုင်တဲ့)မျှော်လင့်ချက်နဲ့ ဒီလှုပ်ရှားမှုတွေကို ဉီးဆောင်သူတွေက အမျိုးမျိုးသော အမျိုးသားနိုင်ငံတွေကို nation-states ဖွဲ့စည်းထူထောင်ခဲ့ကြတယ်။ တကယ်တမ်းမှာလည်း ကမ္ဘာ့ပြည်သူတွေကို ငြိမ်းချမ်းရေးယူကြဖို့ ဘော်ရှီဗစ်တွေရဲ့ ပန်ကြားချက်နဲ့ မဟာမိတ်တွေ ဥရောပကို ခွဲခြမ်းစိတ်ပိုင်းပြီး အောင်သေအောင်သားစားဖို့ စီစဉ်ရေးဆွဲထားတဲ့ သူတို့ရဲ့လျှို့ဝှက်စာချုပ်တွေကို ကမ္ဘာကသိသွားအောင် ဘော်ရှီဗစ်တွေရဲ့ ဖွင့်ချမှုတွေနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေ ပထမဆုံး တုန့်ပြန်လုပ်ဆောင်လာတာကတော့ လီနင်ရဲ့နိုင်ငံတကာ ပန်ကြားချက်ကိုတိုက်ဖို့ အမျိုးသားရေးဖဲချပ် ထုတ်သုံးလာတဲ့ သမ္မတဝီလဆင်ရဲ့ အချက် ဆယ့်လေးချက်ပါတဲ့ အစီအစဉ်ပဲ။ အမျိုးသားနိုင်ငံငယ်လေးတွေကို ကြားခံဒေသအဖြစ်ဖန်တီးပြီး အနီရောင်ဗိုင်းရပ်ပိုးရန်ကနေ ကာကွယ်ဖို့ လုပ်တယ်။ နိုဝင်ဘာလအစောပိုင်းမှာ တပ်တွင်းပုန်ကန်မှုလုပ်တဲ့ ရေတပ်သင်းဘောသားတွေနဲ့ ကြည်းတပ်က တပ်သားတွေက ဂျာမန်တော်လှန်ရေးကို ရေတပ်အခြေစိုက်စခန်းရှိရာ ကီးယဲ Kiel ကနေ တနိုင်ငံလုံးကို ပျံ့နှံ့ဖြစ်ပွားသွားစေတယ်။ ဂျာမနီမှာ သမ္မတနိုင်ငံထူထောင်ကြောင်းကြေညာပြီး ဧကရာဇ်မင်းကြီးလည်း နယ်သာလန်ကို ပြေးရပြီး ဆိုရှယ်ဒီမိုကရက်တစ်ဝါဒကိုလက်ခံသူ တချိန်က မြင်းကကြိုးတန်ဆာလုပ်သူက နိုင်ငံတော်အကြီးအကဲဖြစ်လာခဲ့တယ်။

ဗလာဒီဗော့စတော့ Vladivostock ကနေ ရိုင်းမြစ်ကြားက ရှိရှိသမျှအစိုးရတွေအကုန်လုံးကို တိုက်စားပစ်လိုက်တဲ့ တော်လှန်ရေးဟာ စစ်ကိုတွန်းလှန်ဆန့်ကျင်ပြီးပေါ်ထွက်လာတဲ့ တော်လှန်ရေးဖြစ်သလို နိုင်ငံအများစုမှာငြိမ်းချမ်းရေးရလာတာနဲ့ တော်လှန်ရေးဒိုင်းနမိုက်ထဲက စနက်တံတွေလည်းကျိုးပျက်ကုန်တော့တယ်။ တော်လှန်ရေးရဲ့ လူမှုရေးဆိုင်ရာတောင်းဆိုမှုတွေဟာလည်း ဟာ့ဘ၊ ရိုမားနော့၊ အော်တိုမန်းအင်ပိုင်ယာနဲ့ အရှေ့တောင်ဥရောပက နိုင်ငံတွေက လယ်သမားမိသားစုကပေါက်ဖွားတဲ့ စစ်သားတွေနဲ့ သူတို့ရဲ့မိသားစုတွေရဲ့ တောင်းဆိုမှုတွေကလွဲလို့ ကျန်တဲ့အပိုင်းတွေမှာ ခပ်ဝေဝေဝါးဝါးပဲ။ အဲဒီမှာ ပါဝင်တဲ့အရာ လေးခုရှိပြီး အဲဒါတွေကတော့ မြေ၊ နောက် မြို့တွေ၊ မျက်နှာစိမ်းတွေ (အထူးသဖြင့် ဂျူးတွေ)နဲ့ အစိုးရတွေပေါ်ရှိနေတဲ့ သံသယတွေပဲ။ အဲဒီအတွက်ကြောင့်ပဲ ဂျာမနီ (ဂျာမနီမှာလည်း ဘာဗေးရီးယားက တချို့အပိုင်းတွေမပါ)၊ သြစတြီးယားနဲ့ ပိုလန်က တချို့အပိုင်းတွေကလွဲပြီး ဥရောပ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းက အစိတ်အပိုင်းအတော်များများမှာ လယ်သမားတွေဟာ တော်လှန်ရေးဆန်လာပေမယ့် ဘော်ရှီဗစ်တွေ ဖြစ်မလာကြဘူး။ တော်လှန်ရေးရေချိန်တက်လာပုံက ဘယ်လောက်ထိလဲဆို ရှေးရိုးစွဲဆန်ပြီး တချို့ ရူမေးနီးယားနဲ့ ဖင်လန်တို့လို တန်ပြန်တော်လှန်ရေးလုပ်ချင်တဲ့ နိုင်ငံတွေမှာတောင် ဒီလယ်သမားတွေကို မြေယာ ပြုပြင်ပြောင်းလဲရေးတချို့လုပ်ပြီး ချွေးသိပ်ခဲ့ရတဲ့အထိပဲ။ တဘက်မှာ ဒီလယ်သမားတွေက လူများစုအဖြစ် ရှိနေတဲ့နေရာတွေမှာဆိုရင် ဒီမိုကရေစီနည်းကျကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲတွေမှာ ဘော်ရှီဗစ်တွေမပြောနဲ့ ဆိုရှယ်လစ်တွေတောင် အနိုင်မရဖို့ အာမခံတယ်။ ဒီလိုဖြစ်တဲ့အတွက် လယ်သမားတွေကို နိုင်ငံရေးရှေးရိုးစွဲဝါဒရဲ့ ခံတပ်ကြီးတွေ မဖြစ်မနေဖြစ်လာစေတာမျိုးမဟုတ်ပေမယ့် ဒီမိုကရက်တစ် ဆိုရှယ်လစ်တွေကိုတော့ မလှုပ်သာမရှားသာ အနေအထားကိုရောက်စေခဲ့တယ်၊ ဆိုဗီယက်ရုသျှလိုနိုင်ငံမျိုးကျတော့ ဒီလူတွေကို မကြာခင်ဖျက်သိမ်းခံရမယ့် ရွေးကောက်ခံဒီမိုကရေစီပုံစံထဲ အတင်းသွတ်သွင်းတာမျိုးဖြစ်လာတယ်။ ဒီအကြောင်းကြောင့်ပဲ ဘော်ရှီဗစ်တွေက (၁၇၈၉ ကစပြီး တွေ့နေကြဖြစ်လာတဲ့ တော်လှန်ရေးအစဉ်အလာဖြစ်တဲ့) တိုင်းပြုပြည်ပြုလွှတ်တော်ခေါ်ဖို့တောင်းဆိုပြီး အောက်တိုဘာတော်လှန်ရေးဖြစ်ပြီး သီတင်းပတ်အနည်းငယ်အတွင်းမှာ တိုင်းပြုပြည်ပြု လွှတ်တော်ခေါ်ပြီးတာနဲ့ အဲဒီလွှတ်တော်ကို ဖျက်သိမ်းပစ်လိုက်တယ်။ တခါ ဝီလဆင်နှပ်ကြောင်းချပေးထားတဲ့ လမ်းကြောင်းအတိုင်း အမျိုးသားနိုင်ငံငယ်လေးတွေ ဖွဲ့စည်းတည်ထောင်မှုက တော်လှန်ရေးဖြစ်ပွားရာဒေသတွေက အမျိုးသားရေးပဋိပက္ခတွေ ပျောက်သွားအောင် ဘယ်လိုမှမလုပ်နိုင်ပေမယ့်လည်း ဘော်ရှီဗစ်တော်လှန်ရေး ဖြစ်နိုင်ခြေကိုတော့ လျော့သွားစေခဲ့တယ်။ ဒါကလည်း မဟာမိတ်အုပ်စုက ငြိမ်းချမ်းရေးလုပ်ဆောင်သူတွေရဲ့ တကယ့် ရည်ရွယ်ချက်အစစ်ပေပဲ။

တဘက်မှာ ၁၉၁၈ ၁၉ မှာ ဖြစ်ပွားခဲ့တဲ့ ဥရောပကအုံကြွပေါက်ကွဲမှုတွေပေါ် ရုသျှတော်လှန်ရေးရဲ့ရိုက်ခတ်မှုဟာ သိသာထင်ရှားလွန်းတဲ့အတွက် ကမ္ဘာ့အလုပ်သမားတော်လှန်ရေးကြီး ပျံ့နှံ့ဖြစ်ပွားလာနိုင်ခြေနဲ့ပတ်သက်ပြီး မော်စကိုအနေနဲ့ သံသယဖြစ်စရာအကြောင်း ဘယ်လိုမှ မရှိနိုင်ခဲ့ဘူး။ အားကောင်းပေမယ့်လည်း အနှစ်သာရအားဖြင့် အလယ်အလတ်သဘောထားရှိတဲ့ အလုပ်သမားလူတန်းစားလှုပ်ရှားမှုမျိုးသာရှိတဲ့ ဂျာမန်ဧကရာဇ်နိုင်ငံကြီးမှာ လူမှုရေး၊ နိုင်ငံရေးတွေဟာ အတော်လေး တည်ငြိမ်မှုရှိတဲ့အတွက် စစ်သာ မဖြစ်ရင် လက်နက်ကိုင်တော်လှန်ရေးလို အဖြစ်အပျက်မျိုး ဘယ်လိုမှမဖြစ်နိုင်တာ သမိုင်းဆရာတွေအတွက် တော်လှန်ရေးသမားတွေ အတွက်တောင်ရှင်းရှင်းလင်းလင်းရှိပုံပဲ။ ဇာဝါဒနဲ့အုပ်ချုပ်တဲ့ ရုသျှလို ဒါမှမဟုတ် ပြိုလဲမတတ်ဖြစ်နေတဲ့ သြစတြီးယားဟန်ဂေရီလိုမဟုတ်ဘဲ၊ ဥရောပရဲ့ဂီလာနဆိုပြီး တင်စားတတ်ကြတဲ့ တူရကီလိုမဟုတ်ဘဲ၊ သေနတ်တကားကားနဲ့ ကြမ်းကြမ်းရမ်းရမ်းနေတတ်တဲ့၊ ဘာမဆိုလုပ်ရဲတဲ့ ဥရောပအရှေ့တောင်ပိုင်းက တောင်တွေပေါ်နေထိုင်သူတွေလိုလည်းမဟုတ်ဘဲ ဂျာမနီဟာ အုံကြွပေါက်ကွဲမှုတွေဖြစ်လာဖို့ မျှော်လင့်လို့ရနိုင်တဲ့ နိုင်ငံမျိုးမဟုတ်ဘူး။ တကယ်တမ်းမှာလည်း စစ်ရှုံးသွားတဲ့ရုသျှနဲ့ သြစတြီးယားဟန်ဂေရီက တကယ့်တော်လှန်ရေး အခြေအနေတွေနဲ့နှိုင်းယှဉ်ကြည့်ရင် တော်လှန်ရေးဆန်တဲ့ ဂျာမန်စစ်သား၊ ရေတပ်သင်းဘောသားနဲ့ အလုပ်သမားအများစုဟာ ရုသျှတော်လှန်ရေးသမားတွေ သူတို့ကိုတချိန်လုံးနောက်နေတယ်ဆိုပြီး ပြောကြတဲ့ ဟာသထဲကလို (‘မြက်ခင်းပေါ်မလျှောက်ဖို့ ပိတ်ပင်ထားတဲ့ ဆိုင်းဘုတ်ထောင်ထားရင် ဂျာမန် အုံကြွရေး သမားတွေဟာ ဘာမှစဉ်းစားမနေဘဲ မြက်ခင်းပေါ်မနင်းဘဲ ခင်းပေးထားတဲ့ လမ်းတွေပေါ်ကပဲ လျှောက်ကြမှာ‘) အလယ်အလတ်သဘောထားကို တောက်လျှောက် ကိုင်စွဲခဲ့သူတွေ၊ ဥပဒေကို တော်လျှောက်လိုက်နာသူတွေအဖြစ် ဆက်ရပ်တည်ခဲ့ကြတယ်။

သို့သော်လည်း ဂျာမနီဟာ ဧကရာဇဘုရင်ကြီး နန်းစွန့်သွားတာနဲ့ မြို့တော်မှာ ထိထိရောက်ရောက် ကျင့်သုံးနိုင်တဲ့ အာဏာဟာ အမြစ်လှန်ပြောင်းလဲရေးလိုလားတဲ့ ဆိုရှယ်လစ်တွေလက်ထဲ ရောက်နေပုံရချိန်မှာ တော်လှန်ရေးသမား ရေတပ်သင်းဘောသားတွေက ဆိုဗီယက်တွေရဲ့အလံကို သယ်ဆောင်ဖြတ်သန်းလာတဲ့နိုင်ငံ၊ ဘာလင်က အလုပ်သမားတွေနဲ့ စစ်သားတွေရဲ့ ဆိုဗီယက်တွေနဲ့ ဖွဲ့ထားတဲ့ အမှုဆောင်ကောင်စီက ဂျာမနီရဲ့ ဆိုရှယ်လစ်အစိုးရကို ဖွဲ့စည်းတည်ထောင်ခဲ့တဲ့နိုင်ငံ၊ ဖေဖော်ဝါရီတော်လှန်ရေးနဲ့ အောက်တိုဘာတော်လှန်ရေး နှစ်ခုစလုံးဟာ တခုထဲ ဖြစ်သွားပုံရတဲ့နိုင်ငံပဲ။ ဒါပေမယ့် ဒီအချက်တွေဟာလည်း တကယ်တော့ အကြွင်းမဲ့စစ်ရှုံးတာနဲ့ တော်လှန်ရေးဆိုတဲ့ ရိုက်ခတ်မှုကြီးနှစ်ခုကြောင့် လက်ရှိရှိနေတဲ့ စစ်တပ်၊ အစိုးရနဲ့ အုပ်ချုပ်မှုအဆောက်အအုံကြီးတခုလုံး ခဏပဲဖြစ်ဖြစ် လုံးဝ သွက်ချာပါဒလိုက်သွားရာကနေ ပေါ်ထွက်လာတဲ့ တံလျှပ်သာသာပဲ။ ရက်ပိုင်းအတွင်းမှာပဲ သမ္မတနိုင်ငံဖွဲ့စည်းပုံကို အသွင်ပြောင်းလိုက်တဲ့ အစိုးရဟောင်းဟာ ကုန်းနှီးပေါ် ပြန်တက်လာတော့တယ်၊ တော်လှန်ရေးဖြစ်ပြီး သီတင်းပတ်အနည်းငယ်အကြာမှာ ကျင်းပတာဆိုပေမယ့် ပထမဆုံးပြုလုပ်တဲ့ ရွေးကောက်ပွဲတွေမှာ အများစုနေရာတောင် မရခဲ့တဲ့ ဆိုရှယ်လစ်တွေဟာ သူတို့အတွက် ကြီးကြီးမားမား စိတ်ပူစရာမဟုတ်တော့ဘူး။7 လောလောလတ်လတ် ဖွဲ့စည်းလိုက်တဲ့ ကွန်မြူနစ်ပါတီဆိုရင် သူတို့ရဲ့ခေါင်းဆောင်တွေ ဖြစ်တဲ့ ကားလိဘကနက် Karl Liebknecht နဲ့ ရိုဇာ လူဇင်ဘတ် Rosa Luxemburg တို့ကို စစ်တပ်က ကြေးစားသေနတ်သမားတွေက လုပ်ကြံသတ်ဖြတ်ပြီးနောက်မှာ အစိုးရအတွက် စိတ်ပူစရာပိုတောင် မဟုတ်တော့ဘူး။

သို့သော်လည်း ၁၉၁၈ မှာ ဂျာမနီမှာဖြစ်ပွားတဲ့ တော်လှန်ရေးက ဘော်ရှီဗစ်တွေရဲ့ မျှော်လင့်ချက်တွေ မှန်ကန်တာကို၊ အထူးသဖြင့် ၁၉၁၈ မှာ ဂျာမနီက ဘာဗေးရီးယား Bavaria ပြည်နယ်မှာ သက်ဆိုးမရှည်လိုက်တဲ့ ဆိုရှယ်လစ်သမ္မတနိုင်ငံတည်ထောင်ကြောင်း တကယ်တမ်းကြေညာနိုင်ခဲ့ပြီး သူတို့ရဲ့ခေါင်းဆောင် လုပ်ကြံခံခဲ့ရပြီးနောက် ၁၉၁၉ နွေဉီးပေါက်ရာသီမှာ ဂျာမန်အနုပညာ၊ တန်ပြန်ယဉ်ကျေးမှုဆိုင်ရာအသိပညာလှုပ်ရှားမှု intellectual counter-culture နဲ့ (နိုင်ငံရေးအရအဖျက်အမှောင့်အားသိပ်မကြီးတဲ့)ဘီယာတို့ရဲ့မြို့တော် မြူးနစ်မှာလည်း ခဏတော့ခံတဲ့ ဆိုဗီယက်သမ္မတနိုင်ငံကို ဖွဲ့စည်းတည်ထောင်နိုင်တဲ့အတွက် ရုသျှကဘော်ရှီဗစ်တွေရဲ့ မျှော်လင့်ချက်တွေ မှန်ကန်တာကို ပြသခဲ့တယ်။ဂျာမန်တော်လှန်ရေးဖြစ်ပွားနေတုန်းမှာပဲ ၁၉၁၉ မတ်လကနေ ဇူလိုင်ကြားကာလမှာ ဟန်ဂေရီဆိုဗီယက်သမ္မတနိုင်ငံတည်ထောင်မှုဆိုတဲ့ ဘော်ရှီဗစ်ဝါဒကို အနောက်ကမ္ဘာကို ဆက်လက်သယ်ဆောင်ဖို့ ပိုပြီးကြီးမားတဲ့ နောက်ထပ်ကြိုးပမ်းမှုကြီးတခုဖြစ်ခဲ့သေးတယ်။8 မှန်းထားတဲ့ အတိုင်း ဂျာမန်တော်လှန်ရေးရော၊ ဟန်ဂေရီတော်လှန်ရေးရော နှစ်ခုစလုံး ရက်ရက်စက်စက် ဖိနှိပ်ဖြိုခွဲခံခဲ့ရတယ်။ တခါ ဆိုရှယ်ဒီမိုကရက်တွေကို စိတ်ပျက်မှုကနေ ဂျာမန်အလုပ်သမားတွေဟာ အမြစ်လှန်ပြုပြင်ပြောင်းလဲရေးလိုလားသူတွေ အလျင်အမြန် ဖြစ်လာခဲ့ပြီး အတော်များများဟာ လွတ်လပ်တဲ့ဆိုရှယ်လစ်တွေ Independent Socialists နဲ့ ၁၉၂၀ နောက်ပိုင်းမှာ ကွန်မြူနစ်ပါတီကို ပြောင်းပြီးထောက်ခံလာကြရာမှာ ဂျာမန်ကွန်မြူနစ်ပါတီဟာ ဆိုဗီယက်ရုသျှအပြင်ဘက်မှာ ကမ္ဘာမှာ အကြီးဆုံး ကွန်မြူနစ်ပါတီဖြစ်လာခဲ့တယ်။ ဒီတော့ ဒီလိုအခြေအနေမျိုးတွေမှာ အောက်တိုဘာတော်လှန်ရေးလို တော်လှန်ရေးမျိုး ဂျာမနီမှာ ဖြစ်ပွားလိမ့်မယ်လို့ မမျှော်လင့်နိုင်ပေဘူးလား။ အနောက်နိုင်ငံတွေက လူမှုရေးမငြိမ်သက်မှုတွေ အမြင့်ဆုံးကာလဖြစ်တဲ့ ၁၉၁၉ မှာ ဘော်ရှီဗစ်တော်လှန်ရေးကို ကူးစက်ပျံ့ပွားအောင်လုပ်ဖို့ ကြိုးပမ်းမှုတွေ အရေးနိမ့်ခဲ့ပြီးတာတောင်၊ ၁၉၂၀ မှာ တော်လှန်ရေးလှိုင်းက အလျင်အမြန်နဲ့ ထင်ထင်ရှားရှားကြီးဆဲလာချိန်မှာတောင် မော်စကိုက ဘော်ရှီဗစ်ခေါင်းဆောင်ပိုင်းအနေနဲ့ ဂျာမန်တော်လှန်ရေး ဖြစ်ပွားဖို့ မျှောင်လင့်ချက်ကို ၁၉၂၃ မတိုင်ခင်ထိ မစွန့်လွှတ်ခဲ့ဘူး။

