//
you're reading...
Burma, Charity, Economy, History, International Relations, Politics

ဒီကနေ့ မြန်မာပြည်မှာ တကယ်ဖြစ်နေတာတွေကဘာလဲ။

ဒီကနေ့ မြန်မာပြည်မှာ တကယ်ဖြစ်နေတာတွေကဘာလဲ။

Nancy Hudson-Rodd

http://blogs.independent.co.uk/2012/05/02/what-is-really-happening-in-burma-today/

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လတ်တလော ဘယ်လောက်ပဲ အပျော်ကျူးနေကျူးနေ တိုင်းပြည်ထဲ တကယ် ဖြစ်ပျက် နေတာတွေကတော့ အင်မတန်မှ စိတ်ပျက်စရာပါ။ အဲ့ဒိအတွက် အခုအချိန်မှာ မြန်မာပြည်အကြောင်းကို အပေါ်ကနေ ခြုံပြီး စီးကြည့်ရုံမက အသေးစိတ်တွေကိုပါ လေ့လာ ရေးသားဖို့ ပိုတောင် အရေးကြီးနေပါတယ်။

ပညာရှင်တွေ၊ သံတမန်တွေ၊ ဖွံ့ဖြိုရေး အကူအညီပေးရေး အိပ်စပတ်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ စွန်ဉီးတီထွင်သူတွေ စသဖြင့် စသဖြင့် ကျမကတော့ ဒီလူတွေကို အရင်းရှင်စနစ်ရဲ့ အေးဂျင့်တွေလို့ပဲ ခေါ်ချင်တယ်။ ဒီလူတွေရဲ့ အကူအညီနဲ့ မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ မြေတွေကို သူတို့ဆီက လုယူပြီး ဖွံဖြိုးရေးလို၊ ဒီမိုကရေစီ အပြောင်းအလဲတို့လို အလိမ်အညာ စကားလုံးတွေ ဗန်းပြပြီး ရောင်းစားနေကြတယ်။

အခုဆိုရင် အရပ်သားအစိုးရလို့ ပြောနေကြတဲ့ အစိုးရကို ထောက်ခံနေကြသူတွေက ဘယ်သူတွေလဲဆိုရင် သူတို့အကျိုးစီးပွားက ဗမာပြည်က လူချမ်းသာတွေ လုပ်ပုံကိုင်ပုံနဲ့ တထပ်ထဲကျတဲ့လူတွေ ဖြစ်နေတယ်။ ဥပမာ ယူကေ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ဆိုရင် ရန်ကုန်ကို သွားတုန်းက စီးပွားရေး လုပ်ငန်းရှင် ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် ဆယ်ယောက်ကို သူနဲ့ အတူခေါ်သွားတယ်။ ဒါပေမယ့် အဲဒိတုန်းက ဒဏ်ခတ်ပိတ်ဆို့မှုက ရှိနေတုန်းဆိုတော့ ဒီစီးပွားရေး သမားတွေကို တိုးရစ်အဖြစ် ခေါ်သွားတယ်။

ဗမာပြည်လို အရမ်းဆင်းရဲတဲ့ နိုင်ငံတနိုင်ငံကို ဖွံ့ဖြိုးရေး အထောက်အပံ့တွေ လက်ရှိ ပေးနေတဲ့ အနေအထားကနေ ပိုပေးလိုက်ရင် ကမ္ဘောဒီးယားတို့လို အကျိုးရှိသွားလိမ့်မယ်လို့ ပြောနေတာတွေရှိတယ်။ ကမ္ဘောဒီးယားမှာ ၁၉၉၃ က  အထွေထွေ ရွေးကောက်ပွဲကို ပထမဆုံးကျင်းပပြီးနောက်မှာ ရာနဲ့ချီတဲ့ civil society organisations တွေက တဆင့် ဒေါ်လာ သန်းခြောက်ထောင်ကျော် ထောက်ပံ့ခဲ့တယ်။ ဒါပေမယ့် ဒီအထောက်အပံ့တွေရဲ့ အများစုကို လက်ခံရရှိသူတွေက ကမ္ဘောဒီးယား ပြည်သူတွေ မဟုတ်ဘဲ အစိုးရ အရာရှိကြီးတွေ၊ နိုင်ငံတကာက အိပ်စပတ်တွေနဲ့ အကြံပေးတွေသာ ပွပေါက် တိုးသွားတာ ဖြစ်တယ်။ ကနေ့ထိ ကမ္ဘောဒီးယားမှာ ဆောက်လုပ်ရေး ကုမ္ပဏီတွေက မြေတွေကို စိတ်မချမ်းသာ စရာကောင်းလောက်အောင် အဓမ္မ သိမ်းယူတာတွေ ဆက်ဖြစ်နေတုန်းပဲ။ ဗမာပြည်မှာလိုပဲ လူတွေဟာ သူတို့နေနေတဲ့ မြေပေါ်ကနေ မောင်းထုတ်ခံရတယ်၊ ဒီလူတွေအတွက် ဥပဒေက ဘာမှ အကာအကွယ်မပေးဘူး။ ကမ္ဘောဒီးယားကို ကနေ့ ဒီမိုကရေစီလို့ ခေါ်နေပေမယ့် ဟွန်ဆန်ပဲ ဆက်အုပ်ချုပ်နေတုန်းမဟုတ်လား။

ပြည်ပက ငွေကြေး အထောက်အပံ့တွေ ပေးရုံနဲ့ တိုင်းပြည်က ဒီမိုကရေစီ ရသွားမှာ မဟုတ်ဘူး။ တိုင်းပြည် တပြည်ကို ထူထောင်ဖို့ တကယ့် နိုင်ငံသားတွေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်တာမျိုး ဖြစ်ရမှာ ဖြစ်ပေမယ့် ဗမာပြည်မှာတော့  ဒါမျိုး မဖြစ်နိုင်ဘူး။

၁၇ ရာစုနဲ့ ၁၈ ရာစုတုန်းက အရင်းရှင်တွေ၊ စီးပွားရေးသမားတွေနဲ့ ပင်လယ်ရပ်ခြားနဲ့ ကုန်ရောင်းကုန်ဝယ်လုပ်တဲ့ ကုမ္ပဏီကြီးတွေဟာ တကမ္ဘာလုံးကို ဖွင့်ပြီး ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်ရေးသမားတွေ ဝင်နိုင်အောင် လမ်းဖွင့် ပေးခဲ့ကြတယ်။ ကနေဒါဒိုမီနီယံဆိုပြီး ပေါ်မလာခင်ကတည်းက Hudson Bay Company က ကနေဒါက နေရာ အများအပြားကို အုပ်ချုပ်တဲ့သူ ဖြစ်လာခဲ့တယ်။ ရိုဒီရှား နိုင်ငံ ဆိုပြီး ထူထောင်ဖို့ ကနေ့ခေတ်ထိ Rhodes ပညာသင်ဆုနဲ့ တွဲသိနေတဲ့ Cecil Rhodes ကို ဗြိတိသျှ တောင်အာဖရိက ကုမ္ပဏီမှာ ခန့်ထားခဲ့တယ်။ တခါ အိန္ဒိယနဲ့ ဗမာပြည်ကို ဗြိတိသျှ အစိုးရ သိမ်းနိုင်အောင် အရှေ့အိန္ဒိယကုမ္ပဏီက လမ်းဖွင့်ပေးခဲ့တယ်။ ဗမာပြည်ရဲ့ နောက်ဆုံးဘုရင်က အရှေ့ အိန္ဒိယ ကုမ္ပဏီရဲ့ တောင်းဆိုချက်တွေကို ငြင်းဆန်တဲ့အခါ ကုမ္ပဏီက ဗြိတိသျှ အစိုးရကို အကူအညီတောင်းပြီး ဗြိတိန်က ဗမာပြည်ကို စစ်ကြေညာတယ်။

အခုဆိုရင် အနောက်နိုင်ငံ အစိုးရတွေက သူတို့နိုင်ငံတွေက ကော်ပိုရေးရှင်းကြီးတွေအတွက် စျေးကွက်သစ်တွေကို အတင်းကို ဆွဲဖွင့်နေတယ်။ စျေးကွက်အကြောင်း၊ အကြွေးအကြောင်းပဲ သူတို့ ပြောကြတယ်။ ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ အားလုံးအတွက် အကျိုးရှိစေမယ့် အကြောင်းတွေ မပြောကြဘူး။

အီးယူနိုင်ငံတွေက အစိုးရတွေ၊ နော်ဝေး၊ ကနေဒါ၊ အမေရိကန်၊ သြစတြေးလျ စတဲ့ နိုင်ငံတွေက အရပ်သား အစိုးရဆိုပြီး သူတို့ ခေါ်နေတဲ့ အစိုးရကို ဒီမိုကရေစီ အပြောင်းအလဲတွေ အတွက် ဆုချတဲ့ အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးထားကြပြီ။ တကယ်တော့ သြစတြေးလျ အစိုးရက ဗမာအစိုးရကို ဘယ်တုန်းကမှ ရင်းနှီးမြှုပ်နှံမှု မပိတ်ခဲ့ဘူး။

ဒဏ်ခတ်ပိတ်ဆို့မှု ရှိနေတယ်ဆိုပေမယ့် သြစတြေးလျ၊ ပြင်သစ်၊ အမေရိကန်၊ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ရုသျှနဲ့ မလေးရှားက ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေဟာ လက်ရှိမှာကို မြန်မာနိုင်ငံမှာ အလုပ်လုပ်နေကြတယ်။ ဗမာ စစ်ခေါင်းဆောင်တွေရဲ့ အဓိက ဝင်ငွေက ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ရာက လာတာဖြစ်ပြီး ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ သန်းသုံးထောင်နီးနီးရှိတယ်။ သဘာဝ အရင်းအမြစ်တွေ ကြွယ်ဝပေမယ့် ကုန်လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်းမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့က ရတဲ့ငွေတွေဟာ စစ်ဗိုလ်ချုပ် လက်တဆုပ်စာ အိပ်ကပ်ထဲပဲ ရောက်ကုန်တယ်။

ဒီတော့ မြန်မာနိုင်ငံကို ဒရောသောပါး သွားကြမယ့်အစား အနောက်နိုင်ငံတွေရဲ့ လုပ်ရပ်တွေဟာ ဗမာပြည်သူတွေ ကြုံနေရတဲ့ လက်ရှိ အကျပ်အတည်းတွေ၊ သူတို့ရဲ့ ဘဝတွေ၊ တယောက်နဲ့တယောက် ဆက်ဆံရေးတွေကို ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာစေနိုင်သလဲ ဆိုတာကို အမှန်အတိုင်း လေ့လာဖို့ လိုပါတယ်။

Discussion

No comments yet.

Leave a comment

Blog Stats

  • 98,160 hits