Filed under: Burma
ဟိုတလောက ဗမာပြည်က ဆရာဝန်မလေး၂ယောက်က မေးလာပါတယ်။ အင်္ဂလန်မှာ genetic engineering နဲ့မဟာသိပ္ပံတက်ချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲတဲ့။
ကိုယ်ကတော့ ဒဲ့ဒိုးပဲပြောလိုက်တယ်။ မလွယ်ဘူးလို့။ ဘာကြောင့်မလွယ်လဲဆိုတာ အခုလိုရှင်းပြပါတယ်။ ဒီက genetic engineering နဲ့ပတ်သက်တဲ့ နာမည်အကြီးဆုံးကျောင်းတွေကို ကြည့်လိုက်ရင် engineering တို့ physics တို့နဲ့ သိပ္ပံဘွဲ့ရခဲ့တဲ့ ကျောင်းသားတွေကို ဦးစားပေးမယ်လို့ ရေးထားတာ တွေ့ပါလိမ့်မယ်။
ဆေးနဲ့ပြီးတဲ့လူတွေကို စဉ်းစားမယ်လို့ပြောပါတယ်။ engineering တို့ physics တို့နဲ့ပြီးရင်တော့ တပန်းသာတာပေါ့။
Genetic engineering ဘာသာက နည်းပညာကို ဦးစားပေးတဲ့ဘာသာပါ။ ဗမာပြည်က ဆေးကျောင်းမှာ မပြောနဲ့။ ဆေးသုတေသနမှာတောင် sequencing လုပ်တဲ့စက် မရှိပါဘူး။ အဲဒါကြောင့် မဟာဘွဲ့လာတက်ရင် နည်းပညာနဲ့ ရင်းနှီးအောင် လုပ်ရတာနဲ့ တနှစ်တာစာသင်နှစ် ကုန်သွားနိုင်ပါတယ်။
ဒီကကျောင်းကောင်းတွေမှာ မဟာဘွဲ့တက်ရင် အင်မတန်ပင်ပန်းပါတယ်။ တနှစ်ထဲနဲ့ course work ရော၊ စာမေးပွဲရော၊ dissertation ရောအပြီး ရေးရလို့ အခြေခံမကောင်းရင် တခါတည်း မအောင်တတ်ပါဘူး။ ကိုယ်က ဗမာပြည်မှာ စာတော်တဲ့ အတန်းထဲမှာ ၀င်ခဲ့ရင်တောင် နည်းပညာနဲ့ရင်းနှီးအောင် တခြားကျောင်းသားတွေထက် ကြိုးစားရမှာမို့ genetic engineering ကို အင်္ဂလန်မှာ မဟာသိပ္ပံလာမတက်သင့်ပါဘူး။
အင်္ဂလန်မှာ၊ မဟာသိပ္ပံလို့ ရေးပါတယ်။ ဥရောပနဲ့အမေရိကားမှာ မဟာသိပ္ပံကို ၂နှစ်သင်တဲ့ ကျောင်းတွေမှာ တက်နိုင်ရင် ပိုအချိန်ရပါမယ်။ နည်းပညာနဲ့ ကျွမ်းဝင်အောင်လုပ်ဖို့ ပိုအချိန်ရပါမယ်။
တခါ ရိုးရိုးသိပ္ပံဘွဲ့၊ ဒါမှမဟုတ် ပါရဂူဘွဲ့ တက်နိုင်ပါတယ်။ အချိန်ပိုများတဲ့အတွက် ထဲထဲဝင်ဝင် အချိန်ပေးပြီး သင်လို့ရလို့ပါ။
သင်ယူခြင်း learning ဆိုတာ ပျော်ရွှင်ဖွယ် ဖြစ်ရပါမယ်။ စာမလိုက်နိုင်လို့ တနှစ်လုံး စိတ်ညစ်နေရရင် learning ကို enjoy လုပ်နိုင်မှာ မဟုတ်ပါဘူး။
