//
you're reading...
History

အစွန်းများခေတ် (တိုတောင်းလှတဲ့ နှစ်ဆယ်ရာစု ၁၉၁၄ – ၁၉၉၁) by E J Hobsbawm

သူရိန်ကျော်ဇော ဘာသာပြန်တယ်။

အခန်း ၃

စီးပွားပျက်ဝဲသြဃထဲ ကျရောက်ခြင်း

ပထမကမ္ဘာစစ်ဟာ ပျက်စီးဆုံးရှုံးမှု ကြီးမားကောင်း ကြီးမားပေမယ့် ပုံမှန်အားဖြင့် တည်ငြိမ်နေတဲ့ စီးပွားရေးနဲ့ လူ့အသိုက်အမြုံကြီးကို ယာယီ ဝရုန်းသုန်းကားဖြစ်သွားစေတဲ့ ဖြစ်ရပ်ကြီးပဲဆိုပါစို့။ အဲဒီလိုသာဆိုရင် စစ်ကြောင့် ပျက်စီးခဲ့တဲ့ အပျက်အစီးတွေကို ရှင်းလင်းဖယ်ရှားပြီးနောက်မှာ စီးပွားရေးဟာ သူ့ပုံမှန်အနေအထားကို ပြန်ရောက်သွားပြီး အဲဒီကနေ ရှေ့ပြန်ဆက်ဖို့ရှိတယ်။ ဂျပန်မှာ လူ နှစ်သန်းသုံးသန်းလောက်ကို အိုးအိမ်မဲ့ ဖြစ်စေခဲ့တဲ့ ၁၉၂၃ ငလျင်မှာ သေဆုံးခဲ့သူ ၃၀၀,၀၀၀ ကို မြေမြှုပ်သင်္ဂြိုဟ်ပြီး အပျက်အစီးတွေကိုရှင်းလင်း၊ နောက် ငလျင်ဒဏ်ပိုခံနိုင်မယ့် မြို့တမြို့ကို မြို့ဟောင်းပုံစံအတိုင်း ပြန်တည်ဆောက်သလိုမျိုး နေမှာပေါ့။ စစ်ကြီးနှစ်ခုကြားကာလက ကမ္ဘာကြီးဟာ အဲဒီလို အခြေအနေမျိုးမှာဆို ဘာနဲ့သွားတူမလဲ။ ဒါကို ကျနော်တို့ သိနိုင်မှာမဟုတ်ဘူး၊ သိနိုင်မှာမဟုတ်သလို မဖြစ်ခဲ့တာကို၊ မဖြစ်ခဲ့ရုံမက ဘယ်လိုမှ မဖြစ်နိုင်ဖို့ ကျိန်းသေသလောက်ရှိတာကို မှန်းဆကြည့်တာကလည်း ဘာအဓိပ္ပါယ်မှ ရှိမှာမဟုတ်ဘူး။ သို့သော်လည်း ဒီမေးခွန်းက စစ်ကြီးနှစ်ခုကြားမှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့စီးပွားရေးပျက်စီးမှုရဲ့ နှစ်ဆယ်ရာစုသမိုင်းပေါ် နက်နက်ရှိုင်းရှိုင်း ရိုက်ခတ်ခဲ့ပုံကို မြင်နိုင်ဖို့ရာ အထောက်အကူဖြစ်မှာမို့ အကျိုးမရှိတဲ့ မေးခွန်းတော့ မဟုတ်ပေဘူး။

ကမ္ဘာ့စီးပွားပျက်မှုကြီးသာမဖြစ်ခဲ့ရင် ဟစ်တလာမရှိဖို့ ကျိန်းသေတယ်။ ရူးစဗဲ့ Roosevelt မရှိဖို့ကလည်း ကျိန်းသေသလောက်ပဲ။ ဆိုဗီယက်စနစ်ကိုလည်း ကမ္ဘာ့အရင်းရှင်စနစ်ရဲ့ လေးလေးနက်နက် သဘောထားရမယ့် ပြိုင်ဘက်စီးပွားရေးစနစ်အဖြစ်၊ အရင်းရှင်စနစ်အပြင် ရွေးစရာအဖြစ် ပြနိုင်တဲ့စနစ်အဖြစ် လေးလေးနက်နက် သဘောထားကြဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်စရာ မရှိဘူး။ ဥရောပအပြင်ဘက်နဲ့ အနောက်ကမ္ဘာရဲ့ အပြင်ဘက်က နိုင်ငံတွေမှာ ဒီစီးပွားရေးအကျပ်အတည်းရဲ့ (ဒီအကြောင်းတွေကို တခြားမှာ အကြမ်းဖော်ပြထားတယ်) အကျိုးဆက်တွေဟာ အလွယ်တကူ မြင်နိုင်လောက်အောင် ဗြုန်းဗြင်းဆန်ခတ်နိုင်လှတယ်။ တိုတိုပြောရရင်တော့ စစ်ကြီးနှစ်ခုကြားက စီးပွားရေးပြိုလဲမှုရဲ့ ရိုက်ခတ်မှုအတိုင်းအတာကို သဘောမပေါက်ဘဲ နှစ်ဆယ်ရာစုရဲ့ ဒုတိယရာစုနှစ်ဝက်က ကမ္ဘာ့အခြေအနေကို ဘယ်လိုမှ နားလည်နိုင်စရာ မရှိဘူး။ အခုအခန်းက ဒီစီးပွားရေးပြိုလဲမှုရဲ့ ရိုက်ခတ်မှုအကြောင်းပဲ။

ပထမကမ္ဘာစစ်က ကမ္ဘာဟောင်းရဲ့ တချို့အစိတ်အပိုင်းတွေ၊ အဓိကအားဖြင့် ဉရောပက တချို့အစိတ်အပိုင်းတွေ လောက်ကိုပဲ အကြီးအကျယ် ဖျက်ဆီးပစ်လိုက်တယ်။ ဆယ့်ကိုးရာစု ဘူဇွာလူ့အသိုက်အမြုံ ပြိုကွဲပျက်စီးမှုရဲ့ ဗြုန်းဗြင်းဆန်ခတ်အနိုင်ဆုံး အဖြစ်အပျက်ဖြစ်တဲ့ ကမ္ဘာ့တော်လှန်ရေးကတော့ မက္ကဆီကိုကနေ တရုတ်ပြည်ထိ၊ နောက်တခါ ကိုလိုနီလက်အောက်က လွတ်မြောက်ရေးကြိုးပမ်းမှု အသွင်သဏ္ဌာန်နဲ့မာဂရက် Maghreb ကနေ အင်ဒိုနီးရှားထိ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့တယ်။ သို့သော်လည်း အမေရိကန်ပြည်ထောင်စုနဲ့ ကိုလိုနီဘဝရောက်နေတဲ့ အာဖရိကတိုက်က ဆာဟာရသဲကန္တရထဲက ဒေသကြီးတွေလို ပထမကမ္ဘာစစ်ရော၊ ကမ္ဘာ့တော်လှန်ရေးရော နှစ်ခုစလုံးကနေ အလှမ်းဝေးနေတဲ့ နိုင်ငံတွေတည်ရှိရာ ကမ္ဘာ့ဒေသတွေကိုအလွယ်တကူ ရှာလို့ရတယ်။ ဒါပေမယ့် ပထမကမ္ဘာစစ်အပြီးမှာ တကယ့်ကို ကမ္ဘာနဲ့ချီပြီးဖြစ်တဲ့၊ ကမ္ဘာနဲ့မချီတောင် အနည်းဆုံး ယောက်ျားတွေရော မိန်းမတွေပါ ပုဂ္ဂလမဲ့ စျေးကွက်အရောင်းအဝယ်နဲ့ ပတ်သက်နေတဲ့ နေရာတိုင်းမှာ၊ ပုဂ္ဂလမဲ့ စျေးကွက်အရောင်းအဝယ်ရဲ့ ညွှန်ကြားစေပါးတာခံရတဲ့ နေရာမှန်သမျှမှာ ကြုံခဲ့ရတဲ့ ပြိုကွဲပျက်စီးမှုကြီးတခု နောက်ဆက်တွဲ လိုက်ဖြစ်တယ်။ နောက်ဆုံး ဂုဏ်ယူဝင့်ကြွားစွာ လက်မထောင်နေနိုင်တဲ့ USA ကိုယ်တိုင် သူ့လောက်ကံမကောင်းရှာတဲ့ နိုင်ငံတွေရဲ့ သွက်ချာပါဒလိုက်မှုကနေ လွတ်လွတ်ကင်းကင်းမှာ ရှိမနေတဲ့အပြင် USA ဟာ စီးပွားရေးသမိုင်းပညာရှင်တွေရဲ့ ရစ်တာ Richterစကေးအရဆိုရင်ကမ္ဘာမှာအကြီးဆုံး ငလျင်ကြီး စစ်ကြားကာလ ရေရှည်စီးပွားရေးကျဆင်းမှုကြီးthe Great Inter-war Depression – ရဲ့ ဗဟိုချက်မ ဖြစ်လာခဲ့တယ်။ ဝါကျတကြောင်းထဲနဲ့ ပြောရရင် စစ်ကြီးနှစ်ခုကြားမှာ အရင်းရှင်စနစ်ကျင့်သုံးနေတဲ့ ကမ္ဘာ့စီးပွားရေးဟာ ပြိုလဲသွားပုံပဲ။ ဘယ်သို့ဘယ်ပုံ နလံပြန်ထလာမလဲဆိုတာကို ဘယ်သူမှ သေချာမသိကြဘူး။

အရင်းရှင်စီးပွားရေးစနစ်ရဲ့ လုပ်ပုံကိုင်ပုံတွေ၊ ပြုမူပုံတွေဟာ ဘယ်တော့မှ မချောမွေ့သလို တချက်တချက် ပြင်းထန်လှတဲ့ အတိုးအဆုတ်၊ အတက်အကျ ဆိုတာတွေဟာ ကမ္ဘာ့ရေးရာတွေကို အရင်းရှင်စနစ်ပုံစံနဲ့ စီမံခန့်ခွဲရာမှာ မပါမဖြစ်ပါနေတဲ့ အစိတ်အပိုင်းတွေပဲ။ ကုန်သွယ်မှု သံသရာtrade cycleလို့သိကြတဲ့ စီးပွားရေးအတက်အကျ သံသရာဟာ ဆယ့်ကိုးရာစုက စီးပွားရေးလုပ်ငန်းရှင်အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ ဖြစ်အင်ပဲ။ ဒီသံသရာဟာ ခုနှစ်နှစ်ကနေ ဆယ့်တစ်နှစ် တခါလောက်မှာ သူ့သဘောသူဆောင်ပြီး တပတ်ပြန်လည်မယ်လို့ မှန်းထားခဲ့ကြတယ်။ အဲဒီမှာ အချိန်ကာလပိုရှည်တဲ့ သံသရာတစ်ခုကို ဆယ့်ကိုးရာစု အကုန်လောက်မှာ သူ့အရင်ဆယ်စုနှစ်တွေအတွင်း ထင်မှတ်မထားဘဲ ကောက်ကာငင်ကာ ထဖြစ်တဲ့ အဖြစ်အပျက်တွေကို ပြန်လေ့လာကြည့်ရာကနေ စပြီးသတိပြုမိကြတယ်။ ၁၈၅၀ လောက်ကနေ ၁၈၇၀ ဆယ်စုနှစ်အစောပိုင်းနှစ်တွေလောက်ထိ စံချိန်တင် ရှည်လျားတဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုကြီးအပြီးမှာ နှစ်နှစ်ဆယ်ကျော်လောက် ရှည်လျားတဲ့ စီးပွားရေးမရေရာမှုကြီး (စီးပွားရေးစာရေးဆရာတွေက ရေလိုက်လွဲပြီး ဒါကို ရေရှည်စီးပွားရေးကျဆင်းမှုကြီး Great Depression လို့ သွားသမုတ်ကြတယ်) နောက်ဆက်တွဲ လိုက်ဖြစ်တယ်၊ တခါ ဒီအဖြစ်အပျက် နောက်ပိုင်းမှာ ကမ္ဘာ့စီးပွားရေးဟာ ဘယ်ပေါ်မှ မမူတည်ဘဲ တတက်ထဲ ပြန်ထောင်တက်လာတာကို အထင်အရှား တွေ့ကြရပြန်တယ် (အရင်းခေတ် Age of Capital၊ အင်ပိုင်ယာခေတ် Age of Empire အခန်း ၂ ကိုကြည့်)၁၉၂၀ ဆယ်စုနှစ် အစောပိုင်းနှစ်တွေမှာ ရုရှဘောဂဗေဒပညာရှင်၊ နောက်ပိုင်းမှာ စတာလင်ရဲ့ ဓားစာခံဘဝကို စောစောစီးစီး ရောက်ရရှာသူ အန် ဒီ ကွန်ဒရာတယက် N D Kondratiev က ဆယ့်ရှစ်ရာစု နောက်ပိုင်းနှစ်တွေကနေစပြီး နှစ်ငါးဆယ်ခြောက်ဆယ်လောက် ရှည်လျားတဲ့ လှိုင်းရှည်ကြီးတွေlong waves နဲ့ဖွဲ့စည်းထားတဲ့ စီးပွားရေး ဖွံ့ဖြိုးမှုပုံစံတခုကို သွားတွေ့တယ်၊ ဒါပေမယ့် သူရော တခြားလူတွေပါ ဒီလှိုင်းကြီးတွေ လှုပ်ရှားပြုမူပုံနဲ့ ပတ်သက်ပြီး ကျေနပ်စရာကောင်းတဲ့ ရှင်းလင်းချက်မျိုး ဘယ်လိုမှ မပေးနိုင်ကြဘဲ တချို့ သံသယရှိတဲ့ စာရင်းအင်းပညာရှင်တွေဆို ဒီလှိုင်းရှည်ပုံစံကြီးတွေကို ရှိတယ်လို့တောင် လက်မခံကြဘူး။ နောက်ပိုင်းမှာ ဒီအကြောင်းအရာတွေကို သက်ဆိုင်ရာ အထူးပြုစာအုပ်တွေမှာ သူ့နံမယ်ကို အစွဲပြုပြီး ကျယ်ကျယ်ပြန့်ပြန့်သိလာကြတယ်။ စကားမစပ် ကွန်ဒရာတယက်က ဒီလှိုင်းရှည်ကြီးတွေကို စ သတိပြုမိချိန်မှာ ကမ္ဘာ့စီးပွားရေးရဲ့ လှိုင်းရှည်ကြီးဟာ အကျဘက်ကို ရောက်နေပြီဆိုပြီး ဟောကိန်းထုတ်ခဲ့တယ်1။ သူဟောတာ မှန်တယ်။

အတိတ်မှာတုန်းက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဘောဂဗေဒပညာရှင်တွေဟာ တိုတဲ့၊ ရှည်တဲ့၊ လတ်တဲ့ လှိုင်းတွေ၊ သံသရာတွေကို အတက်အကျရှိတတ်တဲ့ ရာသီဥတုအပြောင်းအလဲတွေကို လယ်သမားတွေ အရှိတရားအဖြစ် လက်ခံသလိုမျိုး လက်ခံထားခဲ့ကြတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ဘာမှလည်းလုပ်လို့မရဘူး၊ ဒါတွေကနေ အခွင့်အလမ်းတွေ ဒါမှမဟုတ် ပြဿနာတွေ ပေါ်ထွက်လာတတ်သလို ဒါတွေကနေ တသီးပုဂ္ဂလတွေ၊ အကြီးစားထုတ်လုပ်ရေး လုပ်ငန်းကြီးတွေ ပွပေါက်တိုးရင်တိုး မတိုးရင် ဒေဝါလီခံရတာမျိုးထိ ဖြစ်သွားတတ်တယ်၊ ဒါပေမယ့် တကယ်တော့ ဒီသံသရာတွေဟာ အရင်းရှင်စနစ်ကို ကျင့်သုံးရာကနေ ပေါ်ထွက်လာတဲ့ ဖြစ်စဉ်ထဲက အစိတ်အပိုင်းတွေဖြစ်ပြီး ဒီကနေ နောက်ဆုံးမှာ ဘယ်လိုမှ ရှင်းလို့ရမှာမဟုတ်တဲ့ အဇ္စျတ္တဝိရောဓိ internal contradiction ဖြစ်လာမယ်ဆိုပြီး ကားမတ်ယုံသလို ယုံကြည်ကြတဲ့ ဆိုရှယ်လစ်တွေလောက်ပဲ ဒီစီးပွားရေးသံသရာတွေဟာ အရင်းရှင်စီးပွားရေးစနစ်အတွက် အန္တရာယ်ရှိတယ်လို့ ထင်ခဲ့ကြတယ်။ ကောက်ကာငင်ကာ ထဖြစ်တတ်ပြီး တခဏသာခံတဲ့ ရေတိုဆုတ်ယုတ်မှုတွေကို ဖယ်လိုက်ရင် ကမ္ဘာ့စီးပွားရေးဟာ ဟိုးအရင်တုန်းကလိုပဲ ရာစုနှစ်တနှစ်ကြာ ရှေ့ဆက်ဖွံ့ဖြိုးနေမယ်လို့ မျှော်လင့်ထားခဲ့ကြတယ်။ ဒါပေမယ့် အခုအခြေအနေသစ်မှာ ထူးခြားတာကတော့ အရင်းရှင်စနစ်ရဲ့ သမိုင်းမှာ ပထမဆုံးနဲ့ အခုထိတော့ တခုတည်းသော အကြိမ်အဖြစ် သူ့ရဲ့အတက်အကျတွေဟာ စနစ်ကြီးတခုလုံးကို တကယ်ကို အန္တရယ်ပြုတော့မယ့် အသွင်ဆောင်လာခဲ့တယ်။ ဒါ့အပြင် ပိုပြီးအရေးကြီးတဲ့ ရှု့ဒေါင့်တွေကကြည့်ရင် ကမ္ဘာ့စီးပွားရေးဟာ တတက်ထဲတက်နေမှုကနေ တိကနဲ ပြတ်ထွက်သွားပုံရတယ်။

စက်မှုတော်လှန်ရေး Industrial Revolution ဖြစ်ချိန်ကစပြီး ကမ္ဘာ့စီးပွားရေးသမိုင်းဟာ နည်းပညာ တဟုန်ထိုး ဖွံ့ဖြိုး တိုးတက်မှုရဲ့သမိုင်း၊ ဖွံ့ဖြိုးမှုနှုန်း မညီညာပေမယ့် အပြတ်အလပ်မရှိတဲ့ စီးပွားရေးဖွံ့ဖြိုးမှုရဲ့သမိုင်း၊ ကမ္ဘာလွှမ်းခြုံ ယှက်နွှယ်မှု‘ globalization ပိုပိုကြီးမားလာမှုရဲ့သမိုင်း၊ ဆိုလိုတာက ကမ္ဘာတဝှမ်းလုံးမှာ အလုပ်ခွဲဝေမှု ပိုပို အဆင့်မြင့်ပြီး သိမ်မွေ့လာတဲ့ ဖြစ်စဉ်ရဲ့သမိုင်း၊ ကမ္ဘာ့စီးပွားရေးရဲ့ အစိတ်အပိုင်းတိုင်းကို ကမ္ဘာလုံးဆိုင်ရာ စနစ်ကြီးတခုအဖြစ် ပေါင်းစည်းသွားစေတဲ့ တနေ့အခြား ပိုပိုသိပ်သည်းလာတဲ့ စီးဆင်းမှုတွေ၊ ဖလှယ်မှုတွေရဲ့သမိုင်းပဲ။ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုဟာ ဒီပုံအတိုင်း ဆက်သွားနေပြီး ဘေးဒုက္ခခေတ် Age of Catastrophe ထဲမှာ ဒီဖွံ့ဖြိုးတိုးတက်မှုဟာ အရှိန်တောင်ရလာခဲ့တယ်၊ တဆက်ထဲမှာ ဒီဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘာစစ်ကြီးတွေဖြစ်ပွားခဲ့တဲ့ ခေတ်ကာလကို အသွင်ပြောင်းပစ်လိုက်သလို သူတို့ကိုယ်တိုင်လည်း ဒီခေတ်ကာလရဲ့ အသွင်ပြောင်းတာကို ခံခဲ့ရတယ်။ ဒီခေတ်က အမျိုးသား၊ အမျိုးသမီးအများစုရဲ့ ဘဝတွေမှာ ကြုံခဲ့ရတဲ့ စီးပွားရေးအတွေ့အကြုံက ကြောက်စရာကောင်းလှပြီး ၁၉၂၉၃၂ ကမ္ဘာ့စီးပွားပျက်မှုကြီး Great Slump မှာ အဆိုးဆုံးအနေအထားကို ကြုံတွေ့ခဲ့ကြရတာတောင် ဒီဆယ်စုနှစ်တွေမှာ စီးပွားရေးဖွံ့ဖြိုးမှုက ရပ်မသွားခဲ့ဘူး။ ဖွံ့ဖြိုးတဲ့နှုန်းကျရုံ ကျသွားခဲ့တယ်။ အဲဒီအချိန်က ကမ္ဘာ့အကြီးဆုံးနဲ့ အကြွယ်ဝဆုံး စီးပွားရေးနိုင်ငံကြီးဖြစ်တဲ့ USA မှာ တဉီးချင်းစုစုပေါင်းထွက်ကုန် GNPper head ဖွံ့ဖြိုးမှုနှုန်းဟာ ၁၉၃၁ နဲ့ ၁၉၃၈ ကြားနှစ်တွေမှာ တနှစ်ကို ၀.၈ ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့တယ်။ ၁၉၁၃ နောက်ပိုင်း နှစ်ဆယ့်ငါးနှစ်တာကာလအတွင်း ကမ္ဘာ့အကြီးစား စက်မှုကုန်ထုတ်လုပ်မှုဟာ သူ့အရင် ရာစုနှစ်တစိတ်ကြာကာလရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကျော်၊ တနည်းအားဖြင့် သူ့အရင် ရာစုနှစ်တစိတ်ကြာကာလအတွင်း ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်နှုန်းရဲ့ တဝက်လောက်သာရှိတဲ့နှုန်းနဲ့ ဖွံ့ဖြိုးခဲ့တယ် (ဒဗလျူ ဒဗလျူ ရော့စတိုး W W Rostow၊ ၁၉၇၈၊ စာ ၆၆၂)။ ၁၉၄၅ နောက်ပိုင်းနှစ်တွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ကွာဟမှုက ပိုတောင်မှ ကြီးတာကို နောက်ပိုင်း (အခန်း ၉) တွေ့ရမယ်။ ဒါတောင်မှ အင်ဂါဂြိုဟ်ပေါ်က ဂြိုဟ်သားတယောက်က မညီညာတဲ့ အတက်အကျ အတိုးအဆုတ်တွေကို ကျော်မြင်နိုင်လောက်တဲ့ ခပ်လှမ်းလှမ်း အနေအထားကနေ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို လှမ်းကြည့်မယ်ဆိုရင် ကမ္ဘာ့စီးပွားရေးဟာ မေးခွန်းထုတ်စရာ မလိုလောက်အောင် ဆက်ပြီး ဖွံ့ဖြိုးတိုးတက်နေတယ်ဆိုပြီး ကောက်ချက်ချမိမှာပဲ။