တဘက်မှာ ၁၉၂၀ ခုနှစ်မှာပဲ နောက်ကြောင်းပြန်ကြည့်တဲ့အခါ အဓိကအမှားကြီးတခုလို့ ထင်ရတဲ့၊ နိုင်ငံတကာ အလုပ်သမားလှုပ်ရှားမှုတွေကို ရာသက်ပန်စိတ်ဝမ်းကွဲပြားသွားစေတဲ့ အမှားတခုကို ဘော်ရှီဗစ်တွေကိုယ်တိုင် ကျူးလွန်ခဲ့မိတယ်။ သူတို့ရဲ့ နိုင်ငံတကာကွန်မြူနစ်လှုပ်ရှားမှုတွေကို လီနင်ရဲ့ ပါတီပုံစံဖြစ်တဲ့ အချိန်ပြည့် ပရော်ဖက်ရှင်နယ်တော်လှန်ရေးသမားတွေနဲ့ ဖွဲ့ထားတဲ့ပါတီကိုတပ်ဉီးမှာထားပြီး စည်းရုံးလှုပ်ရှားဖို့ ပုံစံချရာမှာ ဒီအမှားကို ကျူးလွန်ခဲ့မိတာဖြစ်တယ်။ တွေ့ခဲ့ပြီးတဲ့အတိုင်း အောက်တိုဘာ တော်လှန်ရေးဟာ ကမ္ဘာစစ်အပြီးမှာ အမြစ်လှန်ပြောင်းလဲရေးဆန်လာ နောက် အင်အားလည်းအရမ်းကို ကြီးမားလာတဲ့ နိုင်ငံတကာဆိုရှယ်လစ်လှုပ်ရှားမှုတွေရဲ့ စာနာဂရုဏာသက်မှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့တယ်။ ဒီဆိုရှယ်လစ်ပါတီတွေနဲ့ အလုပ်သမားပါတီတွေထဲမှာ ရှားရှားပါးပါး တချို့တလေလောက်ကလွဲလို့ အတော်များများဟာ စစ်ကိုဆန့်ကျင်ဖို့ ပျက်ကွက်ခဲ့ပြီး နောက်ပိုင်းမှာ စစ်ကြောင့် ပြိုကွဲပျက်စီးပြီး သိက္ခာပါကျခဲ့တဲ့ ဒုတိယ အင်တာနေရှင်နယ်9(၁၈၈၉ ၁၉၁၄)ကို အစားထိုးဖို့ အသစ်ဖွဲ့လိုက်တဲ့ တတိယ ဒါမှမဟုတ် ကွန်မြူနစ်အင်တာနေရှင်နယ်ထဲ ဝင်ရောက်ဖို့ ဆန္ဒရှိကြတယ်။ တကယ်တမ်းမှာလည်း ပြင်သစ်၊ အီတလီ၊ သြစတီးယားနဲ့ နော်ဝေးက ဆိုရှယ်လစ်ပါတီတွေနဲ့ ဂျာမနီက လွတ်လပ်တဲ့ဆိုရှယ်လစ်တွေလို အတော်များများဟာ တတိယအင်တာနေရှင်နယ်ထဲ ဝင်ရောက်ပူးပေါင်းဖို့ မဲခွဲဆုံးဖြတ်ခဲ့ကြပြီး ဒီပါတီတွေထဲမှာ ဘော်ရှီဗစ်ဝါဒကို ဆန့်ကျင်သူတွေဟာ စနစ်တကျဉီးဆောင်သူမရှိတဲ့ လူနည်းစုသာသာပဲ။ ဒါပေမယ့် လီနင်နဲ့ဘော်ရှီဗစ်တွေ ဖြစ်စေချင်တာက အောက်တိုဘာတော်လှန်ရေးကို စာနာဂရုဏာသက်တဲ့ ဆိုရှယ်လစ်ပါတီတွေရဲ့ နိုင်ငံတကာလှုပ်ရှားမှုတွေမဟုတ်ဘဲ တော်လှန်ရေးအတွက် မမှိတ်မသုံ ပိုင်းဖြတ်မှုထားရှိတဲ့ စည်းစနစ်ကောင်းတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ ဖွဲ့ထားတဲ့ လက်ရွေးစဉ်တပ်ဖွဲ့မျိုး၊ တနည်းအားဖြင့် တော်လှန်သိမ်းပိုက်ရေးရည်ရွယ်ချက်နဲ့ ဖွဲ့ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ထိုးနှက်တိုက်ခိုက်ရေးအင်အားစုလိုမျိုး ပေါ်လာဖို့သာ လိုလားခဲ့တယ်။ လီနင်ဝါဒပုံစံကို လက်ခံကျင့်သုံးဖို့ ဆန္ဒမရှိတဲ့ပါတီတွေကို အသစ်ဖွဲ့လိုက်တဲ့၊ မတ်တခါက ပြောခဲ့ဖူးတဲ့ ပါလီမန်ဗဟိုဝါဒ parliamentary centrism မပြောနဲ့ အချောင်သမားဝါဒ opportunism နဲ့ ပြင်ဆင်ရေးဝါဒ reformism ဆိုတဲ့ ပဉ္စမံတပ်သားတွေကြောင့်သာ အားနည်းနိုင်စရာရှိတဲ့ အင်တာနေရှင်နယ် International ထဲကို ဝင်ခွင့်မပြုခဲ့၊ ဒါမှမဟုတ် အဖွဲ့ထဲရှိနေပြီးသားဆိုရင်လည်း အင်တာနေရှင်နယ်ထဲကနေ ထုတ်ပစ်ခဲ့တယ်။ အချိန်မရွေးထဖြစ်တော့မယ့် တိုက်ပွဲမှာ စစ်သားဆိုသူတွေအတွက်သာ နေရာရှိနိုင်မယ်ပေါ့လေ။

ဒါပေမယ့် အခုတွေ့ခဲ့တဲ့ ဘော်ရှီဗစ်တွေရဲ့ကျိုးကြောင်းပြဆိုချက်ဟာ အခြေအနေတရပ်အောက်မှာပဲ အဓိပ္ပါယ်ရှိတယ်၊ အဲဒါကတော့ ကမ္ဘာ့တော်လှန်ရေးက ဆက်ဖြစ်နေမယ်၊ နောက်တခါ သူ့ရဲ့တိုက်ပွဲတွေကလည်း အချိန်မရွေး ထဖြစ်တော့မယ်ဆိုမှသာ အဓိပ္ပါယ်ရှိတယ်။ သို့သော်လည်း ရုသျှမှာ ဘော်ရှီဗစ်တွေ အာဏာကို အတည်တကျ တည်ဆောက်နိုင်တာ ထင်ရှားနေပြီဆိုပေမယ့် ဥရောပကအခြေအနေတွေဟာ တည်တည်ငြိမ်ငြိမ်ဖြစ်မလာသေးခင်မှာပဲ အနောက်နိုင်ငံတွေ ကိုင်တွယ်လုပ်ဆောင်ဖို့ချမှတ်ထားတဲ့ ကိစ္စတွေထဲမှာ ဘော်ရှီဗစ်တော်လှန်ရေးပါမလာတော့တာ ၁၉၂၀ မှာ ထင်ရှားနေပြီ။ တတိယအင်တာနေရှင်နယ်ကို ဖွဲ့စည်းနေချိန်မှာပဲ ရုသျှပြည်တွင်းစစ်မှာ အနိုင်ရလိုက်တဲ့ တပ်နီတော်ဟာ ပိုလန်ရဲ့ နယ်နမိတ်တောင်းဆိုမှုကို အကြောင်းပြုပြီး ခဏဖြစ်လိုက်တဲ့ ရုသျှပိုလန်စစ်ရဲ့ ဘေးထွက်ပစ္စည်းတခုအဖြစ်နဲ့ ဝါဆောမြို့ဆီကို ချီတက်လာနေပြီး လက်နက်ကိုင်တိုက်ခိုက်မှုနဲ့ တော်လှန်ရေးကိုအနောက်ဘက်ကို ပျံ့ပွားအောင် လုပ်ဆောင်နိုင်တော့မယ့်အနေအထားမျိုးကို ရောက်ခဲ့တာကတော့ သံသယဖြစ်စရာမရှိဘူးပေါ့။ နှစ်တရာ့ငါးဆယ်ကြာ မြေပုံပေါ်ပျောက်နေရာကနေ နိုင်ငံတနိုင်ငံအဖြစ်ကို ပြန်ရလာတဲ့ပိုလန်က ဆယ့်ရှစ်ရာစုတုန်းက သူပိုင်ခဲ့တဲ့နယ်မြေ အနေအထားကိုတောင်းတယ်။ အဲဒီနယ်မြေထဲမှာ ဘိုင်လိုရုသျှ Belorussia၊ လစ်သူယေးနီးယားနဲ့ ယူကရိန်းတို့ပါတယ်။ အိုက်ဇက်ဘာဘယ် Issac Babble ရဲ့ အနီရောင်မြင်းတပ် Red Cavalry ဆိုတဲ့စာအုပ်ထဲမှာ စာပေမှတ်တိုင်သစ် တခမ်းတနားစိုက်ထူနိုင်ခဲ့တဲ့ အဲဒီတုန်းက ဆိုဗီယက်တွေရဲ့ အနောက်ဘက်ချီတက်လာမှုကို သြစတြီးယားက ဝထ္ထုရေးဆရာ နောက်ပိုင်းဟာ့ဘတွေရဲ့ ဘုန်းတော်ဘွဲ့ချီးသူ ယိုးဇက်ရော့ Joseph Roth ကနေ နောက်ပိုင်းမှာ တူရကီနိုင်ငံရဲ့ ခေါင်းဆောင် ဖြစ်လာမယ့် မူစတာဖာ ကမား Mustafa Kemal တို့လို အရောင်အသွေးစုံလှတဲ့ ခေတ်ပြိုင်ပုဂ္ဂိုလ်တွေက ကြိုဆိုခဲ့ကြတယ်။ ဒါပေမယ့် ပိုလန်အလုပ်သမားတွေ တော်လှန်အုံကြွမှုမလုပ်ခဲ့တဲ့အတွက် တပ်နီတော်ဟာ ဝါဆောမြို့အဝကနေ ပြန်လှည့်ခဲ့ရတယ်။ ဒီတော့ အပေါ်ယံအမြင်အရဘယ်လိုပဲရှိရှိ အနောက်ဘက်စစ်မျက်နှာမှာ အားလုံးငြိမ်သက်တိတ်ဆိတ်ဖို့ ဖြစ်လာခဲ့တယ်။ တဘက်မှာ တော်လှန်ရေး ဖြစ်နိုင်တဲ့အခွင့်အလမ်းတွေဟာ လီနင်ကိုယ်တိုင် အမြဲတန်းအထူးဂရုတစိုက်ရှိလှတဲ့ အရှေ့ဘက်က အာရှတိုက်ဆီကို ရွေ့လာခဲ့တယ်။ တကယ်တမ်းမှာလည်း ၁၉၂၀ ကနေ ၁၉၂၇ ကြားကာလမှာ ကမ္ဘာ့တော်လှန်ရေးဖြစ်ဖို့ မျှော်လင့်ချက်ဟာ အဲဒီတုန်းက တရုတ်ပြည်မှာ ဆိုဗီယက်ပုံစံကို ကြိုဆိုလက်ခံ၊ ဆိုဗီယက် စစ်ရေးအကူအညီကိုလည်းယူ၊ နောက် အသစ်ဖွဲ့လိုက်တဲ့ တရုတ်ကွန်မြူနစ်ပါတီကိုလည်း အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတခုအဖြစ် ကြိုဆိုလက်ခံခဲ့တဲ့၊ တရုတ်အမျိုးသားလွတ်မြောက်ရေးပါတီဖြစ်တဲ့ ကူမင်တန်ပါတီ Kuomintang ရဲ့ခေါင်းဆောင် ဆွန်ယက်ဆင် (၁၈၆၆ ၁၉၂၅) ရဲ့ ဉီးဆောင်မှုအောက်မှာ အရှိန်ရလာတဲ့ တရုတ်တော်လှန်ရေး ဖြစ်မဖြစ်ပေါ်မှာ သွားပြီးမူတည်နေခဲ့ပုံရတယ်။ ကူမင်တန်ဗိုလ်ချုပ် ချန်ကေရှိတ် Chiang Kai-shek က သူတို့သေနတ်ပြောင်းဝကို ကွန်မြူနစ်တွေဘက်လှည့်ပြီး ကွန်မြူနစ်တွေကို အကြီးအကျယ်သတ်မပစ်ခင်အထိ ကူမင်တန်ကွန်မြူနစ်မဟာမိတ်အဖွဲ့ဟာ ၁၉၂၅ ၂၇ ထိုးစစ်ကနေ တရုတ်နိုင်ငံတောင်ပိုင်းက သူတို့ရဲ့ အခြေစိုက်စခန်းတွေကစလို့ နိုင်ငံမြောက်ပိုင်းထိ နေရာအနှံ့ သိမ်းပိုက်နိုင်ခဲ့ပြီး ၁၉၁၁ တရုတ် အင်ပိုင်ယာကျပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံက နေရာဒေသအများစုဟာ အစိုးရတခုထဲအောက် တစုတစည်းထဲ ပြန်ရောက်တော့မယ့် အနေအထားထိကို ရောက်လာခဲ့တယ်။ အရှေ့ဘက်မှာတောင် အောက်တိုဘာလို တော်လှန်ရေးမျိုးဖြစ်ဖို့ အချိန်မတန်သေးဘူးဆိုတဲ့ ဒီသက်သေပြချက် ပေါ်ထွက်မလာသေးခင်မှာတောင် အာရှက တော်လှန်ရေးအလားအလာဟာ အနောက်ဘက်မှာ တော်လှန်ရေးမအောင်မမြင်ဖြစ်မှုကို ဘယ်လိုမှဖုံးကွယ်လို့ မရနိုင်ပေဘူး။

၁၉၂၁ ကိုရောက်တဲ့အခါ ကမ္ဘာ့တော်လှန်ရေးမဖြစ်နိုင်တဲ့အချက်ကို ဘယ်လိုမှငြင်းလို့မရတော့ဘူး။ ဆိုဗီယက်ရုသျှမှာ နိုင်ငံရေးအရ ဘော်ရှီဗစ်တွေကို ဘယ်လိုမှ မတိုက်နိုင်ပေမယ့် တော်လှန်ရေးက တဆုတ်ထဲဆုတ်နေရပြီ (စာ ၃၇၉ ကိုကြည့်)။ အနောက်နိုင်ငံတွေမှာလည်း တော်လှန်ရေးကို ခေါက်ထားလိုက်ကြပြီ။ ကွန်မင်တန်းရဲ့ တတိယကွန်ဂရက်မှာ ဒီအချက်ကို ရှင်းရှင်းလင်းလင်းဝန်မခံဘဲ ဒုတိယကွန်ဂရက်ကတုန်းက တိုးတက်တဲ့တော်လှန်ရေးအင်အားစုတွေထဲကနေ ထုတ်ပစ်လိုက်တဲ့ ဆိုရှယ်လစ်တွေနဲ့ ညီညွတ်ရေးတပ်ပေါင်းစုunited front ဖွဲ့ဖို့ကိုပဲတောင်းဆိုပြီး ဒီအချက်ကို အသိအမှတ်ပြုခဲ့တယ်။ အဲဒီမှာဘာဖြစ်လဲဆိုတော့ နောက်ပိုင်းတော်လှန်ရေးမျိုးဆက်တွေကို စိတ်ဝမ်းကွဲပြားသွားဖို့ ဖြစ်လာစေတယ်။ သို့သော်လည်း ဘာပဲလုပ်လုပ် သိပ်နောက်ကျသွားပြီ။ လက်ဝဲယိမ်းတဲ့ ဆိုရှယ်လစ်တွေ၊ တသီးပုဂ္ဂလတွေနဲ့ ပါတီအများစုဟာ ကွန်မြူနစ်ဆန့်ကျင်တဲ့ အလယ်အလတ်သဘောထားရှိသူတွေချည်းနီးနီး ဉီးဆောင်တဲ့ ဆိုရှယ်ဒီမိုကရက်တစ်လှုပ်ရှားမှုထဲ တဖြည်းဖြည်းပြန်ရောက်သွားကြပြီး တော်လှန်ရေးလှုပ်ရှားမှုဟာ ရာသက်ပန်ကွဲသွားတော့တယ်။ အဲဒီအချိန်ကစပြီး အသစ်ပေါ်လာတဲ့ ကွန်မြူနစ်ပါတီတွေဟာ ဥရောပကလက်ဝဲအင်အားစု European Left တွေထဲမှာ လူနည်းစုအဖြစ်နဲ့သာ ဂျာမနီ၊ ပြင်သစ်နဲ့ ဖင်လန်တို့လောက်ကလွဲပြီးယေဘုယျအားဖြင့် စိတ်ထက်သန်တက်ကြွတောင် အင်အားအတော့်ကိုသေးငယ်တဲ့ လူနည်းစုအဖြစ်နဲ့သာ ဆက်ရပ်တည်နိုင်ကြတော့တယ်။ ၁၉၃၀ ဆယ်စုနှစ်တွေမတိုင်ခင်ထိ ဒီအနေအထားအတိုင်း မပြောင်းမလဲရှိနေဖို့ ဖြစ်လာတော့တယ် (အခန်း ၅ ကိုကြည့်)

ဒါတောင်မှလည်း နှစ်ချီကြာတဲ့ အုံကြွပေါက်ကွဲမှုတွေပြီးသွားချိန်မှာ ကွန်မြူနစ်တွေအုပ်ချုပ်နေပြီး ကြီးမားလှပေမယ့် ခေတ်နောက်ကျကျန်ရုံမက အရင်းရှင်စနစ်ရဲ့ ဆန့်ကျင်ဘက်လူ့အဖွဲ့အစည်းတခုကို ဖွဲ့စည်းတည်ထောင်ဖို့ သံဓိဌာန်ချထား တဲ့နိုင်ငံကြီးနဲ့ တဘက်မှာ အစိုးရတရပ်၊ စည်းစနစ်ကျတဲ့ နိုင်ငံတကာလှုပ်ရှားမှုနဲ့ ဒီလှုပ်ရှားမှုနီးနီး အရေးပါတဲ့ အောက်တိုဘာတော်လှန်ရေးမှာ လွှင့်ထူခဲ့တဲ့ အလံတော်အောက်ကနေ၊ ဌာနချုပ်ကို မော်စကိုမှာ ထားရှိတဲ့ လှုပ်ရှားမှုရဲ့ ခေါင်းဆောင်မှုအောက်ကနေ ကမ္ဘာ့တော်လှန်ရေးဆင်နွှဲဖို့ သံဓိဌာန်ချထားတဲ့ တော်လှန်ရေးမျိုးဆက်တခု ပေါ်ထွက်လာနိုင်ခဲ့တယ်။ (ဌာနချုပ်ကို ဘာလင်ကို ပြောင်းရွှေ့နိုင်မယ်လို့ နှစ်အတော်ကြာကြာကထဲက မျှော်လင့်ခဲ့ကြသလို စစ်ကြီးနှစ်ခုကြားကာလမှာ ရုသျှဘာသာမဟုတ်ဘဲ ဂျာမန်ဘာသာကိုပဲ နိုင်ငံတကာ International ရဲ့ တရားဝင်ဘာသာစကားအဖြစ် ဆက်အသုံးပြုခဲ့တယ်။) ဥရောပမှာ တည်ငြိမ်မှုပြန်ရလာသလို အာရှမှာလည်း အရေးနိမ့်ခဲ့ပြီးနောက် ကမ္ဘာ့တော်လှန်ရေးကို ဘယ်လိုဆက်ဖော်ဆောင်မလဲဆိုတာ ဒီနိုင်ငံတကာလှုပ်ရှားမှု ကိုယ်တိုင် သေချာသဘောပေါက်ပုံမရသလို တချိန်ထဲမှာ သီးခြားလွတ်လပ်တဲ့ လက်နက်ကိုင် တော်လှန်ပုန်ကန်မှုတွေ ပေါ်ပေါက်လာဖို့ ကမ္ဘာတဝှမ်းက ကွန်မြူနစ်တွေရဲ့ ကြိုးပမ်းမှုတွေဟာလည်း (၁၉၂၃ မှာ ဘူဂေးရီးယားနဲ့ ဂျာမနီ၊ ၁၉၂၆ မှာ အင်ဒိုနီးရှားမှာ၊ ၁၉၂၇ မှာ တရုတ်နဲ့ နည်းနည်းနောက်ကျတဲ့ ၁၉၃၅ မှာ ဘရာဇီးမှာ)အချည်းနှီး ဖြစ်ခဲ့တယ်။ ဒီလိုအရေးနိမ့်မှုတွေ ရှိလင့်ကစား ကမ္ဘာ့စီးပွားပျက်မှုကြီး the Great Slump နဲ့ ဟစ်တလာအားကောင်းလာမှုတွေက စစ်ကြီးနှစ်ခုကြားကာလက ကမ္ဘာ့အခြေအနေကနေ ကမ္ဘာပျက်မယ့်အလား အလာတွေ ပေါ်မလာလောက်ပါဘူးဆိုပြီး ယူဆလို့မရတာကို မကြာခင်မှာဘဲ ပြသလာခဲ့တယ် (အခန်း ၃ နဲ့ ၅ ကိုကြည့်)။ သို့သော်လည်း ကွန်မင်းတန်းရဲ့ ၁၉၂၈ နဲ့ ၁၉၃၄ ကြားမှာတဘက်စွန်းရောက်တော်လှန်ရေးဝါဒ ultra-revolutionism နဲ့ ဂိုဏ်းဂဏဆန်တဲ့လက်ဝဲဝါဒလေသံ ပြောင်းသွားတာဟာ ပြောခဲ့တဲ့အချည်းနှီးဖြစ်မှုတွေကြောင့်တော့ မဟုတ်ဘူး၊ ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံတကာ လှုပ်ရှားမှုအနေနဲ့ ဘယ်လောက်ပဲ အာပေါင်းအာရင်းသန်သန်နဲ့ ပြောနေဟောနေပါစေ လက်တွေ့မှာ သူတို့အနေနဲ့ ဘယ်နေရာမှာမှ အာဏာရမယ်လို့ မျှော်လင့်မထား၊ ဒါမှမဟုတ် ပြင်ဆင်မထားကြဘူး။ တကယ်က နိုင်ငံရေးဘေးဆိုးကျရောက်မှုအဖြစ်နဲ့ တွေ့မြင်လာရတဲ့ဂိုဏ်းဂဏဆန်တဲ့ လက်ဝဲဝါဒလေသံပြောင်းသွားမှုက ဆိုဗီယက်ကွန်မြူနစ်ပါတီကို စတာလင်ချုပ်ကိုင်လာပြီးနောက်မှာပေါ်လာတဲ့ ဆိုဗီယက် ကွန်မြူနစ်ပါတီရဲ့ အတွင်းနိုင်ငံရေးကြောင့်ပဲ၊ နောက်တချက်က နိုင်ငံတနိုင်ငံအဖြစ် တခြားနိုင်ငံတွေနဲ့ မလွဲမသွေ ယှဉ်တွဲနေထိုင်ရတော့မယ့် ၁၉၂၀ ကစပြီး အုပ်ချုပ်မှုစနစ်ရှိတဲ့ နိုင်ငံတခုအဖြစ် နိုင်ငံတကာရဲ့အသိအမှတ်ပြုမှု ရလာခဲ့တဲ့ USSR ရဲ့ အကျိုးစီးပွားနဲ့ အစိုးရအားလုံးကို နှောက်ယှက်ဖျက်ဆီး၊ ဖြုတ်ချဖို့ ရည်ရွယ်ချက်ထားရှိတဲ့လှုပ်ရှားမှု နှစ်ခုကြား ကွာဟာမှုကြီးလာတာ ပိုပိုထင်ရှားလာခဲ့တဲ့အတွက်ပဲ။