ဒီစာနဲ့တဆက်တည်း ဆရာဝန်ပေါက်စလေးတွေရဲ့ crisis ကိုရေးချင်ပါတယ်။ ဗမာပြည်မှာ ဆရာဝန်ဖြစ်ဖို့ ခက်ပါတယ်။ ၁၉၉၅၀န်းကျင်တုန်းက ဆရာဦးတင်မောင်သန်းတွက်ကြည့်တာတော့ ၁၀တန်းအောင်သူရဲ့ ၀.၀၅%ပဲ ဆေးကျောင်းဝင်ပါသတဲ့။
ဆေးကျောင်းမှာ ကျူရှင်ယူရတယ်။ guide ယူရတယ်ဆိုပေမယ့် စာသင်တာက တခြား ကျောင်းတွေထက်လဲသာ၊ ဆရာဝန်ဆိုတဲ့ ဂုဏ်ကလဲ မြတ်နိုးစရာဖြစ်လို့ ဆရာဝန်ဖြစ်ဖို့ကို မိဘတွေကလဲတိုက်တွန်း၊ စာတော်တဲ့ကျောင်းသားတော်တော်များများလဲ ဆရာဝန်ဖြစ်ချင်ပါတယ်။
ဆရာဝန်ဖြစ်ရေးဟာ ရန်ကုန်က လသာ၂ အေခန်း၊ ဒဂုံ ၁ S ခန်း၊ TTC၊ Augustine၊ နံရံ က ထိပ်ထိပ်ကြဲကျောင်းသားတွေ၊ မိဘတွေ၊ သူတို့ရဲ့ ကျောင်းနဲ့ကျူရှင်ကဆရာတွေရဲ့ ထုတ်ပြောစရာမလိုတဲ့ ရည်မှန်းချက်ပါ။ ထိပ်ပိုင်းကကျောင်းသားတွေဆို MC ၀င်ရေးလောက်ကို စကားထဲ ထည့်မပြောပါဘူး။ whole Burma ၀င်ဖို့ပဲပြောကြပါတယ်။
ပြောချင်တာက ဗမာပြည်က ဆရာဝန်တွေအပေါ်မှာ အထင်ကြီးမှုနဲ့လေးစားမှုကြောင့် တော်ရင်ဆရာဝန်ဖြစ်ရမယ်ဆိုတဲ့ အသိက ကျောင်းသားလေးတွေရဲ့ စိတ်ထဲအလိုလိုဝင်နေတာပါ။ ဆရာဝန်ဖြစ်တာ တော်လို့ဆိုပြီး လက်ခံတော့ ကိုယ်တော်ကြောင်း တခြားနည်းတွေနဲ့ ပြစရာ မလိုတော့ဘူးပေါ့။
စိတ်ဝင်စားလို့ အင်ဂျင်နီယာယူရင်၊ သင်္ချာယူရင်တောင် MC အမှတ်မမီလို့လို့ ထင်ခံရတာကလား။ ဒီတော့ တော်တဲ့ကလေးတွေ သိပ်မစဉ်းစားဘဲ ဆရာဝန်လုပ်ကြပါတယ်။ ဆရာဝန်ဖြစ်ရင် ဘာလုပ်မလဲလို့ သိပ်မတွေးကြတော့ပါ။
၆နှစ်လောက် အသည်းအသန်စာတွေကျက်၊ ကျူရှင်တွေတက်အပြီး၊ အ၀ါတလိုင်းပါတဲ့ ဘွဲ့ဝတ်ရုံကြီး ခြုံပြီးချိန်မှာတော့ ဒုက္ခရောက်ပါတော့တယ်။ posting ၀င်မှာလား။ အပြင်မှာ ၀င်လုပ်မှာလား။ နိုင်ငံခြားသွားမှာလား ဆိုတဲ့ လားပေါင်းစုံ။ လဲပေါင်းစုံနဲ့ရင်ဆိုင်ရပါတော့တယ်။
ကိုယ့်ပတ်ဝန်းကျင်က ဥပမာတခုပေးရရင် MC ရောက်တဲ့ သူငယ်ချင်း ၇ယောက်ထဲမှာ ၃ယောက်က ပထမနှစ်ကတည်းက နိုင်ငံခြားထွက်သွားပါတယ်။ အဲဒီထဲမှာ ၃ယောက်လုံး doctor ဖြစ်ပါတယ်။ ကျန်တဲ့၎ယောက်လုံး ကျောင်းပြီးအောင်တက်ပြီး ဆရာဝန်ဖြစ်လာပါတယ်။