သို့သော်လည်း ကမ္ဘာ့စီးပွားရေးဟာ ရှုဒေါင့်တခုက ကြည့်ပြောရရင်ဆက်ပြီး မဖွံ့ဖြိုးတော့တာကို အလွယ်တကူ မြင်နိုင်တယ်။ စစ်ကြားကာလကနှစ်တွေမှာကမ္ဘာ့စီးပွားရေး ပေါင်းကူးယှက်နွှယ်မှုဟာ ရပ်တန့်သွားပုံရတယ်။ ဘယ်နည်းနဲ့တိုင်းတိုင်း ကမ္ဘာ့စီးပွားရေး တစုတစည်းထဲဖြစ်လာမှု the integration of the world economyဟာ တန့်သွား ဒါမှမဟုတ် ပြန်ဆုတ်သွားတယ်။ စစ်မတိုင်ခင်နှစ်တွေဟာ သမိုင်းမှာ မှတ်သားမှုတွေ စလုပ်ချိန်ကစပြီး အခြေချရွှေ့ပြောင်းနေထိုင်မှုတွေ အများဆုံးဖြစ်ပွားတဲ့ ကာလပဲ၊ ဒါပေမယ့် စစ်ကြားကာလထဲမှာ ဒီစီးဆင်းမှုတွေ ခြောက်ခမ်းသွားတယ်၊ ခြောက်ခမ်းသွားတယ် ဆိုတာထက် စစ်ပွဲတွေ၊ နိုင်ငံရေး အကန့်အသတ်တွေကြောင့် ရှေ့ဆက်မစီးဆင်းနိုင်ဘဲ တန့်သွားတယ်။ ၁၉၁၄ မတိုင်ခင် ဆယ့်ငါးနှစ်တာကာလအတွင်းမှာ USA ကို အခြေချနေထိုင်ဖို့ ရောက်ရှိလာသူပေါင်း ဆယ့်ငါးသန်းနီးပါးရှိတယ်။ နောက်ဆယ့်ငါးနှစ်တာကာလလည်းကျရော ငါးသန်းခွဲထိ ကျသွားခဲ့ပြီး ၁၉၃၀ ဆယ်စုနှစ်နဲ့ စစ်ဖြစ်နေတဲ့နှစ်တွေမှာ လုံးဝနီးနီး ရပ်သွားတဲ့အထိပဲ၊ အဲဒီနှစ်တွေမှာ အမေရိကန်ကို ရွှေ့ပြောင်းလာသူ အရေအတွက်ဟာ တသန်းရဲ့ လေးပုံသုံးပုံအောက်ပဲရှိတယ် (သမိုင်းဝင် စာရင်းများ Historical Statistics I, စာ ၁၀၅၊ ဇယား C ၈၉ ၁၀၁)။ များသောအားဖြင့် လာတင်အမေရိက Latin America ကို ရွှေ့ပြောင်းကြတဲ့ အိုင်ဘီးရီးယား Iberiaကနေ ပြင်ပကို ရွှေ့ပြောင်းမှုဟာလည်း ၁၉၁၁ ၂၀ ဆယ်စုနှစ်မှာ တသန်းခုနှစ်သိန်းငါးသောင်း ရှိရာကနေ ၁၉၃၀ ဆယ်စုနှစ်မှာ နှစ်သိန်းခွဲအောက် ကျသွားခဲ့တယ်။ စစ်တွင်းအပျက်အစီးတွေနဲ့ စစ်ပြီးအကျပ်အတည်းတွေကနေ နလံပြန်ထလာတဲ့ ကမ္ဘာ့ကုန်သွယ်ရေးဟာလည်း ၁၉၂၀ ဆယ်စုနှစ်ကုန်ခါနီးနှစ်တွေမှာ ၁၉၁၃ တုန်းက ပမာဏအထက်ကို မဆိုစလောက်လေးဘဲ ပြန်တက်လာပြီး စီးပွားပျက်ကာလအတွင်းမှာ တခါပြန်ကျသွားပေမယ့် ဘေးဒုက္ခခေတ် Age of Catastrophe ပြီးဆုံးချိန် (၁၉၄၈)မှာ ကမ္ဘာ့ကုန်သွယ်ရေးဟာ ထုထည်ပမာဏ volume အားဖြင့်ကြည့်ရင် ပထမကမ္ဘာစစ် မတိုင်ခင်ကထက် သိသိသာသာ မကြီးမားလှတဲ့ အနေအထားမှာပဲ ရှိနေခဲ့တယ် (ဒဗလျူ ဒဗလျူ ရော့စတိုး W W Rostow 1978၊ စာ ၆၆၉)။ ၁၉၁၃ က ကမ္ဘာ့ကုန်သွယ်ရေးဟာ ၁၈၉၀ ဆယ်စုနှစ် အစောပိုင်းနှစ်တွေတုန်းကထက် နှစ်ဆတိုးလာခဲ့တယ်။ တခါ ၁၉၇၁ က ကမ္ဘာ့ကုန်သွယ်ရေးဟာ ၁၉၄၈ တုန်းကထက် လေးဆ တိုးလာခဲ့တယ်။ တဘက်မှာ ပထမကမ္ဘာစစ်ကြီးကနေ ဥရောပနဲ့ အရှေ့အလယ်ပိုင်းမှာ နိုင်ငံသစ်တွေ အများအပြား ပေါ်ထွက်လာတာကိုကြည့်ရင် စစ်ကြားကာလမှာ ကုန်သွယ်ရေးပမာဏ တန့်သွားတာဟာ အတော့်ကို အံ့အားသင့်စရာကောင်းတယ်။ အရင်က နိုင်ငံတနိုင်ငံထဲမှာလုပ်တဲ့(သြစတြီးယားဟန်ဂေရီ ဒါမှမဟုတ် ရုသျှပဲ ဆိုပါစို့) ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေကို အခုအခါမှာ နိုင်ငံတကာ ကုန်စည်ကူးသန်းရောင်းဝယ်မှုအဖြစ် သတ်မှတ်လိုက်ပြီမို့ ကုန်စည်တွေ နိုင်ငံနယ်နမိတ်တွေကို ကျော်ဖြတ်ရတဲ့ အကွာအဝေး ပိုကြီးလာတာက နိုင်ငံအချင်းချင်းကြား ကုန်စည်ကူးသန်းရောင်းဝယ်မှုကို အလိုလို လိုက်တက်လာစေလိမ့်မယ်လို့ ယူဆချင်စရာပဲ။ (ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာ စာရင်းအင်းတွေက နယ်စပ်ဖြတ်ကျော်တဲ့ ကုန်စည်ပမာဏကိုပဲ တိုင်းတာတယ်။) တခါ စစ်နဲ့ တော်လှန်ရေးအပြီး ကြေကွဲဖွယ်ရာ ပေါ်ထွက်လာတဲ့ ဒုက္ခသည်အရေအတွက်ဟာ သန်းချီရှိတာမို့ (အခန်း ၁၁ ကိုကြည့်) တကမ္ဘာလုံးမှာ ရွှေ့ပြောင်းနေထိုင်မှုဟာ လျှော့သွားစရာမရှိဘဲ တိုးလာရမှာလို့ ယူဆချင်စရာပဲ။ ကမ္ဘာ့စီးပွားပျက်မှုကြီး Great Slump ဖြစ်တဲ့ ကာလအတွင်းမှာ နိုင်ငံတကာ ငွေအရင်းအနှီး စီးဆင်းမှုတောင် ရပ်ဆိုင်းသွားပုံရတယ်။ ၁၉၂၇ နဲ့ ၁၉၃၃ ကြားမှာ နိုင်ငံတကာ ငွေချေးမှုဟာ ၉၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့တယ်။

ဘာဖြစ်လို့ အခုလို တန့်သွားရတာလဲ။ ဒါနဲ့ပတ်သက်ပြီး အကြောင်းပြချက် အမျိုးမျိုးပေးကြတယ်၊ ဥပမာ ကမ္ဘာမှာ စီးပွားရေးအရ အကြီးဆုံးနိုင်ငံကြီးဖြစ်တဲ့ USA ဟာ ကုန်ကြမ်းပစ္စည်း တချို့တလေ ဝယ်ယူဖို့လောက်ကလွဲပြီး သူလိုတာမှန်သမျှကို သူ့တိုင်းပြည်ထဲမှာတင် ထုတ်နိုင်တဲ့ အနေအထားကို ရောက်သွားပြီလို့ အကြောင်းပြကြတယ်၊ တကယ်က သူဟာ နိုင်ငံခြားကုန်သွယ်မှုပေါ် ထူးထူးခြားခြား မှီခိုရတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဒါပေမယ့် ဗြိတိန်တို့၊ စကင်ဒီနေးဗီးယားနိုင်ငံတွေလို ကုန်သွယ်မှုအကြီးအကျယ် လုပ်နေတဲ့ နိုင်ငံတွေမှာလည်း ဒီပုံစံမျိုး ပြလာတယ်။ ခေတ်ပြိုင်အကဲခတ်တွေကတော့ ပိုပြီးထင်သာမြင်သာရှိတဲ့ စိုးရိမ်စရာ အကြောင်းရင်းတခုကို ထောက်ပြကြပြီး သူတို့ ထောက်ပြတာ လုံးဝနီးနီး မှန်တယ်။ နိုင်ငံတိုင်းက အခုအချိန်မှာ သူ့စီးပွားရေးကို ပြင်ပခြိမ်းခြောက်မှု ရန်တွေကနေ ဆိုလိုတာက အမြင်အရ ပြဿနာအကြီးအကျယ်တက်နေတဲ့ ကမ္ဘာ့စီးပွားရေးကနေ ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားကြတယ်။

ကမ္ဘာစစ်ရဲ့ ယာယီဝရုန်းသုန်းကားဖြစ်မှုတွေအပြီးမှာ ကမ္ဘာ့စီးပွားရေးဟာ ပုံမှန်လို့ မှတ်ယူထားကြတဲ့ ၁၉၁၄ မတိုင်ခင်ကရှိခဲ့တဲ့ ခေတ်ကောင်းကို တနည်းတဖုံ ပြန်သွားလိမ့်မယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေရော အစိုးရတွေပါ မူလက မျှော်လင့်ထားခဲ့ကြတယ်။ တကယ်တမ်းမှာလည်း အလုပ်သမားတွေနဲ့ အလုပ်သမားသမဂ္ဂတွေရဲ့ အင်အားတွေ အလွန်အမင်း ကြီးမားလာပြီး လခတွေတိုး၊ အလုပ်ချိန်တွေ လျော့လာရာကနေ ကုန်ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်တွေ တက်လာတော့မယ့် အနေအထားကို စီးပွားရေးလုပ်ငန်းရှင်တွေရော အစိုးရတွေပါ စိတ်ပျက်ပြီး လန့်နေကြတဲ့ကြားကကို စစ်ပြီးပြီးချင်းတွေ့ရတဲ့၊ အနည်းဆုံး တော်လှန်ရေးနဲ့ ပြည်တွင်းစစ်ရဲ့ ဖျက်ဆီးမှုမခံလိုက်ရတဲ့ နိုင်ငံတွေမှာ တွေ့ရတဲ့ စီးပွားရေးစန်းပွင့်မှုဟာ အစပိုင်းမှာ အားတက်စရာ ကောင်းပုံရတယ်။ ဒါပေမယ့်လည်း စီးပွားရေးကို အခြေအနေသစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဖော်ဆောင်ဖို့ကတော့ မှန်းထားတာထက် ပိုပြီး ခက်ခဲလှတယ်။ ၁၉၂၀ မှာ စျေးနှုန်းတွေနဲ့ စီးပွားရေးဖွံ့ဖြိုးမှုက လုံးဝ ပြိုလဲကျသွားတော့တယ်။ ဒီလိုဖြစ်တဲ့အတွက် လုပ်သားတွေရဲ့အင်အား ချည့်နဲ့သွားပြီး ဗြိတိန်က အလုပ်လက်မဲ့နှုန်းဟာ ဒီ့နောက်ပိုင်းမှာ ၁၀ ရာခိုင်နှုန်းအောက် ခပ်နိမ့်နိမ့်ထိ မဆင်းတော့ဘဲ နောင်ဆယ့်နှစ်နှစ်တာ ကာလအတွင်းမှာ သမဂ္ဂတွေမှာလည်း အဖွဲ့ဝင်ဉီးရေ တဝက်လောက် လျော့သွားခဲ့တယ်အင်အားချိန်ခွင်လျှာက အလုပ်ရှင်တွေဘက်ကို ပြတ်ပြတ်သားသား တိမ်းလာပြန်တယ်၊ ဒါပေမယ့် ကြွယ်ဝမှုကတော့ ဘယ်နားနေမှန်းမသိသေး။

အင်ဂလိုဆက်ဆွန် Anglo-Saxon world နိုင်ငံတွေ၊ စစ်တွင်းကြားနေခဲ့တဲ့ နိုင်ငံတွေနဲ့ ဂျပန်တို့က ငွေကြေးလည်ပတ်မှုကို ကျုံ့အောင် အစွမ်းကုန်လုပ်တယ်၊ ဆိုလိုတာက စစ်ရဲ့ဒဏ်တွေကို ခံနိုင်စွမ်းမရှိတဲ့ ရွှေပေါင်ထားတဲ့စံနစ်ရယ်၊ နောက် သင့်တော်တဲ့ ဘဏ္ဍာရေးပေါ်လစီတွေရယ် စတာတွေနဲ့ အာမခံထားတဲ့၊ ခိုင်မာတဲ့ ငွေကြေးတည်ငြိမ်ရေးဆိုင်ရာ နိယာမဟောင်းတွေနဲ့ စီးပွားရေးကို ပြန်ထူထူထောင်ထောင်ဖြစ်အောင် ကြိုးစားကြတယ်။ တကယ်လည်း ၁၉၂၂ နဲ့ ၁၉၂၆ ကြားမှာ အောင်အောင်မြင်မြင် လုပ်နိုင်လုနီးနီးတောင် ဖြစ်ခဲ့သေးတယ်။ သို့သော်လည်း အနောက်ဘက် ဂျာမနီနဲ့ အရှေ့ဘက် ရုသျှကြားက စစ်ရှုံးသွားတဲ့နိုင်ငံတွေနဲ့ သွက်ချာပါဒလိုက်သွားတဲ့နိုင်ငံတွေ တည်ရှိရာဒေသမှာတော့ လက်ရှိအသုံးပြုနေတဲ့ ငွေကြေးစံနစ် လုံးဝပြိုလဲသွားတာ တွေ့ခဲ့ရတော့တယ်၊ ဒီအဖြစ်အပျက်နဲ့ နှိုင်းယှဉ်လို့ရတာဆိုလို့ ၁၉၈၉ နောက်ပိုင်း ကွန်မြူနစ်စံနစ်ကို စွန့်လွှတ်ခဲ့တဲ့ နိုင်ငံတွေက အဖြစ်အပျက်ပဲရှိတယ်။ အဆိုးဆုံးသာဓကဖြစ်တဲ့ ၁၉၂၃ က ဂျာမနီမှာ ငွေတန်ဖိုးဟာ ၁၉၁၃ က တန်ဖိုးရဲ့ သန်းပေါင်း တသန်းပုံတပုံထိ ကျသွားခဲ့တယ်၊ ဆိုလိုတာက လက်တွေ့မှာ ငွေက ဘာတန်ဖိုးမှ မရှိတော့တဲ့အဖြစ် ဆိုက်သွားတော့တယ်။ ဂျာမနီလောက်မဆိုးတဲ့ အဖြစ်အပျက်တွေမှာတောင် ရုတ်တရက်ကြီး ဆိုးဝါးလာတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်လာရတယ်။ သြစတြီးယားက ငွေဖောင်းပွမှု2 ကာလအတွင်းမှာ အာမခံပေါ်လစီ သက်တမ်းစေ့လို့ သွားထုတ်တဲ့ စာရေးသူရဲ့အဖိုးဟာ တန်ဖိုးကျသွားတဲ့ ပိုက်ဆံတွေ တထောကြီးကို ဘဏ်ကထုတ်လာရာမှာ အဲဒီပိုက်ဆံတွေဟာ သူ့စိတ်ကြိုက် လ္ဘက်ရည်ဆိုင်မှာ ကော်ဖီတခွက် ဝယ်သောက်နိုင်ရုံလောက်သာ တန်ဖိုးရှိတော့တဲ့ အဖြစ်ကို မကြာမကြာ ပြန်ပြောပြတတ်တယ်။

တိုတိုပြောရရင် ပုဂ္ဂလိကကဏ္ဍက စုဆောင်းငွေအားလုံး လုံးဝပျောက်သွားပြီး စီးပွားရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်နေဖို့ လိုအပ်တဲ့ ငွေကိုလည်း ဘယ်ကမှ ရှာလို့မလွယ်တဲ့ အခြေဆိုက်သွားခဲ့တယ်၊ ဒီ့နောက်ပိုင်းနှစ်တွေမှာ ဂျာမန်စီးပွားရေးဟာ ပြည်ပကချေးငွေပေါ် ကြီးကြီးမားမား မှီခိုအားထားလာရမှုကို ဒီအချက်နဲ့ ကောင်းကောင်းရှင်းပြလို့ ရနိုင်စရာရှိတယ်။ စီးပွားရေးလည်း ထိုးကျရော ဒီလို ပြည်ပချေးငွေပေါ်မှီတည်နေရမှုက ဂျာမန်စီးပွားရေးကို ကတိမ်းကပါး ဖြစ်လွယ်တဲ့ အနေအထားကို ထူးထူးခြားခြား ရောက်လာစေတော့တယ်။ ငွေစက္ကူတွေ တရားမဝင်ကြောင်း ကြေညာပြီး ပုဂ္ဂလိကစုဆောင်းငွေတွေကို အလဟသဖြစ်အောင် လုပ်ပစ်တဲ့နည်းနဲ့ ငွေဖောင်းပွအောင်လုပ်ပြီး စုဆောင်းငွေတွေ အလဟသဖြစ်အောင် လုပ်တဲ့နည်းနှစ်နည်းကနေ ထွက်လာတဲ့ စီးပွားရေး ဒါမှမဟုတ် နိုင်ငံရေးအကျိုးဆက်တွေက မတူပေမယ့် ပထမနည်းကို ကျင့်သုံးခဲ့တဲ့ USSR မှာလည်း အခြေအနေက ထူးမခြားနားဘဲ။ အနှစ်သာရအားဖြင့် အစိုးရတွေက ငွေစက္ကူတွေကို အကန့်အသတ်မရှိ ရိုက်ထုတ်နေတာကိုရပ်ပြီး ငွေကြေးအသစ် အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ရာကနေ ၁၉၂၂ ၂၃ မှာ ငွေအကြီးအကျယ် ဖောင်းပွမှုကြီး အဆုံးသတ်သွားတဲ့အခါ အနည်းဆုံး ပိုလန်၊ ဟန်ဂေရီနဲ့ သြစတြီးယားတို့မှာ ငွေတန်ဖိုးရဲ့ မဆိုစလောက် အစိတ်အပိုင်းလေးလောက်ကို ပြန်အဖတ်ဆယ်မိပေမယ့် စုဆောင်းငွေနဲ့ နှုန်းသေအတိုးနှုန်းကို မှီခိုနေရတဲ့ ဂျာမန်တွေအတွက်တော့ ရှိစုမဲ့စုတွေ အကုန် ပြောင်သလင်း ခါသွားတော့တယ်။ ပြောခဲ့သလို ပိုလန်၊ ဟန်ဂေရီနဲ့ သြစတြီးယားတို့မှာ မဆိုစလောက် ပြန်အဖတ်ဆယ်မိပေမယ့် အဲဒီနိုင်ငံတွေက လူလတ်တန်းစားတွေနဲ့ အောက်ခြေ လူလတ်တန်းစားတွေ ကြုံရတဲ့ အတွေ့အကြုံက ဘယ်လောက် ခါးသီးမလဲဆိုတာ ခန့်မှန်းကြည့်လို့ရတယ်။ ဒီအကြောင်းတွေကြောင့်ပဲ ဥရောပ အလယ်ပိုင်းဒေသဟာ ဖက်ဆစ်ဝါဒအတွက် ရေခံမြေခံ ဖြစ်လာကြတယ်။ တိုင်းသူပြည်သားတွေကို တရားလွန် စျေးနှုန်းဖောင်းပွမှုနဲ့ အသားတကျ ဖြစ်လာစေတဲ့ အစီအမံတွေကို (ဥပမာ လုပ်ခလစာနဲ့ တခြားဝင်ငွေတွေကို စျေးနှုန်းဖောင်းပွမှုနှုန်းနဲ့အညီ အတိုးအလျှော့ သတ်မှတ်တဲ့နည်းindexation – ဒီစကားလုံးကို ၁၉၆၀ တဝိုက်လောက်မှာ စသုံး) ဒုတိယကမ္ဘာစစ်မပြီးခင်ထိ စ အသုံးမပြုသေးဘူး။3

၁၉၂၄ လည်းကျရော ဒီ စစ်ပြီးခေတ်ဟာရီကိန်းမုန်တိုင်းကြီးတွေ စဲ သွားပြီး၊ အမေရိကန်သမ္မတတယောက် နံမယ်ပေးခဲ့တဲ့ ပုံမှန်အနေအထား‘ normalcy ကို ပြန်သွားဖို့ မျှော်လင့်လို့ရနိုင်ပုံ ရှိလာပြန်တယ်။ အခြေခံကုန်ပစ္စည်းတွေရဲ့ စျေးနှုန်းတွေဟာ နည်းနည်းလေး ထူထူထောင်ထောင် ပြန်ဖြစ်ပြီး သိပ်မကြာခင်မှာ ပြန်ကျသွားတဲ့အတွက်ကြောင့် မြောက်အမေရိက North America က လယ်သမားတွေ အပါအဝင် ကုန်ကြမ်းနဲ့ စားသောက်ကုန် ထုတ်လုပ်သူတချို့ ဒုက္ခရောက်ခဲ့ရတာတောင် ကမ္ဘာ့စီးပွားရေးဟာ ဖွံ့ဖြိုးမှုဘက်ဆီ ပြန်ရောက်လာတာမျိုးကို တကယ်ကို တွေ့ခဲ့ရသေးတယ်။ စီးပွားရေး တဟုန်ထိုး ထိုးတက်ခဲ့တဲ့ ၁၉၂၀ ဆယ်စုနှစ်တွေဟာ USA က လယ်သမားတွေအတွက်တော့ ရွှေခေတ် မဟုတ်ခဲ့ဘူး။ ဒါ့အပြင် အနောက်ဥရောပက Western Europe နိုင်ငံအများစုမှာ အလုပ်လက်မဲ့ဉီးရေဟာ အံ့အားသင့်စရာကောင်းလောက်အောင်၊ နောက်ပြီး ၁၉၁၄ မတိုင်ခင်က စံနဲ့ တိုင်းမယ်ဆိုရင် အလွန်အကျွံမြင့်မားနေဆဲပဲ။ ၁၉၂၀ ဆယ်စုနှစ်ကာလအတွင်း စီးပွားရေးကောင်းတဲ့နှစ်တွေ (၁၉၂၄ ၂၉)မှာတောင် ဗြိတိန်၊ ဂျာမနီနဲ့ ဆွီဒင်တို့က အလုပ်လက်မဲ့နှုန်းဟာ ၁၀ နဲ့ ၁၂ ရာခိုင်နှုန်းကြားမှာရှိပြီး၊ ဒိန်းမတ်နဲ့ နော်ဝေးတို့မှာ ၁၇ ၁၈ ရာခိုင်နှုန်းထက် မလျော့တာကို သတိရချင်ကြမှာ မဟုတ်ဘူး။ စီးပွားရေးကို စက်ကုန်ဖွင့်မောင်းနေတဲ့နိုင်ငံဆိုလို့ ပျမ်းမျှအလုပ်လက်မဲ့နှုန်း ၄ ရာခိုင်နှုန်းလောက်ရှိတဲ့ USA တနိုင်ငံပဲရှိတယ်။ ဒီအချက်နှစ်ချက်စလုံးက ကမ္ဘာ့စီးပွားရေးရဲ့ အဓိက အားနည်းချက်ကြီးတွေကို ညွှန်ပြနေတယ်။ အခြေခံကုန်ပစ္စည်းတွေရဲ့စျေးတွေ ထိုးကျမှုက (ထပ်ပြီးမကျအောင် ကုန်တွေကို လှောင်ပြီး စုထားရတဲ့ ကျီတွေသာ ကြီးလာတယ်) ဘာကိုပြလဲဆိုတော့ ဒီကုန်ပစ္စည်းတွေရဲ့ ဝယ်လိုအားဟာ ထုတ်လုပ်နိုင်အားနဲ့ အမှီ မလိုက်နိုင်တာကို ပြနေတယ်။ နောက်တခါ ၁၉၂၀ ဆယ်စုနှစ်လယ်ကနေ ဒီဆယ်စုနှစ်ကုန်ခါနီးထိ တွေ့ခဲ့ရတဲ့ စီးပွားရေးတိုးတက်မှုဟာ တကယ်တော့ အဲဒီနှစ်တွေမှာ စက်မှုနိုင်ငံကြီးတွေ၊ အထူးသဖြင့် ဂျာမနီကို နိုင်ငံတကာက ငွေအရင်းအနှီး အကြီးအကျယ် လှိမ့်ဝင်လာရာကနေ အဓိက တက်လာတဲ့အချက်ကိုလည်း မမေ့သင့်ဘူး။ ဂျာမနီတနိုင်ငံထဲက ၁၉၂၈ မှာ တကမ္ဘာလုံးက အရင်းအနှီး တင်ပို့မှုပမာဏရဲ့ တဝက်လောက်ကို ရယူခဲ့ပြီး၊ မတ်ငွေ ဘီလီယံ ၂၀,၀၀၀ ကနေ ၃၀,၀၀၀ ထိ ချေးငှားခဲ့ပြီး အဲဒီထဲက တဝက်လောက်က ရေတိုချေးငွေတွေ ဖြစ်နိုင်စရာရှိတယ် (အန်း Arndt၊ စာ ၄၇၊ ကင်ဒယ်ဘာဂါ Kindelberger ၁၉၈၆)။ ဒီ့အတွက်ကြောင့် ၁၉၂၉ နောက်ပိုင်းမှာ အမေရိကန်ပိုက်ဆံတွေ ဂျာမနီကနေ ပြန်ထွက်သွားမှုက ပြသခဲ့သလို ဂျာမနီရဲ့ စီးပွားရေးဟာ ရုတ်ခြည်း အန္တရာယ်ကျရောက်ဖို့ အရမ်းကို လွယ်ကူတဲ့ အခြေအနေကို ရောက်လာခဲ့တယ်။

ဒီတော့ နှစ်အနည်းငယ်အကြာမှာ ကမ္ဘာ့စီးပွားရေးဟာ ပြဿနာတွေနဲ့ တခါထပ် ရင်ဆိုင်ရလာတာဟာ အမေရိကန်ဝထ္ထုဆရာ စင်ကလဲယားလူးဝစ် Sinclair Lewis ရဲ့ ဘက်ဘစ် Babbit(၁၉၂၀)ထဲမှာ ချယ်မှုန်းခဲ့တဲ့၊ အဲဒီအချိန်က အနောက်ကမ္ဘာမှာ နေထိုင်သူတွေနဲ့ တရင်းတနှီးရှိလာတဲ့ အမေရိကန်က မြို့သေးသေးလေးတွေမှာ မစားရဝခမန်း ကြွားလုံးထုတ်တတ်သူတွေလောက်ကလွဲပြီး ဘယ်သူ့အတွက်မှ သိပ်အံ့အားသင့်စရာ မဟုတ်တော့ဘူး။ စီးပွားရေးစန်းပွင့်မှု အထွတ်အထိပ်ရောက်နေချိန်မှာ နောက်ထပ် စီးပွားရေးအကျပ်ဆိုက်မှုတခု ထပ်ဖြစ်လိမ့်မယ်လို့ ကွန်မြူနစ်အင်တာနေရှင်နယ် Communist Internationalက ဟောကိန်းထုတ်ထားခဲ့ပြီးအဲဒီကနေ နောက်တကျော့ တော်လှန်ရေးတွေ ထပ်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထား သူတို့ရဲ့ ပြောခွင့်တာဝန်ခံတွေက ယုံကြည်ထား ဒါမှမဟုတ် ယုံကြည်ချင်ယောင်ဆောင်ခဲ့ကြတယ်။