နောက်ဆုံးမတော့ စတာလင်က သူ့စိတ်ကြိုက် ဖြုတ်လိုက်၊ ဖြိုခွဲဖျက်ဆီးပစ်လိုက်၊ ပြုပြင်ပြေင်းလဲလိုက်လုပ်ပြီး ဆိုဗီယက်ကွန်မြူနစ်ပါတီရဲ့ တင်းကျပ်တဲ့ အုပ်ထိန်းမှုအောက်ကနေ ဆိုဗီယက်နိုင်ငံပေါ်လစီကို ဖော်ဆောင်ပေးတဲ့ ကိရိယာသာသာအဆင့်ကို ချပစ်ခဲ့တဲ့ ကွန်မင်တန်းရဲ့ ကမ္ဘာ့တော်လှန်ရေးရည်မှန်းချက်ကို ဆိုဗီယက်ယူနီယံရဲ့ နိုင်ငံတော်အကျိုးစီးပွားက လွှမ်းမိုးသွားခဲ့တယ်။ ကမ္ဘာ့တော်လှန်ရေးဆိုတာ အတိတ်က ကြွေးကြော်သံသာသာ ရှိတော့တယ်၊ တကယ်တမ်းမှာလည်း ဘယ်တော်လှန်ရေးမဆို ၁) ဆိုဗီယက်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ပဋိပက္ခမဖြစ်မှသာ ၂) ဆိုဗီယက်ရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက်ကို သွတ်သွင်းနိုင်မှသာ သည်းညည်းခံတော့တဲ့ထိ ဖြစ်လာတယ်။ ၁၉၄၄ နောက်ပိုင်း ကွန်မြူနစ်အစိုးရတွေ တက်လာတာကို အနှစ်သာရအားဖြင့် ဆိုဗီယက်အာဏာတိုးချဲ့မှုအဖြစ်သာ မြင်ကြတဲ့ အနောက်နိုင်ငံတွေဟာ စတာလင်ရဲ့ ရည်ရွယ်ချက်ကို ကျိန်းသေပေါက် မှန်မှန်ကန်ကန် သုံးသပ်ရှုမြင်မိကြတယ်။ တဘက်မှာ မော်စကိုဟာ ကွန်မြူနစ်တွေကို အာဏာမရစေချင်သလို တရုတ်နဲ့ ယူဂိုစလားဗီးယားမှာလို (အခန်း ၅ ကိုကြည့်) အာဏာသိမ်းမှုတွေအောင်မြင်တဲ့ အဖြစ်အပျက်တွေမှာတောင် ကွန်မြူနစ်တွေ အာဏာမရအောင် အမျိုးမျိုး တားခဲ့တယ်ဆိုပြီး နာနာကျည်းကျည်းနဲ့ ပြစ်တင်ခဲ့ကြတဲ့ လက်ရှိနိုင်ငံရေးလှုပ်ရှားမှုနဲ့ အသားမကျသေးတဲ့ တော်လှန်ရေးသမားတွေကလည်း စတာလင်ရဲ့ ရည်ရွယ်ချက်ကို အလားတူ မှန်မှန်ကန်ကန် သုံးသပ်ရှုမြင်မိကြတယ်။

သို့သော်လည်း အပြီးသတ် နိဂုံးမချုပ်ခင်ထိတော့ ဆိုဗီယက်အစိုးရထဲက ကိုယ့်အကျိုးပဲကိုယ်ကြည့်ကြတဲ့ အဂတိလိုက်စားတဲ့ အဆင့်မြင့်အရာရှိတွေ nomenclaturaကတောင် ဆိုဗီယက်ရုသျှဟာ ကမ္ဘာပေါ်က တခြားအင်အားကြီးနိုင်ငံတွေလို မဟာအင်အားကြီး နိုင်ငံကြီးတနိုင်ငံ သက်သက်မကဘဲ ဒီထက်ပိုတယ်လို့ မြင်ကြတယ်။ တကယ်တော့ ဆိုဗီယက်ရုသျှဆိုတဲ့နိုင်ငံကြီး တည်ရှိနေခြင်းရဲ့ အခြေခံအကျဆုံး အကြောင်းတရားဟာ တလောကလုံးလွတ်မြောက်ဖို့၊ အရင်းရှင်လူ့အဖွဲ့အစည်းထက် ပိုပြီးကောင်းမွန်တဲ့ လူမှုအဖွဲ့အစည်းတခုကို တည်ဆောက်ဖို့ဆိုတဲ့ ရည်မှန်းချက်တွေကိုဖြည့်ဆည်းဖို့ပဲ မဟုတ်လား။ ကွန်မြူနစ်နဲ့မဟာမိတ်ပြုထားပြီး လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေတဲ့ အာဖရိကအမျိုးသားကွန်ဂရက်ရဲ့ တောင်အာဖရိကက အသားအရောင်ခွဲခြားမှုစနစ်ကို ဖြုတ်ချနိုင်မယ့် အခွင့်အလမ်းဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး မဆိုစလောက်လေးရှိပုံရသလို တကယ်လည်း မဆိုစလောက်အနေအထားမှာပဲရှိတာကို သိလျက်နဲ့ မော်စကိုကဗျူရိုကရက်တွေဟာ အာဖရိကအမျိုးသားကွန်ဂရက်ကို တောက်လျှောက် ငွေကြေးထောက်ပံ့ခဲ့တာ ဘာ့ကြောင့်ဖြစ်မလဲ။ (စိတ်ဝင်စားဖို့ကောင်းတာက တရုတ်နဲ့ ဆိုဗီယက်ကွဲကြပြီးနောက်မှာ တရုတ်ကွန်မြူနစ်အစိုးရကUSSR ဟာ တော်လှန်ရေးလှုပ်ရှားမှုတွေကို သစ္စာဖောက်တယ်ဆိုပြီး ဝေဖန်ပေမယ့် တရုတ်ရဲ့ တတိယကမ္ဘာက လွတ်မြောက်ရေးလှုပ်ရှားမှုတွေအတွက် လက်တွေ့အထောက်အပံ့ပေးခဲ့မှုဟာ ဆိုဗီယက်ရုသျှနဲ့ နှိုင်းယှဉ်လောက်တဲ့ သမိုင်းမရှိခဲ့ဘူး။)လူ့ဘောင်လောကဟာ USSR ကိုယ်တိုင် ခပ်စောစောပိုင်းလောက်ထဲက သဘောပေါက်လာခဲ့သလို မော်စကိုကိုအားကျတဲ့ ကမ္ဘာ့တော်လှန်ရေးနဲ့ ပြောင်းလဲနိုင်ချင်မှ ပြောင်းလဲနိုင်မှာ။ ဘရက်ဇညက် Brezhnev အုပ်ချုပ်တဲ့ ဆိုဗီယက်ရုသျှရဲ့ ရှည်လျားလှတဲ့ နေဝင်ဆည်းဆာနှစ်တွေ၊ တဖြည်းဖြည်းချင်း မှေးမှိန်လာတဲ့နှစ်တွေမှာ ဆိုရှယ်လစ်ဝါဒရဲ့ စီးပွားရေးအရ အဆင့်မြင့်မှုက အရင်းရှင်စနစ်ကို မြေမြှုတ်သင်္ဂြိုဟ်ပစ်ကောင်း သင်္ဂြိုဟ်ပစ်နိုင်မယ်ဆိုတဲ့ နီကီတာ ခရူးရှက် Nikita Khrushchev ရဲ့ ရိုးရိုးသားသားနဲ့ တကယ့်ကို မမှိတ်မသုံ ယုံကြည်ခဲ့တဲ့ ယုံကြည်ချက်ဟာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားခဲ့တယ်။ တကမ္ဘာလုံးလွတ်မြောက်ရေးဆိုတဲ့ ဒီစနစ်ရဲ့ တကမ္ဘာလုံးနဲ့ဆိုင်တဲ့ အလုပ်တာဝန်ပေါ် ယုံကြည်မှု လုံးဝပျောက်သွားတဲ့အတွက် နောက်ဆုံး ဒီစနစ်ကြီးတခုလုံး ပြိုလဲတဲ့အခါမှာ ခုခံကာကွယ်မယ့်သူ မရှိဘဲ ပြိုလဲသွားတာ ဖြစ်ကောင်းဖြစ်မယ် (အခန်း ၁၆ ကိုကြည့်)

ပြောခဲ့တဲ့ ဆုတ်ဆိုင်းမှုတွေ ဘယ်လိုပဲရှိရှိ အောက်တိုဘာရဲ့ တောက်ပတဲ့အလင်းရောင်နဲ့ အားသစ်တွေရလာတဲ့ ပထမဆုံးမျိုးဆက်ကတော့ ကမ္ဘာ့တော်လှန်ရေးအတွက် သူတို့ဘဝတွေကို ရည်စူးပေးဆပ်ဖို့ ချီတုံချတုံမဖြစ်ခဲ့ကြဘူး။ အစောဆုံးကာလကခရစ်ယာန်တွေလိုပဲ ၁၉၁၄ မတိုင်ခင်ကာလက ဆိုရှယ်လစ်အများစုဟာ မကောင်းမှုမှန်သမျှကို ဖျက်သိမ်းပစ်ပြီး စိတ်ဆင်းရဲမှုတွေ၊ ဖိနှိပ်မှုတွေ၊ မညီမျှမှုတွေနဲ့ မတရားမှုတွေမရှိတဲ့ လူ့ဘောင်တခုကို ဆောင်ကြဉ်းပေးမယ့် မဟာအပြောင်းအလဲကြီးဖြစ်လာမှာကို ယုံကြည်သူတွေဖြစ်တယ်။ မတ်ဝါဒက ခေတ်ကောင်းကိုရောက်ရလိမ့်ဆိုတဲ့ မျှော်လင့်ချက်၊ သမိုင်းလိုအပ်ချက်အရ မလွဲမသေရောက်ရမယ်ဆိုတဲ့ အာမခံချက်၊ ဆိုရှယ်လစ်စနစ်ကို ဘယ်သို့ပြောင်းလဲလာမလဲဆိုတာကိုရှင်းပြတဲ့ ရှင်းလင်းပြဆိုချက်တွေကိုပေးထားပြီး အခု အောက်တိုဘာ တော်လှန်ရေးက မျှော်လင့်နေတဲ့ ဒီမဟာ အပြောင်းအလဲကြီး စတင်နေတာရဲ့ သက်သေပဲမဟုတ်လား။

လူသားတွေလွတ်မြောက်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားတဲ့ စည်းကမ်းကြီးမားလွန်းပြီး အညှာအတာမကင်းအဖြစ် ကင်းရတဲ့ လူ့လောကလွတ်မြောက်ရေးတပ်ကြီးထဲက တပ်သားအရေအတွက်ဟာ သုံးလေးသောင်းထက် ပိုချင်မှပိုမယ်၊ ဘားတော့ဘရက် Bertolt Brechtရဲ့ကဗျာထဲမှာ ဖိနပ် တရံပြတ်ပြီးတိုင်း နောက်တရံလဲစီးရတဲ့ ကြိမ်နှုန်းထက် နိုင်ငံစုံကို လှည့်လည်သွားလာနေရတဲ့ ကြိမ်နှုန်းကပိုကြီးတယ်ဆိုပြီး ဂုဏ်ပြုစပ်ဆိုခဲ့သလို နိုင်ငံတကာလှုပ်ရှားမှုကို စနစ်တကျ ဖော်ဆောင်မယ့် ပရော်ဖက်ရှင်နယ်အရေအတွက်ဟာ သုံးလေးရာပဲရှိမယ်။ သူတို့တွေကို အီတာလျံကွန်မြူနစ်ပါတီဝင် အရေအတွက် တသန်းလောက်ထိရှိချိန်တုန်းက ကွန်မြူနစ်သမားတွေcommunist people ဆိုပြီး အီတာလျံတွေ ခေါ်ကြတဲ့လူတွေနဲ့ အတူတူပဲလို့ မထင်မိဖို့ အရေးကြီးတယ်၊ ထောက်ခံသူတွေ၊ အဖွဲ့ဝင်တွေ သန်းချီရှိတဲ့ အီတာလျံတွေ ကွန်မြူနစ်သမားတွေလို့ခေါ်သူတွေရဲ့ ကောင်းမွန်တဲ့ လူ့ဘောင်သစ်တခု ရရှိဖို့မျှော်မှန်းတဲ့ အိပ်မက်ဟာလည်း တကယ့်အိပ်မက်ပါပဲ၊ ဒါပေမယ့် လက်တွေ့လုပ်ငန်းပိုင်းမှာ သူတို့နေ့စဉ်လုပ်ဆောင်မှုက အရင် ဆိုရှယ်လစ်လှုပ်ရှားမှုတွေတုန်းကလို နေ့စဉ်တက်ကြွလှုပ်ရှားမှုအလုပ်တွေထက်မပိုဘူး။ နောက်ပြီး ဒီ ကွန်မြူနစ်သမားတွေရဲ့ ပိုင်းဖြတ်မှုက ပုဂ္ဂလိကရည်စူးချက်ဆိုတာထက် သူတို့လူတန်းစား၊ သူတို့ လူ့အသိုက်အမြုံကြီး တခုလုံးနဲ့အတူတွဲပါနေတဲ့ ပိုင်းဖြတ်မှု။ သို့သော်လည်း ပြောခဲ့တဲ့ သုံးလေးရာထက်မပိုတဲ့ ပရော်ဖက်ရှင်နယ် တော်လှန်ရေးသမားတွေရဲ့ အရေအတွက်ဟာ နည်းပင်နည်းသော်ငြား သူတို့အကြောင်းမပါဘဲ နှစ်ဆယ်ရာစုကို နားလည်နိုင်မှာ မဟုတ်ဘူး။

လီနင်ဝါဒကိုင်စွဲတဲ့ ပရော်ဖက်ရှင်နယ်တော်လှန်ရေးသမားတွေနဲ့ဖွဲ့စည်းထားတဲ့ပါတီပုံစံသစ်မှာ ကေဒါတွေဖြစ်ကြတဲ့ ဒီလူတွေမပါဘဲ အောက်တိုဘာတော်လှန်ရေးဖြစ်ပြီး နှစ်သုံးဆယ်စွန်းစွန်းပဲရှိသေးချိန်မှာ ကမ္ဘာ့လူသားအားလုံးရဲ့ သုံးပုံတပုံလောက်ဟာ ကွန်မြူနစ်အစိုးရတွေအောက်မှာ နေထိုင်မိလျက်သားဖြစ်နေခဲ့တဲ့အချက်ကို ဘယ်လိုမှ နားလည်နိုင်မှာမဟုတ်ဘူး။ သူတို့ရဲ့ ကိုးကွယ်ယုံကြည်မှု၊ သူတို့ရဲ့ မော်စကိုက ကမ္ဘာ့တော်လှန်ရေးဌာနချုပ်ကို အကြွင်းမဲ့သစ္စာစောင့်သိမှုက ကွန်မြူနစ်တွေကို (လူမှုဗေဒစကားနဲ့ ပြောမယ်ဆို) ဂိုဏ်းဂဏလေးတခုမဟုတ်ဘဲ တလောကလုံးနဲ့ဆိုင်တဲ့ ဘာသာကြီးတခုရဲ့ အစိတ်အပိုင်းတွေအဖြစ် သူတို့ကိုယ်သူတို့ ပြန်မြင်နိုင်စွမ်းကိုပေးတယ်။ မော်စကိုကိုဉီးတည်ချက်အဖြစ်ထားတဲ့ ကွန်မြူနစ်ပါတီတွေက အကွဲအပြဲတွေ၊ အဖြုတ်အထုတ်တွေမှာ ပါတီခေါင်းဆောင်တွေကို ဆုံးရှုံးခဲ့ရတယ်ဆိုပေမယ့် ထရော့စကီ Trotsky နောက် လိုက်သွားတဲ့ သင်းကွဲမတ်ဝါဒီတွေလိုမဟုတ်ဘဲ၊ ၁၉၆၀ နောက်ပိုင်း မော်ဝါဒ Maoism လက်ခံသူတွေထဲက မတ်ဝါဒီလီနင်ဝါဒီတို့ရဲ့ ကွဲလွယ်ပြဲလွယ်တဲ့ လျှို့ဝှက်အသင်းအပင်းတွေလို မဟုတ်ဘဲ ၁၉၅၆ နောက်ပိုင်း ဒီလှုပ်ရှားမှုကြီးရဲ့ အသက်သွေးကြော ရပ်မသွားခင်ထိ သူတို့တွေ မကွဲကြသေးဘူး။ အရေအတွက် ဘယ်လောက်ပဲ နည်းနည်း အီတလီမှာ ၁၉၄၃ မှာ မူဆိုလီနီကို ဖြုတ်ချပြီးနောက် အီတာလျံကွန်မြူနစ်ပါတီမှာ အမျိုးသားနဲ့ အမျိုးသမီးအဖွဲ့ဝင် ၅,၀၀၀ ရှိပြီး အများစုဟာ ထောင်ကနေ လွတ်ခါစရှိသေးတယ်ဒီလူတွေဟာ ၁၉၁၇ ဖေဖော်ဝါရီက ဘော်ရှီဗစ်တွေလို သန်းနဲ့ချီတဲ့တပ်မဟာကြီးရဲ့ အမြုတေတွေ၊ တတိုင်းပြည်လုံး၊ တမျိုးသားလုံးရဲ့ ခေါင်းဆောင်းလောင်းတွေပဲ။

အဲဒီခေတ်မှာ ကြီးပြင်းလာတဲ့ မျိုးဆက်အတွက်က အထူးသဖြင့် ငယ်ပင်ငယ်သော်ငြား ပုန်ကန်ထကြွမှုတွေဖြစ်ပွားတဲ့ နှစ်ကာလတွေကို ဖြတ်သန်းခဲ့သူတွေအတွက်က သူတို့ဘဝမှာ ကြုံတွေ့ခဲ့ရတာက တော်လှန်ရေးပဲ၊ သူတို့အတွက်က အရင်းရှင်စနစ်ဟာ မကြာခင်မှာ မလွဲမသေအရေးနိမ့်ရတော့မယ်။ ခေတ်ပြိုင်သမိုင်းဆိုတာ မသေမပျောက်ကျန်ခဲ့သူတွေ အန္တိမအောင်ပွဲကို ရှုစားဖို့ ဗိုလ်ရှုခံဆင်မြင့်နေရာပဲ၊ (၁၉၁၉ မြူးနစ် ဆိုဗီယက်အစိုးရကို ဖြုတ်ချခဲ့သူတွေရဲ့ ကွက်မျက်တာခံရသူတွေထဲ တဉီးအပါအဝင်ဖြစ်တဲ့ ရုသျှကွန်မြူနစ် လီဗိုင်း Levineကွက်မျက်မခံရခင်လေးမှာ တမလွန်ရောက်နေပြီမို့ ပျက်ကွက်ခွင့်တောင်းခဲ့ပါတယ် ‘the dead on leave of absenceဆိုပြီးပြောသလို) တော်လှန်ရေးတပ်သားတွေထဲက တချို့တလေလောက်ပဲ အောင်ပွဲထဲပါနိုင်မှာ ဖြစ်တယ်။ ဘူဇွာလူ့အဖွဲ့အစည်း ကိုယ်နှိုက်မှာကို သူတို့အတွက် အနာဂတ်ရှိမှရှိပါ့အုံးမလားဆိုပြီး သံသယဖြစ်စရာ အကြောင်းတွေရှိနေရင် ဒီဘူဇွာလူ့အဖွဲ့အစည်း ဆက်လက်ရှင်သန်ရပ်တည်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုးက သူတို့တွေဆီမှာ ဘာ့ကြောင့်များရှိနေတော့မလဲ။ ဒီမျိုးဆက်ထဲကလူတွေရဲ့ ဘဝတွေက ဒီအဖြစ်မှန်တရားကို ပြသသွားခဲ့တယ်။