၃ယောက်က posting ၀င်ပါတယ်။ ၂ယောက်က နယ်သွားပြီး ၃နှစ်ပြည့်တော့ ဆမ ယူပြီး ထွက်လိုက်ပါတယ်။ တယောက်က Masters ဆက်တက်ပြီး ဆေးတက္ကသိုလ်မှာ ဆရာမ လုပ်ပါတယ်။ တယောက်ကတော့ ဘားလမ်းဆေးရုံးမှာ လုပ်အားပေးဝင်လုပ်ပြီး နိုင်ငံခြား ထွက်သွားပါတယ်။
ဆမယူပြီးတဲ့၂ယောက်က နိုင်ငံခြားထွက်ဖို့လုပ်နေကြပါတယ်။ Masters ယူပြီးတဲ့တယောက်တောင် နိုင်ငံခြားထွက်ဖို့ လေသံစလာတာတွေ့ရပါတယ်။ ချုပ်လိုက်ရင် ၇ယောက်မှာ ၇ယောက်လုံးနိုင်ငံခြားလမ်းကြောင်းပေါ်ရောက်ကုန်ပါတယ်။ ၄ယောက်က ထွက်သွားပြီ။ ဗမာပြည်ထဲက၃ယောက်လဲ ထွက်ချင်နေကြတယ်။
ဒီ sample က ဗမာပြည်ကဆေးကျောင်းသားအများစု၊ ဆရာဝန်တွေကို ကိုယ်စားပြုတယ်လို့ မပြောချင်ပါ။ မပြောနိုင်ပါ။ ဒီဥပမာက ဘာပြလဲဆိုတော့ ဆရာဝန်တွေ နိုင်ငံခြားကို ထွက်ဖို့တော်တော်ကြီး ကြိုးစားနေကြတယ်ဆိုတာပါ။
ဒီတော့ ၁၀တန်းအောင်ပြီး ဆေးကျောင်းတက်မယ့် ကျောင်းသားလေးတွေရော မိဘတွေရော လေးလေးနက်နက်စဉ်းစားသင့်တာက ဆရာဝန်ဖြစ်ရင် ဘာဆက်လုပ်မလဲဆိုတာပါပဲ။
ဗမာပြည်က ဆေးကျောင်းက ကမ္ဘာပေါ်က ဈေးအပေါဆုံးတွေထဲမှာ ပါပါတယ်။ ရင်းနှီးမြှပ်နှံမှု အနည်းဆုံးနဲ့ ဆရာဝန်ဖြစ်ချင်ရင်တော့ ဗမာပြည်မှာဆေးကျောင်းတက်ရတာ အတန်ဆုံးပါပဲ။
ဆရာဝန်ဖြစ်ပြီး အမေရိကားမှာ USMLE သွားဖြေကြ။ အင်္ဂလန်မှာ PLAB အရင်က လာဖြေကြ။ အခုနောက်ပိုင်း သြစတြေးလျမှာ AMC သွားဖြေကြပါတယ်။ ဒါက ကုသရေးပိုင်းပါ။
ပြည်သူ့ကျန်းမာရေးဘက် စိတ်ဝင်စားသူတွေတော့ NGO တွေမှာဝင်လုပ်ကြ။ မဟီဒေါတို့ Hopkins တို့စတဲ့ကျောင်းတွေမှာ ကျောင်းဆက်တက်ကြပါတယ်။
ဒါတွေမလုပ်ချင်တဲ့၊ လုပ်ဖို့အခွင့်မသာတဲ့လူတွေက အစိုးရအလုပ်ဝင်လုပ်ကြပါတယ်။ ဆေးကျောင်း၎ကျောင်းကမွေးထုတ်ပေးလိုက်တဲ့ ဆရာဝန်တွေကို အစိုးရက အခုနောက်ပိုင်း အကုန်မခန့်တော့ပါဘူး။ အလုပ်မရတဲ့ဆရာဝန်တွေ ဘယ်လောက်ရှိတယ်။ ဘာလုပ်ကြသလဲ ဆိုတာ စစ်တမ်းကောက်လို့ရရင် ကောင်းပါမယ်။
ဗမာပြည်မှာ BEd လက်ဖက်သုပ်၊ BArch ဆေးဆိုင်စသဖြင့်ရှိပေမယ့် ဆရာဝန်တွေ တခြား အလုပ်တွေ ၀င်လုပ်ရင်တော့ နှမြောစရာအဖြစ်မြင်ကြပါတယ်။
အမှန်တော့ ဆရာဝန်တွေလမ်းပျောက်ရင် သူများတွေလမ်းပျောက်တာထက် ဆိုးတယ်လို့ ထင်မိပါတယ်။
ဆရာဝန်အထိဖြစ်ခဲ့ပြီးရင် ဆေးပညာနဲ့မဆိုင်တဲ့ တခြားလမ်းကို ရွေးဖို့ခက်သွားပါပြီ။ ကိုယ်ကိုယ်တိုင်ရော ပတ်ဝန်းကျင်ကပါ တခြားရွေးချယ်ဖို့ကို ဆန့်ကျင်ဖို့များပါတယ်။ အနည်းဆုံးတော့ စာတွေဒီလောက်တောင် ဖတ်ခဲ့ပြီးမှ ဆရာဝန်မလုပ်တော့ဘူးလားလို့ မေးကြမယ်ထင်ပါတယ်။
ဒီတော့ ကလေးတွေ၊ မိဘတွေ ဆရာဝန်ဖြစ်ရေး ဒို့အရေးဆိုတဲ့ အတွေးတဖြည်းဖြည်းဖျောက်ပြီး ကလေးတွေ ဘာဝါသနာပါလဲဆိုတာကို မိဘက ၈တန်းလောက်ထဲက စောင့်ကြည့်၊ သိအောင်လဲ စာတွေပေးဖတ်ခိုင်း၊ အတွေ့အကြုံရအောင်ကူညီကြပြီး ကလေးဘာလုပ်ချင်သလဲဆိုတာ သိအောင် လုပ်သင့်ပါပြီ။ ၆နှစ်တာလျှောက်ရမယ့်ခရီးကို အစလောက်တင်မဟုတ်ဘဲ ပန်းတိုင်ရဲ့ ဟိုဘက်ကိုပါ မျှော်ကြည့်ပြီး ဆုံးဖြတ်သင့်ပါတယ်။
9 Comments so far
Leave a comment
<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>
ရေးထားတာတွေ တော်တော်မှန်တာဘဲ။ နိုင်ငံခြား ထွက်တာကတော့ မြန်မာပြည်ကဆရာဝံတွေတင် မဟုတ်ဘူး။ india တို့ pakistan တို့ bangladesh တို့က သူတွေလဲ တကမ္ဘာ လုံးသွားနေကြတာပါဘဲ။ england ပေါက်ဆရာဝံတွေလဲ newzealnd ကိုသွားလုပ်ကြတာတွေ့ရတယ်။
မြန်မာပြည်ကဘွဲ့ရပြီးရင် အနဲဆုံးတော့ 2-3 years အနောက်နိုင်ငံ experience ယူဖို့လိုမယ် ထင်တယ်။ ဒါပေမဲ့လဲ ထွက်ပြီးရင် မပြန်ကြတာတော့ many reasons ကြောင့်ပေါ့လေ။ အပြစ်တော့မပြောသာပါဘူး။
ဒါပေမဲ့ ထူးဆန်းတာက အခုနောက်ပိုင်း government scholar တွေကို passport အစိမ်း နဲ့သက်တမ်း သုံးနှစ်ပဲပေးပေမဲ့လဲ တော်တော်လည်ကြတယ်။ မြန်မာပြည်ခနပြန်ပြီး passport အနီနဲ့ပြန်ထွက်လာကြတယ်။
Comment by steve 10/07/2009 @ 06:51မီးချစ် အသိ ဆရာဝန် ဆို ဆမ ရပြီးမှ စကာင်္ပူ မှာ
Comment by မီးမီးချစ် 10/07/2009 @ 07:28account နဲ့ လာလုပ်နေတယ် ..
ဒီမှာ ကျောင်းလာတက်ပြီး A level လုပ်နေတဲ့ ကလေးတွေလည်း ဆေးကျောင်း တက်ချင်ကြလို့ မေးမြန်းနေကြတယ် ကြားတယ်။ ကိုယ်လည်းပဲ သမားရိုးကျ စဉ်းစားပုံနဲ့ပဲ ဆေးကျောင်းတက်ဖြစ်ခဲ့တာပါ။ မြန်မာပြည်မှာ အဲဒီအချိန်က ရွေးချယ်စရာ သို့မဟုတ် ပြင်ပအမြင်ကလည်း သိပ်မရှိခဲ့ဘူး။ အံဝင်ခွင်ကျ ဖြစ်သွားလို့ တော်သေး။
ဆရာဝန်အလုပ်ဟာ ကျော်ကြားမှု၊ ၀င်ငွေ၊ အဆင့်အတန်း စတာတွေကို အဓိက ရဖို့ လုပ်သင့်တဲ့ အလုပ် မဟုတ်ပါဘူး။ ကိုယ့်ဖက်က (ကိုယ့်မိသားစုရောပါ) ရင်းရတဲ့ အချိန်၊ ခွန်အား၊ စိတ်ဓာတ်တွေ များလှပါတယ်။ ၀ါသနာ မပါရင် နှစ်ပေါင်းများစွာ ပျော်ရမယ့်အစား အင်မတန် စိတ်ဆင်းရဲရတတ်ပါတယ်။ တိုးတက်သင့်သလောက်လည်း မတိုးတက်ဘူး၊ အကျိုး မရှိဘူးပေါ့။
ဆရာဝန်လုပ်ချင်တဲ့ ကလေးတွေကို ဆယ်တန်းအပြီးမှာ work attchment/ internship ဆင်းနိုင်ဖို့ စီစဉ်ပေးနိုင်ရင် ကောင်းမယ်။ ကောင်းတာရော ဆိုးတာရော အရှိအတိုင်း မြင်နိုင်ခွင့် ရမယ့် နေရာမျိုးမှာပေါ့။ အနာဂတ်ကို ထိုးထွင်းမြင်နိုင်ကြတာ မဟုတ်ပေမယ့် သိသင့်တာတွေ သိရပြီးမှ ချတဲ့ informed decision/ choice တော့ ဖြစ်သင့်တယ်။ ဒါနဲ့ တွဲလို့ alternative options ပေးနိုင်မှု ရှိ/ မရှိကိုလည်း ထည့်စဉ်းစား စီစဉ်ပေးနိုင်ဖို့ လိုတယ်။ ပြည်တွင်း အခြေအနေမှာ ဒါဟာ ဘယ်လောက် ဖြစ်နိုင်တယ်ဆိုတာ မပြောတတ်ဘူး။
ဒါတွေ လုပ်ပေးနိုင်ရင်တော့ စိတ်မပါပဲ ရွေးစရာ မရှိလို့ ဆေးကျောင်းတက်ပြီး မတတ်တတတ်နဲ့ ဆရာဝန် ဖြစ်လာရတာတွေ၊ ကျောင်းတက်ရင်း အပြေးအလွှား ရုပ်ရှင်ရိုက် သီချင်းဆို ၀တ္ထုရေးတဲ့ နမူနာတွေ ပပျောက်သွားမယ် ထင်ရတာပဲ။ လုပ်ချင်တာတစ်ခုကိုပဲ ဇောက်ချပြီး လွပ်လွပ်လပ်လပ် ထွန်းထွန်းပေါက်ပေါက် လုပ်နိုင်ခွင့်တွေ ရစေချင်တာပါ။
ဆေးကျောင်းပဲဖြစ်ဖြစ်၊ ဆရာအတတ်သင်ကျောင်းပဲဖြစ်ဖြစ် တကယ်တမ်း သိချင်တတ်ချင်လို့ လာတဲ့သူတွေ သေသေချာချာ အကျိုးရှိ ပညာရတဲ့ နေရာ ဖြစ်စေချင်တယ်။ ထွက်သွားတာနဲ့ အကျိုးကျေးဇူးတွေ မျှဝေပေးနိုင်တဲ့ အနေအထားကို တမ်းပြီး ရောက်သွားစေချင်တယ်။ နောက်ထပ် အချိန်တွေ လူအားတွေ မကုန်စေချင်ဘူး။ လူ့ဘ၀ဆိုတာ တိုတိုကလေးရယ်။
Comment by Nu Thwe 10/07/2009 @ 19:14မှန်တယ်။ မြန်မာပြည်တုန်းကတော့ ဆယ်တန်းပြီးရင် ဆက်လုပ်စရာဆိုလို့ ဆေးကျောင်းတခုပဲရှိတယ်လို့ထင်ခဲ့မိတယ်၊ အမြင်ကျဉ်းပုံပြောပါတယ်။ ဘေးကလူကြီးမိဘအသိုင်းအဝိုင်းကလဲ ဆေးကျောင်းမမှီတော့ရင်ပဲ အောက်တန်းနောက်တန်းကျတော့မလိုလို တိုက်ရိုက်ရော သွယ်ဝိုက်ရော တွန်းကြတယ်။ မိဘတွေရော ဦးလေးတွေရော သူတို့မိန်းမတွေ ရော အားလုံးကဆရာဝန်တွေဆိုတော့ နဲနဲတော့ခက်တယ်။ ကိုယ်ကတခြားလိုင်းပဲရရင် သိုးမဲစာရင်းအသွင်းခံရပြီ။ ဒါနဲ့ပဲ ဆရာဝန်ဖြစ်လာခဲ့တယ်။ စိတ်ပါ ပါတယ်။ လူနာတွေကိုလဲ သိပ်သနားတာပဲ။ အရမ်းလဲကြိုးစား ဖြစ်တယ်။
ဆရာဝန်ဖြစ်ပြီးရင် England လာရမယ်ဆိုတာ မွေးကတဲကရိုက်သင်ပေးထားသလိုပဲ ခေါင်းထဲဆွဲနေတယ်။ (Scotland တောင်ခေါင်းထဲမရှိဘူး။ အခုထိလဲ မသွားဖြစ်သေးဘူး။)အဲဒါလူမှန်းသိတတ်စကတဲကသိတဲ့အသိပါ။ ပတ်ဝန်းကျင်ကြောင့်လို့ပဲပြောရမယ်ထင်တယ်။ England ရောက်လာတော့လဲပျော်ပါတယ်။ ဒီကအစာတွေရော လူနေမှူပတ်ဝန်း ကျင်ရော ကိုယ်နဲ့ ကိုက်တယ်။ ပြသနာက လူနာတွေကို တနေ့တခြား မုန်း လာတာပဲ။ လူတွေက demand များ။ Hospital authorities တွေက demand များ။ တခါတလေ အလုပ်ပင်ပန်းရင်ဒီလူတွေ ဘာလို့ ဒီလောက်လောဘကြီး ပြီး လူ့လောကမှာဆက်နေချင်ရလဲမသိဘူးလို့စိတ်ထဲက ဆဲမိတယ်။ အထူးသဖြင့် ကျောက်ကပ် နှလုံး အစားထိုး ပြီးသားလူတွေက အဆိုးဆုံး။ သူများ ပစ္စည်းနဲ့ အသက်ဆက် လာတာ ဆယ်စုနှစ်ရှိလာတာတောင် ဦးစားပေးခံချင်တုန်းပဲဆိုပြီးလဲ စိတ်ထဲမှာအချဉ်ပေါက်မိတယ်။ ဒါပေမဲ့လဲ သူတို့တွေက ငါ့ရဲ့ကျေးဇူးရှင်တွေ ထမင်းရှင်တွေဆိုပြီး တော့ ကိုယ့် ကိုကိုကို ဆုံးမရတယ်။ ဟုတ်တယ်လေ တဖက်ကစဉ်းစားရင် ကိုယ် BMW ကောင်းကောင်းစီးဖို့ Barbados ကို Luxury holiday သွားဖို့ သူတို့မှာ လူနာဖြစ် ကြရတာ။ သူတို့သေတော့လဲ သင်း ချိုင်းလက်မှတ်အတွက် £72 ရသေးတယ်။
ဆိုလိုချင်တာက ဟိုတုန်းက ဆရာဝန်အလုပ်ကို ခုံမင်ခဲ့ပေမဲ့ work pressure ရယ် အလုပ်က political situation ရယ်ကြောင့် ဒီ profession ကို တဖြေးဖြေးစိတ်ကုန်လာမိတယ်။ ဒါပေမဲ့လဲ ဒီအလုပ်ကလွဲပြီး တခြားလဲမလုပ်တတ်တော့ ဒီသံသယာထဲမှာပဲနေရမှာပါပဲ။ တကယ်တော့လဲ jet pot ပေါက်ရင်တောင်ဆေးတော့ဆက်ကုချင်သေးတယ်။ ဆေးပညာလဲ ဆက်လေ့လာနေဦးမှာပါပဲ။
Comment by steve 11/07/2009 @ 06:54ဒေါက်တာစတိဗ်
ရှင်တို့ဆရာဝန်တွေ BMW စီးဖို့ ဇိမ်ခံဖို့အတွက် ကျမတို့ လုပ်အားခထဲက အခွန်ပေးပြီး ဆေးကုကြရတယ်။ ဘယ်နေရာမှာမဆို responsibilty များလေ pressure များလေပါပဲ။ ကျမလို ကွန်ပျူတာနဲ့ လုပ်ရသူတောင် client ရဲ့ demand များတာခံရသေးရင် လူ့အသက်နဲ့ ရင်းပီး လုပ်ရတဲ့ရှင်တို့မှာ pressure များတာ အဆန်းလား။
ဘယ်သူမဆို ဘယ်သတ္တဝါမဆို နေနိုင်သလောက် နေလို့ရတုန်း အသက်ရှင်ချင်ကြတာချည်းပါ။ ဒါလောဘမဟုတ်ပါဘူး။ ရှင့်မိဘနဲ့ ကိုယ်ချင်းစာပီး လူနာတွေအတွက် စဉ်းစားစေချင်တယ်။
death certificate ရေးပီး ပိုက်ဆံရတာ သာယာတတ်တဲ့ဆရာဝန် အတန်းအစားထဲ ကျမဆရာဝန်များ ပါနေမလား စဉ်းစားရင်း ကြက်သီးထမိပါရဲ့ရှင်။
ဆေးဆက်ကုချင်ရင် ဆရာဝန်စိတ်ရှိအောင် အရင်ကြိုးစားပါ။ စိတ်ထားတတ်ရင် ကုသိုလ်ရပါတယ်။ မထားတတ်ရင်တော့….
စိတ်ထဲရှိသမျှ ထင်ရာရေးတဲ့လက်ကိုလည်း ချုပ်တည်းနိုင်ပါစေ။
Comment by Su Su 12/07/2009 @ 18:45ဟုတ်တယ်။ နားလည်တယ်။ ဒီကပြောတာလဲ ကိုယ့်ဘဝနဲ့ကို ကြုံတွေ့ရတာ ကို ရိုးရိုးသားသား ပြောပြနေတာပဲ။ ဒီမှာလာမပြောလဲ ကိုယ်ပိုင် websites နဲ့ blogs တွေမှာ ပြောနေကျပဲ။ ဒီနိုင်ငံမှာ အကုန်လုံးက guide line အတိုင်းလျှော့ကုလို့လဲမရဘူး ပိုကုလို့လဲမရဘူး။ ဒီနိုင်ငံ ရဲ့ rules အရ ကိုယ့် ကိုယ့်မိဘကိုလဲပြန်ပြီးဆေးကုခွင့်မရှိဘူး။
သိအောင် ပြောရရင် holidays တွေဆိုတာ အိမ်မှာလာနေကျသန့်ရှင်းရေးမိန်းမကြီးတောင် Caribbean island ကို နှစ်ပတ်တဲ့။ သူ့အစားလွှတ်လိုက်တဲ့ ကောင်းလေးကအချိုးမပြေလို့မေးကြည့်မှသိရတာ။ အားလုံးကလူတွေပဲလေ။ ဘာမှအဆန်းမပါဘူး။
အိမ်မှာလာငှါးနေတဲ့ Nigeria က လူတွေလဲ BMW နဲ့ပါပဲ စုစုရဲ့။
Cremation form ကရတဲ့ ငွေလဲ စုပြီး မြန်မာပြည်က တက်ခဲ့ဘူးတဲ့စာသင်ကျောင်းဆောက်လုပ်ရေးကိုလှူနေတာပါဘဲ။ ဘာကိုသာယာရမှာလဲ အဲလောက်ငွေလေးနဲ့။
စုစုရဲ့ အခြေအနေတခုခုပိုမြင့်မားလာရင် အမြင်လဲ ပြောင်းလဲလာပါလိမ့် မယ်။ ကိုယ်ဆိုလိုချင်တာသဘောမပေါက်တာ ကိုယ့်ရဲ့စာရေးညံ့မှူကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ တော်ပါပီ ဒီကိုလဲပြန်လာစရာမလိုပါဘူး။ ဘာမှအခြေအမြစ်မသိတဲ့လူတယောက်က uneducated manner နဲ့ ရန်တွေ့ခံရမယ်လို့မမျှော်လင့်ခဲ့မိဘူး။
Comment by steve 12/07/2009 @ 20:21ကို စတိ (STEVE) ကလဲ စိတ်ချည်းပဲကိုး။ သူများရန်စတိုင်းသာ စိတ်တိုနေရရင်….
ဒီမှာကတော့ ဆရာဝန်လုပ်ရတာ သက်သာတယ် ဆိုပေမယ့် ကြောက်ရတာ များတယ်။ ဟိုဟာ မပြောရ၊ ဒီဟာ မလုပ်ရ။ လူနာတွေကို ဆေးကုတာထက် လူနာတွေနဲ့ ပြဿနာ မဖြစ်အောင် အလိုက်အထိုက်နေဖို့က တခါတလေ အရေးကြီးနေတတ်တယ်။ VIP တွေ၊ တိုင်တန်းတတ်တဲ့သူတွေနဲ့တွေ့ရင် ကိုယ်ဘယ်လောက်မှန်မှန် ပြဿနာ တက်ရင် ဆမလေး ပြုတ်နိုင်သေးတာကိုး။
P.S Cremation form ဖိုးကလဲ ကျနော့် လစာ ၂လစာပဲ။
Comment by Junior 13/07/2009 @ 09:41စတာပါဗျာ…..
ဒီမှာလဲအတူတူပါဘဲ Dr Junior ရယ်။ Patient centred approach လို့ခေါ်ကြတာပေါ့။ (Not disease centred approach nor Physician centred approach) ဘာဘဲလုပ်လုပ်လူနာနဲ့ အရင်တိုင်ပင်ပြီးမှရှေ့တိုး ရတာပေါ့။ ဥပမာ တခြားဆေးတွေမပြောနဲ့ Aspirin စပြီးသောက်ဖို့တောင် သူတို့နဲ့ သေသေချာချာ ဆိုးကျိုးကောင်းကျိုး ဆွေးနွေးတိုင်ပင် ပြီးမှစရတာမဟုတ်လား ။ သူတို့မသောက်ချင်လဲမသောက်ချင်တဲ့အကြောင်းမှတ်တန်းတင်။ စိတ်တိုစရာမလိုဘူးလေ။ မြန်မာပြည်ကတချို့ဆရာဝန်ကြီးတွေလိုဟောက်လို့တော့မရဘူး။ ဟုတ်တယ်ဒီမှာဆက်ဆံရေးမပြေပြစ်လို့ကတော့ရှင်းလို့ကိုပြီးမှာမဟုတ်ဘူး။ လူနာတွေကလဲ သူတို့ရောဂါတွေဆိုတော်တော်များများက internet ကလေ့လားထားပြီးသားမဟုတ်လား.
Comment by steve 13/07/2009 @ 11:20ဆရာဝန်လား? အေးဗျာတော်ကြပါတယ်။ B Ed course တက်တုန်းကများ ဆရာဝန်လောင်းတွေက ဘာမှကို လာမပြောရဘူး။ ကျောင်းမှာ စာသင်တဲ့ နည်းပြတွေကပဲ ကျနော်တို့ ဆရာလောင်းတွေဟာ ဆေးကျောင်းသားတွေလောက် စာအသင်အပြမကောင်းဘူးတဲ့။း-) ဟီး ကောင်းရော။ ဆေးကျောင်းသားတွေ ပြတဲ့ ကျောင်းသားတွေက ဂုဏ်ထူးတွေ တန်းစီပြီးထွက်တာတဲ့။ ကြိုးစားတဲ့ အပိုင်းကလည်း အပြတ်အသတ်ကွာတာပဲတဲ့။ ကျန်တဲ့ လူတွေတော့ မသိဘူး။ အဲဒီတုန်းက တော်တော် မခံချင်ဖြစ်သွားတယ်။ အခွဲခြားခံရတာကိုလေ။ ဒါပေမဲ့ ဘယ်သူမှတော့ သူ့ကို ပြန်မပြောပါဘူး။ အများစုအတွက် မှန်နေလို့နေမယ်။း-) တချို့ဆို ဆေးကျောင်းမမီလို့ ဒီကျောင်းလာတက်တာတဲ့ နောင်တတွေရနေတဲ့ ကျောင်းသားတွေလည်း ရှိတယ်။ အေးဗျာ အသက်မွေးဝန်းကျောင်း တူတူချင်းကို ခွဲခြားချင်ကြတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က မဟန်ပါဘူးဗျာ။
Comment by Dho-ong Jhaan 06/09/2009 @ 16:18