ဘယ်သူကမှ အရေးတယူ မလုပ်ကြပေမယ့် လေးစားစရာကောင်းလှတဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီး League of Nations က ပညာရှင်တွေ ရှုမြင်ခဲ့သလို မြောက်အမေရိက စက်မှုနိုင်ငံတွေမှာ စီးပွားရေး ရုတ်တရက်ကြီး ထိုးကျလာမှုဟာ မကြာခင်မှာဘဲ တခြား စက်မှုအချက်အချာနိုင်ငံဖြစ်တဲ့ ဂျာမနီကို ကူးစက်သွားတော့တယ် (အိုလင်း Ohlin၊ ၁၉၃၁)။ ၁၉၃၁ မှာ အမေရိကန်က အကြီးစားကုန်ထုတ်လုပ်မှုဟာ ၁၉၂၉ တုန်းကထက် သုံးပုံတပုံလောက်ကျသွားပြီး ဂျာမနီမှာလည်း အလားတူရာခိုင်နှုန်းလောက် ကျသွားခဲ့တယ်၊ ဒါပေမယ့် ဒါတွေက ပျမ်းမျှကိန်းဂဏန်းတွေပဲ။ ဒါ့ကြောင့် USA က လျှပ်စစ်ပစ္စည်းရောင်းချတဲ့ ဝက်စတင်းဟောက် Westinghouse ကုမ္ပဏီကြီးရဲ့ ရောင်းအားဟာ ၁၉၂၉ နဲ ၁၉၃၁ ကြားမှာ သုံးပုံနှစ်ပုံ ကျသွားခဲ့ပြီး ဒီနှစ်နှစ်အတွင်းမှာ သူ့ရဲ့ အသားတင်ဝင်ငွေလည်း ၇၆ ရာခိုင်နှုန်း ကျဆင်းခဲ့တယ် (ရှာ့ဇ Schatz၊ ၁၉၈၃၊ စာ ၆၀)။ စားသောက်ကုန်နဲ့ ကုန်ကြမ်းပစ္စည်းတွေရဲ့ စျေးနှုန်းတွေကို အရင်ကလို လှောင်ထားတဲ့နည်းနဲ့ ဆက်ပြီး ပင့်ထားလို့မရတော့တဲ့အတွက် စျေးတွေ အဆီးအတားမရှိ ထိုးကျလာရာမှာ အခြေခံကုန်ပစ္စည်းတွေ ထုတ်လုပ်မှုက တကယ့်ကို အကျပ်အတည်း ဆိုက်လာတော့တယ်။ လ္ဘက်ခြောက်စျေးနှုန်းတွေက သုံးပုံနှစ်ပုံနဲ့ ပိုးကြမ်းraw silk စျေးက လေးပုံသုံးပုံ ကျဆင်းခဲ့တယ်။ အဲဒီမှာ ၁၉၃၁ မှာ နိုင်ငံပေါင်းချုပ်အသင်းကြီးက စာရင်းလုပ်ထားတဲ့ နိုင်ငံတွေလောက်ကို ပြောရရင်အာဂျင်တီးနား၊ သြစတြေးလျ၊ ဘော်လကန်နိုင်ငံတွေ၊ ဘိုလီးဗီးယား၊ ဘရာဇီး၊ (ဗြိတိသျှ) မလေးယား၊ ကနေဒါ၊ ချီလီ၊ ကိုလံဘီယာ၊ ကျူးဘား၊ အီဂျစ်၊ အီကွေဒေါ၊ ဖင်လန်၊ ဟန်ဂေရီ၊ အိန္ဒိယ၊ မက္ကဆီကို၊ နယ်သာလန်အင်ဒီး the Netherland Indies (ကနေ့ အင်ဒိုနီးရှား)၊ နယူးဇီလန်၊ ပါရာဂွေး၊ ပီရူး၊ ဥရုဂွေးနဲ့ ဗင်နီဇွဲလား စတဲ့နိုင်ငံတွေလို အခြေခံကုန်ပစ္စည်း တင်ပို့ရောင်းချမှုပေါ် မှီခိုနေရတဲ့ နိုင်ငံတွေအားလုံး ပက်လက်လန်တော့တာပဲ။ အတိုချုပ်ပြောရရင် ရေရှည်စီးပွားရေး ကျဆင်းမှုကြီးဟာ Depression တကယ့်ကို တကမ္ဘာလုံးနဲ့ကိုဆိုင်တဲ့ ဖြစ်ရပ်ကြီး ဖြစ်လာတော့တယ်။

အနောက် ဒါမှမဟုတ် (အရှေ့) ကနေ ထွက်လာတဲ့ ငလျင်လှိုင်းတွေရဲ့ ရိုက်ခတ်မှုတွေကို အင်မတန်မှ မြန်မြန်ဆန်ဆန် ခံစားသိရှိနိုင်တဲ့ သြစတြီးယား၊ ချက်ကိုစလိုဗားကီးယား၊ ဂရိ၊ ဂျပန်၊ ပိုလန်နဲ့ ဂရိတ်ဗြိတိန်တို့ရဲ့ စီးပွားရေးတွေဟာလည်း အလားတူ လှုပ်ခါသွားတော့တယ်။ ကြီးမားလှပြီး မှန်မှန်ဖွံ့ဖြိုးလာနေတဲ့ အမေရိကန်က ပိုးသားနဲ့လုပ်တဲ့ အသားကပ် အဝတ်အထည် စျေးကွက်ကို တင်ပို့နေတဲ့ ဂျပန်က ပိုးချည်မျှင်ထုတ်လုပ်တဲ့လုပ်ငန်းဟာ သူ့အရင် ဆယ့်ငါးနှစ်အတွင်းမှာ ထုတ်ကုန် သုံးဆတိုးလာခဲ့ပေမယ့် အခု စီးပွားရေးကျချိန်မှာ တင်ပို့မှု လုံးဝရပ်ဆိုင်းသွားခဲ့တယ် အဲဒီအတွက် အဲဒီအချိန်က ဂျပန်ထွက် ပိုးသား ၉၀ ရာခိုင်နှုန်းကို တင်ပို့နေတဲ့ အမေရိကားစျေးကွက်ကြီးလည်း လုံးဝပျောက်သွားတော့တယ်။ ဒီအတောအတွင်းမှာ ဂျပန်ရဲ့ အဓိကစိုက်ပျိုးရေးထွက်ကုန်ဖြစ်တဲ့ ဆန်စပါးစျေးနှုန်းတွေ ထိုးကျပြီး တောင်အာရှနဲ့ အရှေ့အာရှက ဆန်စပါး အဓိကထွက်ရှိရာ ဒေသကြီးတွေမှာလည်း စပါးစျေးတွေ ထိုးကျကုန်တယ်။ ဖြစ်ချင်တော့ စပါးစျေးထက် ဂျုံစျေးက ပိုတောင်မှ ရက်ရက်စက်စက် ထိုးကျတဲ့အတွက် ဂျုံက စပါးထက်တောင် စျေးပေါပြီး အရှေ့တိုင်းသား အတော်များများဟာ ဆန်ကနေ ဂျုံကို ပြောင်းစားကြတယ်လို့ ပြောစမှတ်ပြုကြတယ်။ သို့သော်လည်း ချာပါတီနဲ့ ခေါက်ဆွဲ အဝယ်လိုက်တဲ့အခါမှာ ဗမာ၊ ပြင်သစ်အင်ဒိုချိုင်းနားနဲ့ ဆိုင်ယမ် Siam (ကနေ့ခေတ် ထိုင်း)တို့လို ဆန်တင်ပို့တဲ့ နိုင်ငံတွေက လယ်သမားတွေရဲ့ အခြေအနေ ပိုဆိုးလာခဲ့တယ် (လာသမ် Latham၊ ၁၉၈၁၊ စာ ၁၇၈)။ စပါးစျေးကျတာကို ကာမိအောင် လယ်သမားတွေက စပါးတွေ တိုးစိုက်၊ တိုးရောင်းရာမှာ စျေးတွေက ဆင့်ဆင့်ပြီး ကျနေတော့တယ်။

စျေးကွက်ကို အထူးသဖြင့် ပို့ကုန်စျေးကွက်ကို မှီခိုနေရတဲ့ လယ်သမားတွေအတွက်က သူတို့ရဲ့ လုပ်ရိုးလုပ်စဉ် လောက်ငရုံ တနိုင်တပိုင် စိုက်ပျိုးထုတ်လုပ်တဲ့နည်း subsistance production အတိုင်း ပြန်မစိုက်နိုင်ရင် ဘဝပျက်တော့တာပဲ။ ဒီ လောက်ငရုံ စိုက်ပျိုးထုတ်လုပ်တဲ့နည်းဆိုတာ ပြင်ပကို မှီခိုနေရတဲ့ နိုင်ငံတွေအတွက်က ကနေ့ချိန်ထိ ဖြစ်နိုင်ခြေရှိနေတုန်းပဲ၊ နောက်တခါ အာဖရိက၊ တောင်အာရှ၊ အရှေ့အာရှနဲ့ လာတင်အမေရိကဒေသတွေမှာ နေထိုင်သူအများစုဟာ လယ်သမားတွေ ဖြစ်နေသရွေ့ကတော့ ဒီနည်းကို ကျင့်သုံးတဲ့အခါ စီးပွားပျက်မှုရဲ့ဒဏ်ကို ကျိန်းသေပေါက် ခံသာတယ်။ ဘရာဇီးက ကော်ဖီစိုက်သူတွေဟာ ကော်ဖီစျေးတွေ ကျပြီးရင်းကျနေတာကို ဟန့်တားဖို့ ရေနွေးငွေ့နဲ့ခုတ်တဲ့ မီးရထားတွေကို ကျောက်မီးသွေးနဲ့ မခုတ်ဘဲ ကော်ဖီကို လောင်စာလုပ်ပြီး ခုတ်တဲ့အတွက် ဘရာဇီးဟာ အရင်းရှင်စနစ်ရဲ့ အမှိုက်နဲ့ ရေရှည်စီးပွားရေး ကျဆင်းမှုကြီး Depressionရဲ့နက်ရှိုင်းမှု အတိုင်းအတာကို ပြသတဲ့ သာဓက ဖြစ်လာခဲ့တယ်။ (ကမ္ဘာ့စျေးကွက်မှာရောင်းတဲ့ ကော်ဖီ သုံးပုံနှစ်ပုံကနေ လေးပုံသုံးပုံလောက်ထိက ဘရာဇီးက လာတယ်။) သို့သော်လည်း ဆင်းရဲသားဆိုတာက စီးပွားရေးကနေ သူတို့ရနိုင်တာနဲ့ပတ်သက်ပြီး မဖြစ်စလောက် မျှော်လင့်ချက်ပဲ ထားတတ်ကြတာမို့ ကနေ့ထိ ကျေးလက်မှာ အနေများတဲ့ ဘရာဇီးနိုင်ငံသားတွေအတွက်က ကမ္ဘာ့စီးပွားပျက်မှုကြီး Great Slump ဟာ ၁၉၈၀ ဆယ်စုနှစ်တွေမှာ ကြုံတွေ့ရတဲ့ စီးပွားရေးကမောက်ကမဖြစ်မှုတွေနဲ့စာရင် အများကြီး တော်သေးတယ်လို့ ခံစားမိကြတယ်။

ဒါတောင်မှလည်း ဂိုးကို့စ Gold Coast (ကနေ့ခေတ် ဂါနာ)ကို သကြား၊ ဂျုံမှုန့်၊ ငါးသေတ္တာနဲ့ ဆန် စတဲ့ ကုန်ပစ္စည်းတွေတင်ပို့မှု သုံးပုံနှစ်ပုံလောက် ကျသွားတဲ့အချက်က ပြသနေသလို ကိုလိုနီပြုခံထားရတဲ့ လယ်သမား တိုင်းပြည်တွေမှာတောင် ဒုက္ခရောက်သူကတော့ ရှိကြတာပဲ၊ အဲဒီမှာ ပြည်ပကနေ ဂျင်အရက်တင်ပို့မှုက ၉၈ ရာခိုင်နှုန်းကျသွားတဲ့အပြင် (အိုလင်း Ohlin၊ ၁၉၃၁၊ စာ ၅၂) (လယ်သမားတွေနဲ့ အခြေပြုတည်ထားတဲ့)ကိုကိုးစျေးကွက်ဆိုရင် ကိုကိုးစျေးကို ပင့်ထားတာတွေအားလုံး ပွင့်ကျသွားပြီး စျေးကွက်က လုံးဝကို ပျက်သွားတဲ့အထိ ဖြစ်ခဲ့တယ်။

ကုန်ထုတ်ပရိဘောဂတွေကို မထိန်းချုပ်နိုင်သူတွေ ဒါမှမဟုတ် အသုံးပြုခွင့် မရသူတွေအတွက်က (ကျေးလက်က လယ်သမား မိဘအိမ်ကို မပြန်နိုင်ဘူးဆိုရင်) ဆိုလိုတာက လုပ်အားကိုရောင်းပြီးမှ အသက်ဆက်နိုင်သူတွေအတွက်က စီးပွားရေးကျဆင်းမှုရဲ့ အရင်းမူလအကျဆုံး အကျိုးဆက်က အရင်တခါမှ မကြုံဘူးတဲ့၊ စိတ်ကူးထဲ ဘယ်လိုမှ ထည့်ကြည့်လို မရတဲ့၊ နောက်ပြီး အားလုံးမှန်းထားတာထက် ပိုကြာတဲ့ အလုပ်လက်မဲ့ ပြဿနာပဲ။ စီးပွားပျက်မှုကြီးရဲ့ အဆိုးဆုံးကာလတွေ (၁၉၃၂ ၃၃)မှာဆိုရင် ဗြိတိန်နဲ့ ဘယ်ဂျီယံက အလုပ်လုပ်နိုင်သူဉီးရေရဲ့ ၂၂ ၂၃ ရာခိုင်နှုန်း၊ ဆွီဒင်ရဲ့ ၂၄ ရာခိုင်နှုန်း၊ US ရဲ့ ၂၇ ရာခိုင်နှုန်း၊ သြစတြီးယားရဲ့ ၂၉ ရာခိုင်နှုန်း၊ နော်ဝေးရဲ့ ၃၁ ရာခိုင်နှုန်း၊ ဒိန်းမတ်ရဲ့ ၃၂ ရာခိုင်နှုန်းနဲ့ ၄၄ ရာခိုင်နှုန်းထက်မနည်းတဲ့ ဂျာမန်အလုပ်သမားတွေဟာ အလုပ်လက်မဲ့တွေ ဖြစ်ကုန်တယ်။ နောက် အရေးကြီးတဲ့ အချက်တချက်က ၁၉၃၃ နောက်ပိုင်း စီးပွားရေးနလံ ပြန်ထူလာတာတောင် ၁၉၃၀ ဆယ်စုနှစ်တွေမှာ ဗြိတိန်နဲ့ ဆွီဒင်တို့မှာ ပျမ်းမျှအလုပ်လက်မဲ့ရာခိုင်နှုန်းဟာ ၁၆ ၁၇ ရာခိုင်နှုန်းအောက် မကျသလို ကျန်တဲ့ စကင်ဒီနေးဗီးယားနိုင်ငံတွေမှာလည်း ၂၀ ရာခိုင်နှုန်းအောက်ကို ကျမသွားခဲ့ဘူး။ အနောက်နိုင်ငံတွေထဲမှာ အလုပ်လက်မဲ့ လုံးဝ ပပျောက်အောင် အောင်အောင်မြင်မြင် လုပ်နိုင်တဲ့ တခုတည်းသောနိုင်ငံဆိုလို့ ၁၉၃၃ နဲ့ ၁၉၃၈ ကြားက နာဇီဂျာမနီပဲရှိတယ်။ အဲဒီအချိန်က အလုပ်လုပ်နေတဲ့ ပြည်သူလူထုအတွက်တော့ သူတို့မှတ်မိရသလောက်က ဒီစီးပွားရေး ဘေးအန္တရယ်ကျရောက်မှုကြီးထက်ဆိုးတဲ့ ဘေးဒုက္ခမျိုးကို သူ့အရင်က လုံးဝမကြုံဖူးကြဘူး။

ဒီစီးပွားပျက်မှုရဲ့ အန္တရယ်ကို ပိုတောင်မှ ထင်ထင်ရှားရှား ဖြစ်သွားစေတာကတော့ အလုပ်လက်မဲ့ ထောက်ပံ့ကြေးလို လူမှုဖူလုံရေး အစီအမံတွေဟာ USA မှာလို လုံးဝမရှိတာ ဒါမှမဟုတ် နှစ်ဆယ်ရာစု နောက်ပိုင်းနှစ်တွေက စံချိန်စံညွှန်းတွေနဲ့ တိုင်းမယ်ဆို အလွန့်အလွန်ကို နည်းပါးနေတဲ့အချက်ပဲ၊ အထူးသဖြင့် ရေရှည်အလုပ်လက်မဲ့တွေအတွက် ဒီလို အစီအမံမျိုးတွေက တကယ့်ကို မဖြစ်စလောက်ကလေးပဲ ရှိတယ်။ ဒီအတွက်ကြောင့်ပဲ အလုပ်အကိုင်လုံခြုံမှုဟာ အလုပ်လုပ်သူတွေ ဘယ်တော့မဆို အသက်တမျှ သဘောထားတဲ့အရာပဲ၊ ဒီအလုပ်အကိုင် လုံခြုံမှုဆိုတာကတော့ ကြောက်စရာကောင်းတဲ့ အလုပ်အကိုင် (ဆိုလိုတာ လုပ်ခ)မသေချာမှု အန္တရယ်၊ နာမကျန်းဖြစ်မှု၊ ထိခိုက်ဒဏ်ရာရမှုနဲ့ အသက်ကြီးလာတဲ့အခါ ဘာဝင်ငွေမှမရှိဘဲ နေထိုင်ရတဲ့အဖြစ် စတာတွေကနေ အကာအကွယ်ပေးမှုပဲ။ ဒီအတွက်ကြောင့်ပဲ အလုပ်လုပ်သူတွေဟာ သူတို့ရဲ့ သားသမီးတွေကို လုပ်ခ အသင့်အတင့်လောက်သာရပေမယ့် ခိုင်မာတဲ့၊ ပင်စင်ပေးတဲ့ အလုပ်အကိုင်တွေမျိုးတွေ ရဖို့ကိုပဲ မျှော်လင့်ကြတယ်။ ဒါတောင် စီးပွားပျက်မှု မဖြစ်ခင်မှာ အလုပ်လက်မဲ့အာမခံ Unemployment Insurance အစီအစဉ်တွေ အပြည့်အဝခံစားခွင့် အများဆုံရှိတဲ့ နိုင်ငံမှာ (ဂရိတ်ဗြိတိန်)အလုပ်လက်မဲ့ အာမခံ ခံစားနိုင်တဲ့ အလုပ်သမားနှုန်းဟာ ၆၀ ရာခိုင်နှုန်းအောက်မှာပဲ ရှိတယ် ဒါကလည်း ဗြိတိန်ဟာ ၁၉၂၀ ကစပြီး အစုလိုက်အပြုံလိုက် အလုက်လက်မဲ့ဖြစ်မှုနဲ့ နေသားတကျဖြစ်အောင် လုပ်ယူလာရတဲ့အတွက်ပဲ။ ဥရောပက တခြားနိုင်ငံတွေမှာ (၄၀ ရာခိုင်နှုန်းအထက်မှာရှိတဲ့ ဂျာမနီကလွဲပြီး) အလုပ်လက်မဲ့ အကျိုးခံစားခွင့်ရှိသူနဲ့ အလုပ်လုပ်သူအချိုးက သုညကနေ လေးပုံတပုံလောက်ထိ ရှိကြတယ် (ဖလိုရာ Flora၊ ၁၉၈၃၊ စာ ၄၆၁)။ အလုပ်အကိုင်ရရှိနိုင်မှု အတက်အကျ ဒါမှမဟုတ် အလုပ်လက်မဲ့သံသရာကို ကြုံနေကျလူတွေခမျာ စုထား ဆောင်းထားတာလေးတွေ ခမ်းခြောက်သွားပြီး ရပ်ကွက်ထဲက ကုန်စုံဆိုင်တွေဆီကလည်း အကြွေးမရနိုင်တော့တဲ့ နောက်ပိုင်း အလုပ်ကလည်း ဘယ်မှာရှာရှာ မရနိုင်ဖြစ်လာတဲ့အခါ သွေးပျက်လာကြတော့တယ်။

ဒီ့အတွက်ကြောင့်ပဲ အစုလိုက် အပြုံလိုက် အလုပ်လက်မဲ့ဖြစ်မှုဟာ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေရဲ့ နိုင်ငံရေးကို အဓိက သက်ရောက်မှုရှိစေ၊ ခြောက်ခြားစေတာပဲ၊ ဘာလို့ဆို အများစုအတွက်က ကမ္ဘာ့စီးပွားပျက်မှုကြီး Great Slump ဆိုတာ အလုပ်လက်မဲ့ဖြစ်မှုကို ဆိုလိုတယ်ဆိုပြီး အရင်ဆုံး သဘောပေါက်မိကြတဲ့ အတွက်ပဲ။ သူတို့အတွက် အရေးကြီးတာက ဘောဂဗေဒသမိုင်းဆရာတွေ (ယုတ္တိလည်းရှိတဲ့) ရှင်းပြကြသလို စစ်ကြားကာလတလျှောက်မှာ စျေးနှုန်းတွေ ကျဆင်းပြီး၊ နောက်တခါ စီးပွားရေးကျဆင်းမှု အဆိုးဆုံးနှစ်တွေမှာ စားသောက်ကုန်စျေးတွေဟာ တခြားအရာတွေထက်ကို ပိုပြီးအကျမြန်တာမို့ စီးပွားပျက်မှုကြီးရဲ့ အဆိုးဆုံးကာလတွေမှာတောင် အလုပ်အကိုင်ရှိနေတဲ့ တိုင်းပြည်ထဲက အလုပ်လုပ်ကိုင်နေသူအများစုအတွက်က အခြေအနေ သိသိသာသာကြီး ပိုကောင်းလာကြတဲ့အချက်ပဲ။ အဲဒီအချိန်မှာ အဓိကမြင်တွေ့ကြရတဲ့ ပုံရိပ်တွေကတော့ အစားအသောက် အလကား ဝေတဲ့နေရာမှာ လူတွေတန်းစီနေတဲ့ပုံတွေ၊ သံမဏိလည်း မထုတ်တော့၊ သင်းဘောလည်း မဆောက်တော့တဲ့ မီးခိုးတွေတိတ်သွားတဲ့ အိမ်ခြေအစုလေးတွေက အလုပ်လက်မဲ့ဖြစ်သွားသူတွေ မြို့ကြီးတွေကို ချီတက်စုဝေးကြပြီး ဒီစီးပွားပျက်မှုကြီးအတွက် သူတို့အထင်မှာ တာဝန်ရှိသူတွေကို စီတန်းလှည့်လည် ဆန္ဒပြနေတဲ့ ဝမ်းဆာချီတက်သူတွေHungered Marchers ရဲ့ ပုံရိပ်တွေပဲ။ စီးပွားပျက်နှစ်တွေမှာ ဂျာမနီက နာဇီပါတီနဲ့အပြိုင် အလျင်အမြန် ကြီးထွားလာတဲ့၊ ဟစ်တလာ အာဏာရခါနီးလတွေမှာ နာဇီပါတီထက်ကို ပိုပြီအလျင်အမြန်ကြီးထွားလာတဲ့ ဂျာမန်ကွန်မြူနစ်ပါတီထဲက အဖွဲ့ဝင် ၈၅ ရာခိုင်နှုန်းလောက်ဟာ အလုပ်လက်မဲ့တွေ (ဗေဘာ Weber Iစာ ၂၄၃) ဖြစ်တာကို နိုင်ငံရေးသမားတွေလည်း သတိပြုမိကြတယ်။

အလုပ်လက်မဲ့ဖြစ်မှုကို နိုင်ငံဆိုတဲ့ခန္ဓာကြီးရဲ့ နက်ရှိုင်းလှပြီး သေမလောက်ကြီးလှတဲ့ ဒဏ်ရာကြီးအဖြစ် စိတ်ထဲစွဲနေကြတာ အံ့အားသင့်စရာမရှိဘူး။ ဒုတိယကမ္ဘာစစ်ဖြစ်နေစဉ်ကာလမှာ လန်ဒန်တိုင်းTimes သတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာ အလုပ်လက်မဲ့ဖြစ်မှုဟာ စစ်ပြီးရင် ကျုပ်တို့မျိုးဆက်ရင်ဆိုင်နေရတဲ့ နေရာအနှံ့အဖြစ်ပွားဆုံး၊ အလှိုက်စားဆုံးနဲ့ အတိုက်စားဆုံးရောဂါပဲ၊ အလုပ်လက်မဲ့ဖြစ်မှုဟာ ကျုပ်တို့ခေတ် အနောက်ဘက်လူ့အဖွဲ့အစည်း Western civilisationမှာ မှတွေ့ရတဲ့ ရောဂါပဲ‘ (အန်း Arndt၊ ၁၉၄၄၊ စာ ၂၅၀) ဆိုပြီးရေးတယ်။ အကြီးစား စက်မှုကုန်ထုတ်လုပ်မှုသမိုင်း မတိုင်ခင်မှာ ဒီလိုအရေးအသားမျိုးကို ဘယ်လိုမှ ရေးနိုင်စရာမရှိဘူး။ စစ်ပြီးခေတ် အစိုးရတွေ ဘာ့ကြောင့် ဘယ်လိုပေါ်လစီတွေကို ချမှတ်ရလဲဆိုတာကို ဆန်းစစ်တဲ့အခါ အလုပ်လက်မဲ့ဖြစ်မှုက ရှိနေတဲ့မှတ်တမ်းတွေကို အချိန်ယူပြီး သုတေသနလုပ်တာထက် ပိုပြီး ကောင်းကောင်း ရှင်းပြနိုင်တယ်။

ထူးဆန်းတာက ကမ္ဘာ့စီးပွားပျက်မှုကြီး Great Slump ကြောင့် ဘေးဒုက္ခနဲ့ကြုံရတော့မယ်၊ ဆောက်တည်ရာမရ ဖြစ်တော့မယ်ဆိုတဲ့အသိဟာ သာမန်လူတွေထက် စီးပွားရေးသမားတွေ၊ ဘောဂဗေဒပညာရှင်တွေနဲ့ နိုင်ငံရေးသမားတွေကြားမှာ ပိုကြီးတယ်။ အစုလိုက်အပြုံလိုက် အလုပ်လက်မဲ့ဖြစ်တာ၊ စိုက်ပျိုးရေးထွက်ကုန်တွေရဲ့ စျေးတွေထိုးကျတာဟာ သာမန်လူတွေကို ပြင်းပြင်းထန်ထန် ရိုက်ခတ်တာမှန်ပေမယ့် ဆင်းရဲသားပြည်သူတွေအနေနဲ့ သူတို့ရဲ့ မဖြစ်စလောက် လိုအပ်ချက်တွေလောက်ကတော့ ပြည့်မှာပဲလို့ မျှော်လင့်နိုင်သရွေ့က အခုလို မျှောင်လင့်မထားဘဲ ကြုံလာရတဲ့ မတရားမှုတွေအတွက် နိုင်ငံရေးအဖြေတခုခုတော့ လက်ဝဲဘက်မှာဖြစ်ဖြစ် လက်ယာဘက်မှာဖြစ်ဖြစ်ရှိမှာပဲဆိုတာကို သံသယမရှိ ယုံကြည်ထားခဲ့ကြတယ်။ ဒါပေမယ့် စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်တွေ ချမှတ်သူတွေရဲ့ အကျပ်အတည်းကို ပိုဆိုးရွားလာစေတာကတော့ လက်ရှိရှိနေတဲ့ လစ်ဘရယ်စီးပွားရေးစနစ်ဘောင်ထဲမှာ လက်ရှိဒုက္ခအကျပ်အတည်းတွေအတွက် အဖြေမရှိတဲ့ အချက်ပဲ။ လတ်တလော ရင်ဆိုင်နေရတဲ့ ရေတို အကျပ်အတည်းတွေကို ဖြေရှင်းဖို့ရာ စည်ပင်တိုးတက်နေတဲ့ ကမ္ဘာ့စီးပွားရေးရဲ့ ရေရှည်အခြေခံတွေကို ချည့်နှဲ့ ရိုက်ချိုးမှရမယ့်ကိန်းဆိုက်နေတာကို သွားတွေ့ကြတယ်။ ကမ္ဘာ့ကုန်သွယ်ရေးက လေးနှစ်အတွင်းမှာ ၆၀ ရာခိုင်နှုန်း ထိုးကျခဲ့ချိန်မှာ (၁၉၂၉ ၁၉၃၂) နိုင်ငံတွေက သူတို့ရဲ့ပြည်တွင်းစျေးကွက်နဲ့ ငွေကြေးကို ကမ္ဘာ့စီးပွားရေး ဟာရီကန်းမုန်တိုင်းရန်ကနေ ကာကွယ်ဖို့ မြင့်သထက်မြင့်လာတဲ့ အရံအတားတွေကို တည်ဆောက်နေမိလျက်သား ဖြစ်နေတယ်၊ ဒီလိုလုပ်တာဟာ ကမ္ဘာ့ကြွယ်ဝရေးအခြေခံတွေဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ အပြန်အလှန် ကုန်သွယ်ရေးစနစ်ကြီးကို ဖြိုချဖျက်ဆီးပစ်ရာရောက်မှာကို သိသိနဲ့ကို လုပ်လာခဲ့ကြတယ်။ အဲဒီလို စနစ်မျိုးရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ဉီးစားပေးခံရဆုံး နိုင်ငံအဆင့်‘ most favoured-nation status ဆိုတဲ့ စကားရပ်ဟာ ၁၉၃၁ နဲ့ ၁၉၃၉ ကြားမှာ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့တဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ သဘောတူစာချုပ် ၅၁၀ ထဲက ၆၀ ရာခိုင်နှုန်းလောက်မှာ လုံးဝ ပျောက်ကွယ်သွားပြီး လုံးဝမပျောက်ဘဲ ကျန်ခဲ့တဲ့ စာချုပ်တွေမှာလည်း အကန့်အသတ် ပုံစံနဲ့သာ ကျန်တော့တယ်(စနိုက်ဒါ Snyder၊ ၁၉၄၀)4ဒီကနေ ဘယ်မှာ အဆုံးသတ်မလဲ။ ဆိုးသံသရာကနေ ထွက်ပေါက်ရောရှိရဲ့လား။