၁၉၁၉ ဘာဗေးရီးယား ဆိုဗီယက်တော်လှန်ရေးကြောင့် ဘဝတလျှောက်လုံး တနေရာပြီးတနေရာ တပြောင်းထဲပြောင်းခဲ့ရတဲ့၊ ချစ်သူဘဝခဏရောက်လိုက်တဲ့ ဂျာမန်လူငယ်နှစ်ယောက်ရဲ့ ဘဝအဖြစ်အပျက်ကို ဒီနေရာမှာ နမူနာအဖြစ်ကြည့်ကြည့်ရအောင်၊ သူတို့ကတော့ မြူးနစ်မြို့က ကြွယ်ဝချမ်းသာတဲ့ ရှေ့နေတယောက်ရဲ့သမီး အော်ဂါ ဘယ်နားရီးယို Olga Benarioနဲ့ ကျောင်းဆရာ အော်တိုဘရောင်း Otto Braun တို့ပဲ။ အော်ဂါဟာ အနောက်ကမ္ဘာခြမ်းမှာ တော်လှန်ရေးအတွက် စည်းရုံးလှုပ်ရှားသူဖြစ်လာခဲ့ပြီး ဘရာဇီးက ၁၉၃၅ အုံကြွမှုကို ထောက်ခံမှုပေးဖို့ မော်စကိုကို ဖျောင်းဖျနားချခဲ့တဲ့၊ ဘရာဇီးက တောတောင်တွေကိုဖြတ်ပြီး ခရီးရှည်ပုန်ကန်ချီတက်ပွဲကို ဉီးဆောင်ခဲ့သူ လူးဝစ်ကားလို့ပရက်စတက် Luis Carlos Prestesကို တော်လှန်ရေးကိစ္စတွေကူညီဖို့ တာဝန်ပေးစေလွှတ်ခံရပြီး နောက်ဆုံးမှာ သူနဲ့ အိမ်ထောင်ကျခဲ့တယ်။ ဒီအုံကြွမှု အရေးနိမ့်ပြီး အော်ဂါကို ဘရာဇီးအစိုးရက ဟစ်တလာရဲ့ဂျာမနီကို ပြန်ပို့ခဲ့ရာမှာ နောက်ဆုံးမှာ သူဟာ ချွေးတပ်စခန်းတခုမှာ သေဆုံးသွားခဲ့တယ်။ ဒီအတောအတွင်း ပိုပြီးအောင်မြင်တဲ့ ဖြတ်သန်းမှုနဲ့ ကြုံရတဲ့ အော်တိုကတော့ တရုတ်ပြည်ကို ကွန်မင်တန်းရဲ့ စစ်ရေးကျွမ်းကျင်သူအဖြစ်နဲ့ အရှေ့ဘက်မှာ တော်လှန်ရေးအုံကြွမှုဖြစ်အောင် လှုံဆော်ဖို့ထွက်သွားတယ်၊ အဲဒီမှာ သူဟာ တရုတ်လူမျိုးမဟုတ်တဲ့ တဉီးတည်းသော နိုင်ငံခြားသားအဖြစ်နဲ့ တရုတ်ကွန်မြူနစ်တွေရဲ့ ကမ္ဘာကျော်ခရီးရှည်ချီတက်ပွဲ Long Marchမှာ ပါဝင်ခဲ့ပြီးနောက်ပိုင်းမှာ မော်စကိုကိုပြန်လာပြီး နောက်ဆုံးမှာတော့ အရှေ့ဂျာမနီ GDRကို ပြန်ရောက်လာခဲ့တယ်။ (ခရီးရှည်ချီတက်ပွဲက ရခဲ့တဲ့အတွေ့အကြုံကြောင့် သူဟာ မော်စီတုန်းကို သံသယဝင်ခဲ့မိတယ်။) နှစ်ဆယ်ရာစုရဲ့ ပထမရာစုနှစ်ဝက်ကလွဲပြီး ဘယ်လိုကာလမျိုးမှာ အခုလို ရောယှက်လိမ်နေတဲ့ ဘဝ နှစ်ခုဟာ အခုကြုံခဲ့တဲ့ ပုံစံအတိုင်း ဖြစ်လာနိုင်စရာရှိမလဲ။

ဒီတော့ ၁၉၁၇ နောက်ပိုင်းမျိုးဆက်ရဲ့ကာလမှာ ဘော်ရှီဗစ်ဝါဒက အရင်ကရှိနေခဲ့တဲ့ လူမှုတော်လှန်ရေးပုံစံတွေ အားလုံးကို ဝါးမြိုခဲ့၊ ဒါမှမဟုတ် အမြစ်လှန်ပြောင်းလဲရေးကိုတောင်းဆိုတဲ့လှုပ်ရှားမှုတွေရဲ့ အစွန်အဖျားကို တွန်းပို့ပစ်ခဲ့တယ်။ ၁၉၁၄ မတိုင်ခင် ကမ္ဘာ့နေရာအတော်များများမှာ မင်းမဲ့ဝါဒ anarchismက မတ်ဝါဒထက် တော်လှန်ရေးဆန်တဲ့ တက်ကြွလှုပ်ရှားသူတွေကို လှုံ့ဆော်မောင်းနှင်တဲ့နေရာမှာ အများကြီးအဓိကကျတဲ့ အိုင်ဒီယော်လော်ဂျီဖြစ်တယ်။ အရှေ့ဥရောပ အပြင်ဘက်မှာ မတ်ကို လူထုလူတန်းစားစုံနဲ့ဖွဲ့ထားတဲ့ပါတီတွေ ဝုန်းကနဲဒိုင်းကနဲမဟုတ်ပေမယ့် မလွဲမသွေ ရှေ့တန်းတက်လာမှာကိုပြသခဲ့တဲ့ ဒီပါတီတွေရဲ့ ဂုရုသာသာလောက်ပဲ မြင်ကြတယ်။ ၁၉၃၀ ဆယ်စုနှစ်ကာလတွေလည်းရောက်ရော စပိန်ကလွဲပြီး၊ နောက်ဆုံး အစဉ်အလာအားဖြင့် အနက်နဲ့အနီဟာ အနီရောင်အလံထက် စစ်သွေးကြွတွေကို ပိုပြီးလှုံ့ဆော်စည်းရုံးနိုင်ခဲ့တဲ့ လာတင်အမေရိကက နိုင်ငံတွေမှာတောင် မင်းမဲ့ဝါဒဟာ ထင်ရှားတဲ့ နိုင်ငံရေးအင်အားစုအဖြစ်နဲ့ ဆက်လက်မရပ်တည်နိုင်တော့ဘူး။ (နောက်ဆုံး စပိန်မှာတောင် ပြည်တွင်းစစ်က မင်းမဲ့ဝါဒကို ဖျက်ဆီးပစ်ဖို့ ဖြစ်လာခဲ့ပြီး အဲဒီအချိန်မတိုင်ခင်ထိ နှိုင်းယှဉ်ချက်အရ မထင်ရှားလှတဲ့ ကွန်မြူနစ်တွေရဲ့ ကံဇာတာတက်ဖို့ဖြစ်လာခဲ့တယ်။) မော်စကိုကွန်မြူနစ်ဝါဒအပြင်ဘက်မှာရှိတဲ့ ဒီလိုလူမှုတော်လှန်ရေး အဖွဲ့တွေဟာ လီနင်နဲ့ အောက်တိုဘာတော်လှန်ရေးကို သူတို့ရဲ့ စံနမူနာထားစရာအဖြစ် သဘောထားခဲ့ကြပြီး ဒီအစုအဖွဲ့တွေကို ဉီးဆောင်တဲ့လူ ဒါမှမဟုတ် ဒီအစုအဖွဲ့တွေ အားကျအတုယူကြသူတွေဟာ ဂျိုးဇက်စတာလင် Joseph Stalin ဆိုဗီယက်ကွန်မြူနစ်ပါတီနဲ့ အင်တာနေရှင်နယ်မှာ သူ့အာဏာတည်ဆောက်၊ သူ့ရဲ့ ကွပ်ညှပ်မှုကို ပိုတင်းကြပ်ပြီးနောက် ပါတီလမ်းကြောင်းကနေသွေဖယ်သူတွေကို တနေ့တခြား အညှာအတာကင်းသထက်ကင်းစွာ ရှာဖွေမှုတွေလုပ်လာနေတဲ့ ကွန်မင်တန်း Comintern ကနေ သင်းကွဲလာသူ ဒါမှမဟုတ် အထုတ်ခံရတဲ့ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ ဖြစ်နေတတ်တယ်။ ဒီသင်းကွဲဘော်ရှီဗစ်တွေထဲမှာ နိုင်ငံရေးအရ အရာရောက်သူက အနည်းအကျဉ်းပဲရှိတယ်။ သင်းကွဲဘော်ရှီဗစ်တွေထဲမှာ အထင်ရှားဆုံးနဲ့ သိက္ခာအရှိဆုံးဖြစ်တဲ့ အောက်တိုဘာ တော်လှန်ရေးကိုပူးတွဲဉီးဆောင်ခဲ့သူ၊ တပ်နီတော်ကို ပြန်လည်တည်ဆောက်ခဲ့သူ၊ ပြည်ပကို ထွက်ပြေးခဲ့ရတဲ့ လီယွန်ထရော်စကီ Leon Trotsky ဟာ လက်တွေ့ကြိုးပမ်းအားထုတ်မှုအပိုင်းမှာ လုံးဝ ကျရှုံးခဲ့တယ်။ စတာလင်ဇာတ်သွင်းထားတဲ့ တတိယအင်တာနေရှင်နယ်နဲ့ ပြိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တဲ့ သူ့ရဲ့ စတုထ္ထအင်တာနေရှင်နယ် ဆိုရင်လည်း လုံးဝနီးနီး မျက်ကွယ်ပြုခံထားရတယ်။ ၁၉၄၀ မက္ကဆီကိုမှာ နေနေတုန်း စတာလင့်အမိန့်နဲ့ လုပ်ကြံသတ်ဖြတ်ခံရချိန်မှာ သူ့ရဲ့နိုင်ငံရေးအရအရေးပါမှုက ဘာမှမပြောပလောက်ဘူး။

အတိုချုပ်ရရင် လူမှုတော်လှန်ရေးသမားတယောက်ဆိုတာ လီနင်နဲ့ အောက်တိုဘာတော်လှန်ရေးရဲ့ နောက်လိုက်၊ ပြီးတော့ မော်စကိုနဲ့ညှိထားတဲ့ ကွန်မြူနစ်ပါတီတခုခုရဲ့ အဖွဲ့ဝင် ဒါမှမဟုတ် ဒီပါတီကို ထောက်ခံသူဆိုတာပဲ ဖြစ်လာတော့တယ်၊ ဂျာမနီမှာ ဟစ်တလာတက်လာပြီးနောက်မှာ ဒီပါတီတွေဟာ ဖက်ဆစ်ဆန့်ကျင်ရေးပေါ်လစီတွေကို လက်ခံကျင့်သုံးလာရာမှာ ဂိုဏ်းဂဏကွဲပြီးတသီးတသန့်စီနဲ့ ပြန့်ကြဲနေရာကနေ ပြန်ပေါ်ထွက်လာနိုင်ကြပြီး အလုပ်သမားတွေနဲ့ ပညာတတ်တွေကြားမှာလည်း ကြီးမားတဲ့ထောက်ခံမှုတွေရလာနိုင်ကြတော့ လူမှုတော်လှန်ရေးသမား ဆိုတာ လီနင်နဲ့ အောက်တိုဘာ တော်လှန်ရေးရဲ့နောက်လိုက်၊ မော်စကိုနဲ့ညှိထားတဲ့ ကွန်မြူနစ်ပါတီတခုခုရဲ့ အဖွဲ့ဝင် ဒါမှမဟုတ် ဒီပါတီကို ထောက်ခံသူဆိုတာ ပိုတောင်ထင်ရှားလာသေးတယ် (အခန်း ၅ ကိုကြည့်)။ အရင်းရှင်စနစ်ကို ဖြုတ်ချဖို့ အာသိသပြင်းတဲ့ လူငယ်တွေဟာ အစဉ်အလာထိန်းတဲ့၊ သမားရိုးကျကွန်မြူနစ်တွေ ဖြစ်လာပြီး သူတို့ဖော်ဆောင်နေတဲ့အရေးရဲ့ စရိုက်လက္ခဏာကို မော်စကိုကို ဗဟိုပြုထားတဲ့ အပြည်ပြည် ဆိုင်ရာလှုပ်ရှားမှု ရည်ညွှန်းကိုးကားပြီးဖော်ပြကြတယ်၊ တော်လှန်ရေးဆန်တဲ့အပြောင်းအလဲရဲ့ အိုင်ဒီယော်လော်ဂျီအဖြစ် အောက်တိုဘာ တော်လှန်ရေးက နေရာမှန်ပြန်ပို့ခဲ့တဲ့ မတ်ဝါဒဆိုတာလည်း အခုအခါ ဂန္တဝင်စာအုပ်ကြီးတွေကို တကမ္ဘာလုံးကို ဖြန့်ဖြူးရာ ဌာနကြီးဖြစ်လာတဲ့၊ မော်စကိုက မတ်အိန်ဂယ်လီနင် အင်စတီကျု Marx-Engels-Lenin Institute က ပို့ချတဲ့ မတ်ဝါဒကသာ မတ်ဝါဒဖြစ်လာတယ်။ အဲဒီအချိန်မှာ မြင်ရသလောက်က ကမ္ဘာ့အဖြစ်အပျက်တွေကို ရှင်းလင်းဖွင့်ဆိုတာရော၊ ပြောင်းလဲဖို့ရော နှစ်ခုစလုံးကို တပြိုင်ထဲလုပ်ဖို့ ဘယ်သူကမှ ဆန္ဒမရှိကြ၊ ဒါမှမဟုတ် မတ်ဝါဒထက် ပိုကောင်းအောင် လုပ်နိုင်မယ့်ပုံမရှိကြဘူး။ နောက်ဆုံး USSR မှာ အစဉ်အလာ သမားရိုးကျ စတာလင်ဝါဒ ပြိုကွဲပျက်စီးမှုနဲ့ မော်စကိုကို ဗဟိုပြုထားတဲ့ နိုင်ငံတကာကွန်မြူနစ်လှုပ်ရှားမှုတွေ ပြိုကွဲပျက်စီးမှုတွေကြောင့် ဘေးထုတ်ခံထားရတဲ့ အစဉ်အလာကိုဆန့်ကျင်တဲ့ လက်ဝဲအတွေးအခေါ်သမားတွေ၊ ဒီလိုဆန့်ကျင်မှုအစဉ်အလာတွေနဲ့ အဖွဲ့အစည်းတွေ လူရှေ့သူရှေ့ပြန်ရောက်လာတဲ့ ၁၉၅၆ မတိုင်ခင်ထိ ဒီအတိုင်းမပြောင်းမလဲ ဆက်ရှိနေခဲ့တယ်။ ဒီလို အပြင်ပြန်ထွက်လာကြတာတောင် သူတို့ဟာ အောက်တိုဘာရဲ့ အရိပ်ကြီးအောက်မှာ ဆက်နေနေကြရဆဲပဲ။ ၁၉၆၈ နဲ့ သူ့နောက်ပိုင်းမှာ အမြစ်လှန်ပြောင်းလဲရေးလိုလားတဲ့ ကျောင်းသားတွေကြားမှာ မတ် Marx ထက်ဘာကူနင် Bakuninတို့၊ နောက်ဆုံး နက်ချေးယဲ့ Nechaev တို့လို ပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်ရှင်သန်နေတာကို အိုင်ဒီယော်လော်ဂျီသမိုင်းဗဟုသုတ အနည်းအကျဉ်းလောက်သာ ရှိသူဘယ်သူမဆို သတိပြုမိနိုင်သော်ငြား အဲဒီကနေ မင်းမဲ့ဝါဒီသီအိုရီနဲ့ လှုပ်ရှားမှုတွေ သိသိသာသာ ပြန်နိုးထာလာတဲ့ထိတော့ ဖြစ်မလာခဲ့ဘူး။ တဘက်မှာ ၁၉၆၈ မှာ မတ်ဝါဒသီအိုရီတွေကို လေ့လာမှုနဲ့ ယေဘုယျအားဖြင့် မတ်ကိုယ်တိုင် အံ့အားတသင့်ဖြစ်သွားမယ့် ဖွင့်ဆိုရှင်းလင်းချက်တွေ မော်စကိုနဲ့ ကွန်မြူနစ် ပါတီဟောင်းတွေရဲ့ တော်လှန်ရေးဆန်သင့် သလောက်မဆန်၊ လီနင်ဝါဒဆန်သင့်သလောက်မဆန်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ စွန့်ပယ်ခံရမှုကနေ စုစည်းမိကြတဲ့ အမျိုးမျိုးသော မတ်ဝါဒီ လီနင်ဝါဒီဂိုဏ်းတွေ၊ ဂဏတွေ၊ အဖွဲ့တွေကို လေ့လာမှုတွေက ပညာရှင်တွေကြားမှာ တကယ့်ဖက်ရှင်အကြီးစားအဖြစ် ပေါ်ထွက်လာခဲ့တယ်။

ထူးဆန်းတာက ကွန်မင်တန်းက ၁၉၁၇ ကနေ၂၃ ကြားကာလက မူလတော်လှန်ရေး မဟာဗျူဟာတွေကို သိသိသာသာကြီး စွန့်လွှတ်လာချိန် ဒါမှမဟုတ် ၁၉၁၇ တုန်းက မဟာဗျူဟာနဲ့ လုံးဝကွဲပြားခြားနားတဲ့ အာဏာလွှဲပြောင်းရယူရေး မဟာဗျူဟာတွေကို ကြိုပြီးမှန်းဆလာချိန်ကျမှ (အခန်း ၅ ကိုကြည့်)ဒီလူမှုတော်လှန်ရေးဆန်တဲ့ အစဉ်အလာကို ပညာရှင်လောကက လုံးဝနီးနီး သိမ်းပိုက်ပစ်မှု ဖြစ်လာတာပဲ။ ၁၉၃၅ ကစပြီး လက်ဝဲဝေဖန်ရေးစာပေတွေမှာ မော်စကိုရဲ့လှုပ်ရှားမှုတွေဟာ မော်စကို ကိုယ်တိုင်က အလိုမရှိတော့တဲ့အတွက် တော်လှန်ရေးအခွင့်အလမ်းတွေကို ပစ်ပယ်ခဲ့၊ လက်လွှတ် ဆုံးရှုံးခဲ့၊ သစ္စာဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပဲ ပြည့်နေခဲ့တယ်။ ဗဟိုဉီးစီးစနစ်ကို ဂုဏ်ယူစွာ ကြွေးကြော်ခဲ့တဲ့ ဆိုဗီယက်ဗဟိုပြုလှုပ်ရှားမှု အတွင်းကနေစပြီး ပြိုကွဲပျက်စီးတာ မဖြစ်ခင်ထိမှာ ဒီစွပ်စွဲချက်တွေရဲ့ ကျိုးကြောင်းပြဆိုထားမှုတွေက ထိရောက်မှု အနည်းအကျဉ်းပဲရှိတယ်။ ကွန်မြူနစ်လှုပ်ရှားမှု စုစုစည်းစည်း ရှိနေသရွေ့၊ သူတို့ရဲ့ အံအားသင့်စရာကောင်းလှတဲ့ အကွဲအပြဲပီးမှုကို ဆက်ထိန်းထားနိုင်သရွေ့ ကမ္ဘာ့တော်လှန်ရေးကြီးဖြစ်ဖို့လိုတယ်ဆိုပြီး အဲဒီတုန်းက ယုံကြည်သူအများစုအတွက် တခုတည်းသော ရွေးစရာဆိုလို့ မော်စကိုကို ဗဟိုပြုထားတဲ့လှုပ်ရှားမှုပဲ ရှိတယ်။ ဒါ့အပြင် ၁၉၄၄ ကနေ ၁၉၄၉ ကြားက ကမ္ဘာ့လူမှုတော်လှန်ရေး ဒုတိယလှိုင်းကြီးမှာ အရင်းရှင်စနစ်နဲ့ လမ်းခွဲခဲ့တဲ့ နိုင်ငံတွေဟာ ဆိုဗီယက်ကို ဉီးတည်ချက်အဖြစ် သဘောထားတဲ့၊ အစဉ်အလာထိန်းတဲ့ သမားရိုးကျ ကွန်မြူနစ်ပါတီတွေရဲ ဉီးဆောင်မှုအောက်ကနေ လမ်းခွဲခဲ့ကြတာမဟုတ်ဘူးဆိုပြီး ဘယ်သူကများ ငြင်းနိုင်အုံးမလဲ။ ၁၉၅၆ နောက်ပိုင်းမတိုင်ခင်ထိ တော်လှန်ရေးလုပ်ချင်စိတ်ရှိသူတွေအတွက်က နိုင်ငံရေးနဲ့ ပုန်ကန်ထကြွရေးကို ထိထိရောက်ရောက်လုပ်မယ်ဆိုပြီး ကြွေးကြော်နေတဲ့ လှုပ်ရှားမှုတွေထဲမှာ ဟုတ္တိပတ္တိရွေးစရာက မရှိခဲ့ဘူး။ နောက်ဆုံး ဒီလှုပ်ရှားမှုတွေကတောင် နံမယ်အမျိုးမျိုးမှည့်ထားတဲ့ ထရော်စကီဝါဒ၊ မော်ဝါဒနဲ့ ၁၉၅၉ ကျူးဘားတော်လှန်ရေးကို အားကျပြီး ပေါ်လာတဲ့အဖွဲ့တွေ (အခန်း ၁၅ ကိုကြည့်)အနည်းနဲ့အများဆိုသလို လီနင်ဝါဒကနေ ဆင့်ပွားထားတဲ့ လှုပ်ရှားမှုတွေဖြစ်တယ်။ လက်ဝဲစွန်းနိုင်ငံရေးမှာ ကွန်မြူနစ်ပါတီဟောင်းတွေဟာ အကြီးဆုံးအဖွဲ့တွေအဖြစ် ဆက်ရှိနေဆဲပဲ၊ ဒါပေမယ့် အဲဒီအချိန်မှာ ကွန်မြူနစ်လှုပ်ရှားမှုဟောင်းရဲ့ အသက်သွေးကြောက ပြတ်ထွက်သွားခဲ့ပြီ။

ကမ္ဘာ့တော်လှန်ရေးဖော်ဆောင်ဖို့ လှုပ်ရှားမှုတွေရဲ့အားဟာ နှစ်ဆယ်ရာစု လူမှုအင်ဂျင်နီယာ အတတ်ပညာပိုင်းက အံမခန်းဆန်းသစ်မှုတခုဖြစ်တဲ့၊ အလယ်ခေတ် Middle Ages တုန်းက ပေါ်ထွန်းလာတဲ့ ခရစ်ယာန် ဘာသာရေးအဖွဲ့နဲ့ တခြား ဘာသာရေးအဖွဲ့တွေနဲ့ နှိုင်းယှဉ်လို့ရတဲ့၊ လီနင်ရဲ့ ပါတီပုံစံသစ်တမျိုးဖြစ်တဲ့ ကွန်မြူနစ်ပုံစံ အဖွဲ့အစည်းမှာ သွားပြီး အမှီပြုထားတယ်။ ဒီပုံစံအဖွဲ့အစည်းတွေမှာ ပါတီဟာ ပါတီဝင်တွေဆီက စစ်စည်းကမ်း စစ်တပ်ဖွဲ့စည်းပုံထက်တောင်သာတဲ့၊ သာမန်ထက်ကြီးမားတဲ့ ကြည်ညိုကိုင်းရှိုင်းမှုနဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေ၊ နောက် ပါတီရဲ့ဆုံးဖြတ်ချက်တွေအတွက် ပေးဆပ်ရမှု ဘယ်လောက်ကြီးကြီး မရရအောင် ဆောင်ရွက်မယ်ဆိုတဲ့ အကြွင်းမဲ့ မမှိတ်မသုံ ပိုင်းဖြတ်မှုတွေကို တောင်းဆိုလို့ရနိုင်တာမို့ အဖွဲ့အစည်း သေးသေးလေးတွေကိုတောင် အရွယ်နဲ့မလိုက်အောင် ကြီးမားလှတဲ့ ထိရောက်မှုမျိုး ရှိစေတယ်။ ဒီပုံစံအဖွဲ့အစည်းတွေကို ရန်လိုတဲ့အကဲခတ်တွေတောင် ဒီအချက်ကို တလေးတစား သွားသတိပြုမိကြတယ်။ဒါပေမယ့်လည်း တော်လှန်ရေးတွေ အောင်အောင်မြင်မြင် ပြီးသွားတဲ့အခါ ဒါမှမဟုတ် စစ်ဖြစ်နေတုန်းမှာ ဒီ တပ်ဉီးပါတီပုံစံက သူ့အခန်းကဏ္ဍကို သူ့ဟာသူ ပီပီပြင်ပြင်ယူနိုင်တာ ထင်ရှားလွန်းလှတယ်ဆိုပေမယ့် တော်လှန်ရေးကြီးတွေနဲ့ ဒီတော်လှန်ရေးကြီးတွေကို ဖော်ဆောင်ဖို့ ဖွဲ့ထားပြီး အခွင့်အခါသင့်ခိုက်မှာလည်း တော်လှန်ရေးကို အောင်အောင်မြင်မြင် ဖော်ဆောင်နိုင်ခဲ့တဲ့ တပ်ဉီးပါတီပုံစံတို့ရဲ့ ဆက်စပ်မှုကတော့ ရှင်းရှင်းလင်းလင်း မရှိလှဘူး။ ဘာလို့ဆို့ လီနင်ဝါဒလက်ခံကျင့်သုံးတဲ့ပါတီဆိုတာ အနှစ်သာရအားဖြင့် လက်ရွေးစဉ်လူစု (တပ်ဉီးတွေ) ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထား၊ တော်လှန်ရေးအနိုင်မရခင်မှာဆို တန်ပြန်လက်ရွေးစဉ်လူစု ‘counter-elites’ နဲ့ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပြီး တဘက်မှာတော့ လူမှုတော်လှန်ရေးဆိုတာမျိုးက ၁၉၁၇ တုန်းက ပြသခဲ့သလို လူထုကြားအဖြစ်အပျက်တွေပေါ်၊ နောက် လက်ရွေးစဉ်လူစုပဲဖြစ်ဖြစ် တန်ပြန်လက်ရွေးစဉ်လူစုပဲဖြစ်ဖြစ် ဘယ်သူမှ အပြည့်အဝ ထိန်းချုပ်လို့မရတဲ့ အခြေအနေတွေပေါ် မူတည်နေတဲ့အတွက်ပဲ။ ဖြစ်ချင်တော့လည်း လီနင့်ပုံစံက ထိပ်တန်းအလွှာဟောင်းထဲက လူငယ်ပိုင်းကို၊ အထူးသဖြင့် တတိယကမ္ဘာ Third World မှာ ထိပ်တန်းအလွှာက လူငယ်ပိုင်းကို ကြီးကြီးမားမား စွဲဆောင်ခဲ့ပြီး ဒီပါတီတွေဟာ အလုပ်သမားလူတန်းစားစစ်စစ်ရဲ့အရေးကို သတ္တိရှိရှိနဲ့ အောင်မြင်သင့်သလောက် အောင်မြင်အောင် မြှင့်တင်နေတဲ့ကြားကကို ဒီလူငယ်တွေဟာ ဒီပါတီတွေကို အပြုံလိုက် ဝင်ရောက်ကြတယ်။ ၁၉၃၀ ဆယ်စုနှစ်တွေမှာ ဘရာဇီးမှာ ကွန်မြူနစ်ဝါဒ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့လာနိုင်မှုမှာ အဓိကက လူနည်းစုအုပ်ချုပ်တဲ့ အစိုးရအဖွဲ့ထဲ အဖွဲ့ဝင်အဖြစ်ပါတဲ့ မြေရှင်မိသားစုတွေက ဆင်းသက်လာတဲ့ လူငယ်ပညာတတ်တွေနဲ့ လူငယ်စစ်ဗိုလ်တွေ ကွန်မြူနစ်ဖြစ်လာကြတဲ့အတွက်ပဲ (မာတင် ရိုဒရီးဂွက် Martin Rodriguez၊ ၁၉၈၄၊ စာ ၃၉၀ ၉၇)

တဘက်မှာ တကယ့် လူထုရဲ့ ခံစားမှုတွေ (တခါတခါ အဲဒီလူထုထဲမှာ တပ်ဉီးကို ထောက်ခံသူတွေလည်း ပါနေတတ်တယ်)နဲ့ သူတို့ခေါင်းဆောင်တွေရဲ့ အယူအဆတွေဟာ မကြာခဏဆိုသလို အထူးသဖြင့် တကယ့် လူထုအုံကြွပုန်ကန်မှုကြီးတွေဖြစ်ချိန်မှာ တခြားစီဖြစ်နေတတ်တယ်။ ဒီအတွက်ကြောင့်ပဲ စပိန်မှာ ၁၉၃၆ ဇူလိုင်မှာ ဗိုလ်ချုပ်ကြီးတွေက ပေါ်ပြူလာတပ်ဉီး Popular Front အစိုးရကို ပုန်ကန်မှုကနေ စပိန်က တခြားဒေသကြီးတွေမှာ လူမှုတော်လှန်ရေးတွေ ချက်ချင်း ပေါ်ပေါက်ခဲ့တယ်။ အဲဒီမှာ စစ်သွေးကြွတွေ အထူးသဖြင့် မင်းမဲ့ဝါဒီတွေက ထုတ်လုပ်ရေး ပရိဘောဂတွေကို စုပေါင်းပိုင်ဆိုင်မှုအောက်မှာထားဖို့ လုပ်လာတာဟာ အံ့အားသင့်စရာ မရှိတော့ဘူး၊ နောက်ပိုင်းမှာ ကွန်မြူနစ်ပါတီနဲ့ ဗဟိုအစိုးရက ဒီလိုလုပ်တာကို ဆန့်ကျင်ပြီး ဖြစ်နိုင်ရင် ဒီလို စုပေါင်းပိုင်ဆိုင်မှုအောက်မှာ ထားဖို့ကြိုးစားတဲ့လုပ်ရပ်ကို ပြောင်းပြန်ဖြစ်အောင် ပြန်လုပ်ခဲ့ပြီး ဒီလိုလုပ်ခဲ့ခြင်းရဲ့ အကျိုးအပြစ်ကို နိုင်ငံရေးနဲ့ သမိုင်းစာတမ်းတွေမှာ ဆက်ဆွေးနွေးနေကြဆဲပဲ။ သို့သော်လည်း တဘက်မှာ ဗိုလ်ချုပ်ကြီးတွေ ပုန်ကန်တဲ့ အဖြစ်အပျက်က ခရစ်ယာန်ဘာသာရေး ဆင်းတုတော်ဖျက်ဆီးရေးဝါဒနဲ့ ဘုန်းကြီးတွေ သတ်ဖြတ်မှု လှိုင်းလုံးကြီးတခုကို ပေါ်ထွက်လာစေခဲ့တယ်၊ ၁၈၃၅ မှာ စိတ်တိုင်းကျစရာမကောင်းတဲ့ နွားရိုင်းသတ်ပွဲကို အကြောင်းပြုပြီး ဘာစီလိုနာနိုင်ငံသားတွေက ဘုရားရှိခိုးကျောင်းတွေကို မီးရှို့ဖျက်စီးပစ်တဲ့ အဓိကရုဏ်းကအစပြုပြီး ဒီလို လုပ်ရပ်မျိုးတွေဟာ စပိန်က လူထုအုံကြွမှုတွေရဲ့ အစိတ်အပိုင်းတခုအဖြစ် ပါဝင်လာချိန်ကစပြီး ပြောခဲ့တဲ့ ဘာသာရေးသင်္ကေတတွေ ဖျက်စီးမှုနဲ့ ဘုန်းကြီးသတ်ဖြတ်မှု အဓိကရုဏ်းဟာ အကြီးမားဆုံး အဓိကရုဏ်းပဲ။ သာသနာရေးဝန်ထမ်း ခုနှစ်ထောင်လောက် တနိုင်ငံလုံးက ဘုန်းကြီးစုစုပေါင်းရဲ့ ၁၂ ၁၃ ရာခိုင်နှုန်းလောက်၊ သီလရင်အရေအတွက်တော့ မပြောပလောက် အသတ်ခံခဲ့ရပြီး ကက်တလိုးနီးယား Catalonia က (ဂရောနား Gerona)ဘုန်းကြီးကျောင်းတကျောင်းထဲမှာ ဆင်းတုနဲ့ ရုပ်ပုံကားချပ် ခြောက်ထောင်ကျော် ဖျက်ဆီးခံခဲ့ရတယ် (ဟယူးသောမတ် Hugh Thomas၊ ၁၉၇၇၊ စာ ၂၇၀ ၇၁၊ အမ် ဒယ်ဂါးဒို M Delgado၊ ၁၉၉၂၊ စာ ၅၆)

အခုလို ကြောက်မက်ဖွယ်ကောင်းလှတဲ့ အဖြစ်အပျက်နဲ့ပတ်သက်ပြီး သေချာပေါက် ပြောနိုင်တာ နှစ်ခုရှိတယ်၊ စပိန်က လက်ဝဲတော်လှန်ရေး အင်အားစုတွေက ဒီအင်အားစုတွေထဲမှာ နံမယ်ဆိုးနဲ့ ကျော်ကြားလှတဲ့ ဘုန်းကြီးမုန်းတဲ့ မင်းမဲ့ဝါဒီတွေပါဝင်ပြီး သူတို့ကိုယ်တိုင်က ဘာသာရေးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူတွေဖြစ်ပေမယ့် ဒီဆင်းတုတော်တွေ၊ ဘာသာရေးသင်္ကေတတွေ ဖျက်ဆီးတာကို ရှုံ့ချကြတယ်၊ နောက်တခုကတော့ ဒီလုပ်ရပ်ကို ကျူးလွန်သူတွေနဲ့ ဘေးကရပ်ကြည့်နေကြသူတွေအတွက်က တော်လှန်ရေးဆိုတာ တခြားအရာတွေဆိုတာထက် ဒါ ကိုခေါ်တာပဲလို့ နားလည်လိုက်ကြတယ်၊ တော်လှန်ရေးဆိုတာ လူ့အဖွဲ့အစည်းထဲက လူအချင်းချင်း ဆက်ဆံရေးတွေတင်မက၊ ဒီအသိုက်အမြုံထဲ လက်ခံထားတဲ့ စံနှုန်းစံထားတွေအားလုံး ယာယီ အပေါ်ယံသက်သက် မဟုတ်ဘဲ ရာသက်ပန်ပြောင်းသွားတာမျိုး (အမ် ဒယ်ဂါးဒို M Delgado ၁၉၉၂၊ စာ ၅၂ ၅၃) ကို ခေါ်တာပဲဆိုပြီး နားလည်လိုက်ကြတယ်။ ခေါင်းဆောင်တွေအတွက်က ဘုန်းကြီးတွေမဟုတ်ဘဲ အရင်းရှင်တွေကသာ သူတို့ရဲ့အဓိကရန်သူဆိုပြီး ပြောလို့ရသလို တကယ်လည်း အဲဒီလိုပဲ တောက်လျှောက် ပြောခဲ့ကြပေမယ့် အောက်ခြေလူထုရဲ့ အသွေးထဲအသားထဲမှာတော့ ခေါင်းဆောင်တွေ သဘောထားသလို မထားခဲ့ကြဘူး။ (အိုင်ဘီးရီးယန်း Iberian လောက် ကြမ်းကြမ်းတမ်းတမ်း၊ ကျားကျားလျားလျား မရှိလှတဲ့ လူ့အဖွဲ့အစည်းမျိုးက လူထုနိုင်ငံရေးက ဒီလောက်အတိုင်းအတာထိ သတ်ဖြတ် ဖျက်ဆီးတာမျိုး ဖြစ်မဖြစ်ဆိုတဲ့ မေးခွန်းက မဖြစ်ခဲ့တာကို ဖြစ်ခဲ့သလို စိတ်ကူးယဉ်ကြည့်ပြီး မေးတဲ့ မေးခွန်းပဲ၊ ဒါပေမယ့် ဒီဖြစ်ရပ်တွေပေါ် အမျိုးသမီးတွေရဲ့ သဘောထားနဲ့ ပတ်သက်ပြီး လေးလေးနက်နက် သုတေသနလုပ်ကြည့်ရင် ဒီမေးခွန်းရဲ့ အဖြေကို တစိတ်တပိုင်းလောက်တော့ သိချင်သိနိုင်မှာပဲ။)

ဒါပေမယ့်လည်း လမ်းပေါ်ကလူတွေကို (မိန်းမတွေလည်း သူတို့ကို ပေးပါတဲ့ အတိုင်းအတာအလျောက် အပါအဝင်) သူတို့ဘာသာ သူတို့မီးစင်ကြည့်ကကြဖို့ထိ ဖြစ်လာစေတဲ့ နိုင်ငံရေးစနစ်နဲ့ အုပ်ချုပ်မှုအာဏာ ဖွဲ့စည်းပုံတွေ ရုတ်တရက်ကြီး အငွေ့ပျံပျောက်ကွယ်သွားတဲ့ ဒီလိုတော်လှန်ရေးမျိုးက နှစ်ဆယ်ရာစုထဲမှာ ဖြစ်တောင့်ဖြစ်ခဲ့ အဖြစ်အပျက်ဆိုတာ တွေ့ခဲ့ရတယ်။ အုပ်ချုပ်မှု ရုတ်တရက်ကြီး လုံးဝပြိုပျက်သွားတာနဲ့ အနီးစပ်ဆုံးတူတဲ့ သာဓကတခုဖြစ်တဲ့ ၁၉၇၉ အီရန်တော်လှန်ရေးလို အဖြစ်အပျက်ကတောင် ရှားဘုရင် Shah ကို ဆန့်ကျင်ရာမှာ တီဟီရန်က လူထုအုံကြွမှုကြီးဟာ အံ့အားသင့်စရာ ကောင်းလောက်အောင် တညီတညွတ်ထဲရှိလှပြီး အဖြစ်အပျက် အတော်များများဟာ သူ့အလိုအလျောက် ဖြစ်သွားခဲ့တာမျိုးကလွဲပြီး ကျန်တာမဖြစ်နိုင်ဘူးလို့ ဆိုနိုင်ပေမယ့်လည်း လုံးဝပြင်ဆင်မထားဘဲ ဖြစ်သွားတာမျိုးတော့ မဟုတ်ဘူး။ အီရန်က ဘာသာရေးဝါဒ Iranian clericalism ဖွဲ့စည်းပုံကျေးဇူးနဲ့ အုပ်ချုပ်မှုပုံစံအသစ်ဟာ ပုံစံအပြည့်အဝ ချက်ချင်း ပေါ်မလာသေးသော်လည်း အုပ်ချုပ်မှုပုံစံ အဟောင်းထဲမှာ ရှိနှင့်ပြီးသား ဖြစ်နေခဲ့တယ် (အခန်း ၁၅ ကိုကြည့်)

တကယ်တမ်းမှာလည်း တိုတောင်းလှတဲ့နှစ်ဆယ်ရာစုထဲက အောက်တိုဘာတော်လှန်ရေးနောက်ပိုင်း တွေ့ရတတ်တဲ့ တော်လှန်ရေးမျိုးဟာ တော်လှန်ရေးဖြစ်ပွားရာ ပတ်ဝန်းကျင်တဝိုက်မှာ အုံကြွပေါက်ကွဲတာမျိုးလောက်ကလွဲလို့ အားလုံး နီးနီးလောက်ဟာ မြို့တော်ကိုသိမ်းပိုက်တဲ့ (အားလုံးလိုလိုလောက်က စစ်တပ်ရဲ့) အာဏာသိမ်းမှုနဲ့ စရင်စ၊ မဟုတ်ရင် ကာလရှည်ကြာတဲ့ ကျေးလက်ဒေသ လက်နက်ကိုင်တော်လှန်ရေးရဲ့ အပြီးသတ်ရလာဒ်အဖြစ်နဲ့ ပေါ်ထွက်လာတဲ့ တော်လှန်ရေးမျိုးတွေချည်းပဲ။ အကပ်မရှိတဲ့၊ မချမ်းသာတဲ့ မိသားစုက ပေါက်ဖွားလာပြီး လုပ်ရည်ကိုင်ရည်ရှိ၊ ပညာလည်းတတ်တဲ့ လူငယ်လူရွယ်တွေအတွက် စစ်သည်စစ်သားအလုပ်ဟာ မက်လောက်စရာအလုပ်အကိုင်မျိုး ဖြစ်နေတတ်တဲ့ ဆင်းရဲပြီး ခေတ်နောက်ကျတဲ့ နိုင်ငံတွေမှာ လက်ဝဲဝါဒဘက် ပင်းချင်ချင် ဖြစ်နေတဲ့၊ အမြစ်လှန် ပြောင်းလဲရေးကို စာနာစိတ်ဝင်မိတဲ့ အငယ်တန်းအရာရှိတွေ ဒီထဲမှာ ကော်မရှင်စားမဟုတ်တဲ့အရာရှိတွေ မပါသလောက်ပဲ ကို တွေ့ရလေ့ရှိတာမို့ ဒီလိုအာဏာသိမ်းမှုမျိုးကို အီဂျစ် (၁၉၅၂ လွတ်လပ်တဲ့အရာရှိ တော်လှန်ရေး Free Officer revolution) နဲ့တခြား အရှေ့အလယ်ပိုင်းက နိုင်ငံတွေ (၁၉၅၈ အီရတ်မှာ၊ ၁၉၅၀ ဆယ်စုနှစ်ကာလတွေက စပြီး အကြိမ်ကြိမ်တွေ့ရတဲ့ ဆီရီးယားမှာ၊ နောက် ၁၉၆၉ လစ်ဗျားမှာ) မှာ ယေဘုယျအားဖြင့် တွေ့ရတတ်တယ်။ လာတင်အမေရိကတိုက်က တော်လှန်ရေး သမိုင်းစာမျက်နှာတွေမှာလည်း စစ်သည်စစ်သားတွေဟာ ကဏ္ဍတခုအဖြစ် ပါရှိတယ်၊ ဒါပေမယ့် အဲဒီမှာ လက်ဝဲအရေးကိုရည်စူးပြီး အာဏာသိမ်းတာမျိုးက မရှိသလောက်ရှားတယ်။ တဘက်မှာ အကဲခပ်အများစု အံ့အားတသင့်ဖြစ်သွားကြတာကတော့ တဆုတ်ထဲ ဆုတ်နေရတဲ့ ကိုလိုနီဝါဒကို အကာအကွယ်ပေးနေရတဲ့၊ အတောမသတ်နိုင်တဲ့ စစ်ပွဲတွေကို အယုံအကြည်မရှိဖြစ်လာပြီး ဒီစစ်ပွဲတွေကြောင့် အမြစ်လှန် ပြောင်းလဲရေးကို လိုလားလာတဲ့ လူငယ်အရာရှိတွေက အဲဒီအချိန်က ကမ္ဘာမှာ သက်တမ်းအရှည်ကြာဆုံး လက်ျာအစိုးရအဖြစ်နဲ့ အုပ်ချုပ်နေတဲ့ အစိုးရကို ဖြုတ်ချပစ်လိုက်တဲ့ ၁၉၇၄ က ပေါ်တူဂီက ဇော်မွှားပန်းတော်လှန်ရေးပဲ revolution of carnations in Portugal။ ဒါပေမယ့် ဥရောပဘုံအဖွဲ့ European Community စိတ်အေးဖို့ ဖြစ်ချင်တော့ မြေအောက်ကနေ ထွက်လာတဲ့ အားကောင်းတဲ့ ကွန်မြူနစ်ပါတီနဲ့ အမြစ်လှန် ပြောင်းလဲရေး လိုလားတဲ့ အမျိုးမျိုးသော မတ်ဝါဒီအဖွဲ့တွေ မဟာမိတ်ပြုထားတဲ့ အဖွဲ့ဟာ ခဏနေတော့ ပြိုကွဲပြီး ပေါ်တူဂီလည်း သိပ်မကြာခင်မှာဘဲ ဥရောပဘုံအဖွဲ့ထဲ ဝင်ရောက်လာခဲ့တော့တယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာကျတော့ စစ်တပ်ထဲ အချင်းချင်းဆက်ဆံမှုပုံစံ၊ အယူဝါဒရေးရာအစဉ်အလာနဲ့ စစ်တပ်နဲ့ဆိုင်တဲ့ နိုင်ငံရေး အခန်းကဏ္ဍတွေက နိုင်ငံရေးစိတ်ဝင်စားတဲ့ စစ်သည်စစ်သားကို လက်ျာယိမ်းဖို့ ဖြစ်လာစေတယ်။ ကွန်မြူနစ်တွေ၊ ကွန်မြူနစ် မပြောနဲ့ ဆိုရှယ်လစ်တွေနဲ့တောင် မဟာမိတ်ပြုပြီး အာဏာသိမ်းတာမျိုးက သူတို့ လုပ်ရိုးထုံးစံမဟုတ်ဘူး။ ဒါပေမယ့် ပြင်သစ်အင်ပိုင်ယာထဲက လွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာကျတော့ ပြင်သစ်ရဲ့ ကိုလိုနီနိုင်ငံတွေမှာ ကြီးပြင်းတဲ့ ဒေသခံတိုင်းရင်းသားတပ်က စစ်သားဟောင်းတွေဟာ သူတို့ထဲမှာ အများစုက အရာရှိမဖြစ်ဖူးကြဘူးအထင်ကရ အပိုင်းကနေ (အထူးသဖြင့် အယ်ဂျီးရီးယား) ပါဝင်လာခဲ့ကြတယ်။ ဒုတိယကမ္ဘာစစ်တွင်းနဲ့ စစ်ပြီးနောက်ပိုင်း သူတို့ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံက စိတ်တိုင်းကျစရာ မကောင်းဘူး၊ ဒါကလည်း ထုံစံအတိုင်း ကိုလိုနီစစ်တပ်ထဲ ခွဲခြားဆက်ဆံခံရရုံမက ဒဂေါရဲ့ ပြင်သစ်လွတ်မြောက်ရေးအင်အားစု de Gaulle’s Free France ထဲမှာ ဂေါအဖွဲ့ထဲကမဟုတ်တဲ့လူ non-Gallic members တွေ အလျင်အမြန် ဘေးထုတ်ခံခဲ့ရသလို ကိုလိုနီနိုင်ငံတွေက ဒေသခံစစ်သားတွေဟာလည်း ပြင်သစ်နိုင်ငံထဲ လက်နက်ကိုင်ဆန့်ကျင်ရေး လုပ်နေတဲ့ အင်အားစုတွေထဲကနေ အလျင်အမြန် ဘေးထုတ်ခံခဲ့ရလို့ပဲ။

နာဇီလက်အောက်ကလွတ်မြောက်ပြီးနောက် အောင်မြင်မှုအထိမ်းအမှတ်နဲ့ပြုလုပ်တဲ့ ပြင်သစ်အစိုးရရဲ့ စစ်ရေးပြ အခမ်းအနားမှာ ဂုဏ်ပြုခံချီတက်ခဲ့တဲ့ ပြင်သစ်လွတ်မြောက်ရေးတပ် Free French က ဂေါဝါဒီတွေရဲ့ Gaullist တိုက်ပွဲတွေကို တကယ်တမ်းအနိုင်ရအောင် တိုက်ပေးခဲ့တဲ့ လွတ်မြောက်ရေးတပ်ထက် အများကြီး ပိုဖြူတယ်။ သို့သော်လည်း ဂျပန်လက်အောက်က အိန္ဒိယအမျိုးသားတပ်မတော် Indian National Army ထဲ ဝင်ရောက်ကြတဲ့ အိန္ဒိယစစ်သား ငါးသောင်းလောက်ကို ထည့်စဉ်းစားရင်တောင် ခြုံပြီးကြည့်မယ်ဆိုရင် ဧကရာဇ်နိုင်ငံကြီးတွေရဲ့ ကိုလိုနီတွေမှာ တကယ်တမ်း ဒေသခံတိုင်းရင်းသားအရာရှိတွေနဲ့တောင် ဖွဲ့စည်းထားတဲ့ ကိုလိုနီစစ်တပ်တွေက ဒီနိုင်ငံကြီးတွေကို သစ္စာစောင့်သိခဲ့ ဒါမှမဟုတ် နိုင်ငံရေးနဲ့ မပတ်သက်ဘဲ နေခဲ့တယ် (အမ် အက်ခန်ဘတ်M. Echenberg ၁၉၉၂၊ စာ ၁၄၁ ၄၅၊ အမ် ဘာဂဝါ M. Barghava နဲ့ အေ ဆင်း ဂီးလA. Singh Gill၊ ၁၉၈၈ စာ ၁၀၊ တီ အာ ဆာရီးT. R. Sareen၊ ၁၉၈၈၊ စာ ၂၀ – 21)

ရေရှည်ပျောက်ကြားစစ်နဲ့ တော်လှန်ရေးလမ်းကို လျှောက်တဲ့နည်းကိုတော့ နှစ်ဆယ်ရာစုထဲက လူမှုတော်လှန်ရေးသမားတွေ အတော်လေး နောက်ကျပြီးမှ ရှာတွေ့တယ်၊ ဒါကလည်း သမိုင်းပြန်ကြည့်ရင် အနှစ်သာရအားဖြင့် ကျေးလက်ပုံစံပေါက်တဲ့ အခုလိုလှုပ်ရှားမှုမျိုးဟာ ခေတ်ဟောင်းက အယူအဆတွေကို ပြန်အသက်သွင်းဖို့ ကြိုးစားတဲ့လှုပ်ရှားမှုတွေနဲ့ ကြီးကြီးမားမား ဆက်စပ်နေလေ့ရှိပြီး၊ ဒီလိုလှုပ်ရှားမှုတွေကို မြို့နေလူတန်းစားက ရှေးဆန်တဲ့အယူဝါဒ၊ တချို့ဆို တန်ပြန်တော်လှန်ရေးနဲ့ ခေတ်နောက်ပြန်ဆွဲမှုတွေနဲ့ အလွယ်တကူ သွားရောမိတတ်လို့ပဲ။ သမိုင်းပြန်ကြည့်ရင် ပြင်သစ်တော်လှန်ရေးနဲ့ နပိုလီယံခေတ်တုန်းက အင်အားကောင်းခဲ့တဲ့ ပျောက်ကြားစစ်ပွဲတွေဟာ ပြင်သစ်နိုင်ငံနဲ့ ပြင်သစ်တော်လှန်ရေးရဲ့ အဓိကအရေးကို မထောက်ခံခဲ့ဘဲ ဆန့်ကျင်ခဲ့တာသာ မဟုတ်လား။ ပျောက်ကြားဆိုတဲ့ ဝေါဟာရကိုယ်နှိုက်က ၁၉၅၉ ကျူးဘားတော်လှန်ရေးမတိုင်ခင်ထိ မတ်ဝါဒီတွေရဲ့ ဝေါဟာရတွေထဲ ပါမလာသေးဘူး။ ရုသျှပြည်တွင်းစစ်မှာ ပုံမှန်ရော၊ ပုံမှန်မဟုတ်တဲ့စစ်ပါ ဆင်နွှဲခဲ့တဲ့ ဘော်ရှီဗစ်တွေက ပါတစ်ဆန်‘ partisan ဆိုတဲ့ ဝေါဟာရကိုသုံးပြီး ဒုတိယကမ္ဘာစစ်လည်းကျရော ဆိုဗီယက်တွေကို အားကျတဲ့ ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါတစ်ဆန်ဆိုတဲ့ အသုံးအနှုန်းက စံ ဖြစ်လာတယ်။ တဘက်မှာ စပိန် ပြည်တွင်းစစ်အတွင်း ဖရန်ကို Franco တပ်တွေ သိမ်းပိုက်ထားတဲ့ သမ္မတစနစ်လိုလားသူတွေရဲ့ နယ်မြေတွေမှာ ပျောက်ကြားစစ်ဆင်ရေးမျိုးကို ဖော်ဆောင်နိုင်တဲ့ အနေအထား ကောင်းကောင်းရှိခဲ့ပေမယ့်လည်း ပျောက်ကြားစစ်ဆင်ရေးက စပိန် ပြည်တွင်းစစ်မှာ ဘယ်အခန်းကဏ္ဍကမှ မပါခဲ့တာ နောက်ကြောင်းပြန်ကြည့်တဲ့အခါ အံ့အားသင့်စရာကောင်းတယ်။ နောက်တခါ ဒုတိယကမ္ဘာစစ် အပြီးမှာ အတော်လေးအရေးပါတဲ့ ပျောက်ကြားတပ်ဖွဲ့တွေကို ပါတီအပြင်ဘက်မှာ ကွန်မြူနစ်တွေ စုစည်း ဖော်ဆောင်ကြည့်တာမျိုး တကယ်ကို ရှိခဲ့တယ်။ ဒါပေမယ့်လည်း ပထမကမ္ဘာစစ် မတိုင်ခင်မှာတော့ တော်လှန်ရေး ဖန်တီးမယ့်သူတွေရဲ့ လက်နက်ကိရိယာအိတ်ထဲမှာ ပျောက်ကြားစစ်ဆိုတာ ရှိကိုမရှိခဲ့ဘူး။

ချန်ကေရှိတ်ခေါင်းဆောင်မှုအောက်က ကူမင်တန်က ၁၉၂၇ မှာ သူတို့နဲ့ အရင်ကမဟာမိတ်ဖြစ်ခဲ့တဲ့ ကွန်မြူနစ်တွေဘက် သေနတ်ပြောင်းလှည့်ပြီးနောက်မှာ၊ တခါ တရုတ်ပြည်က မြို့ကြီးတွေမှာ (ကွမ်တုံး Canton၁၉၂၇) ကွန်မြူနစ် အုံကြွမှုတွေ မရှုမလှ အရေးနိမ့်ပြီးနောက်မှာ ကွန်မြူနစ်ခေါင်းဆောင်တချို့ (အကုန်လုံးတော့မဟုတ်) နည်းဗျူဟာသစ်တခုကို စွန့်စားတီထွင်လိုက်တဲ့ တရုတ်ပြည်ကတော့ ဒီနေရာမှာ ခြွင်းချက်ပေါ့။ ဒီနည်းဗျူဟာသစ်ကို လူထောက်ခံမှုရအောင် အဓိက စပြီးလုပ်ဆောင်ခဲ့သူ နောက်ဆုံး ဒီနည်းဗျူဟာသစ်နဲ့ပဲ ကွန်မြူနစ်တရုတ်ပြည်ရဲ့ ခေါင်းဆောင်ဖြစ်လာမယ့် မော်စီတုန်းဟာ ဆယ့်ငါးနှစ်ကြာ တော်လှန်ရေးလုပ်လာပြီးနောက်မှာ တရုတ်ပြည်ကြီးရဲ့ ဒေသကြီးတွေဟာ ဗဟိုအုပ်ချုပ်ရေးစနစ်ရဲ့ ထိထိရောက်ရောက် ချုပ်ကိုင်နိုင်မှု အပြင်ဘက် ရောက်နေတာကို သဘောပေါက်လာရုံမက၊ ဂန္တဝင် တရုတ်တောပုန်းဝထ္ထုဖြစ်တဲ့ The Water Margin ကို ဆည်းကပ်ကြည်ညိုသူပီပီ ပျောက်ကြားနည်းပရိယာယ်ဆိုတာ တကယ်တော့ တရုတ်လူ့အဖွဲ့အစည်းထဲက ပဋိပက္ခတွေမှာ ဟိုးအစဉ်အဆက်ထဲက အစိတ်အပိုင်းတခုအဖြစ်နဲ့ ပါနေတာကိုပါ သဘောပေါက်လာခဲ့တယ်။ ၁၉၂၇ မှာ ကျန်းစိKiangsi တောင်တန်းဒေသတွေမှာ မော်စီတုန်းရဲ့ ပထမဆုံး လွတ်မြောက်ရေး ပျောက်ကြားဇုံ တည်ထောင်မှုနဲ့ မော်စီတုန်းကိုယ်တိုင် ၁၉၁၇ လူငယ်ဘဝမှာတုန်းက အားကျခဲ့ပြီး သူ့ကျောင်းနေဘက်တွေကိုလည်း အတုခိုးဖို့ တိုက်တွန်းခဲ့တဲ့ Water Margin ဝထ္ထုထဲက သူရဲကောင်းတွေရဲ့ တောင်တွေမှာ ခံတပ်စခန်းတည်ဆောက်မှုနှစ်ခုရဲ့ ဆင်တူပုံကို တရုတ် ဂန္တဝင်စာပေတွေကို သင်ယူလေ့လာဖူးသူ ဘယ်သူမဆို သတိမပြုမိဘဲနေမှာ မဟုတ်ဘူး (ရှရမ်း Schram၊ ၁၉၆၆၊ စာ ၄၃၄၄)

တရုတ်နည်းဗျူဟာက သတ္တိအရာမှာ ပြောင်မြောက်ပြီး၊ အားကျစရာ ကောင်းပင်ကောင်းသော်ငြား ခေတ်မှီဆက်ဆံရေးစနစ်တွေနဲ့ အလုပ်လုပ်နေတဲ့နိုင်ငံတွေနဲ့ ကိုယ့်နယ်မြေအားလုံးကို ဘယ်လောက်ဝေးဝေး၊ သွားရလာရ ဘယ်လောက်ခက်ခက်၊ စီမံခန့်ခွဲအုပ်ချုပ်နေကျ ဖြစ်နေတဲ့ အစိုးရတွေနဲ့တော့ သင့်တော်ပုံမရဘူး။ တရုတ်ပြည်မှာတောင် ရေတိုမှာ ဒီနည်းက အောင်မြင်မှု မရခဲ့ဘူး၊ အမျိုးသားအစိုးရရဲ့ မြောက်မြားလှတဲ့စစ်ဆင်ရေးတွေအပြီး ၁၉၃၄ မှာ ကွန်မြူနစ်တွေဟာ နိုင်ငံတွင်းက အဓိကဒေသတွေမှာရှိတဲ့ သူတို့ရဲ့လွတ်လပ်တဲ့ ဆိုဗီယက်နယ်မြေတွေကို စွန့်လွှတ်ခဲ့ရပြီး တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ဝေးလံပြီး လူနေကျဲတဲ့ နယ်စပ်ဒေသတွေကို ဂန္တဝင်ခရီးရှည်ချီတက်ပွဲနဲ့ ဆုတ်ခွာခဲ့ရတယ်။

ဘရာဇီးက သူပုန်စစ်ဗိုလ် လူးဝစ်ကားလို့ပရက်တက် ၁၉၂၀ ဆယ်စုနှစ်ရဲ့ နောက်ပိုင်းနှစ်တွေမှာ တောနက်တွေထဲ လှည့်လည်သွားလာနေရာကနေ ကွန်မြူနစ်ဖြစ်လာပြီးနောက်မှာ ထင်ရှားပြီးအရေးပါတဲ့ ဘယ်လက်ဝဲအဖွဲ့ကမှ တခြားဘယ်ဒေသမှာမှ ပျောက်ကြားနည်းကို သုံးတာ မရှိခဲ့ဘူး၊ ဒါကလည်း နှစ်ငါးဆယ်အကြာမှာ ဆန်ဒစ်နစ်စတန် Sandisnistan တော်လှန်ရေးကို စေ့ဆော်မှုပေးခဲ့တဲ့ နီကရာဂွါNicaragua (၁၉၂၇၃၃) က ဗိုလ်ချုပ်ကြီး စီဆာ သြဂတ်စတို ဆာဒီးနိုCesar Augusto Sardino ရဲ့ အမေရိကန် ကမ်းတက်တပ်သားတွေကို တိုက်ခိုက်မှုကို ထည့်မတွက်ဘူးဆိုရင်ပေါ့လေ။ (ဒါတောင်မှလည်း ကွန်မြူနစ် အင်တာနေရှယ်နယ်က နံမယ်ကြီး ဘရာဇီး တောပုန်းကြီး၊ ထောင်နဲ့ချီတဲ့အိပ်ဆောင်အရွယ်စာအုပ်တွေထဲကသူရဲကောင်း လမ်းပြောင် Lampiao ကို ဘယ်လိုမှ မဖြစ်နိုင်တဲ့ ပျောက်ကြားအဖြစ် ပုံဖော်ဖို့ ကြိုးစားကြည့်သေးတယ်။) မော်ကိုယ်တိုင်တောင် ကျူးဘားတော်လှန်ရေး မတိုင်ခင်ထိ တော်လှန်ရေးသမားတွေရဲ့ လမ်းပြကြယ်ဖြစ်မလာသေး။

သို့သော်လည်း ဒုတိယကမ္ဘာစစ်မှာ ဆိုဗီယက်ယူနီယံရဲ့ ဥရောပဘက်ခြမ်းက အစိတ်အပိုင်းကြီးတွေ အပါအဝင် ဥရောပကုန်းမြေအများစုကို ဟစ်တလာရဲ့ ဂျာမနီနဲ့ သူ့မဟာမိတ်တွေ သိမ်းပိုက်ထားမှုကို ဆန့်ကျင်တိုက်ထုတ်ဖို့ လိုအပ်လာမှုက ပျောက်ကြားစစ်နဲ့ တော်လှန်ရေးလမ်းကိုလျှောက်ဖို့ကို ယေဘုယျအားဖြင့်ရော အရေးတကြီးပါ စဉ်းစားလာရတယ်။ ဟစ်တလာရဲ့ USSR ကို တိုက်ခိုက်မှုက အမျိုးမျိုးသား ကွန်မြူနစ်လှုပ်ရှားမှုတွေကို စုစုစည်းစည်းနဲ့ လှုပ်ရှားလာစေပြီးနောက်မှာ ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ အထူးသဖြင့် လက်နက်ကိုင် ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အားနဲ့အင်နဲ့ ဖွံ့ဖြိုးလာခဲ့တယ်။ နောက်ဆုံး ဒေသတွင်းက ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေရဲ့ အသီးသီး အသက ဝိုင်းဝန်းကြိုးပမ်းမှုနဲ့ ဂျာမန်စစ်တပ်ကို အနိုင်ရပြီးတဲ့နောက်မှာ (အခန်း ၅ ကိုကြည့်) ဥရောပက ဖက်ဆစ်အစိုးရတွေနဲ့ ဖက်ဆစ်တွေသိမ်းပိုက်ထားတဲ့ နိုင်ငံတွေက အစိုးရတွေ ပြိုကွဲသွားတော့တယ်၊ အဲဒီနောက်မှာလက်နက်ကိုင်ဆန့်ကျင်တွန်းလှန်မှုကို အထိရောက်ဆုံးလုပ်ဆောင်နိုင်ခဲ့တဲ့ နိုင်ငံတွေမှာ (ယူဂိုစလားဗီးယား၊ အယ်ဘေးနီးယားနဲ့ ဗြိတိန်နဲ့ နောက်ဆုံးမှာ US ရဲ့ စစ်ရေးအထောက်အပံ့ကြောင့်သာ လက်နက်ကိုင် တော်လှန်ရေးလုပ်ဖြစ်ခဲ့တဲ့ဂရိ) ကွန်မြူနစ်အုပ်ထိန်းမှုအောက်မှာရှိနေတဲ့ လူမှုတော်လှန်ရေးအစိုးရတွေ social-revolutionary regimes တက်လာတယ်။ အီတလီမှာလည်းအက်ပယ်နီးနက် Apennines တောင်တန်းတွေရဲ့ မြောက်ပိုင်းမှာ အကြာကြီးမဟုတ်တောင် ခဏပဲဖြစ်ဖြစ် အာဏာသိမ်းယူနိုင်မယ့် အနေအထား ရှိခဲ့ပေမယ့်လည်း အာဏာသိမ်းဖို့ မကြိုးစားခဲ့ကြဘဲ ဘာ့ကြောင့် မကြိုးစားခဲ့လဲဆိုတာ ခုထိ တော်လှန်တဲ့လက်ဝဲအင်အားစုတွေကြားထဲမှာ အငြင်းပွားနေကြဆဲပဲ။ တခါ ၁၉၄၅ နောက်ပိုင်း အရှေ့အာရှနဲ့ အရှေ့တောင်အာရှက (တရုတ်က၊ ကိုရီးယားက တချို့ဒေသတွေနဲ့ ပြင်သစ်အင်ဒိုချိုင်းနားက) ကွန်မြူနစ်အစိုးရတွေကိုလည်း စစ်တွင်း ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေက မွေးထုတ်ပေးလိုက်တဲ့ သားသမီးတွေအဖြစ် သဘောထားလို့ရလောက်တယ်၊ ဘာလို့ဆို တရုတ်ပြည်မှာတောင် တရုတ်ပြည်မကြီးကို ဂျပန်စစ်တပ်ကသိမ်းဖို့ ၁၉၃၇ မှာ စလုပ်လာပြီးမှသာ မော်စီတုန်းရဲ့ တပ်နီတော်ဟာ အာဏာရရှိရေးကို ဧရာမခြေလှမ်းကြီးတွေနဲ့ စ ချီတက်လာနိုင်တာ ဖြစ်တယ်။ ပထမတော်လှန်ရေး လှိုင်းလုံးကြီးက ပထမကမ္ဘာစစ်ကနေ ပေါ်ထွက်လာသလို ကမ္ဘာ့လူမှုတော်လှန်ရေးရဲ့ ဒုတိယလှိုင်းလုံးကြီးကလည်း ဒုတိယကမ္ဘာစစ်ကနေ ပေါ်ထွက်လာပုံချင်း တခြားစီဆိုပေမယ့်လည်းပေါ်ထွက်လာခဲ့တယ်။ ဒီတခေါက်မှာတော့ အရင်တခေါက်ကလို စစ်ကို ရွံရှာမုန်းတီးမှုကနေ တော်လှန်ရေးဖြစ်ပြီး အာဏာရလာကြတာမျိုးမဟုတ်ဘဲ စစ်တိုက်ဖို့ လက်နက်ကိုင်တော်လှန်ရေး လုပ်ကြရာကနေ အာဏာရလာခဲ့ကြတာဖြစ်တယ်။

တော်လှန်တဲ့အစိုးရသစ်တွေရဲ့ သဘောသဘာဝနဲ့ ပေါ်လစီတွေကို တနေရာမှာ ဆွေးနွေးထားတယ် (အခန်း ၅ နဲ့ ၁၃ ကိုကြည့်)။ ဒီမှာတော့ တော်လှန်ရေးဖြစ်စဉ် သက်သက်ကိုပဲ ကြည့်ကြမယ်။ ရေရှည်စစ်ပွဲကြီးတွေမှာ အနိုင်ရပြီးနောက် ပေါ်ပေါက်လာတဲ့ ရာစုနှစ်လယ်က တော်လှန်ရေးတွေဟာ ၁၇၈၉ က ဂန္တဝင်တော်လှန်ရေးနဲ့ အောက်တိုဘာတော်လှန်ရေး ဖြစ်အင်တင်မက နောက်ဆုံး တရုတ်ဧကရာဇ်နိုင်ငံကြီးနဲ့ ပရိုဖီရီယန် မက္ကဆီကို Profirian Mexico တို့လို ခေတ်ဟောင်းက နိုင်ငံကြီးတွေ တဖြည်းဖြည်းချင်းပြိုကွဲပုံတွေနဲ့ ကွာခြားပုံနှစ်ခုရှိတယ် (အင်ပိုင်ယာခေတ် Age of Empire အခန်း ၁၂ ကိုကြည့်)။ ပထမတချက်အနေနဲ့ တော်လှန်ရေးတွေပေါ်ပေါက်လာအောင် ဘယ်သူတွေလုပ်သလဲ ဒါမှမဟုတ် ဘယ်သူတွေဆီမှာ တကယ့်အာဏာရှိသလဲဆိုတာ ဘာမှအငြင်းပွားစရာမရှိဘူး၊ ဒီနေရာမှာ နှစ်ဆယ်ရာစုနှစ်လယ်က တော်လှန်ရေးတွေက စစ်တပ်က အောင်အောင်မြင်မြင် အာဏာသိမ်းပြီးနောက် ထွက်ပေါ်လာတဲ့ ရလာဒ်အခြေအနေနဲ့ ဆင်တယ်။ ပြောခဲ့တဲ့ တော်လှန်ရေးတွေကို ဖန်တီးခဲ့ပြီး တကယ်တမ်း အာဏာရှိလာသူတွေကတော့ အပြီးသတ်တိုက်ပွဲကို အနိုင်ရလိုက်တဲ့ USSR ရဲ့ တပ်တွေနဲ့ ဆက်စပ်မှုရှိတဲ့ နိုင်ငံရေးအဖွဲ့တွေပဲ၊ ဘာလို့ဆို ဂျာမနီ၊ ဂျပန်နဲ့ အီတလီတို့ကို ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့တွေရဲ့ အားတခုထဲနဲ့ အနိုင်တိုက်နိုင်မှာ မဟုတ်လို့ပဲ။ (အနိုင်ရလိုက်တဲ့ အနောက်စစ်တပ်တွေက ကွန်မြူနစ်တွေ ကြီးစိုးနေတဲ့ အစိုးရတွေကို ဆန့်ကျင်တာတွေ ရှိတာပေါ့။) ပထမအကျော့ တော်လှန်ရေးတုန်းကလို အာဏာလေဟာနယ် ဒါမှမဟုတ် မင်းပြောင်းမင်းလွဲကာလလို အနေအထားမျိုး ပေါ်လာတာ မရှိခဲ့ဘူး။ တဘက်မှာ ဝင်ရိုးတန်း မဟာမိတ်တွေ ပြိုလဲသွားပြီးနောက် အင်အားကောင်းတဲ့ ဖက်ဆစ်ဆန့်ကျင်ရေး အင်အားစုတွေ အာဏာကို မြန်မြန်ဆန်ဆန် မရယူနိုင်ခဲ့တဲ့ တခုတည်းသော အခြေအနေတွေကတော့ ဖက်ဆစ်လက်အောက်က လွတ်မြောက်ပြီးနောက်မှာ အနောက်မဟာမိတ်တွေက ခြေကုတ်ယူထားနိုင်လိုက်တဲ့နိုင်ငံတွေ (တောင်ကိုရီးယား၊ ဗီယက်နမ်) ဒါမှမဟုတ် တရုတ်မှာလို ပြည်တွင်းက ဝင်းရိုးတန်းဆန့်ကျင်ရေး အင်အားစုတွေအချင်းချင်း ကွဲကြ၊ ပြဲကြတဲ့ အခြေအနေတွေပဲ။ တရုတ်မှာဆို ကွန်မြူနစ်တွေဟာ ၁၉၄၅ နောက်ပိုင်းထိ ချစားနေတဲ့၊ အင်အားလည်း အလျင်အမြန် ဆုတ်ယုတ်လာနေတဲ့ တိုက်ဖော်တိုက်ဘက် ကူမင်တန်အစိုးရလက်ကနေ အာဏာမယူနိုင်သေးဘဲ တရုတ်အခြေအနေကို စိတ်မပါ့တပါဖြစ်နေတဲ့ USSR က စောင့်ကြည့်နေခဲ့တယ်။

ဒုတိယတချက်အနေနဲ့ ပျောက်ကြားနည်းနဲ့ အာဏာရအောင်ယူတဲ့နည်းက မြို့တွေ၊ ဆိုရှယ်လစ်လှုပ်ရှားမှုတွေ အစဉ်အလာအရ အားကောင်းတဲ့ စက်မှုလုပ်ငန်းတွေရှိရာ အချက်အချာနေရာဌာနတွေ အပြင်ဘက်ကို ထွက်သွားတတ်ပြီး၊ ကျေးလက်အတွင်းပိုင်းဒေသတွေကို ရောက်သွားတတ်တယ်။ ပိုပြီး တိတိကျကျပြောရရင် ပျောက်ကြားစစ်ဆိုတာက ချုံတွေ၊ တောတွေ၊ တောင်တွေနဲ့ အလားတူ မြေအနေအထားရှိတဲ့ ဒေသတွေ၊ လူများစု နေထိုင်ရာအရပ်နဲ့ဝေးလံတဲ့ လူနေကျဲတဲ့ဒေသတွေမှာ အလွယ်ကူဆုံး ဆင်နွှဲနိုင်တဲ့အတွက်ကြောင့်ပဲ။ ကျေးလက်က မြို့ကိုမသိမ်းခင် အရင်ဝိုင်းမယ်ဆိုတဲ့ မော့်စကားအတိုင်းပဲ။ ဥရောပက ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာတော့ မြို့ပေါ် ပုန်ကန်ထကြွမှုတွေပြုလုပ်ဖို့ ၁၉၄၄ နွေရာသီမှာ ပါရီက အုံကြွမှု၊ ၁၉၄၅ နွေဉီးပေါက်မှာ မီလန်က အုံကြွမှု အနည်းဆုံး သူတို့ဒေသတွေမှာ စစ်ပြီးသွားတဲ့အထိ စောင့်ခဲ့ကြရတယ်။ ၁၉၄၄ မှာ ဝါဆောမှာ ဖြစ်ခဲ့တာကတော့ အချိန်မကျခင် မြို့ပေါ်မှာ အုံကြွတဲ့အတွက်ကြောင့် ပေးဆပ်ခဲ့ရတာပဲ၊ ဝါဆောအုံကြွမှုမှာ ခပ်ကြီးကြီး တချက်ပဲ ပစ်လိုက်ရရှာတယ်။ အတိုချုပ်ရရင် တော်လှန်တဲ့တိုင်းပြည်မှာတောင် တိုင်းပြည်ထဲနေထိုင်နေသူ လူများစုအတွက်က ပျောက်ကြားနည်းနဲ့ တော်လှန်ရေးလမ်းကို လျှောက်ရတာက ရေတိုမှာ ဘာမှမယ်မယ်ရရ လုပ်စရာမရှိသေးဘဲ အခြေအနေ အပြောင်းအလဲတခုခုဖြစ်လာအောင် အကြာကြီးစောင့်ရမယ့်ပုံမျိုးပဲ။ တကယ်တမ်း ထိထိရောက်ရောက် တိုက်မယ့် ဆန့်ကျင်တိုက်ခိုက်ရေးသမားဆိုတာ သူတို့ရဲ့ ထောက်ပံ့ရေးအင်အားစု အားလုံးအပါအဝင် အင်မတန်မှ သေးငယ်တဲ့ လူနည်းစုသာသာပဲ ရှိတယ်။

ပျောက်ကြားဆိုတာ သူတို့နယ်ထဲမှာ နယ်ခံလူထုရဲ့ထောက်ခံမှုမရဘဲ ဘယ်လိုမှ ရပ်တည်လှုပ်ရှားနိုင်မှာမဟုတ်ဘူး၊ ကာလရှည်ကြာမယ့်ပဋိပက္ခမှာ သူတို့ရဲ့ ပျောက်ကြားအင်အားအတွက် ဒေသခံတွေဆီကပဲ စုဆောင်းရယူရမှာဖြစ်တဲ့အပြင် အဲဒီအတွက်ကြောင့် (တရုတ်ပြည်မှာလို) စက်မှုလုပ်သားတွေနဲ့ ပညာတတ်တွေရဲ့ပါတီတွေဟာ အရင်တောသူ တောင်သားတွေရဲ့ တပ်ဖွဲ့တွေအဖြစ် တိတ်တိတ်ဆိပ်ဆိပ်ပဲ အသွင်ပြောင်းလိုက်နိုင်မှာပဲ။ ဒါပေမယ့်လည်း ပျောက်ကြားတွေနဲ့ ဒေသခံတွေကြား ဆက်ဆံရေးဟာ မော်စီတုန်းရဲ့ ပျောက်ကြားဆိုတဲ့ငါးဟာ ပြည်သူလူထုဆိုတဲ့ ရေထဲမှာ ကူးနေတယ်ဆိုတဲ့ အပြောလောက်တော့ လွယ်ကူရိုးစင်းမှု မရှိဘူးပေါ့။ ပျောက်ကြားရှိတဲ့ နိုင်ငံတွေကိုကြည့်ရင် အဲဒီမှာ ဒေသခံတွေလက်ခံထားတဲ့ ထုံးတမ်းစဉ်လာနဲ့အညီ စည်းစောင့်ပြီးနေထိုင်တဲ့ ဥပဒေပြင်ပရောက်နေသူ ဘယ်သူမဆို ဒေသခံပြည်သူလူထုရဲ့ စာနာမှုကို ကျယ်ကျယ်ပြန့်ပြန် လက်ခံရရှိနိုင်ပြီး ပြည်ပကကျူးကျော်လာတဲ့ တပ်တွေ ဒါမမဟုတ် အမျိုးသားအစိုးရ ဘက်တော်သားတွေရန်ကနေ အကာအကွယ် ယူနိုင်ကြမှာပဲ။ သို့သော်လည်း ကျေးလက်ဒေသမှာလည်း ရွာတခုနဲ့တခုကြားမှာ နက်ရှိုင်းတဲ့ ကွဲပြားမှုတွေရှိနေတဲ့အတွက် ကျေးလက်ဒေသက တချို့ကို မိတ်ဆွေဖွဲ့နိုင်ပြီဆိုရင် တဘက်မှာ အလိုလို ရန်သူလည်း မွေးမိလျက်သားဖြစ်သွားမှာပဲ။ ၁၉၂၇ ၂၈ မှာ ကျေးလက်ဒေသတွေမှာ ဆိုဗီယက်နယ်မြေတွေ ထူထောင်ခဲ့တဲ့ တရုတ်ကွန်မြူနစ်တွေက ဘာသွားတွေ့လဲဆိုတော့ ကျေးရွာတရွာကို အနီရောင်ဖြစ်အောင် လုပ်ပြီးသွားရင် ဒီကျေးရွာနဲ့ ရိုးရာဓလေ့ချင်း ဆက်နေတဲ့ တခြားကျေးရွာတွေကိုလည်း စည်းရုံးပြီး အနီရောင်ကျေးရွာကွန်ယက်တခု ဖွဲ့လိုက်နိုင်ပေမယ့် ဒီကျေးရွာတွေနဲ့ အစဉ်အလာအရ ရန်သူဖြစ်နေတဲ့ ရွာတွေက သူတို့ကို ဆန့်ကျင်တဲ့ အနက်ရောင်ကျေးရွာကွန်ယက်ကို ဖွဲ့လိုက်တဲ့အခါ ဒီကျေးလက်ဒေသကရန်ပွဲမှာ တဘက်ဘက်မှာ သွားပါမိလျက်သားဖြစ်နေတာကို သွားတွေ့တယ်။ တချို့ အဖြစ်အပျက်တွေမှာ လူတန်းစားပဋိပက္ခက ကျေးရွားတခုနဲ့တခု ရန်ပွဲအဖြစ်ကို ပြောင်းလဲသွားတယ်။ တခါတခါ ကျနော်တို့တပ်တွေက တချို့ရွာတွေကို ဝိုင်းပြီး ရွာလုံးကျွတ် ဖျက်ဆီးပစ်လိုက်ရတဲ့ အဖြစ်အပျက်တွေ ရှိခဲ့ဖူးတယ်ဆိုပြီး တရုတ် ကွန်မြူနစ်တွေ စိတ်ပျက်လက်ပျက် ညည်းတွားဖူးတယ် (ရက်တယ် Rate-China၊ ၁၉၇၃၊ စာ ၄၅ ၄၆)။ ပျောက်ကြားတော်လှန်ရေးကို အောင်အောင်မြင်မြင် ဖော်ဆောင်နိုင်သူတွေလောက်ပဲ အခုလို အတိမ်းအစောင်းမခံတဲ့ အနေအထားမျိုးမှာ ဘယ်လို ခရီးဆက်ရမလဲ ဆိုတာကို အောင်အောင်မြင်မြင် လမ်းညွှန်နိုင်ကြတယ်၊ ဒါပေမယ့် မီလိုဗန်ဂျီလ Milovan Djilas ရဲ့ ယူဂိုစလပ်ပျောက်ကြားစစ် အမှတ်တရ စာအုပ်ထဲ ရေးထားသလို လွတ်မြောက်ရေးဆိုတာက ပြည်ပကကျူးကျော်လာသူတွေကို ဖိနှိပ်ခံပြည်သူတွေ တညီတညွတ်ထဲ အုံကြွခြင်း ဆိုတာထက် အများကြီးပိုပြီး ရှုပ်ထွေးလှတယ်။

အခုပြောခဲ့တဲ့ ပြန်ပြောင်းသုံးသပ်ချက်တွေက အဲဘElbe မြစ်နဲ့ တရုတ်ပင်လယ်ကြားက နိုင်ငံအားလုံးမှာ အစိုးရခေါင်းဆောင်တွေအဖြစ် ပေါ်ထွက်လာတဲ့ ကွန်မြူနစ်တွေရဲ့ သူတို့ရဲ့အောင်မြင်မှုနဲ့ ပတ်သက်ပြီး ကျေနပ်အားရဖြစ်မှုတွေကို မှေးမှိန်သွားစေမှာတော့ မဟုတ်ဘူး။ သူတို့ကို စေ့ဆော်မှုပေးခဲ့တဲ့ ကမ္ဘာ့တော်လှန်ရေးက အမြင်အရမှာကို ရှေ့ဆက်ချီတက်နေပြီ။ အစက အားနည်းတဲ့ USSR တနိုင်ငံထဲ ထီးတည်းရှိနေရာကနေ အခုအခါ နိုင်ငံတဒါဇင်လောက်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံဆိုတဲ့ နံမယ်နဲ့ ထိုက်တန်တဲ့ (စူပါပါဝါဆိုတဲ့ ဝေါဟာရကို ၁၉၄၄ လောက်မှာကို စ သုံးနေ) နိုင်ငံနှစ်နိုင်ငံထဲက တနိုင်ငံရဲ့ ဉီးဆောင်မှုအောက်ကနေ၊ ကမ္ဘာ့တော်လှန်ရေးရဲ့ ဒုတိယလှိုင်းကြီးကနေ ပေါ်ထွက်လာခဲ့ ဒါမှမဟုတ် ပေါ်ထွက်လာနေပြီ။ ဧကရာဇ်နိုင်ငံဟောင်းကြီးတွေရဲ့ ပင်လယ်ရပ်ခြားက ကိုလိုနီနိုင်ငံတွေ ကိုလိုနီအဖြစ်က လွတ်မြောက်မှုတွေလည်း အရှိန်အဟုန်နဲ့ သွားနေတုန်းမို့ ကမ္ဘာ့တော်လှန်ရေးအတွက် တွန်းအားကလည်း မီးစာကုန်မသွားသေးဘူး။ ဆိုတော့ ဒီကနေ ကွန်မြူနစ်အရေးတော်ပုံ ရှေ့ဆက်ချီတက်နိုင်မယ်လို့ မျှော်လင်လို့ မရနိုင်ပေဘူးလား။ နိုင်ငံတကာဘူဇွာလူတန်းစားကိုယ်နှိုက်က အနည်းဆုံး ဥရောပမှာ အရင်းရှင်စနစ်ကနေ မပျက်မစီးကျန်ခဲ့တာတွေရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ထိပ်လန့်နေခဲ့တယ်မဟုတ်လား။ ပြင်သစ်က လူငယ်သမိုင်းဆရာ လရိုင်းလာဒူးရီ Le Roy Ladurie ရဲ့ သားချင်းတွေဖြစ်တဲ့ စက်မှုလုပ်ငန်းရှင် သူဌေးကြီးတွေ သူတို့စက်ရုံတွေကို ပြန်တည်ဆောက်နေရင်းမှာကို နောက်ဆုံးကျတော့ သူတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို နိုင်ငံပိုင်သိမ်းတဲ့နည်း ဒါမှမဟုတ် တပ်နီတော်လက်အပ်တဲ့နည်းကပဲ အပြီးသတ် ဖြေရှင်းပေးတော့မှာလားဆိုပြီး သူတို့ဘာသာ မေးခွန်းပြန်ထုတ်နေခဲ့ရတယ် မဟုတ်လား (လရွိုင်း လောင်ဒရီ Le Roy Ladurie၊ ၁၉၈၂၊ စာ ၃၇)။ အမေရိကန် လက်ထောက် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး တယောက်က ဥရောပနိုင်ငံအများစုဟာ ပြိုလဲကျဖို့ တည်းတည်းလေးပဲ လိုတော့တဲ့ အနေအထားမှာရောက်နေပြီး အချိန်မရွေး ပြိုလဲသွားနိုင်တယ်၊ ကျန်တဲ့တခြားနိုင်ငံတွေလည်း ဆိုးဆိုးရွားရွား ခြိမ်းခြောက်ခံနေရပြီဆိုပြီး သမ္မတထရူးမင်းရဲ့ အစိုးရကို ၁၉၄၇ မတ်လမှာ မပြောခဲ့ဘူးလား (လော့ Loth၊ ၁၉၈၈၊ စာ ၁၃၇)

ပြောခဲ့တာတွေဟာ အပျက်အစီးပုံတွေကြားလဲနေတဲ့ တိုင်းပြည်တွေရဲ့ အနာဂတ်တာဝန်ကို လွှဲပြောင်းယူဖို့ တရားမဝင် လှုပ်ရှားနေရာကနေ၊ တိုက်ပွဲနဲ့ ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကနေ၊ အကျဉ်းထောင်၊ လက်စတုန်း ချွေးတပ်စခန်း ဒါမှမဟုတ် ပြည်ပမှာ ခိုလှုံနေရာကနေ ပြန်ထွက်လာကြတဲ့ အမျိုးသား အမျိုးသမီးတွေရဲ့ စိတ်အခြေအနေတွေပဲ။ အဲဒီထဲမှာ တချို့က အရင်းရှင်စနစ်ကို အားမကောင်းတဲ့နေရာ ဒါမှမဟုတ် မည်ကာမတ္တပဲရှိနေတဲ့နေရာမှာ ဖြုတ်ချရတာက ပင်မအချက်အချာနေရာမှာ ဖြုတ်ချရတာထက် ပိုလွယ်ကူတာကို တခါ ထပ်မြင်မိကောင်း မြင်မိကြမှာပဲ။ တချိန်ထဲမှာ တကမ္ဘာလုံးက လက်ဝဲဘက်ကို ရုတ်တရက်ကြီး ရွေ့လာနေတာကို ဘယ်သူကများ ငြင်းနိုင်အုံးမလဲ။ အဲဒီအချိန်မှာ အသွင်ပြောင်းသွားတဲ့ တိုင်းပြည်တွေရဲ့ ကွန်မြူနစ်ခေါင်းဆောင်တွေ ဒါမှမဟုတ် ဒီတိုင်းပြည်တွေကို ပူးတွဲအုပ်ချုပ်နေသူတွေ စစ်ပြီးပြီးချင်းမှာ စိတ်ပူမယ်ဆိုပူစရာက ဆိုရှယ်လစ်ဝါဒရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး စိတ်ပူရတာမျိုး မဟုတ်ဘူး။ အဲဒီအချိန်မှာ သူတို့စိတ်ပူနေတာက ကုန်းကောက်စရာမရှိဖြစ်နေ၊ အားအင်ကုန်ခမ်းပြီး ပျက်စီးနေတဲ့၊ တခါတလေမှာ ထ ရန်လိုတတ်တဲ့ တိုင်းသူပြည်သားတွေနေထိုင်နေတဲ့ သူတို့ရဲ့ နိုင်ငံတွေကို ဘယ်လိုပြန် တည်ဆောက်မလဲဆိုတာ၊ နောက် သူတို့တိုင်းပြည်တွေ လုံလုံခြုံခြုံဖြစ်အောင် ဘေးအန္တရယ်ကင်းအောင် တည်ဆောက်လို့ မပြီးခင်မှာ အရင်းရှင်အုပ်စုက ဆိုရှယ်လစ်အုပ်စုကို စပြီးတိုက်လာမယ့် စစ်ရဲ့ အန္တရယ်တွေကိုသာ စိုးရိမ်နေခဲ့တာ ဖြစ်တယ်။ ထူးဆန်းတာက အနောက်က နိုင်ငံရေးသမားတွေ၊ အယူဝါဒလေ့လာရေးသမားတွေကိုလည်း ဒီအိပ်မက်ဆိုးကပဲ ခြောက်လှန့်နေခဲ့တယ်။ ဒုတိယအကျော့ ကမ္ဘာ့တော်လှန်ရေးအပြီးမှာ အထိုင်ကျလာတဲ့ စစ်အေးတိုက်ပွဲ Cold War ဟာ အိပ်မက်ဆိုးတွေ အပြိုင်မက်ကြတဲ့ပွဲဆိုတာ နောက်ပိုင်းတွေ့ရမယ်။ အရှေ့အုပ်စုရော၊ အနောက်အုပ်စုပါ ကြုံနေတဲ့ စိုးရိမ်သောကတွေဟာ တကယ်တမ်း စိုးရိမ်သင့်သည်ဖြစ်စေ မသင့်သည်ဖြစ်စေ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေဟာ ၁၉၁၇ အောက်တိုဘာမှာ မွေးဖွားခဲ့တဲ့ ကမ္ဘာ့တော်လှန်ရေးခေတ်ရဲ့ အစိတ်အပိုင်းတပိုင်းပေပဲ။ ဒီတော်လှန်ရေးခေတ်ရဲ့ သင်းချိုင်းကမ္ဗည်းကို ထိုးနိုင်ဖို့ နောက်အနှစ်လေးဆယ်လောက် စောင့်ခဲ့ရတယ်ဆိုပေမယ့်လည်း တော်လှန်ရေးခေတ်ကတော့ အဲဒီအချိန်မှာထဲက နိဂုံးချုပ်ခါနီးနေပြီ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီတော်လှန်ရေးခေတ်က ကမ္ဘာကြီးကို ပြောင်းလဲပစ်လိုက်တယ်၊ ဒါပေမယ့် လီနင်နဲ့ အောက်တိုဘာ တော်လှန်ရေးကို အားကျသူတွေ မျှော်လင့်တဲ့ပုံစံအတိုင်းတော့ မဟုတ်ခဲ့ဘူး။ အနောက်ကမ္ဘာခြမ်း အပြင်ဘက်မှာဆိုရင် တော်လှန်ရေး၊ ပြည်တွင်းစစ်၊ ပြည်ပကျူးကျော်မှုကို တွန်းလှန်ပြီး လွတ်မြောက်ရေးရခဲ့ ဒါမှမဟုတ် တော်လှန်ရေးခေတ်မှာ ဇတ်သိမ်းတော့မယ့် ဧကရာဇ်နိုင်ငံကြီးတွေရဲ့ ကိုလိုနီအဖြစ်ကနေ လွတ်မြောက်လာတဲ့ဖြစ်စဉ်နဲ့ မကြုံတွေ့ခဲ့ရ၊ ရင်မဆိုင်ခဲ့ရတဲ့ နိုင်ငံအရေအတွက်က လက်ဆယ်ချောင်းမပြည့်ဘူး။ (ဥရောပမှာဆိုရင် ဗြိတိန်၊ ဆွီဒင်၊ ဆွတ်ဇာလန်နဲ့ အိုင်စလန်လောက်ပဲ ရှိမယ်။) အနောက်ကမ္ဘာခြမ်းမှာတောင် တော်လှန်ရေးဆိုပြီး သက်ဆိုင်ရာ နိုင်ငံတွေမှာ ခေါ်ဆိုကြတဲ့ အစိုးရတွေ အကြမ်းဖက်မှုနဲ့ရင်ဆိုင်ရပြီးပြုတ်ကျသွားတဲ့ ဖြစ်ရပ်တွေကို ဖယ်လိုက်ရင် အဓိက လူမှုတော်လှန်ရေးတွေဟာ မက္ကဆီကိုမှာ၊ ဘိုလီးဗီးယားမှာ၊ နောက် ကျူးဘားတော်လှန်ရေးနဲ့ သူ့ကိုဆက်ခံသူတွေ လာတင်အမေရိက မြင်ကွင်းကို ပြောင်းလဲပစ်ခဲ့တယ်။

ကမ္ဘာ့လူဉီးရေရဲ့ ငါးပုံတပုံလောက်ရှိတဲ့ တရုတ်လူမျိုးတွေ ကွန်မြူနစ်ပါတီ အုပ်ချုပ်နေတဲ့ နိုင်ငံမှာ ဆက်နေနေသေးသမျှ ကွန်မြူနစ်မသာ ပရိတ်ရွတ်ဖို့ အချိန်တန်အုံးမှာ မဟုတ်သေးဘူးဆိုပေမယ့်လည်း ကွန်မြူနစ်ဝါဒအတွက်ဆိုပြီး ဆင်နွှဲတဲ့ တော်လှန်ရေးတွေကတော့ မီးစာကုန် ဆီခမ်းသွားခဲ့ပြီ။ ဒါပေမယ့် ဒီနိုင်ငံတွေအတွက်က ဟိုးအရင် ခေတ်ဟောင်းက အုပ်ချုပ်မှုပုံစံ ancient regimes ကို ပြန်သွားဖို့ဆိုတာကတော့ ပြင်သစ်မှာ ပြင်သစ်တော်လှန်ရေးကာလနောက်ပိုင်း ဒါမှမဟုတ် နပိုလီယံခေတ်ကို ပြန်သွားဖို့ မဖြစ်နိုင်သလို၊ ကိုလိုနီဘဝက လွတ်မြောက်လာတဲ့ နိုင်ငံတွေ ကိုလိုနီဘဝကို ပြန်သွားဖို့ မဖြစ်နိုင်သလို မဖြစ်နိုင်တော့ဘူး။ ကွန်မြူနစ်အုပ်ချုပ်မှုအတွေ့အကြုံကို ပြောင်းပြန်လှန်ပစ်တဲ့ ကိစ္စတွေမှာတောင် ကွန်မြူနစ်နိုင်ငံဟောင်းတွေရဲ့ ပစ္စုပ္ပန်နဲ့ သူတို့မှာ အနာဂတ်ရှိအုံးမယ်ဆိုရင် သူတို့ရဲ့အဲဒီအနာဂတ်မှာ တော်လှန်ရေးကို အစားထိုးခဲ့တဲ့ တန်ပြန်တော်လှန်ရေးရဲ့ ထင်ရှားတဲ့အမှတ်အသားတွေက ဆက်ရှိနေအုံးမှာပဲ။ ကမ္ဘာ့သမိုင်းကို ရုသျှသမိုင်းကို ရေးတဲ့အခါ ဆိုဗီယက်ခေတ် မရှိခဲ့တဲ့ပမာ ရေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ စိန့်ပီတာစဘတ်ဟာ ၁၉၁၄ ကို ပြန်သွားနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။

သို့သော်လည်း ၁၉၁၇ နောက်ပိုင်း အုံကြွပေါက်ကွဲမှုခေတ်ရဲ့ သွယ်ဝိုက်အကျိုးဆက်တွေဟာ တိုက်ရိုက်အကျိုးဆက်တွေလို နက်ရှိုင်းလှတယ်။ ရုသျှတော်လှန်ရေးဖြစ်ပြီးနောက်ပိုင်းမှာ ကိုလိုနီလက်အောက်ခံနိုင်ငံတွေရဲ့ ကိုလိုနီအဖြစ်က လွတ်မြောက်ဖို့ လမ်းကြောင်းပွင့်လာခဲ့ပြီး ဥရောပမှာ ကြမ်းကြုတ်တဲ့ တန်ပြန်တော်လှန်ရေး (ဖက်ဆစ်ဝါဒနဲ့ အလားတူလှုပ်ရှားမှုပုံစံတွေအခန်း ၄ ကိုကြည့်) နဲ့ ဆိုရှယ်ဒီမိုကရေစီ နိုင်ငံရေးစနစ် social-democracy တွေကို စတွေ့လာရတယ်။ ၁၉၁၇ မတိုင်ခင်ကဆိုရင် အလုပ်သမားနဲ့ ဆိုရှယ်လစ်ပါတီ အားလုံးဟာ (သြစတြေးလျတိုက်နဲ့ အနီးတဝိုက်က ကျွန်းနိုင်ငံတွေ Australasia အပြင်ဘက်က) ဆိုရှယ်လစ်ဝါဒအတွက် အချိန်မကျသေးမချင်း ရာသက်ပန် အတိုက်အခံဘဝမှာပဲနေဖို့ ရွေးခဲ့ကြတဲ့အချက်ကို မကြာခဏ မေ့ပစ်နေကြတယ်။ (ပစိဖိတ်ဒေသက မဟုတ်တဲ့) ပထမဆုံး ဆိုရှယ်ဒီမိုကရက်တစ်အစိုးရတွေ ဒါမှမဟုတ် ညွန့်ပေါင်းအစိုးရတွေကို ၁၉၁၇ ၁၉ မှာ (ဆွီဒင်၊ ဖင်လန်၊ ဂျာမနီ၊ သြစတြေးလျ၊ ဘယ်ဂျီယံ) ဖွဲ့စည်းထူထောင်ခဲ့ကြပြီး နှစ်အနည်းငယ်အတွင်းမှာ ဗြိတိန်၊ ဒိန်းမတ်နဲ့ နော်ဝေးတို့မှာလည်း ဆိုရှယ်ဒီမိုကရက်တစ်အစိုးရတွေကို ဖွဲ့စည်းထူထောင်ခဲ့ကြတယ်။ ဒီပါတီတွေရဲ့ နိုင်ငံရေးရပ်တည်ချက်တွေ အလယ်အလတ် သဘောထားမှာ ရှိနေတာဟာ အဓိကအားဖြင့် ဘော်ရှီဗစ်ဝါဒကို စိုးရိမ်ကြောက်လန့်ရာကနေ ပေါ်ထွက်လာတာ ဖြစ်သလို၊ ရှိနှင့်ပြီးသား နိုင်ငံရေးစနစ်ကလည်း ဒီပါတီတွေကို စနစ်ထဲ လိုလိုချင်ချင် ဝင်ခွင့်ပြုခဲ့မှုကြောင့် ဆိုတဲ့ အချက်တွေကို မကြာခဏ မေ့ပစ်နေကြတယ်။

အတိုချုပ်ရရင် ရုသျှတော်လှန်ရေးနဲ့ သူ့ရဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်အကျိုးဆက်တွေမပါဘဲ တိုတောင်းလှတဲ့ နှစ်ဆယ်ရာစု Short Twentieth Century ရဲ့ သမိုင်းကို နားလည်နိုင်မှာ မဟုတ်ဘူး။ ဘာလို့ဆို ဒုတိယကမ္ဘာစစ်မှာ ဟစ်တလာရဲ့ ဂျာမနီကို အနောက် the West က အနိုင်ရအောင် လုပ်ဆောင်ပေးခဲ့ရုံမက၊ အရင်းရှင်စနစ်ကို သူ့ဟာသူ ပြုပြင်ပြောင်းလဲမှုတွေလုပ်လာအောင် မက်လုံးပေးခဲ့ပြီး နောက်တခါ ပဟေဠိ ဖြစ်စရာကောင်းတာက ဆိုဗီယက်ရဲ့ ကမ္ဘာ့စီးပွားပျက်မှုကြီး Great Depression ရဲ့ ဆိုးကျိုးတွေကနေ ကင်းလွတ်နိုင်စွမ်းကို သာဓကအဖြစ်ပြပြီး လွတ်လပ်တဲ့စျေးကွက်ကို အယူသီးယုံကြည်နေမှုကိုစွန့်လွှတ်ဖို့ မက်လုံးတွေပေးခဲ့ခြင်းအားဖြင့် ရုသျှတော်လှန်ရေးက သူဟာ လစ်ဘရယ် အရင်းရှင်စနစ်ရဲ့ ကယ်တင်ရှင်ဆိုတာကို ပြသခဲ့တယ်။ ဒီအကြောင်းတွေကို အခုလာမယ့် အခန်းမှာ တွေ့ရမယ်။

——————————————————————————————————————————————————

1ရုသျှကဂျူလီယန် Julian ပြက္ခဒိန်ဟာ အနောက်နိုင်ငံတွေအားလုံးမှာသုံးတဲ့ ဂရီဂေးရီးယန်းGregorian ပြက္ခဒိန်ထက် ဆယ့်သုံးရက်နောက်ကျတဲ့အတွက် ဖေဖော်ဝါရီတော်လှန်ရေးဟာ မတ်လထဲကျမှဖြစ်ပြီး အောက်တိုဘာတော်လှန်ရေးက နိုဝင်ဘာ ၇ ရက်မှာ ဖြစ်တယ်။ အောက်တိုဘာတော်လှန်ရေးအဖြစ်အပျက်က ရုသျှဘာသာစကားစာလုံးပေါင်းစနစ်ကို ပြုပြင်ပြောင်းလဲစေခဲ့သလို ရုသျှပြက္ခဒိန်ကို ပြုပြင်ပြောင်းလဲစေခဲ့တာက တော်လှန်ရေးရဲ့ရိုက်ခတ်မှုအားနက်ရှိုင်းပုံကို ပြနေတယ်။ ဘာလို့ဆို နိုင်ငံရေး လူမှုရေးတော်လဲမှုကြီးတွေဖြစ်မှ ဒီလိုမဆိုစလောက် အပြောင်းအလဲတွေ ဖြစ်နိုင်တာ အားလုံးသိနေတဲ့အချက်ပဲ။ ပြင်သစ်တော်လှန်ရေးရဲ့ ရေရှည်အကျဆုံး၊ တပြေးညီအဖြစ်ဆုံး အကျိုးဆက်ကတော့ မက်ထရစ်စနစ်ကို ပြောင်းလဲကျင့်သုံးမှုပဲ။

2၁၉၁၇ မှာ လွတ်လပ်တဲ့ ဂျာမန်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ Independent Social Democratic Party of Germany ဟာ စစ်ကိုဆက်လက်ထောက်ခံတဲ့ အများစုအဖြစ်ကျန်ခဲ့တဲ့ ဆိုရှယ်လစ်တွေနဲ့ (SDP) လမ်းခွဲခဲ့တယ်။

3အဲဒီမှာ ပေးဆပ်လိုက်ရတဲ့ လူ့အသက်အရေအတွက်က အောက်တိုဘာတော်လှန်ရေးထက်များပေမယ့် သိပ်မကြီးလှဘူး။ အရာရှိ ၅၃ ယောက်၊ စစ်သား ၆၀၂ ယောက်၊ ရဲ ၇၃ ယောက်၊ နိုင်ငံသား ၅၈၇ ယောက် သေဆုံး ဒါမှမဟုတ် ဒဏ်ရာရသွားတယ် (ဒပ်ဗယ်လယူ အိပ်ချ ချိန်ဘာလိန် W H Chamberlain၊ ၁၉၆၅၊ အတွဲ ၁၊ စာ ၈၅)

4ရုသျှ ကျေးလက်အဖွဲ့အစည်းက ကိုယ်ထူကိုယ်ထစနစ်အတွေ့အကြုံမှာအခြေခံတယ်လို့ယူဆရတဲ့ ဒီလိုကောင်စီတွေဟာ ၁၉၀၅ တော်လှန်ရေးဖြစ်ချိန်မှာ စက်ရုံလုပ်သားထုကြားမှာ နိုင်ငံရေးကလာပ်စည်းတွေအဖြစ် ပေါ်ထွက်လာခဲ့တယ်။ တိုက်ရိုက်ရွေးကောက် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဆိုတာကို စနစ်တကျစုစည်းမှုရှိတဲ့ အလုပ်သမားထုရှိတဲ့နေရာတိုင်းမှာ အကျွမ်းတဝင်ရှိကြတဲ့အပြင် ဒီလိုအဖွဲ့အစည်းတွေမှာ စကတည်းကဒီမိုကရေစီနည်းလမ်းကျမှုရှိတယ်ဆိုတဲ့အမြင်က အလုပ်သမားထုကို စွဲဆောင်တာကြောင့် ဆိုဗီယက်ဆိုတဲ့ စကားရပ်ဟာ တခြားဘာသာစကားတွေကို ဘာသာပြန်လိုက်တဲ့အခါ တခါတလေ၊ အမြဲတန်းတော့မဟုတ် နိုင်ငံတကာ ထောက်ခံမှုအား ကောင်းကောင်းရှိတယ်။

5ခင်ဗျားတို့လုပ်ချင်တာ လုပ်ကြ၊ ယူချင်တာယူကြ၊ ကျုပ်တို့ခင်ဗျားတို့ကိုထောက်ခံမယ်၊ ဒါပေမယ့် ကုန်ထုတ်လုပ်မှု မပျက်ဖို့ကိုတော့ဂရုစိုက်၊ ကုန်ထုတ်လုပ်မှုအရေးကြီးတာကို မြင်ကြဖို့ကိုပဲ ပြောတယ်။ အကျိုးရှိတဲ့အလုပ်ကိုလုပ်၊ အမှားတွေလုပ်မိမှာပဲ၊ ဒါပေမယ့် ဒီလိုနဲ့ လုပ်တတ်လာလိမ့်မယ်။ (လီနင်၊ ပြည်သူ့နိုင်ငံရေးမှုးများကောင်စီရဲ့ လုပ်ငန်းရပ်ဆိုင်ရာအစီရင်ခံစာ Lenin: Report on the Activities of the Council of People’s Commisars၊ ၁၁/၂၄ ဇန်နဝါရီ ၁၉၁၈၊ လီနင် Lenin၊ ၁၉၇၀၊ စာ ၅၅၁။)

6ဇာဘုရင်စနစ်နဲ့အုပ်ချုပ်တဲ့ ရုသျှရဲ့မြို့တော် စိန့်ပီတာစဘတ် St Petersberg ဆိုတဲ့ နံမယ်က ပထမကမ္ဘာစစ်မှာ ဂျာမန်သံ ပေါက်လွန်းအားကြီးတဲ့အတွက် ပဲထရိုဂရက်Petrogradဆိုတဲ့ နံမယ်ကို ပြောင်းလဲခေါ်ဝေါ်ခဲ့တယ်။ လီနင်သေပြီးနောက်မှာ (၁၉၂၄) ဒီမြို့က လီနင်ဂရက် Leningrad ဖြစ်လာတယ်USSR ပြိုလဲသွားစဉ်ကာလမှာ ဒီမြို့ကို သူ့မူလနံမယ်အတိုင်း ပြန်ခေါ်ကြတယ်။ ဆိုဗီယက်ယူနီယံမှာ မြို့တွေရဲ့ နံမယ်တွေကို နိုင်ငံရေးသမားတွေကို ဂုဏ်ပြုခေါ်ဆိုတာတွေ များတဲ့အတွက် ဒီနိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးကံကြမ္မာအတက်အကျကိုလိုက်ပြီး မြို့တွေရဲ့ နံမယ်တွေလည်း လိုက်လိုက်ပြောင်းရတယ်။ ဗော်ဂါမြစ်ပေါ်က ဇာရစ်ဆင် Tsaritsyn မြို့က ဒုတိယကမ္ဘာစစ်အတွင်းမှာ အကြီးအကျယ် တိုက်ခိုက်ကြတဲ့ တိုက်ပွဲဖြစ်ပွားရာ စတာလင်ဂရက် Stalingrad ဖြစ်လာပေမယ့် စတာလင်သေပြီးနောက်မှာ ဗော်ဂိုဂရက်Vogograd ဖြစ်လာတယ်။ အခုစာရေးနေချိန်မှာ ဒီနံမယ်ကိုပဲ ခေါ်နေကြတယ်။

7အလယ်အလတ်သဘောထားရှိတဲ့ ဆိုရှယ်ဒီမိုကရက်တွေက စုစုပေါင်းမဲရဲ့ ၃၈ ရာခိုင်နှုန်း မပြည့်တပြည့်ပဲရပြီး သူတို့ပါတီသက်တမ်းမှာ အများဆုံးရတဲ့ အရေအတွက် တော်လှန်ရေးလိုလားတဲ့ လွတ်လပ်တဲ့ ဆိုရှယ်ဒီမိုကရက် Independent Social Democratsတွေဆိုရင် စုစုပေါင်းမဲရဲ့ ၇.၅ ရာခိုင်နှုန်းပဲရတယ်။

8ဟန်ဂေရီဆိုဗီယက်သမ္မတနိုင်ငံတည်ထောင်မှု အရေးနိမ့်ပြီးနောက် ဟန်ဂေရီက နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေ ကမ္ဘာ့နေရာအနှံ့အပြားကို ထွက်ပြေးခဲ့ကြရပြီး အဲဒီထဲမှာ ရုပ်ရှင်သူဌေးကြီး ဆာအလက်ဇန်းဒါးကော်ဒါ Sir Alexander Kordaတို့၊ မူလ ဒရယ်ကူလာ ရုပ်ရှင်ဇာတ်ကားထဲက အဓိက သရုပ်ဆောင် ဘဲလာလူဂိုးစီ Bela Lugosi တို့လို ဘယ်လိုမှထင်မထားတဲ့ ဘဝသစ်တွေကို ရောက်သွားကြသူတွေပါတယ်။

9ပထမအင်တာနေရှယ်နယ် First International လို့ခေါ်နေကြတာက ကားမတ်ကိုယ်တိုင်ဖွဲ့ခဲ့တဲ့ နိုင်ငံတကာအလုပ်လုပ်သူများအဖွဲ့ International Workingmens’ Association ၁၈၆၄ ၇၂

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: