//
you're reading...
Uncategorized

အန်းမ

ဂျပန်ခေတ်တုန်းက ကာလ၀မ်းတွေကျတော့ အန်းမကိုလဲ ကူးတယ်။ စစ်ပြေးနေတဲ့ကာလမို့ ရွာက သူ့ကို သေခါနီးပြီဆိုပြီး ကွပ်ပျစ်လေးတလုံးနဲ့ ရွာပြင်ထုတ်ထားတယ်။ အန်းမက သမီးကြီးကို မွေးပြီးခါစ။ သမီးဇောနဲ့မို့ ထင်တယ်။ မသေဘူး။ သူကတော့ သူမျောနေတုန်း ၀တ်ဖြူစင်ကြယ်၊ တောင်၀ှေးနဲ့ အဖိုးကြီးတယောက်လာပြီး ငါ့သမီးမသေရဘူးဆိုပြီး လာပြောတယ်လို့ သတိရတော့ ပြန်ပြောတယ်။ တကယ်တော့ သမီးကလေးကို စိတ်မချလို့၊ မထားရက်ခဲ့နိုင်လို့ မသေတာဖြစ်မယ်။

တခါ ဆေးရုံမှာ သွေးပေါင်ချိန် သုညနဲ့တင်လိုက်ရတော့ ဒီတခါတော့ သေပြီလို့ သမီးတွေက လက်လျှော့လိုက်ကြတယ်။ ဒါပေမယ့် အန်းမမသေဘူး။

ဒီနေ့ နို၀င်ဘာလ ၁၈ရက်နေ့ ဗုဒ္ဓဟူးနေ့မှာတော့ အန်းမတကယ်သေပြီ။ သေနေ့စေ့ပြီမို့ ချောင်းတချက်ဆိုးပြီး အသက်ပါပါသွားတယ်လို့ ပြောကြတယ်။ အသက်က ၉၄နှစ်ဆိုတော့ သေနေ့စေ့ပြီဆိုတာ မှန်လေမလား။ အန်းမ ပင်ပန်းနေတာတွေ အဆုံးသတ်သွားတယ်ဆိုရင်တော့ ပိုမှန်မယ်။ သမီးတွေ မြေးတွေအတွက်တော့ အင်မတန် စိတ်မာတဲ့ သတ္တိရှိတဲ့ အမေတယောက် အဖွားတယောက်ဆုံးရှုံးသွားတာပေါ့။

တရုတ်မိသားစု အသိုင်းအ၀န်းမှာ သမီးချည်း၅ယောက်မွေးထားလို့ ငယ်ငယ်ကတည်းက အနှိမ်ခံရမလား တွေးကြည့်မိတယ်။ မခံချင်စိတ်နဲ့ သမီးတွေကို ပညာတတ်တွေဖြစ်အောင် လုပ်ပေးခဲ့တာများလားလို့လဲ တွေးမိတယ်။ သမီးတွေကို လေးတန်းလောက်ကတည်းက မြို့ကို ပို့ပြီး သူများအိမ်မှာနေခိုင်းပြီး စာကောင်းကောင်းသင်ပေးခဲ့တယ်။ ပညာတတ်ဖို့ သမီးတွေကို ခွဲထားနိုင်တဲ့ သတ္တိသူ့မှာ ရှိတယ်။ ကျောင်းပိတ်ရင်တော့ အိမ်ပြန်ပြီး အိမ်အလုပ်တွေ ကူရတယ်၊ အကြွေးလိုက်တောင်းရတယ်လို့ အမေက ပြန်ပြောပြတယ်။

စက်ချုပ်တယ်။ နို့ဆီရောင်းတယ်။ ဗမာဆေးဖော်တယ်။ အရိုးကျိုးတဲ့လူတွေကို ဆေးလိုက်စည်းပေးတယ်။ စာအုပ်လဲ ရောင်းလိုက်သေးတယ်။ အရေးအခင်းနှစ်က အန်းမနဲ့သွားနေတော့ မှတ်မိနေတဲ့ ပုံရိပ်က လူနာတွေ လာခေါ်ရင် ထီးတချောင်းဂျိုင်းကြားညှပ်ပြီး ဆိုက်ကားတစင်းနဲ့ လိုက်သွားတာပဲ။ တခါတလေ ညမိုးချုပ်ရင် အန်းကုန်းမသိအောင် နောက်ဖေးပေါက်က သွားရသေးတယ်။ မီးလောင်တဲ့လူတွေလာရင်တော့ သူဖော်ထားတဲ့ ဆေးတွေထုတ်ပြီး အစိမ်းမှုန့်က နေ့ဆေး၊ အ၀ါမှုန့်က ညဆေးဆိုပြီး ပေးတယ်။ တခါတလေ နှမ်းဆီလေးနဲ့ ဖျော်ပြီး သူကိုယ်တိုင် လိမ်းပေး၊ ဆေးစည်းပေးသေးတယ်။ နေသာတဲ့နေ့တွေမှာ ဆင်တုံးမနွယ်ဖော်ဖို့ အရွက်တွေကို နေလှမ်းတယ်။

မနက်ဆိုရင် အစောပြီးနိုးပြီး ဆေးလိပ်ဖွာနေတတ်တယ်။ သူသောက်နေကျ သုံးရောင်ခြယ်ဆေးလိပ်ကုန်ရင် သွား၀ယ်ပေးရတယ်။ သမီးတွေက ဆေးလိပ်ဖြတ်ဖို့ ပြောလဲ သိပ်နားမထောင်ပါဘူး။

လောကဓံက သူ့ကို နှိပ်စက်လွန်းလို့ထင်တယ်။ လူတွေအပေါ်မှာ ကြင်နာတတ်တယ်။ အမျိုးတယောက်က သူစုထားတဲ့ ရွှေတွေခိုးသွားဖူးတယ်။ အိမ်ကို ၂ကြိမ်တိတိ မီးလောင်ဖူးတယ်။ တဦးတည်းသော သားလေးက အဖတ်မတင်ဘူး။ သမီးတယောက် ငယ်ငယ်နဲ့ ဆုံးတယ်။ တရုတ်ထုံးစံအရ ယောက်ျားကို မကြောက်ရင်တောင် ကြောင်ယောင်ပြရတယ်။ တရုတ်ဗမာအိမ်ထောင်စည်းကမ်းတွေအောက်မှာ မိန်းမပီသအောင် နေရတယ်။ ဒီဘောင်တွေထဲက သူ့ဘ၀တခုလုံးကို သမီးတွေအတွက်အလား ပေးဆပ်ခဲ့တဲ့ အန်းမတယောက် အခုတော့ တကယ်ဆုံးရှာပြီ။

ဒီနှစ်တွေမှာ သူသတိမကောင်းတော့လို့ အန်းမအကြောင်းပြောပြပါလို့ အဒေါ်တွေ အမေတွေကို မေးတဲ့အခါ သူ စျေးသွားရင် အဒေါ်အကြီးဆုံး မသိအောင် ထဘီနှစ်ထပ်၀တ်၀တ်သွားပြီး စျေးသည်တွေကို တထည်ချွတ်ပေးတတ်တဲ့အကြောင်း၊ သမီးတွေ ရန်ကုန်မှာ ကလေးမွေးရင် မီးနေလာစောင့်ပေးတဲ့အကြောင်း၊ ဗိုလ်အောင်ကြီးက သူ့ကို နိုင်ငံခြားကို ကလေးထိန်းရင်း လိုက်ခဲ့ဖို့ (အပြန်ကျရင် ရွှေတွေ၀ယ်လာလို့ရတယ်လို့ တခြားလူတွေက အကြံပေးသတဲ့။) အလည်ခေါ်တော့ ဒါမျိးမလုပ်ချင်ဘူးလို့ ပြောတဲ့အကြောင်း၊ အန်းကုန်းကို ကြောက်ပြီး သမီးတွေက အပြင်ထွက်မလည်ရရင် အန်းမက တခါတလေ အိမ်ခေါင်မိုးတံခါးကနေ အပြင်ပေးထွက်တဲ့အကြောင်းတွေ ပြောပြတယ်။

အန်းမက တာ၀န်လဲ ယူရဲတယ်။ ၈နှစ်အရွယ် မောင်လေးက ကျိုက်ထီးရိုးကို ၁၀နှစ်အရွယ်အမနဲ့ သူ့သူငယ်ချင်းတွေ သွားတာ လိုက်ချင်တယ်။ အဖေအမေက မထည့်ပေမယ့် အဘွားက သူ့မြေးကို သူတာ၀န်ယူတယ်ဆိုပြီး မြေးစိတ်ချမ်းသာအောင် ထည့်လိုက်တယ်။ သူစိတ်ချတဲ့ ဆရာကြီးတယောက်လဲ ပါတာကိုး။

လုပ်သင့်လုပ်ထိုက်တာတွေကို ပေးလုပ်လို့ သူ့သမီးတွေ လူ၀င်ဆန့်တာဖြစ်မယ်။ သမီးတွေအိမ်တွင်းပုန်းဖြစ်ခဲ့ရင် မြေးတွေလဲ အခုလို လူလူသူသူဖြစ်မယ် မထင်ဘူး။

ရက်ရောတာကိုလဲ ကိုယ်တွေ့ကြုံဖူးတယ်။ အန်းမနို့ဆီရောင်းမှာ အဒေါ်ကြီးက စိုးရိမ်တယ်။ နို့ဆီ ၁၀သားဆို ဘယ်တော့မှ မချိန်ဘူး။ မှန်းပြီးထည့်ပေးလိုက်တာပဲ။ အနည်းဆုံး ၁၂ကျပ်သား ၁၅ကျပ်သားလောက်တော့ ပါသွားမှာ ကျိန်းသေတယ်။ မြေးတွေကိုလဲ အလိုလိုက်တယ်။ မနက်ဆို မြေးတွေစားဖို့ ဦးအောင်သိန်းမုန့်ဟင်းခါးကို အ၀ေးကြီးမှာ သွား၀ယ်ပေးတယ်။ မြေးတွေကို အပ်ထားတဲ့ တရုတ်ဆရာကြီး အိမ်လာလည်ရင် မြေးတွေ မျက်နှာမငယ်အောင် နို့ဆီကအစ ရေပုံးကအဆုံး အမြဲတခုခုပေးတတ်တယ်။

အမေကအမြဲပြောတယ်။ အန်းမက ပညာမတတ်ပေမယ့် လောကအကြောင်း အားလုံးနှံ့နှံ့စပ်စပ်သိတယ်။ လူမှုရေး ကျွမ်းကျင်တယ်တဲ့။ သတ္တိလည်းရှိ၊ ကြင်လဲကြင်နာတတ်တော့ အန်းမရဲ့ သမီးတွေ၊ မြေးတွေ အန်းမရဲ့ မြို့မှာ မျက်နှာပွင့်ပါတယ်။

ခုတော့ အန်းမဆုံးရှာပြီ။ သမီးတွေ မြေးတွေအပေါ် ယောက်ျားအပေါ် လိုတာထက် ပိုတာ၀န်ကျေခဲ့တဲ့ အန်းမတယောက် ကောင်းကောင်းနားပါတော့။

Discussion

No comments yet.

Leave a comment

Blog Stats

  • 98,115 hits