အရင်းရှင်စနစ်ရဲ့သမိုင်းမှာ ဘေးကျပ်နံကျပ်အဖြစ်ဆုံး အခုအဖြစ်အပျက်ကနေ လတ်တလော ပေါ်ထွက်လာတဲ့ နိုင်ငံရေးအကျိုးဆက်တွေကို နောက်ပိုင်းမှာ ကြည့်ကြည့်မယ်။ ဒါပေမယ့် ဒီအကျပ်အတည်းရဲ့ အရေးပါဆုံး ရေရှည်ဂယက်ကိုတော့ ချက်ချင်း ပြောရပေမယ်။ အဲဒါကို တကြောင်းထဲနဲ့ပြောရရင် ကမ္ဘာ့စီးပွားပျက်မှုကြီး Great Slump ဟာ စီးပွားရေးလစ်ဘရယ်ဝါဒကို ရာစုနှစ်တဝက်ကြာ ဖျက်ဆီးပစ်လိုက်တယ်။ ၁၉၃၁ ၃၂ မှာ ဗြိတိန်၊ ကနေဒါ၊ စကင်ဒီနေးဗီးယားနိုင်ငံအားလုံးနဲ့ USA တို့ဟာ အပြည်ပြည်ဆိုင်ရာ ရောင်းဝယ်ဖောက်ကားရေး တည်တည် ငြိမ်ငြိမ်ဖြစ်စေဖို့အတွက် လိုအပ်တဲ့အခြေခံအဖြစ် အစဉ်တစိုက် သဘောထားခဲ့တဲ့ ရွှေကိုစံထားပြီး ငွေကြေးရဲ့တန်ဖိုးကို သတ်မှတ်တဲ့၊ ရွှေပေါင်ထားတဲ့စနစ် gold standard စွန့်လွှတ်ခဲ့ပြီး ၁၉၃၆ ရောက်တဲ့အခါ ဘူလီယွန် bullion စနစ်ကို မမှိတ်မသုန်ယုံကြည်ကြတဲ့ ဘယ်ဂျီယံ၊ ဒတ်ချနဲ့ နောက်ဆုံးပြင်သစ်တို့ပါ ဒီစနစ်ကို စွန့်လွှတ်လာခဲ့ကြတယ်။5 အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အမေရိကန်နိုင်ငံရေးရဲ့ ကိုယ်ပါအမှတ်အသား identity မှာ အခရာကျသလိုမျိုး၁၈၄၀ ဆယ်စုနှစ်တွေကစပြီး ဗြိတိသျှစီးပွားရေးရဲ့ ကိုယ်ပါအမှတ်အသားအတွက် အခရာကျလှတဲ့ လွတ်လပ်စွာကုန်သွယ်ရေးမူကို ဗြိတိန်နိုင်ငံဟာ ၁၉၃၁ မှာ စွန့်လွှတ်ခဲ့တယ်။ တခုတည်းသော ကမ္ဘာ့စီးပွားရေးစနစ်ထဲမှာ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေးမူတွေကနေ ဗြိတိန်နိုင်ငံ တပ်ခေါက်လာမှုက အဲဒီအချိန်မှာ နိုင်ငံတိုင်း နိုင်ငံတိုင်းက ကိုယ့်စီးပွားရေးကို ကာကွယ်ဖို့ သုတ်သီးသုတ်ပြာ လုပ်ဆောင်လာမှုကို အထင်အရှားပြနေတယ်။နောက်တခါ ကမ္ဘာ့စီးပွားပျက်မှုကြီး Great Slump ကြောင့် အနောက်နိုင်ငံ အစိုးရတွေဟာ သူတို့ရဲ့ပေါ်လစီတွေကို ချမှတ်တဲ့အခါ စီးပွားရေးဆိုင်ရာ စဉ်းစားချက်တွေထက် လူမှုရေးဆိုင်ရာ ရိုက်ခတ်မှုတွေကို ဉီးစားမပေးမဖြစ်ပေးဖို့ စဉ်းစားလာကြရတယ်။ ဒီလို ဉီးစားပေးဖို့ ပျက်ကွက်မှုရဲ့ အန္တရယ် လက်ဝဲဘက်နဲ့ နောက်တခါ ဂျာမနီနဲ့ တခြားနိုင်ငံတွေက ပြသခဲ့သလို လက်ယာဘက်မှာ အမြစ်လှန်ပြောင်းလဲရေးလိုလားမှုတွေ ကြီးထွားလာတာဟာ ကြောက်စရာ ကောင်းလွန်းလှတယ်။

ဒီတော့ အစိုးရတွေက စိုက်ပျိုးမွေးမြူရေးကို သွင်းကုန်ခွန်ကောက်တဲ့နည်းနဲ့ ပြည်ပပြိုင်ဆိုင်မှုကနေ ကာကွယ်တာမျိုး မလုပ်တော့ဘူး၊ ဒါပေမယ့် လုပ်လက်စနိုင်ငံတွေမှာတော့ သွင်းကုန်ခွန်ကို ပိုတောင်မှ တိုးကောက်တာတွေ ရှိတယ်။ ရေရှည်စီးပွားပျက်ကာလကြီးမှာ လယ်ယာထွက်ကုန်တွေကို အာမခံစျေးပေးတဲ့နည်း၊ ပိုလျှံတာတွေကို ဝယ်ပစ်တဲ့နည်း ဒါမှမဟုတ် ၁၉၃၃ နောက်ပိုင်း USA မှာ လုပ်သလို လယ်သမားတွေကို ပိုက်ဆံပေးထားပြီး ကုန်ပစ္စည်းထပ်မထုတ်ဖို့ တားတဲ့နည်းတွေနဲ့ အမတော်ကြေးတွေ ထောက်ပံ့ပေးလာတယ်။ ဥရောပဘုံအဖွဲ့ European Community ရဲ့ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဘုံပေါ်လစီ‘ Common Agricultural Policy အရ ၁၉၇၀ ဆယ်စုနှစ်တွေနဲ့ ၁၉၈၀ ဆယ်စုနှစ်တွေမှာ ဥရောပဘုံအဖွဲ့ထဲက တနေ့တခြား ပိုပိုပြီးဆင်းရဲလာတဲ့ လူနည်းစုလယ်သမားတွေ ခံစားခွင့်ရတဲ့ အမတော်ကြေးဟာ ဘုံအဖွဲ့ကြီးတခုလုံးကို ဒေဝါလီခံရတော့မယ့် အနေအထားကို တွန်းပို့ခဲ့ပြီး ကမ္ဘာ့စီးပွားပျက်မှုကြီးဆီ ပြန်ဖြစ်တော့မယ့် အန္တရယ်မျိုး တွေ့လာရတာကတော့ ဒီနေရာမှာ ထူးဆန်းနေတယ်။

အလုပ်သမားတွေအတွက်ကတော့ အပြည့်အဝအလုပ်အကိုင်ရရှိရေး‘ full employment ဆိုလိုတာက အစုလိုက် အပြုံလိုက် အလုပ်လက်မဲ့ဖြစ်မှု ပပျောက်ရေးဟာ ဒီမိုကရေစီနည်းကျအောင် ပြုပြင်ပြောင်းလဲထားတဲ့ အရင်းရှင်စနစ်ကို ကျင့်သုံးလာတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးပေါ်လစီတွေမှာ ပဓာနအကျဆုံး တောင်းဆိုမှုဖြစ်လာခဲ့တယ်၊ ဒီ ပြုပြင် ပြောင်းလဲလိုက်တဲ့ အရင်းရှင်စနစ်ကို စပြီး ကြံဆသူ အဓိက ပရောဟိတ်ကြီးကတော့ ဗြိတိသျှ ဘောဂဗေဒပညာရှင် ဂျွန်မေးနတ်ကိန်း John Maynard Keynes (၁၈၈၃ ၁၉၄၆) ပဲ၊ ဒါပေမယ့် သူတယောက်ထဲတော့ မဟုတ်ဘူး။ ရေရှည် အစုလိုက်အပြုံလိုက် အလုပ်လက်မဲ့ဖြစ်မှုကို အမြစ်ဖြတ်ပစ်ခြင်းရဲ့ အကျိုးကျေးဇူးတွေနဲ့ ပတ်သက်ပြီး Keynesian ကိန်းဝါဒီတွေရဲ့ ကျိုးကြောင်းပြဆိုချက်က စီးပွားရေးအပြင် နိုင်ငံရေးလည်းပါတယ်။ အချိန်ပြည့်အလုပ်လုပ်နေတဲ့ အလုပ်သမားတွေရဲ့ ဝင်ငွေကနေ ထွက်လာတဲ့ ဝယ်လိုအားဟာ ကျဆင်းဆုတ်ယုတ်နေတဲ့ စီးပွားရေးကို ပြန်ပြီး အသက်ဝင်လာစေမယ့် အကျိုးဆက်မျိုးရှိရလိမ့်မယ်လို့ ကိန်းဝါဒီတွေက ကျိုးကြောင်းပြတယ်။ ဒါပေမယ့်လည်း ဝယ်လိုအားကို မြှင့်တဲ့နည်းလမ်းတွေကို ဘာ့ကြောင့်အရေးတကြီး ဉီးစားပေးရသလဲဆိုတော့ ဗြိတိသျှအစိုးရဆိုရင် ဒုတိယကမ္ဘာစစ် မပြီးခင်ကကို ဒီလိုဉီးစားပေးဖို့ ဆုံးဖြတ်ခဲ့ပြီးသားပဲ အစုလိုက်အပြုံလိုက် အလုပ်လက်မဲ့ဖြစ်မှုဟာ ကမ္ဘာ့စီးပွားပျက်မှုကြီးဖြစ်တုန်းက ပြသခဲ့သလို နိုင်ငံရေးအရရော၊ လူမှုရေးအရပါ ပေါက်ကွယ်နိုင်တာကို ယုံကြည်ကြလို့ပဲ။ ဒီယုံကြည်မှုက ဘယ်လောက်အားကောင်းလဲဆို နှစ်ပေါင်းများစွာအကြာမှာ အစုလိုက်အပြုံလိုက် အလုပ်လက်မဲ့ ပြန်ဖြစ်လာတဲ့အခါ၊ အထူးသဖြင့် စီးပွားရေးဆက်တိုက်ကျဆင်းခဲ့တဲ့ ၁၉၈၀ ဆယ်စုနှစ်ရဲ့ အစောပိုင်းနှစ်တွေမှာ လူတွေ အပြုံလိုက် အလုပ်လက်မဲ့ဖြစ်ကြတဲ့အခါ အကဲခပ်တွေ (စာရေးသူအပါအဝင်) က နောက်ထပ် လူမှုရေး မငြိမ်သက်မှုတွေ ထပ်ဖြစ်လိမ့်မယ်လို့ ယုံကြည်ချက်ရှိရှိနဲ့ ခန့်မှန်းခဲ့ကြပေမယ့် ဖြစ်မလာတဲ့အခါ အံ့အားသင့်မိကြတယ် (အခန်း ၁၄ ကိုကြည့်)

ဒါကလည်း အဓိကက ကမ္ဘာ့စီးပွားပျက်မှုကြီး Great Slump ဖြစ်နေတုန်း ဒါမှမဟုတ် ဖြစ်ပြီးနောက်မှာ ဖော်ဆောင်ခဲ့တဲ့၊ ကမ္ဘာ့စီးပွားပျက်မှုကြီးရဲ့ အကျိုးဆက်တခုအဖြစ် ကျန်ခဲ့တဲ့ ခေတ်သစ်လူမှုဖူလုံရေးစနစ် ပြဌာန်းဖော်ဆောင်မှုလို ကာကွယ်ဟန့်တားရေး အစီအမံတွေကြောင့်ပဲ။ US က သူ့ရဲ့ လူမှုဘဝလုံခြုံရေးအက်ဉပဒေ Social Security Act ကို ၁၉၃၅ မှာ စပြီး အတည်ပြု ဖော်ဆောင်တာကို ဘယ်သူကများ အံ့အားသင့်မိအုံးမလဲ။ စက်မှုအရင်းရှင်စနစ် ကျင့်သုံးတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာ ရည်မှန်းချက်ကြီးတဲ့ လူမှုဖူလုံရေး စနစ်တွေကို နိုင်ငံတိုင်းနီးနီးမှာဂျပန်၊ ဆွတ်ဇာလန်နဲ့ USA တို့လို နိုင်ငံတွေကလွဲပြီးအလွယ်တကူ တွေ့မြင်နေတော့ဒုတိယကမ္ဘာစစ်မတိုင်ခင်မှာ ခေတ်သစ် အဓိပ္ပါယ်ဆောင်တဲ့ ပြည်တော်သာနိုင်ငံတွေ‘ welfare states အနည်းအကျဉ်းသာ ရှိတဲ့အချက်ကို မေ့နေတတ်တယ်။ စကင်ဒီနေးဗီယန်း နိုင်ငံတွေတောင် ဒုတိယကမ္ဘာစစ် မတိုင်ခင်မှာ လူမှုဖူလုံရေးစနစ်ကို စပြီး မြေစမ်းခရမ်းပျိုးတဲ့ အဆင့်ပဲ ရှိသေးတယ်။ တကယ်တမ်းမှာလည်း ပြည်တော်သာနိုင်ငံ welfare state ဆိုတဲ့ ဝေါဟာရကို ၁၉၄၀ ဆယ်စုနှစ်မတိုင်ခင်ထိ အသုံးမပြုကြသေးဘူး။

ကမ္ဘာ့စီးပွားပျက်မှုကြီးရဲ့ ဘေးဒဏ်သင့်မှုမှာ သိသာထင်ရှားတဲ့ အချက်တချက်က အရင်းရှင်စနစ်နဲ့ လမ်းခွဲထွက်ခဲ့တဲ့ ဆိုဗီယက်ယူနီယံဟာ ဒီစီးပွားပျက်မှုကြီးရဲ့ ဒဏ်ကနေ ကင်းလွတ်နေပုံရတဲ့ အချက်ပဲ။ တကမ္ဘာလုံးရဲ့ အနည်းဆုံး လစ်ဘရယ် အနောက်အရင်းရှင်နိုင်ငံတွေရဲ့ စီးပွားရေးတွေ တန့်နေချိန်မှာ USSR ကတော့ ငါးနှစ်စီမံကိန်း Five Year Plans တွေနဲ့ အလွန့်အလွန် အရှိန်အဟုန်ကောင်းလှတဲ့ အကြီးစားစက်မှုကုန်ထုတ်လုပ်မှုပုံစံ industrialisation ကို သဲကြီးမဲကြီး ဖော်ဆောင်နိုင်နေတယ်။ ၁၉၂၉ နဲ့ ၁၉၄၀ ကြားမှာ ဆိုဗီယက်ရဲ့ အကြီးစားကုန်ထုတ်လုပ်မှုဟာ အနည်းဆုံး သုံးဆတက်လာခဲ့တယ်။ ၁၉၂၉ မှာ ဆိုဗီယက်ရဲ့ ထွက်ကုန်ပမာဏဟာ တကမ္ဘာလုံးက ထွက်ကုန်စုစုပေါင်းပမာဏရဲ့ ၅ ရာခိုင်နှုန်းသာရှိရာကနေ ၁၉၃၈ မှာ ၁၈ ရာခိုင်နှုန်းထိ တက်လာခဲ့တယ်၊ တချိန်ထဲမှာ USA၊ ဗြိတိန်နဲ့ ပြင်သစ် သုံးနိုင်ငံရဲ့ ထွက်ကုန်စုစုပေါင်းပမာဏကတော့ တကမ္ဘာလုံးစုစုပေါင်းပမာဏရဲ့ ၅၉ ရာခိုင်နှုန်းကနေ ၅၂ ရာခိုင်နှုန်းထိ ကျသွားခဲ့တယ်။ဒါ့အပြင် သူ့ဆီမှာ အလုပ်လက်မဲ့လည်းမရှိဘူး။ ဆိုဗီယက်ရဲ့ဒီအောင်မြင်မှုတွေကို ၁၉၃၀ ၃၅ နှစ်တွေမှာ မော်စကိုကို လေ့လာဖို့သွားတဲ့၊ အရေအတွက်နည်းပေမယ့် သြဇာရှိတဲ့ လူမှုစီးပွားရေးဆိုင်ရာ ပညာရှင်တွေ အပါအဝင် ပြည်ပက နိုင်ငံရေးအယူအဆ တူသူရော မတူသောပါ အကဲခပ်အားလုံးက အထင်ကြီးမိကြတယ်၊ ဆိုဗီယက်စီးပွားရေးစနစ်ရဲ့ အောင်မြင်မှုတွေကို လက်တွေ့မှာ မြင်နေရတဲ့ ရှေးကျပြီး ခရီးမတွင်မှုတွေ ineffeciency ထက်၊ ဒါမှမဟုတ် စတာလင်ရဲ့ စုပေါင်းစနစ်ဖော်ဆောင်မှုနဲ့ ဖိနှိပ်မှုတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ အညှာအတာကင်းမဲ့မှုတွေထက်ကို အထင်ကြီးမိကြတယ်။ ဘာလို့ဆို သူတို့တကယ်တမ်း နားလည်ဖို့ ကြိုးစားနေတာက USSR မှာ တကယ်ဖြစ်ပျက်နေတဲ့ အခြင်းအရာတွေ မဟုတ်ဘဲ သူတို့ စီးပွားရေးစနစ် ပြိုကွဲသွားမှု၊ အနောက်အရင်းရှင်စနစ်ရဲ့ ကျရှုံးမှု အတိမ်အအနက်တွေပဲဖြစ်တယ်။ ဆိုဗီယက်စနစ်ရဲ့ လျှို့ဝှက်ချက်က ဘာလဲ။ သူ့ဆီကနေ သင်ခန်းစာ တခုခုများ ယူနိုင်မလား။ ရုသျှတွေရဲ့ ငါးနှစ်စီမံကိန်းကို သံယောင်လိုက်ပြီး အစီအမံ‘ Plan တို့ စီမံကိန်း‘ Planning တို့ဆိုတာ နိုင်ငံရေး ကာလပေါ်ဝေါဟာရတွေ ဖြစ်လာခဲ့တယ်။ ဘယ်ဂျီယံနဲ့ နော်ဝေးတို့မှာလို ဆိုရှယ်ဒီမိုကရက်တစ်ပါတီတွေက အစီအမံတွေ‘ plans ကို ချမှတ်ဖော်ဆောင်လာကြတယ်။ ဗြိတိန်က အင်မတန်မှ ထူးချွန်ပြောင်မြောက်ပြီး လေးလေးစားစား နေရာပေးခံရတဲ့ အစိုးရအမှုထမ်း၊ ဗြိတိသျှ လူမှုအသိုင်းအဝိုင်း Establishment မှာ အဓိကအရေးပါ အရာရောက်သူ တယောက်ဖြစ်တဲ့ ဆာအာသာစလိတ်တာ Sir Arthur Slater က ဗြိတိန်နဲ့ တကမ္ဘာလုံး ကမ္ဘာ့စီးပွားပျက်မှုကြီးရဲ့ သံသရာပေါင်းစုံကနေ ရုန်းထွက်ဖို့ဆိုရင် စီမံခန့်ခွဲတဲ့လူ့အဖွဲ့အစည်း planned society တခု မရှိမဖြစ်အရေးပါပုံကို ကျိုးကြောင်းပြသတဲ့ စီးပွားရေးနလံပြန်ထခြင်းRecovery ဆိုတဲ့ စာအုပ်ကို ရေးတယ်။ တခြားအလယ်ခေါင်က လျှောက်တဲ့၊ အလယ်အလတ်သဘောရှိတဲ့ဗြိတိသျှ အစိုးရအမှုထမ်း အရာထမ်းတွေဆိုလည်း ပါတီစွဲမထားတဲ့ ပညာရှင်အဖွဲ့ ပီအီးပီ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ စီမံကိန်းအဖွဲ့ PEP (Political and Economic Planning) ကို ဖွဲ့စည်း တည်ထောင်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ဝန်ကြီးချုပ်ဖြစ်လာမယ့် ကွန်ဆားဗေးတစ်ပါတီက လူငယ်နိုင်ငံရေးသမား ဟာရိုးမက်မီလန် Harold MacMillan (၁၈၉၄ ၁၉၈၆) က သူ့ကိုယ်သူ စီမံကိန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့တယ်။ နောက်ဆုံး နာဇီတွေကိုယ်တိုင် ဆိုဗီယက် အိုင်ဒီယာကို ခိုးချပြီး ၁၉၃၃ မှာ ဟစ်တလာဟာ လေးနှစ် စီမံကိန်း‘ Four Year Plan တွေကို စ ဖော်ဆောင်ခဲ့တယ်။ (နာဇီတွေရဲ့ ၁၉၃၃ နောက်ပိုင်း ကမ္ဘာ့စီးပွားပျက်မှုကြီးကို ကိုင်တွယ်ရာမှာ အောင်မြင်မှုက နောက်တခန်းမှာ ဖော်ပြမယ့် အကြောင်းရင်းတွေကြောင့် နိုင်ငံတကာမှာ ရိုက်ခတ်မှု အနည်းအကျဉ်းသာ ရှိတယ်။ )

စစ်ကြီးနှစ်ခုကြားမှာ အရင်းရှင်စီးပွားရေး အလုပ်မလုပ်တော့တာဟာ ဘာ့ကြောင့်လဲ။ ဒီမေးခွန်းရဲ့ အဖြေတိုင်းမှာ USA ရဲ့ အခြေအနေက အဓိကနေရာကနေ ပါနေတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဥရောပက စီးပွားရေး ပြဿနာတွေအတွက် စစ်ကြောင့်ကြုံခဲ့ရတဲ့ ဆုတ်ဆိုင်းမှုတွေနဲ့စစ်ပြီးကာလဥရောပ ဒါမှမဟုတ် အနည်းဆုံး ဥရောပက စစ်ဖြစ်ခဲ့တဲ့နိုင်ငံတွေကို တစိတ်တပိုင်းအားဖြင့် အပြစ်တင်လို့ရနိုင်စရာရှိပေမယ့် USA ဟာ စစ်ဖြစ်တဲ့နေရာနဲ့ အဝေးကြီးမှာ တည်ရှိနေတဲ့အပြင် စစ်ထဲလည်း ခဏသာ(သူဝင်ပါလိုက်တဲ့အတွက် စစ်အနိုင်အရှုံးကို အဆုံးအဖြတ်ပေးခဲ့ရင်တောင်) ပါလိုက်တဲ့အတွက်ပဲ။ ဒီတော့ကာ သူ့စီးပွားရေးဟာ အရှိန်တန့်မသွားတဲ့အပြင် ပထမကမ္ဘာစစ်ဟာ ဒုတိယကမ္ဘာစစ်လိုပဲ သူ့စီးပွားရေးကို ရေရေလည်လည် အကျိုးရှိစေခဲ့တယ်။ ၁၉၁၃ မှာ USA ဟာ တကမ္ဘာလုံးက အကြီးစားစက်မှုထွက်ကုန် စုစုပေါင်းရဲ့ သုံးပုံတပုံကျော်ကို ဂျာမနီ၊ ဂရိတ်ဗြိတိန်၊ ပြင်သစ် သုံးနိုင်ငံပေါင်းထက် နည်းနည်းလေးပဲလျော့ ထုတ်လုပ်နေတဲ့ ကမ္ဘာမှာ စီးပွားရေးအရ အကြီးဆုံးနိုင်ငံကြီး ဖြစ်လာပြီ။ ၁၉၂၉ မှာ သူဟာ ကမ္ဘာ့ထွက်ကုန် စုစုပေါင်းရဲ့ ၄၂ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်နေပြီး အဲဒီအချိန်မှာ ဥရောပက အကြီးစားစက်မှုကုန်ထုတ်နိုင်ငံကြီး သုံးနိုင်ငံပေါင်းရဲ့ စုစုပေါင်းထွက်ကုန်က ကမ္ဘာ့ထွက်ကုန် စုစုပေါင်းရဲ့ ၂၈ ရာခိုင်နှုန်းအောက်မှာပဲ ရှိတယ် (ဟီးလဂါ့Hilgerdt၊ ၁၉၄၅၊ ဇယား ၁.၁၄)။ ဒါဟာ တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ ကိန်းဂဏန်းတွေပဲ။ ပမာဆောင်ပြီးပြရရင် ၁၉၁၃ နဲ့ ၁၉၂၀ ကြားမှာ US သံမဏိထုတ်လုပ်မှုဟာ လေးပုံတပုံ တက်လာခဲ့ချိန်မှာ တကမ္ဘာလုံးက သံမဏိထုတ်လုပ်မှုကတော့ သုံးပုံတပုံလောက် ကျသွားခဲ့တယ် (ရော့စတိုး Rostow၊ ၁၉၇၈၊ စာ ၁၉၄၊ ဇယား ၃.၃၃)။ အတိုချုပ်ရရင် ပထမကမ္ဘာစစ်အပြီးမှာ USA ဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ တခါထပ်ဖြစ်လာသလို ကမ္ဘာ့စီးပွားရေးကို ကြီးစိုးထားတဲ့ စီးပွားရေးအင်အားကြီး နိုင်ငံကြီး ဖြစ်လာခဲ့တယ်။ သူ့ရဲ့ အရှိန်အဝါ ကြီးထွားလာမှုကို ယာယီတုန့်ဆိုင်းသွားစေတာ ဒီကမ္ဘာ့စီးပွားပျက်မှုကြီး Great Slump ပဲ။

ဒါ့အပြင် ပထမကမ္ဘာစစ်ကြောင့် သူရဲ့ ကမ္ဘာမှာအကြီးဆုံး အကြီးစားစက်မှုကုန်ထုတ်နိုင်ငံ အနေအထားက ပိုအားကောင်းသွားရုံမက ကမ္ဘာ့အကြီးဆုံး မြီရှင်နိုင်ငံပါ ဖြစ်လာခဲ့တယ်။ စစ်အတွင်းမှာ ဗြိတိသျှတွေဟာ စစ်အတွက် ထောက်ပံ့ရေးပစ္စည်းတွေဝယ်ယူဖို့ ကမ္ဘာတဝှမ်းက၊ အဓိက USA မှာရှိတဲ့၊ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု တစိတ်လောက်ကို ရောင်းချခဲ့ရတယ်၊ ပြင်သစ်ကတော့ အဓိကအားဖြင့် ဥရောပမှာ ဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးနဲ့ ပြိုလဲပျက်စီးမှုတွေမှာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု တဝက်လောက် ဆုံးရှုံးသွားခဲ့တယ်။ ဒီအတောအတွင်းမှာ မြီစားအဖြစ်နဲ့ စစ်ထဲဝင်လာတဲ့ အမေရိကန်တွေဟာ စစ်ပြီးတဲ့အခါ နိုင်ငံတကာမှာ အဓိက မြီရှင်နိုင်ငံ ဖြစ်လာခဲ့တယ်။ USA က သူ့ရဲ့ စစ်ဆင်ရေးတွေကို အဓိက ဥရောပနဲ့ အနောက်ကမ္ဘာခြမ်းမှာ အာရုံစိုက်တာမို့ (ဗြိတိသျှတွေကတော့ အဲဒီအချိန်ထိ အာရှနဲ့အာဖရိကမှာ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူတွေအဖြစ် ရှိနေဆဲ) ဥရောပမှာ သူတို့ရဲ့ ရိုက်ခတ်မှုအားက ပြတ်ပြတ်သားသား အဖြေတခုထွက်သွားလောက်အောင် ကြီးမားလှတယ်။

အတိုချုပ်ရရင် USA မပါဘဲ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းအကြောင်း ရှင်းပြနိုင်မှာ မဟုတ်ဘူး။ ၁၉၂၀ ဆယ်စုနှစ်တွေမှာ သူဟာ ကမ္ဘာပေါ်က ကုန်ပစ္စည်း တင်ပို့တဲ့နိုင်ငံတွေထဲမှာ ထိပ်တန်းရောက်လာခဲ့သလို ကုန်ပစ္စည်း တင်သွင်းတဲ့ နိုင်ငံတွေထဲမှာလည်း ဗြိတိန်ပြီးရင် ထိပ်တန်းကို ရောက်လာတဲ့နိုင်ငံ မဟုတ်လား။ ကုန်ကြမ်းပစ္စည်းတွေနဲ့ စားသောက်ကုန်တွေ တင်သွင်းတဲ့အပိုင်းမှာ USA ဟာ ကုန်စည်ကူးသန်းရောင်းဝယ်ရေးအလုပ်ဆုံး နိုင်ငံဆယ့်ငါးနိုင်ငံက မှာယူတင်သွင်းတဲ့ ကုန်စည်စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးကို မှာယူတင်သွင်းခဲ့တယ်၊ အဲဒီအတွက်ကြောင့် စီးပွားရေးကျဆင်းမှုကြီး ဖြစ်တဲ့အခါ ဂျုံ၊ ဝါဂွမ်း၊ သကြား၊ ရော်ဘာ၊ ပိုး၊ ကြေးနီ၊ သံဖြူနဲ့ ကော်ဖီစတဲ့ အခြေခံ ကုန်ကြမ်းတွေထုတ်လုပ်တဲ့ နိုင်ငံတွေအားလုံး ရက်ရက်စက်စက် ထိတာကို ဒီအချက်နဲ့ ကောင်းကောင်းရှင်းပြနိုင်တယ် (လာရီ Lary၊ စာ ၂၈၂၉)။ ဒီ့အတွက်ကြောင့်ပဲ သူဟာ ကမ္ဘာ့စီးပွားပျက်မှုကြီး the Slump မှာ အဓိက ခံရသူဖြစ်လာခဲ့တယ်။ ၁၉၂၉ နဲ့ ၁၉၃၂ ကြားမှာ သူ့ရဲ့ ကုန်ပစ္စည်းမှာယူတင်သွင်းမှု ၇၀ ရာခိုင်နှုန်း ကျသွားတဲ့အခါ ကုန်ပစ္စည်းတင်ပို့မှုကလည်း ဒီနှုန်းအတိုင်း လိုက်ကျလာခဲ့တယ်။ ၁၉၂၉ နဲ့ ၁၉၃၉ ကြားမှာ ကမ္ဘာ့ကုန်သွယ်ရေးဟာ သုံးပုံတပုံမက ကျသွားခဲ့ပေမယ့် US ရဲ့ ကုန်ပစ္စည်းတင်ပို့မှုကတော့ တဝက်နီးပါး ကျသွားခဲ့တယ်။

ဒီလိုပြောတဲ့အတွက် ပြဿနာရဲ့ အရင်းအမြစ်ဟာ ဥရောပကနေ လုံးဝအစပြုတဲ့အချက်ကို သေးသိမ်အောင် ပြောတာတော့ မဟုတ်ဘူး၊ ပြဿနာရဲ့ မူလအစဟာ အဓိက နိုင်ငံရေးပဲ။ ဗာဆိုင်းငြိမ်းချမ်းရေးကွန်ဖရင့် (၁၉၁၉) မှာ စစ်အတွက် ကုန်ကျစရိတ်တွေနဲ့ အနိုင်ရလိုက်တဲ့ နိုင်ငံတွေက ထိခိုက်ပျက်စီးမှုတွေအတွက် ဂျာမနီကို ကြီးမားလှပေမယ့် တိတိကျကျ သတ်မှတ်မထားတဲ့ လျော်ကြေး‘ reparations ကို အတင်းအကြပ် ပေးဆောင်ခိုင်းတယ်။ ဒီလိုလျော်ကြေး ပေးဆောင်ခိုင်းတာကို တရားထူထောင်တဲ့အနေနဲ့ စစ်အတွက် ဂျာမနီတနိုင်ငံထဲမှာပဲ တာဝန်ရှိတယ်ဆိုတဲ့စာပိုဒ် (‘စစ်အတွက်အပြစ်ဒဏ်‘ war-guilt လို့ ခေါ်ကြတဲ့အပိုဒ်) ကို ငြိမ်းချမ်းရေးစာချုပ်ထဲမှာ ထည့်သွင်းခဲ့တယ်၊ စစ်အတွက် ဂျာမနီမှာပဲ တာဝန်ရှိတယ်ဆိုတဲ့အမြင်ဟာ သမိုင်းရှုဒေါင်အရ မှန်တယ်လို့ သေချာမပြောနိုင်သလို ဂျာမန် အမျိုးသားရေးဝါဒကိုလည်း လက်ဆောင်ကောင်း ပေးလိုက်သလို ဖြစ်သွားခဲ့တယ်။ ဂျာမနီ ပေးဆောင်ရမယ့် ပမာဏကို သူ့ပေးနိုင်အားနဲ့အညီ သတ်မှတ်ဖို့ အဆိုပြုထားတဲ့ USA ရဲ့ သဘောထားနဲ့ စစ်အတွက် ကုန်ကျစရိတ်အားလုံးကို ပြန်တောင်းနေတဲ့ တခြားမဟာမိတ်တွေ အဓိက ပြင်သစ် ရဲ့ သဘောထား နှစ်ခုကို အလျှော့အတင်းလုပ်ပြီး ရလာတဲ့ ဘသောတူညီချက်နဲ့အညီ ဂျာမနီပေးရမယ့် ပမာဏကို တိတိကျကျ မဖော်ပြဘူး။ သူတို့ရဲ့ သူတို့ထဲမှာ အနည်းဆုံး ပြင်သစ်ရဲ့ တကယ့်ရည်ရွယ်ချက်က ဂျာမနီ အားနည်းနေဖို့နဲ့ ဂျာမနီကို ဖိထားနိုင်မယ့် နည်းလမ်းတွေကို ပိုင်ဆိုင်ထားချင်တာပဲ။ ၁၉၂၁ မှာ ဒီပမာဏကို ၁၃၂ ဘီလီယံ (သန်းတထောင်) ဂိုးမတ် Gold Marks ဆိုလိုတာ အဲဒီအချိန်က $ ၃၃ ဘီလီယံ သတ်မှတ်တယ်၊ ဒီငွေကြေးပမာဏဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ပမာဏဆိုတာ လူတိုင်းသိကြတယ်။

သူ့ရဲ့ မဟာမိတ်တွေ စိတ်ပျက်ဖို့ ဖြစ်ချင်တော့ မဟာမိတ်တွေကို ပေးရမယ့် ဂျာမနီရဲ့ အကြွေးနဲ့ဆိုင်တဲ့ ကိစ္စကို USA က စစ်အတွင်း မဟာမိတ်တွေ သူ့ပေါ်တင်ရှိခဲတဲ့ အကြွေးတွေနဲ့ ချိတ်ထားချင်တဲ့အတွက် လျော်ကြေးကိစ္စကနေ အတောမသတ်နိုင်တဲ့ အငြင်းအခုံတွေ၊ အကျပ်အတည်းတွေ၊ နောက် အမေရိကန်ကြီးကြပ်မှုနဲ့ ရလာတဲ့ ပြေလည်မှုတွေ ပေါ်ထွက်လာခဲ့တယ်။ မဟာမိတ်တွေဆီက အမေရိကန်တွေ တောင်းတဲ့အကြွေးတွေဟာ ဂျာမန်တွေဆီက တောင်းတဲ့ အကြွေးပမာဏလို ဘယ်လိုမှ အဓိပ္ပါယ်မရှိတဲ့ ပမာဏတွေပဲ၊ ဂျာမနီဆီကတောင်းတဲ့ အကြွေးဟာ ၁၉၂၉ က ဂျာမန်တနိုင်ငံလုံးဝင်ငွေရဲ့ တဆခွဲလောက်ရှိသလို ဗြိတိန်က US ကို ပေးရမယ့် အကြွေးပမာဏက ဗြိတိန်တနိုင်ငံလုံးဝင်ငွေရဲ့ တဝက်လောက်ရှိတယ်၊ ပြင်သစ်ကလည်း သူ့တနိုင်ငံလုံး ဝင်ငွေရဲ့ သုံးပုံနှစ်ပုံလောက်ကို ပေးဆပ်ရမယ့်ပုံမျိုး (ဟီးလ Hill၊ ၁၉၈၈၊ စာ ၁၅ ၁၆)။ ၁၉၂၄ မှာ ဆွဲတဲ့ ဒေါစ အစီအစဉ်‘ Dawes Plan အရ ဂျာမနီကို နှစ်စဉ် ပေးဆောင်ရမယ့် ပမာဏတခုကို တိတိကျကျ သတ်မှတ်ခဲ့တယ်၊ ၁၉၂၉ မှာဆွဲတဲ့ ယန်း အစီအစဉ်‘ Young Plan မှာ ပေးဆပ်ရမယ့် အစီအစဉ်ကို ပြန်ပြင်ဆင်ပြန်ရော၊ အဲဒီကနေ ဘာဆယ် Basel (ဆွစ်ဇာလန်) က အပြည်ပြည်ဆိုင်ရာ ငွေပေးချေရေးဘဏ် Bank of International Settlementsကိုတည်ထောင်ဖြစ်ခဲ့ပြီးဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ ဒီလိုအပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေရဲ့ အရေအတွက် တိုးပွားဖို့ ဖြစ်လာခဲ့တယ်။ (အခု စာရေးနေချိန်မှာ ဒီဘဏ်က အလုပ်လုပ်နေတုန်းပဲ။) ၁၉၃၂ မှာ ဂျာမနီနဲ့ မဟာမိတ်တွေရဲ့ လျော်ကြေးပေးဆောင်မှုအားလုံးလိုလို ရပ်သွားတော့တယ်။ ဖင်လန်တနိုင်ငံထဲ စစ်အတွင်း USA ပေါ်တင်ရှိခဲ့တဲ့ သူ့အကြွေးတွေကို အကြေဆပ်နိုင်ခဲ့တယ်။

အသေးစိတ်တွေကို ပြောမနေတော့ဘဲ ဒီနေရာမှာ စဉ်းစားစရာ မေးခွန်းနှစ်ခု ရှိတယ်။ ပထမတခုက ဗာဆိုင်းကွန်ဖရင့်ကို ဗြိတိသျှ ကိုယ်စားလှယ်အဖွဲ့ရဲ့ အငယ်တန်းအဖွဲ့ဝင်အဖြစ်နဲ့ တက်ရောက်ခဲ့ပြီး ဒီကွန်ဖရင့်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ထားတဲ့ ငြိမ်းချမ်းရေးရဲ့ စီးပွားရေးဆိုင်ရာ အကျိုးဆက်များThe Economic Consequences of the Peace ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တဲ့ အဲဒီတုန်းက လူငယ်ပဲရှိသေးတဲ့ ဂျွန်မေနတ်ကိန်း John Maynard Keynes တင်ပြတဲ့အချက်။ ဂျာမန်စီးပွားရေးကို အရင် အခြေအနေအတိုင်း ဖြစ်အောင် ပြန်မလုပ်နိုင်ဘဲ ဥရောပမှာ တည်ငြိမ်တဲ့ လစ်ဘရယ် လူ့အဖွဲ့အစည်းနဲ့ တည်ငြိမ်တဲ့ စီးပွားရေးကို ပြန်ထူထောင်ဖို့ ဖြစ်နိုင်စရာမရှိဘူးလို့ သူက ကျိုးကြောင်း ပြဆိုခဲ့တယ်။ ပြင်သစ် လုံခြုံရေးအတွက်ဂျာမနီကို အားနည်းနေအောင် လုပ်ထားချင်တဲ့ ပြင်သစ်ရဲ့ ပေါ်လစီဟာ အကျိုးမဖြစ်ဘဲ အပြစ်တောင် ဖြစ်ခဲ့တယ်။ တကယ်တမ်းမှာလည်း ပြင်သစ်ဟာ သူ့ပေါ်လစီကို အတင်းအကြပ် ပြဌာန်းနိုင်လောက်အောင် အားမကောင်းလှဘူး၊ ဂျာမန်တွေက ပေးစရာရှိတာကို မပေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ၁၉၂၃ မှာ အကြီးစားစက်မှုကုန်ထုတ်လုပ်ငန်းတွေ အဓိကတည်ရှိရာ အနောက်ဂျာမနီကို ခဏဝင်သိမ်းထားချိန်မှာတောင် သူ့ပေါ်လစီကို ဂျာမန်တွေ မလိုက်နာမဖြစ် လိုက်နာအောင် လုပ်နိုင်တဲ့အင်အားမရှိခဲ့ဘူး။ နောက်ဆုံးမတော့ ပြင်သစ်တွေဟာ ၁၉၂၄ နောက်ပိုင်းမှာ ဂျာမန်အလိုဖြည့်ဆည်းရေး‘ fulfilment ပေါ်လစီကို လက်မခံချင်လို့မရ လက်ခံခဲ့ရပြီး အဲဒီပေါ်လစီကြောင့် ဂျာမန်စီးပွားရေးဟာ အားကောင်းလာခဲ့တယ်။ ဒါပေမယ့် ဒုတိယတချက်အနေနဲ့ လျော်ကြေးတွေကို ဘယ်လိုပြန်ပေးမလဲဆိုတဲ့ မေးခွန်းလည်း ရှိသေးတယ်။ ဂျာမနီကို အားနည်းအောင် လုပ်ထားချင်နေသူတွေက (ရာရှင်နယ်ကျတဲ့ အစီအစဉ်ဖြစ်တဲ့) လက်ရှိကုန်ထုတ်လုပ်ငန်းတွေထဲက ထွက်ကုန်တွေ၊ အနည်းဆုံး ဂျာမနီရဲ့ ပြည်ပပို့ကုန်ကနေရတဲ့ ဝင်ငွေကို ယူတာထက် ငွေသားပဲ လိုချင်တယ်၊ ဒါကလည်း ဂျာမနီရဲ့ ထွက်ကုန်တွေကို လျော်ကြေးအဖြစ် ယူမယ်ဆိုရင် ဂျာမနီရဲ့ စီးပွားရေးဟာ သူ့ယှဉ်ပြိုင်ဘက်တွေထက် အားကောင်းလာမှာမို့ပဲ။ အကျိုးဆက်အားဖြင့် ဂျာမနီကို ပိုက်ဆံအကြီးအကျယ် မချေးချေးအောင် ဝိုင်းတွန်းတယ်၊ အဲဒီအခါကျတော့ ဂျာမနီပေးဆပ်ရမယ့် လျော်ကြေးတွေဟာ ၁၉၂၀ ဆယ်စုနှစ်ရဲ့ အလယ်နှစ်တွေမှာ (အမေရိကန်) ဆီက ချေထားတဲ့ အကြွေးတွေဆီက လာတယ်။ ဒီလို ချေးရတဲ့အခါ ဂျာမနီအနေနဲ့ ချေးငွေနဲ့ ပို့ကုန်မျှအောင် external balance သူ့ပို့ကုန်တွေကို တိုးပြီးမပို့နိုင်တော့ဘဲ ကြွေးလည်ပင်းခိုက်ပြီး ကျန်ခဲ့မှာမို့ ဂျာမနီရဲ့ ပြိုင်ဘက်နိုင်ငံတွေအတွက်က ပိုတောင်မှ ကိုက်သေးတယ်။ တကယ်တမ်းမှာလည်း ဂျာမနီရဲ့ ပြည်ပက မှာယူတင်သွင်းမှုဟာ ထိုးတက်သွားခဲ့တယ်။ သို့သော်လည်း တွေ့ခဲ့ပြီးတဲ့အတိုင်း ဒီအစီအမံကြီးတခုလုံးကြောင့် ဂျာမနီနဲ့ ဥရောပတတိုက်လုံးဟာ အမေရိကန်ချေးငွေ ကျဆင်းသွားမှုကိုလိုက်ပြီး အလွယ်တကူ တိမ်းစောင်းသွားနိုင်တဲ့ အနေအထားကို ရောက်လာခဲ့တယ်၊ အကျပ်အတည်း မစခင်မှာကို ငွေချေးမှုတွေ စ ကျဆင်းစ ပြုလာပြီး ၁၉၂၉ ဝေါလမ်းမအကျပ်အတည်း Wall Street Crisis of 1929 အပြီးမှာ ချေးငွေ လုံးဝ ပြတ်သွားတော့တယ်။ စီးပွားပျက်မှုကြီးအတွင်း လျော်ကြေးအစီအမံတခုလုံးဟာ တခုပြီးတခု ဆက်တိုက် ပြိုလဲကျသွားတော့တယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကမ္ဘာ့စီးပွားရေးဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ စီးပွားရေးတွေ စုစည်းပေါင်းစပ်ထားတဲ့ စနစ်ကြီးအဖြစ်ကနေ ပြိုကွဲသွားပြီးမို့၊ အဲဒီအတွက် ၁၉၃၁ နဲ့ ၁၉၃၃ ကြားကာလမှာ အပြည်ပြည်ဆိုင်ရာ ငွေပေးချေမှုအတွက် အစီအမံတွေအားလုံးလည်း ပြိုကွဲသွားပြီးမို့ ပေးဆောင်စရာရှိတာတွေ ရပ်သွားတာတောင် ဂျာမနီပေါ်မှာရော ကမ္ဘာ့ စီးပွားရေးပေါ်မှာပါ အပေါင်းလက္ခဏာ ဆောင်တဲ့ သက်ရောက်မှုတော့ ထွက်မလာခဲ့ဘူး။

သို့သော်လည်း စစ်တွင်းနဲ့ စစ်ပြီးနောက်ပိုင်း ကြုံလာရတဲ့ ဆုတ်ဆိုင်းမှုတွေနဲ့ ဥရောပက နိုင်ငံရေး အရှုပ်အထွေးတွေက စစ်ကြားကာလ စီးပွားရေးကျဆင်းမှုကြီး ပြင်းထန်လှပုံကို တစိတ်တပိုင်းလောက်ပဲ ရှင်းပြနိုင်မယ်။ စီးပွားရေးအရ ပြောရရင် စစ်ကြားကာလ စီးပွားရေး ကျဆင်းမှုကြီး ပြင်းထန်လှပုံကို ရှုဒေါင့်နှစ်ခုကနေ ကြည့်နိုင်တယ်။

ပထမတချက်အနေနဲ့ USA နဲ့ ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေကြား ဖွံ့ဖြိုးတိုးတက်မှု မညီမျှမှုကြောင့် နိုင်ငံတကာ စီးပွားရေး ပိုပို မညီမမျှ ဖြစ်လာတာကို အထင်အရှား မြင်ရမယ်၊ ၁၉၁၄ မတိုင်ခင်က ကမ္ဘာ့စနစ်ကြီးရဲ့ ဗဟိုအချက်အချာနေရာမှာ ရှိခဲ့တဲ့ ဂရိတ်ဗြိတိန်လို မဟုတ်ဘဲ USA ဟာ တကမ္ဘာလုံးကို မှီခိုအားထားရတာမျိုး သိပ်မရှိလှတဲ့အတွက်ကြောင့်၊ တခါ ကမ္ဘာတဝှမ်း ကုန်ရောင်းကုန်ဝယ် ပေးချေမှုစံနစ်ဟာ ပေါင်စတာလင်ပေါ် မှီတည်ထားတာကို သဘောပေါက်ပြီး ဒီစံနစ် တည်ငြိမ်ဖို့လိုတာကို မြင်တဲ့ ဂရိတ်ဗြိတိန်လိုမဟုတ်ဘဲ USA ဟာ ကမ္ဘာလုံးဆိုင်ရာစနစ် တည်ငြိမ်အောင်လုပ်မယ့် ကဏ္ဍကို ဝင်ယူဖော်မရတဲ့အတွက်ကြောင့် ကမ္ဘာ့စံနစ်ကြီး အလုပ်မဖြစ်တာဆိုပြီး ကျိုးကြောင်းပြလို့ ရနိုင်တယ်။ ပထမကမ္ဘာစစ် အပြီးမှာ USA ရဲ့ အရင်းအနှီး၊ လုပ်အားနဲ့ (နှိုင်းယှဉ်ချက်အရပြောမယ်ဆိုရင်) – ကုန်ကြမ်းပစ္စည်း တချို့လောက်ကလွဲပြီးကုန်ကြမ်းပစ္စည်း commodities တင်သွင်းမှု လိုအပ်ချက် လျော့သွားတဲ့အတွက်ကြောင့် သူဟာ ကမ္ဘာကြီးကို သိပ်မှီခိုစရာ မလိုလှဘူး။ သူ့ရဲ့ တင်ပို့ကုန်တွေဟာ နိုင်ငံတကာမှာ အရေးကြီးသော်ငြား နိုင်ငံတကာ ရုပ်ရှင်စျေးကွက်ကို ဟောလိဝုက လုံးလုံးလျားလျား မောင်ပိုင်စီးထားတယ် အမေရိကန်ရဲ့ ပို့ကုန်နဲ့ စုစုပေါင်းဝင်ငွေ အချိုးဟာ တခြား အကြီးစား စက်မှုကုန်ထုတ်နိုင်ငံတွေထက် အများကြီး သေးတယ်။ ကမ္ဘာ့စီးပွားရေးကနေ USA အခုလိုတပ်ပြန်ခေါက်သွားမှု ဘယ်လောက် အရေးပါမပါဆိုတာကို ဆွေးနွေးငြင်းခုံမယ်ဆို ငြင်းခုံလို့ရတယ်။ သို့သော်လည်း စီးပွားပျက်မှုကြီးနဲ့ ပတ်သက်ပြီး ဘာ့ကြောင့်ဖြစ်ရသလဲဆိုတာ ရှင်းပြကြတဲ့အခါ အခုပြောခဲ့တဲ့ ရှင်းပြချက်က ၁၉၄၀ ဆယ်စုနှစ်တွေမှာ US ဘောဂဗေဒပညာရှင်တွေနဲ့ နိုင်ငံရေးသမားတွေပေါ်မှာ သြဇာအညောင်းဆုံး ရှင်းပြချက် ဖြစ်ခဲ့ပြီး ၁၉၄၅ နောက်ပိုင်းမှာ ကမ္ဘာ့စီးပွားရေး တည်ငြိမ်ရေးအတွက် တာဝန်ယူရမယ်ဆိုတဲ့ အသိကို စစ်တွင်းကာလတွေမှာ ဝါရှင်တန် Washington ရလာခဲ့တယ် (ကင်ဒယ်ဘာဂါ Kindelberger၊ ၁၉၇၃)

ရေရှည်စီးပွားရေးကျဆင်းမှုကြီးကိုကြည့်တဲ့ ဒုတိယရှုဒေါင့်ကတော့ ကမ္ဘာ့စီးပွားရေးဟာ ရေရှည်ဖွံ့ဖြိုးနေဖို့ လိုအပ်တဲ့ ဝယ်လိုအားပမာဏကို အလုံအလောက် ထုတ်မပေးနိုင်တဲ့အချက်ပေါ်မှာ သွားတည်နေတယ်။ ၁၉၂၀ ဆယ်စုနှစ်တွေက ကြွယ်ဝချမ်းသာမှုရဲ့ အခြေခံတွေဟာ တွေ့ခဲ့ပြီးသလို အားမကောင်းလှဘူး၊ USA မှာတောင် လယ်ယာစိုက်ပျိုးရေးဟာ ရေရှည်စီးပွားရေးကျဆင်းမှုထဲ ဝင်ရောက်နေနှင့်ပြီးသား ဖြစ်နေတယ်၊ နောက်တခါ လုပ်ခတွေဟာလည်း ဂျက်ဇတေးဂီတခေတ်ကြီးရဲ့ ယုံတမ်းစကားတွေက ပြောနေသလိုမဟုတ်ဘဲ ရုတ်တရက်ကြီး တက်မလာခဲ့ဘူး၊ စီးပွားရေးစန်းပွင့်မှုရဲ့ နောက်ဆုံးနှစ်မှာဆိုရင် လခတွေဟာ တန့်တောင်တန့်နေခဲ့တယ် (သမိုင်းဝင် စာရင်းများ Historical Statistics of the USA I စာ ၁၆၄၊ ဇယား ဒီ၇၂၂၇၂၇)တကယ်ဖြစ်နေတာက လွတ်လပ်တဲ့စျေးကွက်စီးပွားရေးစနစ် စန်းပွင့်မှုတွေမှာ တွေ့ရတတ်သလို လုပ်ခတွေ ပြတ်ကျန်ချိန်မှာ လုပ်ငန်းကိုင်ငန်းတွေရဲ့ အမြတ်အစွန်းတွေက တရားလွန် ထိုးတက်ပြီး ချမ်းသာကြွယ်ဝသူတွေက တတိုင်းပြည်လုံးရဲ့ အကျိုးအမြတ်ကိုတခြားလူတွေထက် ပိုပြီး ကြီးကြီးမားမားရတယ်။ ဟင်နရီဖို့ Henry Ford တို့ ခေတ်ကောင်းတဲ့ကာလမှာ တတိုင်းပြည်လုံးရဲ့ ဝယ်လိုအားက အကြီးစားကုန်ထုတ်စနစ်ရဲ့ အလျင်အမြန် တက်လာနေတဲ့ ကုန်ထုတ်နှုန်းနဲ့အညီ လိုက်မတက်တဲ့အခါကျတော့ ထုတ်လုပ်မှုပိုလျှံပြီး စျေးကစားတာတွေ လုပ်ကြဖို့ ဖြစ်လာတော့တယ်။ ဒီအချက်က ပြိုလဲမှုကို ခလုပ်ဖြုတ်လိုက်တာပဲ။ ဒီအကြောင်းကို ခုထိ ဆွေးနွေးငြင်းခုံနေတဲ့ သမိုင်းဆရာတွေနဲ့ ဘောဂဗေဒသမားတွေကြားမှာ ကျိုးကြောင်း ပြဆိုချက်တွေက ဘယ်လိုပဲရှိရှိ အဲဒီအချိန်က ဝယ်လိုအား အားပျော့နေတာကို ဂျွန်မေနတ်ကိန်း John Maynard Keynes တင်မက အစိုးရပေါ်လစီတွေကို အထူးတလည် စိတ်ဝင်စားတဲ့ မျက်မှောက်ခေတ်က လေ့လာသူတွေပါ ထူးထူးခြားခြား သွားသတိပြုမိကြတယ်။

စီးပွားရေးပြိုလဲကျတဲ့အခါ ဝယ်လိုအားက ကုန်ပစ္စည်းထုတ်လုပ်မှုနဲ့အညီ မလိုက်နိုင်ဖြစ်နေတာကို စားသုံးသူတွေအတွက် ချေးငွေ consumer credit တွေ အကြီးအကျယ် ထုတ်ချေးပေးတဲ့နည်းနဲ့ ဝယ်လိုအားကို ပင့်ထားတဲ့အတွက် USA မှာ ဒီ စီးပွားရေးကျဆင်းမှုက တခြားနိုင်ငံတွေထက်ကို ပိုပြီးကြမ်းတယ်။ (၁၉၈၀ ဆယ်စုနှစ်ရဲ့ နောက်ပိုင်းနှစ်တွေကို အမှတ်ရမိတဲ့ စာဖတ်သူတွေအနေနဲ့ ဒီလိုအဖြစ်မျိုးကို တရင်းတနှီး ကြုံဖူးကြမယ်။) ထုံးစံအတိုင်း သဲထဲခေါင်းနှစ်ထားတဲ့ အကောင်းမြင်သမားတွေရဲ့ မစားရဝခမန်း အပြောတွေနဲ့ ရိုက်စားတွေ ကျေးဇူး6နဲ့ ဧရာမ ပြိုလဲမှုကြီး Big Crash မတိုင်ခင် နှစ်အနည်းငယ်အတွင်းမှာ အမြင့်ဆုံးစျေးတွေကို ရောက်လာတဲ့ အိမ်ခြံမြေစျေးတွေ အကြီးအကျယ်တက်ချိန်မှာ ဝယ်ရောင်းစျေးကစားရာကနေ ထိထားတဲ့ ကြွေးဆိုးတွေပိနေတဲ့ ဘဏ်တွေဟာ အိမ်ခြံမြေဝယ်ယူသူတွေကို အကြွေးထပ်မပေးတော့၊ ဒါမှမဟုတ် လက်ရှိ အကြွေးတွေကိုလည်း သက်တမ်းတိုးမပေးတော့ဘူး။ ဒါတောင်မှလည်း ဒေဝါလီခံရတဲ့ ဘဏ်ပေါင်းက ထောင်ချီရှိတယ်၊7US အိမ်ခြံမြေအရောင်းအဝယ် တဝက်ကျော်ဟာ အတိုးမှန်မှန် မဆပ်နိုင်တော့သလို တရက်တရက် ဘဏ်တွေက ပြန်သိမ်းတဲ့ အိမ်အရေအတွက်ဟာ တထောင်ရှိတယ် (မိုင်းစ Miles စသည်၊ ၁၉၉၁၊ စာ ၁၀၈)။ စားသုံးသူတွေ တင်ရှိနေတဲ့ ရေတိုနဲ့ ရေလတ် အကြွေး စုစုပေါင်း ဒေါ်လာ သန်း ,၅၀၀ မှာ မော်တော်ကားအကြွေးတခုထဲကကို ဒေါ်လာ သန်း ၁,၄၀၀ ရှိတယ် (ဇီဘူးရား Ziebura၊ စာ ၄၉)။ စီးပွားရေးဟာ အခုလို အကြွေးတွေ ပေါချင်းသောချင်းရတဲ့ အခြေအနေကိုလိုက်ပြီး ဘာ့ကြောင့် အတိမ်းအစောင်းမခံ ဖြစ်လာရသလဲဆိုတော့ စားသုံးသူတွေက သူတို့ချေးထားတဲ့ အကြွေးတွေကို အစားအသောက်နဲ့ အဝတ်အထည်တို့လို ဝင်ငွေကိုလိုက်ပြီး ဝယ်လိုအားအတက်အကျ သိပ်မကြီးတဲ့၊ အသက်နဲ့ခန္ဓာကို တွဲနေစေဖို့ရာ လိုအပ်တဲ့ ကုန်စည်တွေကို ဝယ်တဲ့နေရာမှာ မသုံးတဲ့အတွက်ပဲ။ လူတယောက်ဟာ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ စားဖို့သောက်ဖို့ လိုအပ်ချက်ကို အတိုင်းအတာတခုအောက် ရောက်တဲ့ထိတော့ ဘယ်လိုမှ လျှော့လို့မရနိုင်ဘူး၊ တဘက်မှာ ကိုယ့်ဝင်ငွေ နှစ်ဆတိုးသွားတာနဲ့ ဒီကုန်စည်တွေကို ဝယ်လိုအားက နှစ်ဆ လိုက်တိုးမှာ မဟုတ်ဘူး။ ဒီတော့ ပြောခဲ့တဲ့ ကုန်စည်တွေကို မဝယ်ဘဲ အဲဒီအချိန်မှာ USA မှာ စပြီး တီထွင်ဆန်းသစ်လာနေတဲ့ ခေတ်သစ်စားသုံးသူအဖွဲ့အစည်း modern consumer society ထဲက ရေရှည်ခံတဲ့ ကုန်စည်တွေကို ဝယ်ကြတယ်။ ဒါပေမယ့် ကားတွေ၊ အိမ်တွေကို ဝယ်ဖို့က အလွယ်တကူ ရွှေ့ဆိုင်းထားနိုင်ပြီး ဒီကုန်စည်တွေကျတော့ ဝင်ငွေပေါ်မူတည်တဲ့ ဝယ်လိုအားအတက်အကျ income elasticity of demand က သိပ်ကြီးတယ်။

ဒီတော့ကာ စီးပွားပျက်မှုကြီးက တခဏအတွင်း ပြီးမသွားဘူးဆိုရင်၊ အချိန်တိုအတွင်း ပြီးသွားမယ်လို့ မျှော်လင့်လို့ မရဘူးဆိုရင်၊ အနာဂတ်ပေါ် စိတ်ချယုံကြည်မှုကို မထိခိုက်တာမျိုး မဖြစ်ဘူးဆိုရင် အခုလို အကျပ်အတည်းမျိုးရဲ့ အကျိုးဆက်က ဗြုန်းဗြင်းဆန်ခတ် နိုင်လာစရာရှိတယ်။ ဒါ့ကြောင့် USA က မော်တော်ကား ထုတ်လုပ်မှုဟာ ၁၉၂၉ နဲ့ ၁၉၃၁ ကြားမှာ တဝက်ကျသွားခဲ့တယ်၊ တဘက်မှာ မော်တော်ကားလောက် စျေးမကြီးတဲ့ အဆင့်မှာတော့ ဆင်းရဲသားတွေ နားထောင်တဲ့ ဓာတ်ပြားတွေ (လူမဲပရိသတ်ကို ဉီးတည်တဲ့ နားထောင်သူရဲ့ အသားအရောင်ပေါ်မူတည်တဲ့‘ race သီချင်းဓာတ်ပြား၊ ဂျက်ဇ သီချင်းဓာတ်ပြား) ထုတ်လုပ်ဖြန့်ချီမှုဟာ တချိန်မှာ လုံးဝ ရပ်သွားခဲ့တယ်။ အတိုချုပ်ရရင် ရထားလမ်းတွေနဲ့ ပိုပြီးအဆင့်မြင့်တဲ့ သင်းဘောတွေ ဒါမှမဟုတ် သံမဏိနဲ့ စက်ပစ္စည်းကိရိယာတွေ တီထွင်ထုတ်လုပ်မှုတွေလို မဟုတ်ဘဲ ဒါတွေက ကုန်ကျစရိတ်ကို လျော့ကျစေတယ် ပစ္စည်းသစ်တွေနဲ့ လူနေမှုဘဝပုံစံသစ်တွေ တနိုင်ငံလုံးကို တညီတညာ ပျံ့သွားစေဖို့ အတွက်က ဝင်ငွေ မြင့်တက်တိုးပွားလာဖို့နဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး စိတ်ချယုံကြည်မှု ကြီးကြီးမားမားရှိဖို့ လိုအပ်တယ် (ရော့စတိုး ၁၉၇၈၊ စာ ၂၁၉)’။ ဒါပေမယ့် ဖြစ်ချင်တော့ အဲဒီအချိန်မှာ အလျင်အမြန် ပြိုလဲကျနေတာက ပြောခဲ့တဲ့ အနာဂတ်ပေါ် ယုံကြည်မှုပဲ။

ဘယ်လိုပဲဖြစ်ဖြစ် စီးပွားပျက်မှုသံသရာရဲ့ အဆိုးဆုံးအပိုင်းက အနှေးနဲ့အမြန်ဆိုသလို အဆုံးသတ်သွားမှာပဲ၊ ၁၉၃၂ နောက်ပိုင်းမှာ အဆိုးဆုံးအခြေအနေကို ကျော်လွန်လာတဲ့ လက္ခဏာတွေ ပိုပိုထင်ရှားလာတယ်။ တချို့နိုင်ငံတွေရဲ့ စီးပွားရေးဆို အရှိန်ကောင်းကောင်းနဲ့ ထိုးတက်လာတဲ့ အထိပဲ။ ဂျပန်နဲ့ သူ့လောက်တက်မလာတဲ့ ဆွီဒင်တို့ဟာ ၁၉၃၀ ဆယ်စုနှစ်အကုန်မှာ စီးပွားပျက်မှု မတိုင်ခင်က ထုတ်လုပ်နေတဲ့ အဆင့်အနေအထားကနေ နှစ်ဆနီးနီးထိ တက်လာခဲ့ပြီး ၁၉၃၈ ရောက်တဲ့အခါ ဂျာမန်စီးပွားရေး (အီတလီ စီးပွားရေးတော့ အဲဒီလောက်တက်မလာခဲ့) ဟာ ၁၉၂၉ တုန်းက အနေအထားရဲ့ ၂၅ ရာခိုင်နှုန်းအထက်ကို တက်လာခဲ့တယ်။ ဗြိတိသျှ စီးပွားရေးလို သိပ်လှုပ်လှုပ်ရှားရှားမရှိတဲ့ စီးပွားရေးမျိုးရှိတဲ့ နိုင်ငံတွေမှာတောင် စီးပွားရေးက အတော်ကြီး လှုပ်လှုပ်ရှားရှား ပြန်ဖြစ်လာတယ်။ဒါပေမယ့်လည်း မှန်းထားတဲ့ အင်နဲ့အားနဲ့ တက်လာတာမျိုးကတော့ ဘာကြောင့်မှန်းမသိ ပြန်မတွေ့ရတော့ဘူး။ တကမ္ဘာလုံးဟာ စီးပွားရေးကျဆင်းမှုထဲကနေ မထွက်နိုင်သေးဘူး။ ဒါကို ကမ္ဘာပေါ်မှာ စီးပွားရေးအရ အကြီးဆုံးနိုင်ငံဖြစ်တဲ့ USA မှာ အထင်အရှား တွေ့မြင်နိုင်တယ်၊ ဘာလို့ဆို သမ္မတ အက်ဖ ဒီ ရူးစဗဲ့President F. D. Roosvelt ရဲ့ နယူးဒီးလ‘ New Deal အစီအစဉ်နဲ့ စီးပွားရေး နလံပြန်ထူအောင် အမျိုးမျိုး စမ်းသပ်ခဲ့တာတွေဟာ တခါတခါလည်း ရှေ့နောက်မညီ မှန်းထားတဲ့အတိုင်း မအောင်မြင်ခဲ့တဲ့အတွက်ပဲ။ ၁၉၃၇၃၈ မှာ နောက်ထပ် စီးပွားပျက်မှုတခုဖြစ်ပြီးနောက်မှာ စီးပွားရေးက ၁၉၂၉ စီးပွားပျက်မှုနောက်ပိုင်း စီးပွားရေး ပြန်ထောင်တက်လာတဲ့ စကေးနဲ့စာရင် အတော်လေး နိမ့်ပေမယ့် အင်နဲ့အားနဲ့ ထောင်တက်လာခဲ့တယ်။ အမေရိကန်က အကြီးစားစက်မှုကုန်ထုတ်လုပ်ငန်းတွေထဲမှာ ထိပ်တန်းမှာရှိတဲ့ မော်တော်ကား ထုတ်လုပ်မှုဟာ အမြင့်ဆုံးအမှတ်ဖြစ်တဲ့ ၁၉၂၉ တုန်းက အနေအထားကို ဘယ်တော့မှ ပြန်ရောက်မလာတော့ဘူး။ ၁၉၃၈ မှာ မော်တော်ကား ထုတ်လုပ်မှုဟာ ၁၉၂၀ တုန်းကထက် နည်းနည်းလေးပဲ ပိုတယ် (သမိုင်းဝင် စာရင်းများ Historical Statistics II, စာ ၇၁၆)။ ၁၉၉၀ ဆယ်စုနှစ်တွေကနေ ပြန်ကြည့်တဲ့အခါ ထက်မြက်တဲ့ အကဲခတ်တွေရဲ့ အဆိုးမြင်မှုကို ကျနော်တို့ သတိမပြုမိဘဲ မနေနိုင်ဘူး။ အရင်းရှင်စနစ်ကို သူ့ချည်းသက်သက် လွှတ်ထားရင် အနာဂတ်တချိန်ချိန်မှာ အရင်းရှင်စီးပွားရေးဟာ ဆက်မဖွံ့ဖြိုးတော့ဘဲ တန့်သွားမှာကို အရည်အချင်းရှိပြီး ထက်မြက်တဲ့ ဘောဂဗေဒပညာရှင်တွေ မြင်မိကြတယ်။ ဗာဆိုင်းငြိမ်းချမ်းရေးစာချုပ်ကို ဆန့်ကျင်ဝေဖန်ထားတဲ့ ကိန်း Keynes ရဲ့ စာတွေထဲမှာ ကြိုနိမိတ်ဖတ်ထားတဲ့ ဒီအမြင်ဟာ စီးပွားပျက်မှုကြီးအပြီး USA မှာ ရေပန်းစားလာခဲ့တယ်။ ရင့်ကျက်တဲ့အဆင့်ကိုရောက်လာတဲ့ စီးပွားရေးစနစ်တိုင်းဟာ ဆက်မဖွံ့ဖြိုးတော့ဘဲ တန့်ကို တန့်သွားရတော့မှာလား။ အရင်းရှင်စနစ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အဆိုးမြင်တဲ့ ဟောကိန်းထုတ်သူ နောက်တယောက်ဖြစ်တဲ့ သြစတြီးယားလူမျိုး ဘောဂဗေဒပညာရှင် ရွှန်းပီတာ Schumpeter က ကာလရှည်ကြာတဲ့ စီးပွားပျက်မှုတိုင်းမှာဘောဂဗေဒပညာရှင်တွေဟာ သူတို့ခေတ်အခါက တခြားလူတွေရဲ့ စိတ်အခြေအနေကိုလိုက်ပြီး ရေရှည်စီးပွားရေးကျဆင်းမှုကြီးဟာ ဘယ်တော့မှ အဆုံးမသတ်တော့ဘူးဆိုတာကို ပြသတဲ့ သီအိုရီတွေကို ဖော်ထုတ်တတ်ကြတယ်‘ (ရွှန်းပီတာ Schumpeter ၁၉၅၄၊ စာ ၁၁၇၂) ဆိုပြီးရေးတယ်။ တဘက်မှာ ၁၉၇၃ ကနေ တိုတောင်းလှတဲ့ နှစ်ဆယ်ရာစု အဆုံးသတ်သွားချိန်ထိ ရှည်ကြာတဲ့ ကာလကို တူညီတဲ့ အကွာအဝေးလောက်ကနေ ပြန်ကြည့်တဲ့ သမိုင်းဆရာတွေအနေနဲ့လည်း ကမ္ဘာ့အရင်းရှင်စီးပွားရေး ရေရှည်ကျဆင်းနိုင်ခြေကို ကြိုနိမိတ်ဖတ်ဖို့ ၁၉၇၀ နဲ့ ၁၉၈၀ ဆယ်စုနှစ်တွေမှာ တောက်လျှောက် ဝန်လေးနေခဲ့ကြတာကိုလည်း သတိမပြုမိဘဲ မနေလောက်ဘူး။

၁၉၃၀ ဆယ်စုနှစ်ကာလဟာ အကြီးစက်မှုကဏ္ဍမှာ နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေ ဥပမာ ပလတ်စတစ်လို ပစ္စည်းတွေ ပေါ်ထွက်ခဲ့တဲ့ကာလ ဖြစ်နေတဲ့ကြားကကို စီးပွားပျက်မှုကြီးနဲ့ ပတ်သက်တာအားလုံးဟာ ဒီကာလထဲမှာ ဖြစ်ပွားခဲ့တယ်။ ဆန်းသစ်တီထွင်မှုနယ်ပယ်တခုမှာဆိုရင် ဖျော်ဖြေရေးနဲ့ နောက်ပိုင်းမှာ မီဒီယာလို့ ခေါ်ဆိုတော့မယ့် စစ်ကြားကာလမှာ အနည်းဆုံး အင်ဂလိုဆက်ဆွန်နိုင်ငံတွေမှာ ခေတ်ပေါ် သရုပ်ပြစာစောင်တွေ ရိုက်နှိပ်တဲ့ အဆင့်မြင့် ပုံနှိပ်စက်တွေ ပေါ်လာတဲ့အပြင် တနိုင်ငံလုံးအတိုင်းအတာနဲ့ ရေဒီယိုတွေ ရေပန်းစားလာတာတို့၊ ဟောလိဝု ရုပ်ရှင်ထုတ်လုပ်ရေးတို့လို အရေးပါတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို တွေ့ခဲ့ရတယ် (အခန်း ၆ ကိုကြည့်)အစုလိုက် အပြုံလိုက် အလုပ်လက်မဲ့ ဖြစ်သွားသူတွေ နေထိုင်နေတဲ့ မီးခိုးရောင်သန်းနေတဲ့ မြို့ကြီးတွေမှာ စိတ်ကူးယဉ် နန်းတော်ကြီးတွေလို ဧရာမ ရုပ်ရှင်ရုံကြီးတွေ ထိုးထိုးထောင်ထောင် ပေါ်ထွက်လာတာတွေဟာ သိပ်တော့ အံ့အားသင့်စရာ မရှိဘူး၊ ဘာလို့ဆို ရုပ်ရှင်လက်မှတ်တွေက နှိုင်းယှဉ်ချက်အရ စျေးသက်သာတဲ့အပြင် အလုပ်လက်မဲ့ ဖြစ်ကုန်တဲ့ လူကြီးရော လူငယ်ပါ ဖြုန်းစရာအချိန်တွေ အများကြီး ရှိနေတော့ လူမှုဗေဒပညာရှင်တွေ တွေ့မြင်ရသလို ရေရှည်စီးပွားရေး ကျဆင်းမှုကာလမှာ လင်မယားတွေဟာ နှစ်ယောက်အတူ တွဲလုပ်ကြတဲ့ အနားယူအပန်းဖြေတဲ့ အလုပ်တွေကို အရင်ကထက် ပိုပြီး လုပ်ဖြစ်ကြတာကို တွေ့ကြရသတဲ့(စတောက်ဖာ လဇာဖက် Stouffer Lazarsfeld၊ စာ ၅၅၊ ၉၂)

ပညာတတ်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ သာမန်နိုင်ငံသားတွေရဲ့ စိတ်ထဲမှာ သူတို့နေနေတဲ့ ကမ္ဘာကြီးမှာ တခုခုတော့ အကြီးအကျယ် မှားနေပြီဆိုတဲ့ ယုံကြည်မှု မှန်ကန်တာကို ကမ္ဘာ့စီးပွားပျက်မှုကြီး The Great Slump က ပြသလိုက်တယ်။ ဒါနဲ့ ပတ်သက်ပြီး ဘာများလုပ်လို့ရနိုင်မလဲဆိုတာကို ဘယ်သူများသိသလဲ။ သက်ဆိုင်ရာနိုင်ငံတွေမှာ လုပ်ပိုင်ခွင့်အာဏာ ရှိသူတွေထဲက တချို့တလေလောက်ပဲ ဘာများလုပ်လို့ရမလဲဆိုတာ သိကြပြီး ရေမရောတဲ့ လစ်ဘရယ်ဝါဒရဲ့ သုံးရိုးသုံးစဉ် စူးဆောက်ကိရိယာတွေ၊ လမ်းပြကိရိယာတွေသုံးပြီး ဒါမှမဟုတ် ထုံးတမ်းစဉ်လာ အယူအဆတွေနဲ့ ခရီးဆက်ဖို့ ကြိုးစားသူတွေ၊ နောက်တခါ ဘယ်လိုမှ ယုံကြည်ကိုးစားလို့မရတော့တာ ရှင်းနေတဲ့ ဆယ့်ကိုးရာစုထဲ အသုံးပြုလာတဲ့နည်းတွေနဲ့ ခရီးဆက်ဖို့ ကြိုးစားသူတွေကတော့ ဘာလုပ်လို့ ရနိုင်မလဲဆိုတာကို မသိကြတာ ထင်ရှားတယ်။ (ဆယ့်ကိုးရာစုအစောပိုင်းက ပြင်သစ်လူမျိုးတယောက်ကို အစွဲပြုပြီး နံမယ်ပေးထားတဲ့ စီးပွားရေးနိယာမအရ) မကြာခင်မှာ သူ့အလိုအလျှောက် ပြန်ထိန်းညှိတာမျိုး မလုပ်တဲ့ အပိုအလျှံထုတ်လုပ်မှုoverproduction မဖြစ်နိုင်တာကို ရှင်းနေအောင်ပြသခဲ့တဲ့ ဘောဂဗေဒပညာရှင်တွေကို သူတို့ဘယ်လောက်ကြီး တော်နေတော်နေ ဘယ်လောက်များ ယုံကြည်ထိုက်မလဲ၊ ယုံလိုရတော့မလဲ။ရေရှည်စီးပွားရေး ကျဆင်းမှုမှာ စားသုံးသူတွေရဲ့ ဝယ်လိုအား consumer demand နဲ့ အဲဒီကနေ စားသုံးမှုconsumption ကျသွားတဲ့အခါ အတိုးနှုန်းကလည်း ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လုပ်ချင်လာဖို့ လိုအပ်တဲ့အတိုင်းအတာထိ လိုက်ကျလာစရာရှိပြီး အဲဒီအခါ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံရာကနေ အသစ်ပေါ်လာမယ့် ဝယ်လိုအားက စားသုံးသူကဏ္ဍမှာ ကျသွားတဲ့ ဝယ်လိုအားကို ဖြည့်ဆည်းပေးလိမ့်မယ်ဆိုတဲ့ အယူအဆကို ၁၉၃၃ မှာ ယုံကြည်ဖို့မလွယ်တော့ဘူး။ အလုပ်လက်မဲ့ အရေအတွက် ထိုးတက်လာတဲ့အလျောက် ပုဂ္ဂလိကကဏ္ဍဟာ သူ့ဟာနဲ့သူ အလုပ်အကိုင် ဖန်တီးနေပြီးသားမို့ ဒီကဏ္ဍကနေ လမ်းကြောင်းပြောင်းလာတဲ့ ပိုက်ဆံတွေကို အများပြည်သူနဲ့ဆိုင်တဲ့ ကဏ္ဍအတွက် သုံးစွဲတဲ့အခါ အများပြည်သူနဲ့ဆိုင်တဲ့ ကဏ္ဍတွေက လုပ်ငန်းတွေကနေ အလုပ်အကိုင်တွေ ထပ်တိုးမလာနိုင်ဘူးဆိုတဲ့ အမြင်ကို ယုံကြည်ဖို့(ဗြိတိသျှဘဏ္ဍာရေးဝန်ကြီးဌာန ယုံခဲ့သလို) ဖြစ်နိုင်ပုံ မရတော့ဘူး။ စီးပွားရေးကို သူ့ချည်းလွှတ်ထားဖို့လောက်ပဲ အကြံပေးတဲ့ ဘောဂဗေဒပညာရှင်တွေ၊ နောက် ဖြစ်ဖြစ်ချင်းမှာ ငွေကြေးလည်ပတ်မှုကို ကျုံသွားစေတဲ့ပေါ်လစီ deflationary policy တွေနဲ့ ရွှေပေါင်ထားတဲ့စနစ်ကို ကာကွယ်တာအပြင် ထုံးတမ်းစဉ်လာ ဘဏ္ဍာရေးယုံကြည်မှုတွေကို ပစ်ယုံပြီး ဘတ်ဂျက်အသုံးစရိတ် မျှအောင်လုပ်တာ၊ အသုံးစရိတ် လျှော့ချတာတွေကိုပဲ နင်းလုပ်နေတဲ့ အစိုးရတွေရဲ့ လုပ်ဆောင်မှုတွေက အခြေအနေကို ပိုကောင်းမလာစေတာကို မြင်နေရတယ်။ တကယ်တမ်းမှာလည်း ရေရှည်စီးပွားရေးကျဆင်းမှု ဆက်ဖြစ်နေချိန်မှာ နောင်နှစ်လေးဆယ်ကြာ ကာလအတွင်းမှာ သြဇာအရှိဆုံး ဘောဂဗေဒပညာရှင်ဖြစ်လာမယ့် ဂျေ အမ် ကိန်း J M Keynes တင်မက တခြားပညာရှင်တွေက အဲဒီအချိန်က ပေါ်လစီချမှတ်ဖော်ဆော်သူတွေဟာ ရေရှည်စီးပွားရေးကျဆင်းမှုကို ပိုဆိုးအောင် လုပ်နေတာကို ခိုင်ခိုင်မာမာ အကျိုးနဲ့ အကြောင်းနဲ့ ပြသခဲ့ကြတယ်။ ကမ္ဘာ့စီးပွားပျက်မှုကြီး Great Slump ဖြစ်ပွားခဲ့တဲ့ နှစ်တွေကို ဖြတ်သန်းနေထိုင်ခဲ့တဲ့ ကျုပ်တို့တွေဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ရေရှည်စီးပွားရေး ကျဆင်းတဲ့ ၁၉၈၀ နဲ့ ၁၉၉၀ ဆယ်စုနှစ်ကုန်ခါနီးနှစ်တွေမှာ အဲဒီအချိန်က အထင်အရှားကြီးကို သိက္ခာကျခဲ့တဲ့ ရေမရောတဲ့ စျေးကွက်စီးပွားရေးစနစ် ရှေ့တန်းပြန်ရောက်လာတာကို ဘယ်လိုမှ နားမလည်နိုင် ဖြစ်ခဲ့ကြတယ်။ သို့သော်လည်း ဒီလို ထူးဆန်းတဲ့ အခြင်းအရာမျိုးက ဥပမာအဖြစ် ပြသနေတဲ့၊ သမိုင်းရဲ့ အဓိက သရုပ်သကန်တခုကိုတော့ ကျနော်တို့တွေ အမှတ်ရနေသင့်တယ်၊ အဲဒါကတော့ ဘောဂဗေဒသမားတွေနဲ့ သီအိုရီသမားတွေဟာ အတိတ်ကို အံ့အားသင့်စရာ ကောင်းလောက်အောင် အလွယ်တကူ မေ့ပျောက်ပစ်တတ်ကြတယ် ဆိုတာပဲ။ နောက်တခါ ဒီလိုဖြစ်ရပ်ကပဲ လူ့အဖွဲ့အစည်းထဲမှာ တခြားနိုင်ငံသားတွေ မေ့ပျောက်ချင်တာကို သတိပေးတဲ့အလုပ်ကို သက်မွေးဝမ်းကျောင်းအလုပ်ပမာ လုပ်ကိုင်တဲ့ သမိုင်းဆရာတွေရှိဖို့ လိုအပ်တာကိုလည်း အထင်အရှား ပြသခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် စီးပွားရေးစနစ်မှာ ကော်ပိုရေးရှင်းကြီးတွေ ပိုပို ကြီးစိုးလာတဲ့အတွက် ပြီးပြည့်စုံတဲ့ ပြိုင်ဆိုင်မှု‘ perfect competition ဆိုတဲ့ ဝေါဟာရက အဓိပ္ပါယ်မရှိ ဖြစ်လာချိန်မှာ လွတ်လပ်တဲ့ စျေးကွက်စီးပွားရေး‘ free market economy ဆိုတာ ဘယ်လို အဓိပ္ပါယ်ရှိတော့မလဲ၊ ကားမတ် Karl Marx ကို ဝေဖန်တဲ့ ဘောဂဗေဒပညာရှင်တွေအနေနဲ့ အရင်း capital ဟာ တနေရာထဲမှာ ပိုပိုပြီး စုလာလိမ့်မယ်ဆိုတဲ့ သူ့ရဲ့ ဟောကိန်းတွေတင်မက တခြားဟောကိန်းတွေလည်း မှန်ကန်တာကို မြင်နိုင်ကြမှာပဲ (လီယွန်တယက်ဗ Leontiev၊ ၁၉၇၇၊ စာ ၇၈)။ စစ်ကြားကာလက အရင်းရှင်စနစ်ဟာ ဆယ့်ကိုးရာစု စီးပွားရေးစနစ်ရဲ့ လွတ်လပ်တဲ့ စီးပွားရေးပြိုင်ဆိုင်မှုနဲ့ ဘယ်လိုမှ မတူတာကို မတ်ဝါဒီဖြစ်မှ၊ ဒါမှမဟုတ် မတ်ကို စိတ်ဝင်စားမှ မြင်နိုင်တာမဟုတ်ဘူး။ ဝေါလမ်းမက အစုရှယ်ယာစျေးတွေ ထိုးမကျခင် ခပ်စောစောပိုင်းလောက် ကတည်းက ထက်မြက်တဲ့ ဆွစ်ဇာလန် ဘဏ်လုပ်ငန်းရှင်တယောက်က စီးပွားရေးလစ်ဘရယ်ဝါဒရဲ့ (၁၉၁၇ မတိုင်ခင် ဆိုရှယ်လစ်ဝါဒကိုလည်း သူကထည့်ပြောတယ်) အားလုံးတညီတညာထဲ လိုက်နာကျင့်သုံးနိုင်မယ့် အစီအစဉ်တွေ universal programmes အဖြစ် ရေရှည် မဖော်ဆောင်နိုင်မှုကအာဏာရှင်ဆန်တဲ့ ဘောဂဗေဒautocratic economics ဖက်ဆစ်၊ ကွန်မြူနစ် ဒါမှမဟုတ် အစုရှယ်ယာရှင်တွေရဲ့ ဆန္ဒနဲ့ကင်းပြီး စီမံခန့်ခွဲတဲ့ ကော်ပိုရေးရှင်းကြီးတွေရဲ့ လမ်းညွှန်မှုနဲ့ ဖော်ဆောင်တဲ့ ဘောဂဗေဒ လမ်းကို လိုက်ဖို့ ဖိအားပေးခံလာရမှာကို ရှင်းပြခဲ့တယ် (ဆွမ်ရေး Somray၊ ၁၉၂၉ စာ ၁၇၄၊ ၁၉၃)။ ၁၉၃၀ ဆယ်စုနှစ်ကုန်ခါနီးလည်းကျရော လွတ်လပ်တဲ့ စျေးကွက်ပြိုင်ဆိုင်မှုကို အယူသည်းပြီး သက်ဝင်ယုံကြည်နေတဲ့ လစ်ဘရယ်ဝါဒဟာ ဘယ်လိုမှ အနားမကပ်နိုင်ဘဲ ကမ္ဘာ့စီးပွားရေးကို စျေးကွက်ကဏ္ဍ၊ အစိုးရအချင်းချင်းအဆင့်မှာပဲ အပြန်အလှန် ဆက်ဆံတဲ့ အင်တာအစိုးရကဏ္ဍ inter-governmental sector (ဒီကဏ္ဍထဲမှာ ဂျပန်၊ တူရကီ၊ ဂျာမနီနဲ့ ဆိုဗီယက် ယူနီယံ စတဲ့ အစိုးရ စီမံခန့်ခွဲတဲ့၊ ချုပ်ကိုင်ထားတဲ့ နိုင်ငံတွေ အချင်းချင်း ရောင်းဝယ်ဖောက်ကားကြ) နဲ့ စီးပွားရေးရဲ့ တချို့ အစိတ်အပိုင်းတွေကို ထိန်းချုပ် ကြီးကြပ်တဲ့ (ဥပမာ အပြည်ပြည်ဆိုင်ရာ commodity သဘောတူညီချက်တွေ) အပြည်ပြည်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ public authorities နဲ့ ဖွဲ့စည်းထား တြိစနစ်အဖြစ် မြင်ကြည့်လို့ ရနိုင်တာ တွေ့ရမယ် (စတေလီ Staley၊ ၁၉၃၉၊ စာ ၂၃၁)

ဒီတော့ကာ နိုင်ငံရေးနဲ့ ပြည်သူလူထုရဲ့ စဉ်းစားတွေးခေါ်ပုံတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့စီးပွားပျက်မှုကြီးရဲ့ အကျိုးဆက်တွေဟာ ချက်ချင်းဆိုသလို ဗြုန်းဗြင်းဆန်ခတ်နိုင်လှတာ အံ့အားသင့်စရာ မရှိတော့ဘူး။ ဒီလို ဘေးဆိုးကျတဲ့ ခေတ်ကာလမှာ အာဏာရထားတဲ့ အစိုးရတွေအတွက်က USA က သမ္မတ ဟားဘတ်ဟူးဗား (၁၉၂၈၃၂) လို လက်ျာဘက် ဖြစ်ဖြစ်၊ ဗြိတိန်နဲ့ သြစတြေးလျက လေဘာအစိုးရတွေလို လက်ဝဲဘက်ဖြစ်ဖြစ် ကံဆိုးကြတယ်။ ၁၉၃၀ ၃၁ မှာ နိုင်ငံဆယ့်နှစ်နိုင်ငံမှာ အစိုးရ ဒါမှမဟုတ် အုပ်ချုပ်မှု ပြောင်းသွားတဲ့ (အဲဒီထဲမှာ ဆယ်ခုက စစ်တပ်က အာဏာသိမ်းပြီး တက်လာ) လာတင်အမေရိကမှာလို အပြောင်းအလဲက ချက်ချင်း ဖြစ်မလာတာတွေလည်း ရှိတော့ရှိတယ်။ သို့သော်လည်း ၁၉၃၀ ဆယ်စုနှစ် အလယ်လောက်လည်းကျရော စီးပွားရေးထိုးကျမှု မတိုင်ခင်က နိုင်ငံရေးပုံစံအတိုင်း မပြောင်းမလဲရှိနေတဲ့ နိုင်ငံအရေအတွက်က အနည်းအကျဉ်းပဲ ရှိတော့တယ်။ ဥရောပနဲ့ ဂျပန်မှာဆိုရင် ၁၉၃၂ ကစပြီး ရာစုနှစ်တဝက်ကြာ ဆိုရှယ်ဒီမိုကရေစီအစိုးရ အုပ်ချုပ်မှုကာလထဲ ဝင်ရောက်လာတဲ့ ဆွီဒင်နဲ့ ၁၉၃၁ မှာ ခဏပဲခံဖို့ ဖြစ်လာတဲ့ သမ္မတနိုင်ငံပေါ်လာဖို့ လမ်းဖွင့်ပေးခဲ့တဲ့ ဘော်ဘွန်း Bourbon ဘုရင်စနစ် အုပ်ချုပ်တဲ့ စပိန်တို့ကလွဲပြီး ကျန်တဲ့နိုင်ငံအားလုံးမှာ နိုင်ငံရေးက လက်ျာဘက်ကို သိသိသာသာ ယိမ်းလာခဲ့တယ်။ ဒီအဖြစ်အပျက်တွေကို လာမယ့်အခန်းမှာ ထပ်တွေ့ရမယ်၊ ဒါပေမယ့်လည်း အဓိက စစ်အင်အားရှိတဲ့နိုင်ငံကြီး နှစ်နိုင်ငံမှာ ဂျပန် (၁၉၃၁) နဲ့ ဂျာမနီ (၁၉၃၃) – စစ်လိုလားပြီး ရန်လိုတဲ့နေရာမှာလည်း အားတက်သရောရှိလှတဲ့ အမျိုးသားရေးဝါဒီအစိုးရတွေ တပြိုင်နက်နီးနီး အာဏာရလာတာဟာ ရေရှည်စီးပွားရေးကျဆင်းမှုကြီး Great Depression ရဲ့ ရေရှည်အကျဆုံးနဲ့ နိမိတ်အဆိုးဆုံးနိုင်ငံရေးအကျိုးဆက် ဆိုတာကိုတော့ ချက်ချင်းပြောရပေမယ်။ ဒုတိယကမ္ဘာစစ်ရဲ့ တံခါးပေါက်ဟာ ၁၉၃၁ မှာ ပွင့်တယ်။

အနည်းဆုံး စီးပွားပျက်မှုကြီးရဲ့ အဆိုးဆုံးကာလတွေမှာ တော်လှန်တဲ့လက်ဝဲအင်အားစုတွေ ရုတ်ပျက်ဆင်းပျက် နောက်ပြန်ဆုတ်လာရမှုက လက်ျာစွန်းရောက်တွေ အားကောင်းလာမှုကို အရှိန်ရသွားစေခဲ့တယ်။ ဒီတော့ကာ ကွန်မြူနစ် အင်တာနေရှယ်နယ် Communist International မျှော်လင့်ခဲ့သလို လူမှုတော်လှန်ရေးတွေ နောက်တကျော့ ထပ်ဖြစ်မလာခဲ့ဘဲ ရေရှည်စီးပွားရေး ကျဆင်းမှုကြီးကြောင့် USSR အပြင်ဘက်က နိုင်ငံတကာ ကွန်မြူနစ် လှုပ်ရှားမှုတွေဟာ ဘယ်တုန်းကနဲ့မှမတူအောင် ချည့်နဲ့သွားတော့တယ်။ ဒီလိုဖြစ်ရတာကလည်း ကွန်မင်တန်း Commintern ဟာ ဂျာမနီက အမျိုးသားဆိုရှယ်လစ်ဝါဒ National Socialism ရဲ့ အန္တရယ်ကို အကြီးအကျယ် လျှော့တွက်ခဲ့ရုံမက၊သူတို့ရဲ့ အဓိကရန်သူဟာ ဆိုရှယ်ဒီမိုကရက်တွေနဲ့ အလုပ်သမားပါတီတွေ (‘ဆိုရှယ်ဖက်ဆစ်‘ social-fascist လို့ သမုတ်ထားတဲ့) ရဲ့ အလုပ်သမားလှုပ်ရှားမှုတွေဆိုပြီး သတ်မှတ်ခဲ့တဲ့၊ အခုအချိန်ကနေ ပြန်ကြည့်တဲ့အခါ အတော့်ကို အံ့အားသင့်စရာကောင်းတဲ့ ဂိုဏ်းဂဏစွဲထားတဲ့ သီးခြားရပ်တည်ရေး ပေါ်လစီကို ကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့တဲ့ သူတို့ရဲ့ ကိုယ့်သေကျင်းကိုယ်တူးတဲ့ ပေါ်လစီကြောင့်ပဲ။8ကမ္ဘာ့တော်လှန်ရေး စတင်မယ့်နေရာအဖြစ် မော်စကိုက တချိန်က မျှော်လင့်ခဲ့တဲ့၊ အဲဒီအချိန်မှာ အင်တာနေရှယ်နယ် International ရဲ့ အကြီးဆုံး၊ အတောင့်တင်းဆုံးနဲ့ အရေအတွက်လည်း တိုးလာနေတဲ့ ဂျာမန်စီပီ German CP (ကေပီဒီ) ကို ဟစ်တလာ ဖျက်ဆီးပစ်လိုက်ပြီးနောက်၊ တခါ ကျေးလက် ပျောက်ကျားစခန်းတွေကနေ မောင်းထုတ်ခံရတဲ့ တရုတ်ကွန်မြူနစ်တွေတောင် လွတ်ရာကျွတ်ရာကို ခရီးရှည်ချီတက်ပွဲနဲ့ ကသောကမျော ပြေးနေရချိန်မှာ အရေးပါတဲ့၊ စနစ်တကျ စုစည်းထားတဲ့ အပြည်ပြည်ဆိုင်ရာ တော်လှန်ရေး လှုပ်ရှားမှုဆိုတာ တရားဝင်ရော တရားမဝင်ပါ ဘာမှမကျန်တော့သလောက်ပဲ။ ၁၉၃၄ မှာ ဥရောပမှာ ပြင်သစ်ကွန်မြူနစ်ပါတီ French Communist Party တခုပဲနိုင်ငံရေးအရ အမှန်အကန် ရပ်တည်နိုင်တယ်။ ရောမအရောက်ချီတက်မှု March on Rome ဖြစ်ပြီး ဆယ်နှစ်အကြာ၊နိုင်ငံတကာ စီးပွားပျက်မှုကြီး နက်နက်ရှိုင်းရှိုင်း ဖြစ်နေတုန်းမှာ ဖက်ဆစ်ဝါဒနဲ့ အုပ်ချုပ်နေတဲ့ အီတလီမှာ မူဆိုလီနီဟာ ရောမအရောက်ချီတက်မှု ဆယ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထောင်ချထားတဲ့ ကွန်မြူနစ်တချို့ကို ပြန်လွှတ်ပေးရဲတဲ့အထိ သူ့ကိုယ်သူ ယုံကြည်မှု ရှိလာခဲ့တယ် (စပီရီယားနို Spriano၊ ၁၉၆၉၊ စာ ၃၉၇)။ ပြောခဲ့တာတွေအားလုံး နှစ်အနည်းငယ်အတွင်းမှာ ပြောင်းဖို့ဖြစ်လာခဲ့တယ် (အခန်း ၅ ကိုကြည့်)။ ဒါပေမယ့်လည်း စီးပွားပျက်မှုကြီး the Slump ရဲ့ ဥရောပက အဖြစ်အပျက်တိုင်းမှာ တွေ့ခဲ့ရတဲ့ လက်ငင်းအကျိုးဆက်က လူမှုတော်လှန်ရေးသမားတွေ မျှော်လင့်ခဲ့တာရဲ့ တကဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာကိုတော့ ငြင်းနိုင်မှာမဟုတ်ဘူး။

လက်ဝဲအင်အားစုတွေ the Left အားယုတ်လာတာ ကွန်မြူနစ်အုပ်စုမှာတင် မဟုတ်ဘူး၊ ဟစ်တလာအာဏာရတာနဲ့ ဂျာမန်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ German Social Democratic Party ဟာ နိုင်ငံရေး စင်မြင့်ကနေ လုံးဝပျောက်သွားပြီး နောက်တနှစ်အကြာမှာ သြစတြီးယားက ဆိုရှယ်ဒီမိုကရေစီစနစ်လည်း လက်နက်ကိုင် တွန်းလှန်မှု ခဏပဲ လုပ်လိုက်နိုင်ပြီး ကျဆုံးသွားတော့တယ်။ ဗြိတိသျှလေဘာပါတီကတော့ ၁၉၃၁ ကတည်းက စီးပွားပျက်မှုကြီးရဲ့၊ စီးပွားပျက်မှုကြီးဆိုတာထက် ဆယ့်ကိုးရာစု စီးပွားရေးဝါဒကို အယူသည်း သက်ဝင်ယုံကြည်မှုရဲ့ သားကောင် ဖြစ်သွားပြီးသား၊ ဗြိတိန်က အလုပ်သမားသမဂ္ဂတွေဆိုရင် ၁၉၂၀ ကစပြီး သမဂ္ဂအဖွဲ့ဝင် တဝက်လောက်ကို ဆုံးရှုံးခဲ့ပြီး ၁၉၁၃ တုန်းကထက်တောင် အားနည်းသွားခဲ့တယ်။ ဥရောပက ဆိုရှယ်လစ်အများစုရဲ့ နောက်ကျောမှာ နံရံပဲ ရှိတော့တယ်။

သို့သော်လည်း ဥရောပအပြင်ဘက်မှာတော့ အခြေအနေက မတူဘူး။ သမ္မတသစ် ဖရန်ကလင် ဒီ ရူးစဗဲ့ Franklin D Roosvelt (၁၉၃၃ ၁၉၄၅) လက်ထက်မှာ USA ဟာ ပိုပြီးအရင်းအမြစ်ကျတဲ့ နယူးဒီးလ New Deal အစီအမံသစ်ကို စမ်းဖော်ဆောင်ကြည့်ပြီး သမ္မတ လာဇရိုကာဒီနက် Lazaro Cardenas (၁၉၃၉ ၄၀) လက်အောက်က မက္ကဆီကိုဟာလည်း အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ မက္ကဆီကိုတော်လှန်ရေးရဲ့ အစပိုင်းက တက်ကြွလှုပ်ရှားမှုကို ပြန်ပြီး အသက်သွင်းဖို့ကြိုးစားတယ်၊ အထူးသဖြင့် လယ်မြေပြုပြင်ပြောင်းလဲရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ဖော်ဆောင်ခြင်းဖြင့် အမေရိကမြောက်ပိုင်းက နိုင်ငံတွေဟာ လက်ဝဲဘက်ကို ပြတ်ပြတ်သားသား ယိမ်းလာခဲ့တယ်။ ကနေဒါက အကျပ်အတည်း ဆိုက်ပြီးရင်းဆိုက်နေတဲ့ ပါတီတွေမှာ အတော်ကြီးကိုအားကောင်းတဲ့ လူမှုရေး/နိုင်ငံရေး လှုပ်ရှားမှုတွေ ပေါ်ထွက်လာခဲ့တယ်။ ဒီလှုပ်ရှားမှုတွေကတော့ ဆိုရှယ်ခရက်ဒစ်Social Credit နဲ့ သမဝါယမ ဓနသာဟာ ဖယ်ဒရေးရှင်း Cooperative Commonwealth Federation (ကနေ့ခေတ်မှာတော့ ဒီမိုကရက်တစ် ပါတီသစ် New Democratic Party) တွေဖြစ်ပြီး နှစ်ခုစလုံးဟာ ၁၉၃၀ စံနဲ့ဆိုရင် လက်ဝဲဘက်မှာရှိတယ်။

လာတင်အမေရိကက ကျန်တဲ့နိုင်ငံတွေပေါ် စီးပွားပျက်မှုကြီးရဲ့ နိုင်ငံရေးရိုက်ခတ်မှုကိုသရုပ်ဖော်ဖို့ မလွယ်လှဘူး၊ ဘာလို့ဆို ဒီနိုင်ငံတွေ တင်ပို့နေတဲ့ အဓိကတင်ပို့ကုန်တွေရဲ့ စျေးနှုန်းတွေ ထိုးကျရာကနေ စီးပွားပျက်ကျတဲ့အခါ ဆိုင်ရာ နိုင်ငံတွေက အစိုးရတွေ ဒါမှမဟုတ် အာဏာရပါတီတွေ အတုန်းအရုန်း ပြိုလဲကုန်ပေမယ့် ဘက်တဘက်ထဲကို စုပြီး လဲတာတော့ မဟုတ်ဘူး။ ဒါတောင်မှလည်း အများစုက လက်ျာဘက်ထက် လက်ဝဲဘက်ကို ခဏပဲဖြစ်ဖြစ် ရောက်လာကြတယ်။ အာဂျင်တီးနားကျတော့ အရပ်သားအစိုးရ အကြာကြီးအုပ်ချုပ်နေရာကနေ စစ်အစိုးရခေတ်ကို ဝင်ရောက်လာခဲ့တယ်၊ အဲဒီမှာ ဗိုလ်ချုပ်ကြီး ယူရီဘုရု Uriburu (၁၉၃၀၃၂) တို့လို ဖက်ဆစ်စိတ်ရှိတဲ့ ခေါင်းဆောင်တွေ မကြာခင် ဘေးရောက်သွားပေမယ့် အာဂျင်တီးနားဟာ အစဉ်အလာဝါဒီတွေရဲ့ လက်ျာဘက်ပဲဖြစ်ဖြစ် လက်ျာဘက်ကိုတော့ ရွေ့လာခဲ့တယ်။ တဘက်မှာ ချီလီကတော့ စီးပွားပျက်မှုကြီးကို အသုံးချပြီး ဗိုလ်ချုပ်ကြီး ပင်နိုရှေး Pinochet ခေတ်မတိုင်ခင် တိုင်းပြည်ရဲ့ ရှားရှားပါးပါး အာဏာရှင်သမ္မတတွေထဲ တယောက်အပါအဝင်ဖြစ်တဲ့ ကားလို့စအီဘာနက်ဇ Carols Ibanez (၁၉၂၇ ၃၁) ကိုဖြုတ်ချပြီး လက်ဝဲဘက်ကို ဝုန်းကနဲဒိုင်းကနဲ ရွေ့လာခဲ့တယ်။ ၁၉၃၂ မှာ ချီလီဟာ ဗိုလ်မှုးကြီး မာမဒုဂရို့ဗ Marmaduke Grove လက်အောက်ကနေ ဆိုရှယ်လစ်သမ္မတနိုင်ငံ‘ Socialist Republic ကာလကို ခဏဖြတ်သန်းလိုက်ပြီး နောက်ပိုင်းမှာ ဥရောပပုံစံကို ယူထားတဲ့ အောင်မြင်တဲ့ ပေါ်ပြူလာတပ်ဉီး Popular Front ကို ဖော်ဆောင်နိုင်ခဲ့သေးတယ် (အခန်း ၅ ကိုကြည့်)။ ဘရာဇီးမှာ စီးပွားပျက်မှုကြီးက ၁၈၈၉ ကနေ ၁၉၃၀ ထိ လူနည်းစုနဲ့ အုပ်ချုပ်လာတဲ့ သမ္မတနိုင်ငံဟောင်းကို နိဂုံးချုပ်စေခဲ့ပြီး လူကြိုက်များတာလုပ်တဲ့ အမျိုးသားရေးဝါဒီအဖြစ် အသင့်တော်ဆုံး ဖော်ပြနိုင်တဲ့ ဂယ်တူလီယို ဗားဂတ် Getulio Vergas တက်လာတယ် (စာ ၁၃၅ ကိုကြည့်)သူဟာ သူ့နိုင်ငံရဲ့ သမိုင်းကို နောင်အနှစ်နှစ်ဆယ်လုံးလုံး ကြီးစိုးထားတော့တယ်။ ပီရူးမှာကျတော့ ပါတီသစ်တွေထဲမှာ အင်အားအကောင်းဆုံးပါတီဖြစ်တဲ့ အမေရိကန် ပေါ်ပြူလာ တော်လှန်ရေး မဟာမိတ် American Popular Revolutionary Alliance (APRA) – အလုပ်သမား လူထုလူတန်းစားကို ရှားရှားပါးပါး အောင်အောင်မြင်မြင် အခြေပြုထားတဲ့ တခု အပါအဝင်ဖြစ်တဲ့ အနောက်ကမ္ဘာခြမ်းက ဥရောပပုံစံပါတီ ရဲ့ တော်လှန်ရေး ရည်မှန်းချက်တွေ အရေးနိမ့်ခဲ့ပေမယ့် (၁၉၃၀ ၃၂) လက်ဝဲဘက်ကို ပိုပြီးထင်ထင်ရှားရှား ယိမ်းလာခဲ့တယ်။ ကိုလံဘီယာက အပြောင်းအလဲက လက်ဝဲဘက်ကို ယိမ်းလာတာ ပိုတောင်မှ ထင်ရှားသေးတယ်။ နှစ်သုံးဆယ်နီးပါးကြာတဲ့ ကွန်ဆားဗတစ် Conservative အုပ်ချုပ်မှုအပြီးမှာ ရူးစဗဲ့ရဲ့ နယူးဒီးလ New Deal အကြီးအကျယ် ဖမ်းစားခံလိုက်ရတဲ့ ပြုပြင်ပြောင်းလဲရေးစိတ်ရှိတဲ့ သမ္မတရဲ့ အုပ်ချုပ်မှုအောက်ကနေ လစ်ဘရယ်တွေ အာဏာရလာတယ်။ အရင်းအမြစ်ကျတဲ့ အပြောင်းအလဲက ကျူးဘားမှာ ပိုတောင်မှ ထင်ထင်ရှားရှား ဖြစ်လာခဲ့သေးတယ်၊ အမေရိကန်တွေရဲ့ ကမ်းလွန်ဒေသက အစောက်အရှောက်ခံနိုင်ငံ ကျူးဘားမှာ နေထိုင်သူတွေဟာ ရူးစဗဲ့ သမ္မတဖြစ်လာတာကို အခွင့်ကောင်းယူပြီး အဲဒီတုန်းက ကျူးဘား စံ တွေနဲ့ တိုင်းရင်ကို အင်မတန်မှ အဂတိလိုက်စားလွန်းတဲ့၊ လူမုန်းများတဲ့ သမ္မတကို ဖြုတ်ချပစ်လိုက်တယ်။

ကိုလိုနီနိုင်ငံတွေတည်ရှိရာ ကြီးမားကျယ်ပြောလှတဲ့ ကမ္ဘာ့ဒေသကြီးတွေမှာတော့ သူတို့တွေရဲ့ စီးပွားရေးက (အနည်းဆုံး ဒီနိုင်ငံတွေရဲ့ အများပြည်သူနဲ့ဆိုင်တဲ့ ဘဏ္ဍာရေး public finances နဲ့ လူလတ်တန်းစားတွေ) မှီခိုနေတဲ့ ကုန်ကြမ်းပစ္စည်းစျေးနှုန်းတွေ ပြိုလဲသွားမှုကြောင့်၊ နောက်တခါ ကုန်သွယ်ရေကြောင်းဖွံ့ဖြိုးပြီး မြို့ကြီးပြကြီးတွေ ရှိတဲ့နိုင်ငံတွေmetropolitan countries ကိုယ်တိုင်က သူတို့ရဲ့ ကိုလိုနီနိုင်ငံတွေပေါ် တင်ရှိလာနိုင်တဲ့ အကျိုးဆက်တွေကို ဂရုမစိုက်ဘဲ သူတို့ရဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍနဲ့ အလုပ်အကိုင်တွေကို ကာကွယ်ဖို့ အလျင်အမြန် လုပ်ဆောင်လာမှုတွေကြောင့် စီးပွားပျက်မှုကြီးက နယ်ချဲ့ဝါဒ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ သိသိသာသာ အားကောင်းလာစေတယ်။ အတိုချုပ်ရရင် ပြည်တွင်းက အခြေအနေတွေကိုကြည့်ပြီး စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်ရတဲ့ ဥရောပနိုင်ငံတွေဟာ မရေမတွက်နိုင်အောင် များပြားရှုပ်ထွေးလှတဲ့ ကုန်ပစ္စည်းထုတ်လုပ်သူတွေရဲ့ အကျိုးစီးပွားတွေရှိနေတဲ့ သူတို့ရဲ့ အင်ပိုင်ယာကြီးတွေကို ရေရှည်မှာ နဂိုအတိုင်း စုစည်းထားနိုင်မှာ မဟုတ်ဘူး (ဟော်လန် Holland၊ ၁၉၈၅၊ စာ ၁၃) (အခန်း ၇ ကိုကြည့်)

ဒီအကြောင်းကြောင်းပဲ စီးပွားပျက်မှုကြီးဟာ ကိုလိုနီပြုခံထားရတဲ့ နိုင်ငံတွေမှာ၊ ကိုလိုနီပြုခံထားရတဲ့ နိုင်ငံတွေတင်မက ဒုတိယကမ္ဘာစစ်ပြီးခါမှ နိုင်ငံရေးဆန်တဲ့ အမျိုးသားလှုပ်ရှားမှုတွေ ပေါ်ထွက်လာတဲ့ နိုင်ငံတွေမှာတောင် ဌာနီတိုင်းရင်းသားတွေရဲ့ နိုင်ငံရေးနဲ့ လူမှုရေးဆိုင်ရာ မကျေနပ်မှုတွေကို ဖော်ထုတ်မှုတွေ စတင်ချိန်ကိုပြတဲ့ အဖြစ်အပျက် ဖြစ်လာခဲ့တယ်၊ ဒီမကျေနပ်မှုတွေအတွက် (ကိုလိုနီ) အစိုးရကိုပဲ အပြစ်တင်ဖို့ ဖြစ်လာတော့တယ်။ (ဗြိတိသျှတို့ရဲ့) အနောက်အာဖရိကနဲ့ ကာရစ်ဘီယန်ကျွန်းစုတွေမှာ လူမှုရေးမငြိမ်သက်မှုတွေ စပြီး ပေါ်ထွက်လာခဲ့တယ်။ ဒီမငြိမ်သက်မှုတွေဟာ ဒေသတွင်းက ပို့ကုန်သီးနှံတွေ (ကိုကိုးနဲ့သကြား) အကျပ်အတည်းဆိုက်ရာကနေ တိုက်ရိုက် ပေါ်ထွက်လာတာ ဖြစ်တယ်။ ကိုလိုနီဆန့်ကျင်ရေး အမျိုးသားလှုပ်ရှားမှုတွေ စကတည်းက ရှိနှင့်ပြီးသား နိုင်ငံတွေမှာတော့အထူးသဖြင့် နိုင်ငံရေးလှုံ့ဆော်မှုတွေဟာ လူထုထဲထိ ရောက်တဲ့နိုင်ငံတွေမှာ ရေရှည်စီးပွားရေး ကျဆင်းတဲ့နှစ်တွေမှာ ပဋိပက္ခက ပိုပြီး အားကောင်းလာတယ်။ ပြန်ကြည့်တော့လည်း ဒီနှစ်တွေဟာ အီဂျစ်မှာ မူစလင်ညီအကိုတော်များအဖွဲ့ Moslem Brotherhood (၁၉၂၈ မှာ တည်ထောင်) နဲ့ ဂန္ဓီရဲ့ (၁၉၃၁) အိန္ဒိယပြည်သူတွေကို ဒုတိယအကြိမ် အာဏာဖီဆန်ဖို့ လှုံ့ဆော်မှုတွေ တိုးချဲ့လာနိုင်တဲ့ နှစ်တွေပဲ (အခန်း ၇ ကိုကြည့်) မလား။ ၁၉၃၂ အိုင်ယာလန် ရွေးကောက်ပွဲတွေမှာ ဒီဗလဲရာ De Valera အောက်က ရီပတ်ဗလစ်ကန် ultras တွေရဲ့ အောင်မြင်မှုကိုလည်း စီးပွားရေးပြိုလဲကျမှုကနေ နောက်ကောက်ကျပြီးမှ ပေါ်ထွက်လာတဲ့ ကိုလိုနီဆန့်ကျင်ရေး အဖြစ်အပျက်အဖြစ် မြင်လို့ရတယ်။

လပိုင်းအတွင်း တခါတလေ တနှစ်ထဲမှာ ဂျပန်ကနေ အိုင်ယာလန်၊ ဆွီဒင်ကနေ နယူးဇီလန်၊ အာဂျင်တီးနားကနေ အီဂျစ်ထိ ကျယ်ပြန့်တဲ့နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးတော်လဲမှုကြီးတွေကို အပေါ်ကနေ စီးကြည့်လိုက်လိုက်ရင် ကမ္ဘာ့စီးပွားပျက်မှုကြီးရဲ့ ကမ္ဘာနဲ့အဝှမ်းရိုက်ခတ်မှုနဲ့ ဒီရိုက်ခတ်မှုရဲ့ နက်ရှိုင်းပုံ နှစ်ခုစလုံးကို အထင်အရှား တွေ့ရမယ်။ ဒါပေမယ့်လည်း ကမ္ဘာ့စီးပွားပျက်မှုကြီးရဲ့ ရေတိုနိုင်ငံရေးအကျိုးဆက်ဟာ တချို့အဖြစ်အပျက်တွေမှာ ဘယ်လောက်ပဲ ဗြုန်းဗြင်းဆန်ခတ်နိုင်နိုင် ဒီစီးပွားပျက်မှုကြီးရဲ့ ရိုက်ခတ်မှု နက်ရှိုင်းပုံကို သူ့ရဲ့ ရေတိုနိုင်ငံရေးအကျိုးဆက် တခုထဲနဲ့၊ နောက်ဆုံး ဒီအကျိုးဆက်ကို အဓိက ကြည့်ပြီးတော့တောင် တိုင်းလို့မရဘူး။ ဒီစီးပွားပျက်မှုကြီးဟာ အရင်စီးပွားရေးပုံစံနဲ့ အရင်လူ့ဘောင်အဖွဲ့အစည်းပုံစံကို ပြန်ထူထောင်နိုင်ဖို့ မျှော်လင့်ချက်အားလုံးကို ဖျက်ဆီးပစ်လိုက်တဲ့ ဘေးအန္တရယ်ကျရောက်မှုကြီးပဲ။ ၁၉၂၉ ၃၃ ကာလတွေဟာ ၁၉၁၃ တုန်းက ပုံစံကို ပြန်ကူးဖို့ မဖြစ်နိုင်ရုံမက၊ စိတ်ကူးကြည့်လို့တောင်မရ ဖြစ်သွားစေတဲ့ ချောက်ကြီးပဲ။ အရင်ပုံစံ လစ်ဘရယ်ဝါဒဟာ သေသွား ဒါမှမဟုတ် ပျက်ကိန်းဆိုက်သွားပုံပဲ။ အဲဒီအချိန်မှာ အသိပညာပိုင်းနဲ့နိုင်ငံရေးဆိုင်ရာ ခေါင်းဆောင်မှုပေးနိုင်မယ့်နေရာကို ဝင်ယူဖို့ ပြိုင်နေတဲ့ အယူအဆသုံးခုရှိတယ်။ မတ်ဝါဒီကွန်မြူနစ်ဝါဒက တခု။ ၁၉၃၈ မှာ အမေရိကန်စီးပွားရေးအဖွဲ့ American Economic Association မှာ အစီရင်ခံခဲ့သလို၊ ဒီထက်တောင် ပိုပြီအထင်ကြီးစရာက USSR ဟာ ဘေးအန္တရယ်ကျရောက်မှုကြီးကနေ ကင်းလွတ်နေပုံရတာက ပြသခဲ့သလို မတ်ရဲ့ ဟောကိန်းတွေ မှန်တော့မယ့်ပုံ ရလာတာ မျက်မြင်ပဲမလား။ ဒုတိယတခုကတော့ လွတ်လပ်တဲ့ စျေးကွက်စနစ်ဟာ အထိရောက်ဆုံးဆိုတဲ့ ယုံကြည်မှုကို ဖယ်ရှားပြီး ကွန်မြူနစ်မဟုတ်တဲ့ အလုပ်သမားလှုပ်ရှားမှုတွေရဲ့ အလယ်အလတ်သဘောထားရှိတဲ့ ဆိုရှယ်ဒီမိုကရေစီနဲ့ တရားမဝင် ပေါင်းဖက်ထား ဒါမှမဟုတ် ရာသက်ပန် အဆက်အဆံလုပ်တဲ့နည်းနဲ့ ပြုပြင်ပြောင်းလဲထားတဲ့ အရင်းရှင်စနစ်၊ ဒုတိယကမ္ဘာစစ်အပြီးမှာ ဒီအယူအဆက အထိရောက်ဆုံးဆိုတာကို ပြသခဲ့တယ်။ သို့သော်လည်း ရေတိုမှာတော့ ဒီစနစ်က ရည်ရွယ်ချက်ရှိရှိနဲ့ ဖော်ဆောင်ဖို့လိုအပ်တဲ့ အစီအစဉ် ဒါမှမဟုတ် ရွေးစရာ ပေါ်လစီအဖြစ် ပေါ်ထွက်လာတာထက် စီးပွားပျက်မှုကြီး ပြီးသွားရင် ဒီလိုအဖြစ်မျိုးကို နောင် ဘယ်တော့မှ ထပ်အဖြစ်မခံတော့ဘူးဆိုတဲ့ အသိအနေနဲ့ပဲရှိပြီး တချို့ အဖြစ်အပျက်တွေမှာဆိုရင် လွတ်လပ်တဲ့ ဂန္တဝင်စျေးကွက်လစ်ဘရယ်ဝါဒ classical free-market liberalism အထင်အရှား အရေးနိမ့်မှုကနေ ပေါ်ထွက်လာတဲ့ စီးပွားရေးကို လွှတ်မထားဘဲ စမ်းသပ်ချုပ်ကိုင်ဖို့ ဆန္ဒရှိလာကြတယ်။ ဆွီဒင်က ၁၉၃၂ နောက်ပိုင်း ဆိုရှယ်ဒီမိုကရက်တစ် ပေါ်လစီဟာ ဒီပေါ်လစီရဲ့ အဓိက ဗိသုကာတွေထဲ တဉီးအပါဖြစ်တဲ့ ဂွန်နာ မေဒါး Gunnar Myrdal ရဲ့ အမြင်မှာ၁၉၂၉၃၁ မှာ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့တဲ့ ဗြိတိသျှလေဘာအစိုးရကို ဖိစီးခဲ့တဲ့ စီးပွားရေးအယူသည်းမှုတွေ မအောင်မမြင်ဖြစ်မှုကို သင်ခန်းစာယူပြီး ဒါမျိုးကို ရှောင်ရှားဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဖော်ဆောင်ခဲ့တဲ့ ပေါ်လစီပဲ။ သုံးစားလို့မရတော့တဲ့ လွတ်လပ်တဲ့ စျေးကွက်စီးပွားရေးစနစ်အပြင် တခြားရွေးစရာ သီအိုရီအပြောင်းအလဲတခုကို အဲဒီအချိန်မှာ စပြီး စမ်းသပ်ဖော်ထုတ်ဖို့ ကြိုးစားတုန်းရှိသေးတယ်။ ဒီသီအိုရီ အပြောင်းအလဲ ဖော်ထုတ်မှုတွေထဲမှာ သြဇာအညောင်းဆုံး ကြိုးပမ်းမှုဖြစ်တဲ့ ဂျေ အမ် ကိန်း J. M. Keynes ရဲ့ အလုပ်အကိုင်၊ အတိုးနှုန်းနဲ့ ငွေကြေးဆိုင်ရာ ယေဘုယျသီအိုရီ General Theory of Employment, Interest and Money ဟာ ၁၉၃၆ မတိုင်ခင်ထိ ပုံမနှိပ်ရသေးဘူး။ တနိုင်ငံလုံးဝင်ငွေစာရင်း national income accounting ကို အခြေခံပြီး မက်ခရိုစီးပွားရေးကို ပဲ့ကိုင် မောင်းနှင်တဲ့၊ စီမံခန့်ခွဲတဲ့ နောက်အပြောင်းအလဲတခုကတော့ ဒုတိယကမ္ဘာစစ် မတိုင်ခင်ထိ ပေါ်မလာသေးဘူး၊ တခါ အစိုးရတွေနဲ့ တခြား အများပြည်သူနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေက USSR ကို တဘက်က မျက်ခြေပြတ်မခံဘဲ ၁၉၃၀ ဆယ်စုနှစ်တွေမှာ စီးပွားရေးကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံကြည့်ပြီး စီးပွားရေးရဲ့ စုစုပေါင်း ထွက်ကုန် ဒါမှမဟုတ် ဝင်ငွေကို ခန့်မှန်းတာမျိုးကို ပိုပိုလုပ်ဆောင်လာကြတယ်။9

တတိယရွေးစရာကတော့ ဖက်ဆစ်ဝါဒ၊ စီးပွားပျက်မှုကြီးကြောင့် ဖက်ဆစ်ဝါဒဟာ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတခုအဖြစ်နဲ့ ကမ္ဘာကို အန္တရယ်ပေးမယ့် ဝါဒအသွင် ဆောင်လာခဲ့တယ်။ ၁၈၈၀ ဆယ်စုနှစ်တွေကစပြီး နိုင်ငံတကာမှာ မျက်စိမှိတ်လက်ခံလာကြတဲ့ စီးပွားရေးလစ်ဘရယ်ဝါဒရဲ့ ခေတ်သစ်ဂန္တဝင်သီအိုရီတွေကို သဘောမကျတဲ့ ဂျာမန်တွေရဲ့ အသိပညာပိုင်းဆိုင်ရာ အစဉ်အလာကနေ၊ နောက်တခါ အလုပ်လက်မဲ့ဖြစ်မှုကို ဘယ်နည်းနဲ့မဆို တိုက်ဖျက်ဖို့ ပိုင်းဖြတ်ထားတဲ့ ရက်စက်တဲ့ အစိုးရတရပ်ရဲ့ လုပ်ဆောင်မှုတွေကနေ ဂျာမန်ပုံစံဖက်ဆစ်ဝါဒ (အမျိုးသားဆိုရှယ်လစ်ဝါဒ) ဟာ (သြစတြီးယားလို မဟုတ်ဘဲ) အမြတ်ထွက်ခဲ့တယ်။ ဂျာမန်ဖက်ဆစ်ဝါဒဟာ ကမ္ဘာ့စီးပွားပျက်မှုကြီးကို တခြားနိုင်ငံအားလုံးထက် ပိုပြီးမြန်မြန်ဆန်ဆန်နဲ့ အောင်အောင်မြင်မြင် ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့တယ် (အီတလီ ဖက်ဆစ်ဝါဒရဲ့ ဖော်ဆောင်ပုံတွေကတော့ သူတို့လောက် အထင်ကြီးစရာမရှိခဲ့)။ သို့သော်လည်း ဒီအချက်က အခြေပျက်အနေပျက် ဖြစ်သွားတဲ့ ဥရောပတိုက်မှာ သူ့ရဲ့ အဓိက စွဲမက်စရာ အချက်တော့ မဟုတ်ဘူး။ ဒါပေမယ့် ကမ္ဘာ့စီးပွားပျက်မှုကြီး Great Slump နဲ့အတူ ဖက်ဆစ်ဝါဒ ဒီလှိုင်းကြီး မြင့်မားလာတဲ့အလျောက် ဘေးဒုက္ခခေတ် Age of Catastrophe မှာ ငြိမ်းချမ်းရေး၊ လူမှုတည်ငြိမ်ရေးနဲ့ စီးပွားရေးတွေတင်မက ဆယ့်ကိုးရာစု လစ်ဘရယ် ဘူဇွာလူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးအဆောက်အအုံတွေ၊ အသိပညာပိုင်းဆိုင်ရာ စံနှုန်းစံထားတွေပါ နောက်ပြန်ဆုတ်ခဲ့ရ ဒါမှမဟုတ် ပြိုလဲကုန်တော့တယ်။ ဒီဖြစ်စဉ်ကို အခု ကြည့်ကြမယ်။

1ကွန်ဒရာတယက်လှိုင်းရှည် Kondratiev Long Waves ကို အခြေပြုပြီး ကောင်းမွန်တဲ့ဟောကိန်းတွေ ထုတ်ဖို့ဖြစ်နိုင်တဲ့အတွက် ဘောဂဗေဒမှာ ဒါမျိုးက ခဏခဏ တွေ့ရတာမဟုတ်ဒီလှိုင်းကြီးတွေထဲမှာ နောက်ဆုံး သူတို့ မသိရင်တောင် တခုခုတော့ ရှိနေမယ်ဆိုပြီး သမိုင်းဆရာတွေတင်မက ဘောဂဗေဒပညာရှင်တချို့တောင် ယုံကြည်မိကြတယ်။

2ဆယ့်ကိုးရာစု တလျှောက်လုံး စျေးနှုန်းတွေ ကျဆင်းလာရာမှာ ဆယ့်ကိုးရာစု အကုန်က စျေးနှုန်းတွေဟာ ဆယ့်ကိုးရာစု အစတုန်းကထက် အများကြီး နိမ့်တယ်။ လူတွေဟာ စျေးနှုန်းတွေ တည်ငြိမ်နေတာ ဒါမှမဟုတ် ကျဆင်းနေတာနဲ့ ကျင့်သားရနေလွန်းတဲ့အတွက် ကနေ့ခေတ် တရားလွန် စျေးနှုန်းဖောင်းပွမှုhyper-inflation လို့ ခေါ်တာကို အဲဒီတုန်းက စျေးနှုန်းဖောင်းပွမှု inflationဆိုတဲ့ စကားလုံးလောက်နဲ့ကို ဖော်ပြလို့ရတယ်။

3ဘော်လကန်နဲ့ ဘောလတစ်ဒေသက နိုင်ငံတွေမှာ အခြေအနေက ဆိုးရွားပေမယ့်လည်း အစိုးရတွေဟာ စျေးနှုန်းဖောင်းပွမှုကို လုံးဝ မထိန်းချုပ်နိုင်တော့တဲ့ အနေအထားထိတော့ မရောက်ခဲ့ဘူး။

4ဉီးစားပေးခံရဆုံးနိုင်ငံဆိုတဲ့ စကားရပ်ဟာ တကယ်တမ်းမှာ သူပြောချင်တဲ့ အဓိပ္ပါယ်ရဲ့ ဆန့်ကျင်ဘက် အဓိပ္ပါယ်ကို ပေးပုံပဲ၊ ဆိုလိုတာက တိုင်းပြည်တပြည်ရဲ့ဉီးစားပေးခံရဆုံးနိုင်ငံအဆင့်အတန်းပေးခံရတဲ့ ကုန်သွယ်ဘက်နိုင်ငံကို ဒီတိုင်းပြည်ရဲ့ ဉီးစားပေးခံရဆုံးနိုင်ငံနဲ့ တန်းတူ အခွင့်အရေးပေးမယ်လို့ အဓိပ္ပါယ်ရတယ်၊ တနည်းအားဖြင့် ဘယ်တိုင်းပြည်ကမှ ဉီးစားပေးခံရဆုံးနိုင်ငံ မဟုတ်ဖူးပေါ့။

5 ရွှေပေါင်ထားတဲ့စနစ် a gold standard ရဲ့ မူလပုံစံအရငွေကြေးယူနစ်တခု ဥပမာ ဒေါ်လာတန်တရွက်ဟာ ရွှေရဲ့ တိကျတဲ့ အလေးချိန်ရဲ့ တန်ဖိုးနဲ့ ညီမျှပြီး လိုအပ်ရင် ဘဏ်က ဒေါ်လာနဲ့ရွှေကို အလဲအလှယ် လုပ်ပေးတယ်။

6 ဘာအတွက်မှ မဟုတ်ဘူးဆိုတာဟာ တရက်ပြီးတရက် ကောင်းသထက် ကောင်းနေတော့တာပဲဆိုတဲ့ အကြိမ်ကြိမ် ဆီမန်းမန်းသလို ရွတ်ကြမယ့် အကောင်းမြင် ဆောင်ပုဒ်လေးကို ရေပန်းစားအောင် လုပ်ခဲ့တဲ့ စိတ္တဗေဒပညာရှင် အီမိုင်း ကူအီ Emile Coue (၁၈၅၇ ၁၉၂၆) တို့ရဲ့ ၁၉၂၀ ဆယ်စုနှစ် ကာလတွေပဲ။

7US က ဘဏ်စနစ်က ဥရောပမှာလို ဘဏ်ကြီးတဘဏ်က တနိုင်ငံလုံးမှာ ဘဏ်ခွဲတွေ ဖွင့်လှစ်ထားရှိတဲ့ စနစ်မျိုးကို ခွင့်မပြုဘူး၊ အဲဒီအတွက် နှိုင်းယှဉ်ချက်အရ အားပျော့တဲ့ ဒေသန္တရဘဏ်တွေ ဒါမှမဟုတ် လွန်ရောကျွံရော ဘဏ်ခွဲတွေက ပြည်နယ်ထဲလောက်ထိပဲ ရှိတတ်တယ်။

8ဘယ်လောက်ထိတောင်မှ ဖြစ်သွားလည်းဆိုရင် အီတလီက ကွန်မြူနစ်ခေါင်းဆောင် ပီ တော့ဂလီယာတီ P Togliati ရဲ့ အနည်းဆုံး အီတလီမှာတော့ ဆိုရှယ်ဒီမိုကရေစီဟာ အဓိကရန်သူ ဟုတ်ချင်မှဟုတ်မယ်ဆိုတဲ့ အပြောကို ပြန်ရုပ်သိမ်းဖို့ ၁၉၃၃ မှာ မော်စကိုက တောင်းဆိုခဲ့တဲ့အထိပဲ။ အဲဒီအချိန်မှာ ဟစ်တလာ အာဏာရနေပြီ။ ဒါပေမယ့်လည်း ကွန်မင်တန်းက သူတို့ရဲ့ ဆိုရှယ်ဒီမိုကရေစီဆန့်ကျင်ရေး ရပ်တည်ချက်ကို ၁၉၃၄ ထိ မပြောင်းသေးဘူး။

9 ဒါမျိုးပထမဆုံးလုပ်တဲ့ အစိုးရတွေက ၁၉၂၅ က USSR နဲ့ ကနေဒါ အစိုးရတို့ပဲ။ ၁၉၃၉ မှာ အစိုးရကိုးခုမှာ တနိုင်ငံလုံးဝင်ငွေနဲ့ ပတ်သက်ပြီး အစိုးရရဲ့ တရားဝင် စာရင်းအင်းတွေ ရှိလာတယ်၊ နိုင်ငံပေါင်းချုပ်အသင်းကြီးဆီမှာ နိုင်ငံ နှစ်ဆယ့်ခြောက်နိုင်ငံအတွက် ခန့်မှန်းစာရင်းတွေရျိတယ်။ ဒုတိယကမ္ဘာစစ် ပြီးပြီးချင်းမှာ နိုင်ငံ သုံးဆယ့်ကိုးနိုင်ငံအတွက် ခန့်မှန်းစာရင်းရှိလာပြီး ၁၉၅၀ ဆယ်စုနှစ်ရဲ့ အလယ်နှစ်တွေမှာ ကိုးဆယ့်သုံးနိုင်ငံအတွက် ရှိလာတယ်၊ နောက်တခါ အဲဒီအချိန်ကစပြီး တိုင်းသူပြည်သားတွေရဲ့ တကယ့်လက်တွေ့ ဘဝက သက်မွေးဝမ်းကျောင်းအလုပ်နဲ့ ဆက်စပ်မှု မဆိုစလောက်သာရှိတဲ့ တနိုင်ငံလုံးဝင်ငွေကို ဖော်ပြတဲ့ ကိန်းဂဏန်းတွေဟာ လွတ်လပ်တဲ့ နိုင်ငံတွေအတွက် နိုင်ငံတော်အလံနီးနီး အရေးပါတဲ့ စံတခု ဖြစ်လာခဲ့တယ်။

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: