//
you're reading...
Burma, Burma referendum

ကြီးဒေါ်စုသို့ ပေးစာ

မတရားတဲ့ အမိန့်အာဏာ ဟူသမျှ ဖီဆန်ကြဆိုတဲ့ ကြွေးကြော်သံကို အာပေါင်အာရင်း သန်သန် ကြွေးကြော်ခဲ့ပြီး သကာလ နှစ်နှစ်ဆယ်မျှ ကြာသောအခါ ဒီချုပ်ခမျာ ပါတီ မသေရေးအတွက် ဘာမဆို လုပ်မယ်ဆိုတဲ့ အဆင့်ကို ရောက်နေပါပကောလား။ ဘာမဆို လုပ်မယ်ဆိုတဲ့ စကားက ကြောက်ဖို့ ကောင်းပါ တယ်လေ၊ နောက်ပြီး ဒါက ကိုယ့် own tune ဖြစ်နေတယ်။ ဘာမဆို လုပ်မလုပ်တော့ မသိသေးဘူး၊ ဒါပေမယ့် ဇော်ဇော့် ဘောပွဲဆီသွားပြီး ဘောပွဲ လက်ချာတော့ သွားယူပြီးသွားပြီ။ ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က ဘီဘီစီက ဉီးအောင်မြင့်ထွန်းက ဗိုလ်စောမောင် နဝတနဲ့ ဒီချုပ် အနေအထားနဲ့ပတ်သက်ပြီး ‘ဒီတော့ ဘောလုံးက ခုဘယ်ဘက်မှာလဲလို့’ မေးတော့ ‘ကျမက ဘောလုံး အကြောင်း နားမလည်ဘူး’ ဆိုပြီး ဘုကလန့် ပြန်ဖြေဖူးတာ အမှတ်ရမိတယ်။ ခု ဇော်ဇော့်ဆီက ဘောလက်ချာ လာယူတော့မှပဲ ဒေါ်စုနှယ် ဘောစည်းကမ်း နားလည်ဖို့ ဘာ့ကြောင့် နှစ်နှစ်ဆယ် စောင့်ရသလဲဆိုပြီး မေးခွန်းထုတ်မိတယ်။

ခုထိတော့ ဘာမဆို လုပ်တဲ့ အဆင့် မရောက်သေးပါဘူး။ ဒါပေမယ့် ဟိုဟာ ကောင်းနိုး၊ ဒီဟာ ကောင်းနိုး လုပ်မိလုပ်ရာ လုပ်နေပုံရတာတော့ အသေအချာပဲ။ ဧည့်သည်ကို စစ်မှန်တဲ့ စေတနာနဲ့ ဧည့်ခံချင်ပေမယ့် ဟင်းမချက်တတ်တော့ ဟိုဟာလေးခပ်လိုက်၊ ဒီဟာလေးခပ်လိုက်နဲ့ နောက်ဆုံး ဟင်းအိုး ပျက်ကိန်းဆိုက်မဲ့ပုံ မြင်နေမိတယ်။ ကဲပါလေ စကားတန်ဆာဆင်နေတာတွေကို အသာထားပြီး ပြောချင်တာပြောပါမယ်။ ပြောချင်တာထက် မေးချင်တာလို့ ပြောရင် ပိုမှန်မယ်။

နေပြည်တော် စစ်အုပ်စုက သူတို့ ရည်မှန်းတဲ့ အနာဂတ် မြန်မာ့ နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်ကို နေရာပေးဖို့ လုံးဝ စိတ်ကူးမရှိပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်အုပ်စုက သူတို့သဘောထား အစစ်အမှန်ကို အတိအလင်း ထုတ်ဖော် အသိပေးပြီးသားပဲ။ နိုင်ငံတကာက ဖိအားလည်း ခုထက် ကိုယ့်ဘက်မှာ ပိုပြတ်ပြတ်သားသား ရှိနေချိန်၊ နောက် ဘုန်းကြီးတွေ အသေခံ လမ်းပေါ်ထွက်လာပြီး သူတို့ လုပ်ဆောင်နေတာကို ကန့်ကွက် အရေးဆိုတုန်းကတောင် မမှုခဲ့တဲ့ စစ်အုပ်စုက ကနေ့လို့ ယန်းကီးတွေ ရွှေလမ်း ငွေလမ်းဖေါက်ဖို့ အားသန်နေချိန်၊ ဒီချုပ်တောင် တရားဝင် ပါတီအဖွဲ့အစည်း အဖြစ် မရပ်တည်နိုင်တော့တဲ့ အချိန်၊ ကျားသနားမှ နွားချမ်းသာရမယ့် ဘဝကို ရောက်နေချိန်မှာ သူတို့ စစ်အုပ်စု လက်တဆုပ်စာ ကောင်းစားရေး ဖွဲ့စည်းပုံကို ပြင်ပေးဖို့ ချော့မော့ တောင်းဆိုတာကို အရေးစိုက်မယ်လို့ ဘာ့ကြောင့် ယုံကြည်ရသလဲ။

တကယ်တော့ စစ်အုပ်စုက အနာဂတ် နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေရာပေးရင်တောင် သူတို့ရဲ့ စစ်ကျွန်သက်ရှည်ရေး စီမံကိန်းမှာ အဖြည့်ခံ အဖြစ် အသုံးတည့်လိုတည့်ငြား သုံးဖို့လောက်သာ စဉ်းစားတာပဲ။ အစကတော့ စစ်အုပ်စုက နေဝင်မောင်တို့လို့ ချီးထုပ်တွေ၊ တတိယအုပ်စုလို့ နံမယ် ပေးထားတဲ့ အင်အားစုတွေကို ဟန်ပြ အတိုက်အခံအဖြစ် တင်ပြီး ဒီမိုကရေစီ အင်ထုရေး စီမံကိန်းကို ဖော်ဖို့ကြိုးစားကြည့်တယ်။ ဒါပေမယ့် ပြည်သူ လူထုက ဒီကောင်တွေကို လုံးဝ နေရာ အယူမခံဘူး။ ဒီတော့ တတိယအုပ်စုတွေကို ဒေါ်စုကို အစားထိုးလို့ ရလိုရငြား ကြိုးစားကြည့်တဲ့ ပြည်ပက အမေရိကန်တို့၊ အီးယူတို့လည်း တဘက်က ဒီမိုကရေစီ အတင်းအော်နေပြီး တဘက်က လူထု ချဉ်တဲ့ကောင်တွေကို တင်ဖို့ စီမံကိန်းကို လက်လျှော့လိုက်ပုံရတယ်။ ဒီတတိယအုပ်စု အတိုက်အခံ အတုကို ပြည်သူလူထု အများစုကြီးကက ပြတ်ပြတ်သားသား ဆန့်ကျင်ပြနိုင်တာမို့ ဒီအထိ ပြည်သူလူထုက တာဝန်ကျေတယ်။ အတိုက်အခံအတုလို့ လူထု မြင်နေတဲ့ အုပ်စုနဲ့ စခန်းသွားလို့ မရတော့ လူထုက သူတို့ကို တကယ်ကိုယ်စားပြုတယ်လို့ သတ်မှတ်ထားတဲ့၊ သွားမရှိတဲ့ကျားဘဝ ရောက်နေတဲ့၊ ပါတီ မဖျက်ရင်တော်ပါပြီ၊ ဘာလုပ်ရ လုပ်ရ လုပ်ပါ့မယ်လို့ ပါးစပ်က ထုတ်မပြောပေမယ့် လက်တွေ့မှာ ဒီပုံစံအတိုင်းသွားနေတဲ့ ဒေါ်စုနဲ့ ဒီချုပ်ကို စစ်အုပ်စုက သူတို့ စီမံကိန်းအတွက် အသုံးတည့်မယ်လို့ တွက်မိနိုင်စရာ ရှိတယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တယ်ပဲ ခေါ်ခေါ်၊ ဒေါ်စု ပြောနေတဲ့ ဒီမိုကရေစီ အင်ထုရေး စီမံကိန်း ပီပြင်အောင် အဓိက ဇာတ်ကောင်ဖြစ်တဲ့ ဒေါ်စုနဲ့ ဒီချုပ်ကို ရက်ရက်စက်စက် ဝင်အသုံးတော် ခံခိုင်းတာပဲ။ အဖြည့်ခံ ဘဝနဲ့ လှုပ်ရှားနေရတာကို တိုင်းပြည်နဲ့ လူမျိုးအတွက် တခုခု လုပ်နေတာပါလို့ ပြောနေတာဟာ (တိုင်းပြည်အတွက် အသုံးချ ခံရတယ်ဆိုရင် ခံမှာပဲဆိုတဲ့ သဘောသက်ရောက်တဲ့ အပြော ပြောခဲ့တယ် မလား။) တကယ်ကို အဲ့သလို ယုံကြည်လို့ ပြောနေသလား၊ ဒါမှမဟုတ် ကိုယ့်လုပ်ရပ်ကို ကိုယ်တတ်နိုင်သမျှ ကြိုးစား တရားထူထောင် နေတာလား။

ခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် လွတ်တာ တနှစ်ပြည့်တော့မယ်။ ဒီတနှစ် အတွင်းမှာ ဒီချုပ်ဘက်က ဘယ်လို အကျိုးအမြတ်တွေ ထွက်ခဲ့သလဲ၊ ဘာတွေ ပေးဆပ်လိုက်ရလဲဆိုတာ ပြန်ကြည့်ဖို့ ကောင်းတယ်။ စစ်အုပ်စုက ပိုတောင် အခြေကျလာ၊ ကိုယ့်က သူတို့ လိုသလို ကစားပေးနေရတဲ့ အဖြစ်ကနေ တက်မလာဘဲ တဘက်မှာ ကိုယ့်ကို တင်းပြည့် ကျပ်ပြည့် ထောက်ခံခဲ့သူတွေဆီက ထောက်ခံမှုက အရင်ကလောက် မပြတ်သားတော့တာသာ အဖတ်တင် ကျန်ခဲ့တယ်။ တခုတော့ ရှိတယ်၊ ဗမာတွေထဲမှာ ဒီချုပ်ကို မျက်စိမှိတ် ထောက်ခံရုံ၊ အမေစု ဘာလုပ်လုပ် ထောက်ခံတယ် ပြောရုံနဲ့ ကိုယ့်ရဲ့ နိုင်ငံရေး တာဝန်ကျေပြီလို့ ခံယူ ထားတဲ့ လူတွေတော့ ရှိတယ်။ ဉီးနှောက် အလုပ်လုပ်ပုံမရတဲ့၊ ကိုယ်လက်ခံထားတဲ့ အရာတခုကို သတ္တိရှိရှိ မစစ်ကြောရဲတဲ့၊ ဒါမှမဟုတ် ဒါမျိုးစစ်ကြောရမှာ ပျင်းတဲ့ လူစားမျိုးတွေဆီကတော့ ထက်ထက်မိုးဉီးကို ထောက်ခံသလို ထောက်ခံမှုမျိုး  ဆက်ရနေအုံးမှာဘဲ။ ဗမာပြည်မှာ လူတချို့အတွက်က နိုင်ငံရေး တာဝန်ကျေမကျေကို စစ်တမ်းကောက်တဲ့အခါ box-ticking လုပ်သလို လုပ်ပြီး သတ်မှတ်နေသူတွေ အများကြီးပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်၊ တရုတ်ကို ဆဲတယ်၊ ခြေလေးချောင်း ကောင်းတယ် ခြေနှစ်ချောင်း မကောင်းဘူး၊ အမေရိကန် ဘာလုပ်လုပ် ကောင်းတယ်၊ တရုတ် ဘာလုပ်လုပ် မကောင်းဘူးလို့ လှေနံဓားထစ် မှတ်ပြီး အမေစု၊ အမေစုနဲ့ အော်နေရရင်ကို ကိုယ့်နိုင်ငံရေး တာဝန်ကျေပြီလို့ ခံယူထားသူတွေ အများကြီးပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြည်သူလူထုကို သူ ဘာလုပ်လုပ် သူ့ကို ထောက်ခံမယ့် ပရိသတ် အဖြစ်သာ အလိုရှိတယ် ဆိုရင်တော့ သူနဲ့ ထိုက်တန်တဲ့ ပြည်သူလူထုကိုပဲ ရမှာဘဲ။ ဒီလိုပြောတာ ဒေါ်အောင်ဆန်း စုကြည်ကို စုံကန်ဖို့ ပြောတာမဟုတ်ဖူး။ ကနေ့ချိန်ထိ သူ့ကို ဗမာပြည်သူ လူထုရဲ့ ခေါင်းဆောင် အဖြစ် သတ်မှတ်ထားဆဲပဲ။ သူဟာ ဗမာပြည်သူလူထုပေါ် စေတနာရှိတယ် ဆိုတာကိုလည်း ယုံပါတယ်။ ပြည်သူလူထုကို ရဲဘော် ရဲဘက် အချင်းချင်း သစ္စာဖောက်မယ့်လူ မဟုတ်ဖူး ဆိုတာလည်း ယုံတယ်။ နောက် သူတယောက်ထဲ လုပ်လို့ မရဘူး၊ ဒီမိုကရေစီ တကယ်လိုချင်သူတွေ အားလုံး ဝိုင်းလုပ်မှ ရမယ်လို့ ပြောတာကိုလည်း သဘောတူတယ်။ ဒါပေမယ့် တဘက်မှာ သူ့ဘက်က ပြည်သူလူထု ကိုးစားလောက်တဲ့ ဉာဏ် အမြော်အမြင်နဲ့ ပြည့်စုံတဲ့ ခေါင်းဆောင် ပီသအောင် နေပြဖို့ အရေးကြီးတယ်။ ဇော်ဇော့်ဆီ ဘောလုံးပွဲ သွားကြည့်ဖို့ ဘယ်လို စဉ်းစား ဆုံးဖြတ်တယ်ဆိုတာ နားလည်လို့ မရဘူး။ သူ့ဘက်က ဘယ်လို မျှော်လင့်ချက် တွေနဲ့ သွားလဲဆိုတာ သူပဲ သိမှာပဲ။ စစ်အုပ်စုနဲ့ အဓိပ္ပါယ် ရှိရှိ ဆွေးနွေးနိုင်ဖို့နဲ့ ဇော်ဇော်ဆီသွား အသုံးတော်ခံတာ ဘယ်လို ဆက်စပ်မှု ရှိလဲဆိုတာ မေးဖို့ ကောင်းတယ်။ ဒီလို သွားတာကို သူ့ကို ထောက်ခံတဲ့ ပြည်သူလူထု စိတ်ထဲ ဘယ်လို ရှိမလဲဆိုတာကို စဉ်းစားရဲ့လား။ ဆီနိတ်တာ ခင်ရွှေက သူ့မြရိပ်ညိုမှာ အနှိပ်သမလေးတွေကို ဘယ်သို့ ဘယ်ပုံ အလုပ်အကိုင် ဖန်တီးပေးနေတယ်ဆိုတာကို လာကြည့်လှည့်ပါဆို သွားကြည့် အုံးမှာလားဆိုတာ မေးပါရစေ။ (ဒေါ်စု ကိုယ်တိုင် အထေ့အငေါ့လေးတွေ သုံးတတ်တော့ ကိုယ့်ကို အဲ့သလို ထေ့လုံး ငေါ့လုံးလေးတွေနဲ့ မေးလာရင်လည်း ဗွေမယူလောက်ဖူးလို့ ထင်ပါတယ်။) နောက် ဒေါ်စုကို ဝေဖန်တယ်ဆိုတာ နိုင်ငံရေး ခေါင်းဆောင်လို သဘောထားလို့ ဝေဖန်တာပဲ။ မက်ဒေါနားလို မြင်ရင် ခုလို ဝေဖန်စရာ မရှိပါဘူး။

ပါတီတည်မြဲဖို့ အရေးကြီးတယ်ဆိုတာကို လက်ခံ သဘောတူပါတယ်။ ဒါပေမယ့် အင်အယ်ဒီဟာ ဘယ်လို values တွေကို ကိုယ်စားပြုထားသလဲဆိုတာကို မေးပါရစေ။ အဲဒိ values တွေ ပျောက်ပြီး သကာလ ဒီ values တွေကို ကိုယ်စားပြုဖွဲ့ထားတဲ့ အဖွဲ့ကြီး ဆက်ရှိနေတယ်ဆိုတာ အဓိပ္ပါယ်ရော ရှိပါသေးရဲ့လား။ (တကယ်က တီတီစု တီတီစု သားတို့ မသိလို့ မေးပါရစေ။ လွတ်လပ်မှုအတွက် လွတ်လပ်မှုကို စတေးမလား၊ အဲ့သလို စတေးတာ မှန်သလားလို့ မေးချင်ပါတယ်။ ဒါပေမယ့် ဒီမေးခွန်းက မလိုအပ်ပဲ မက်တာဖစ်ဆစ်ကယ် ဖြစ်တော့ ဖီလော်ဆော်ဖီ သောက်မြင်ကပ်တဲ့ ပရိသတ်ကို ထောက်ချင့်ပြီး မမေးတော့ပါဘူး။) လှေခွက် ချည်းကျန် အလံမလှဲစတမ်း တိုက်မယ်ဆိုတဲ့ စိတ်ဓာတ်ကိုတော့ အပြတ် လေးစားပါတယ်။ ဒါပေမယ့် တိုက်တင်းနစ် အရွယ်အစား ရှိခဲ့တဲ့ သင်္ဘော ကြီးကနေ လှေခွက်လေးပဲ ကျန်တဲ့ ဘဝ ရောက်သွားရတာမှာ မာလိန်မှုးတွေကို ပေးချင်တဲ့ အကြံကတော့ မက်ခီယာဗယ်လီကို ပြန်သာဖတ်ပါလေလို့ပဲ ဖြစ်ပါတယ်။

ဒေါ်စုက ပြည်သူလူထုဆီက သူတို့ ဘာလုပ်လုပ် ထောက်ခံတာမျိုးသာ လိုချင်ပုံရပါတယ်။ တကယ်တမ်းမှာ သူအားကိုးပုံရတာက အနောက်အုပ်စုက ပေးတဲ့ ဖိအားပဲ။ အဲဒိဖိအားနဲ့ ဒီမိုကရေစီရမယ်လို့ တကယ်ယုံခဲ့ပုံရတယ်။ ဒါကျုပ်အမြင်ပါ။ မှားချင်လည်း မှားနိုင်ပါတယ်။ ဒါပေမယ့် ခု သူအားကိုးခဲ့တဲ့ ယန်းကီးတို့ ကိုယ်တိုင်က သူ့အတွက် ရွေးစရာ လမ်းကြောင်းတွေကို တခုပြီး တခု ပိတ်နေတော့ ခမျာ လုပ်မိလုပ်ရာ လုပ်သလို ဖြစ်နေပြီ။ နေပြည်တော် စစ်အုပ်စုက အရပ်သား အစိုးရ နံမယ် ခံရုံခံတာကို ယန်းကီးတို့ မသိဘဲ ဘယ်နေမလဲ။ ဒါပေမယ့် စစ်အုပ်စုနဲ့ အတင်းလုံးချင်တော့ တိုင်းပြည်ထဲ တကဲ့ အပြောင်းအလဲတွေ ဖြစ်နေတဲ့ပမာ ဒေါ်စုကိုပါ သူတို့ အကဲဖြတ်ချက်ကို အတင်းအကြပ် လက်ခံခိုင်းပုံ ပေါက်နေတယ်။ ဒီတော့ ဒီချုပ် အနေနဲ့ ဒါကိုလက်ခံမယ်၊ လက်မခံဘူးဆိုတာ ပြတ်ပြတ်သားသား တခုခု ပြောပါ မေးလာရင် ဘယ်လို ဖြေမှာလဲဆိုတာလည်း သိချင်ပါတယ်။

ကဲ ဒီလောက်ပါပဲ ဂျီးဓေါ်စုရေ။

ဝတုတ်

Discussion

17 thoughts on “ကြီးဒေါ်စုသို့ ပေးစာ

  1. ဒီပေးစာကတော့ ဒီအချိန်မှာ အင်မတန်ရေးသင့်တဲ့ ပေးစာလို့ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ပြီး မကြာခင်က ကိုဝတုတ်ရေးခဲ့ဖူးတဲ့ …. ဒေါ်အောင်ဆန်းစုကြည်တယောက် လေလှိုင်းကြားမှာ ဖြေချင်ရာဖြေ ကြီးကြီးမေ လုပ်နေတယ်၊ သူ့ဘေးမှာ အကြံပေးထောက်ပြမယ့်လူ မရှိဘူးလား…. ဆိုတာကစလို့ ဒီကနေ့ သူနဲ့ အဖွဲ့ချုပ်အပေါ် အမြင်သဘောထားမှာ ကျနော့်အမြင်နဲ့ တော်တော် တိုက်ဆိုင်ပါတယ်။

    (စကားမစပ် ရှေ့က ပို့စ်နှစ်ပုဒ်လည်း ကြိုက်နှစ်သက်မိပါတယ်။)

    Posted by Ko Paw | 15/09/2011, 14:50
  2. I think you should eat shit of Daw Su before critisizing her.
    Shame on you!

    Posted by Aung | 16/09/2011, 10:30
  3. ဒေါ်အောင်ဆန်းစုကြည်က ‘ သြဂုတ်၂၄ရက် သူ့အိမ်မှာ သတင်းမီဒီယာများနှင့် တွေ့ ဆုံစဉ်က လာမည့် စက်တင်ဘာ တွင် အသက်(၁၉) နှစ်အောက် အာဆီယံလူငယ်ဘောလုံးပြိုင်ပွဲကို မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ရာ လာ ရောက်အားပေးရန် ဖိတ်ကြားလာပါက သွားရောက် အားပေးကြည့်ရှုမည်ဟု ပြောကြားသည်’ ဆိုတဲ့သတင်းဖတ်မိခဲ့ဘူးပါသည်။
    သူ မကြာသေးခင် လတ်တလောက ပြောခဲ့မိသည့်အတိုင်း – ဖိတ်ကြားခံရ၍၊ ကိုယ့်မြေးအရွယ်လေးတွေ(U19)က တခြားနိုင်ငံက အားကစားသမားများ နှင့် ယှဉ်ပြိုင်သည့်ပွဲ သွားရောက်အားပေးကြည့်ရှုသည်မှာ မလျော်ကန်ဟုမထင်ပါ။ ထိုပွဲသည် လေဖြင့်သာတည်ဆောက်ယူ လေထဲကန် နိုင်ငံရေးဘောလုံးပွဲ မဟုတ်ပါ။ မြန်မာ့ပြည်တွင်းကိစ္စကို ပြည်တွင်းမှာ တတ်နိုင်သလောက် လုပ်နေသောသူ မို့ ပြည်သူတွေက ချစ်ခင်လေးစားတာ ခံရတာပါ။
    မြန်မာပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဟိုးအယင် (ယခင်) နေ့စဉ်ထုတ် ဟာသသတင်းစာထဲ ပါတတ်တဲ့ ဖေကံကောင်းနဲ့အပေါင်းအပါတွေရဲ့ ဆောင်းပါးပျက်တွေ ဖတ်ဘူးသလို၊ ပြည်ပရောက် မြန်မာ့နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ ဘေးထိုင်ဘုပြော စာတွေနဲ့လည်းယဉ်ပါးကြပါတယ်။ တကယ်ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်တာ ပြည်တွင်းက မြန်မာနိုင်ငံသားတွေသာ ဖြစ်တာမို့ သူတို့ကိုအရင် ဒီမိုကရေစီအကြောင်း၊ လူတစ်ယောက်ရဲ့ကိုယ်ပိုင်အခွင့်အရေးတွေအကြောင်း နားလည်လာအောင် လုပ်နိုင်ဖို့ကအရေးကြီးပါတယ်။
    ယူကေနိုင်ငံမှာတောင် စစ်ရေး နဲ့ နိုင်ငံတကာဆက်ဆံရေးကို အင်္ဂလန်က ကိုင်ထားပြီး ၊ ဝေလနယ်၊ စကော့တလန် နဲ့ အိုင်ယာလန်မြောက်ပိုင်းတို့က ကျန်တဲ့အပိုင်းမျှ- ကိုယ့်ဒေသအုပ်ချုပ်ရေး/ဖွံ့ဖြိုးမှုတို့ကို သူ့ပါလီမန်နဲ့သူလုပ်ဆောင်ကြပါတယ်။ အဲဒီလိုကနေမှ နိုင်ငံတော်နဲ့ဆိုင်တဲ့ကိစ္စတွေကို ပါလီမန်အိမ်တော်များမှာ အကြိတ်အနယ်ဆွေးနွေး မဲခွဲဆုံးဖြတ်တာပါ။
    ဘေးကနေထိုင်ပြီး ဝေဖန်ပြရရုံဆိုရင် – ယူကေမှာလည်း မြန်မာ့အရေး ကမ်ပိန်းဖွဲ့ ထထအော်နေ လုပ်နေတဲ့ မျက်နှာဖြူပိုင်အဖွဲ့ဆိုရင်လည်း နိုင်ငံရေးကို ကုမ္ပဏီဖွဲ့ အကျိုးအမြတ်တွေ၊ လုပ်ခလစာတွေယူ လုပ်လာတာ ဆယ်စုနှစ်ကျော် နေပါပြီ – အဓိကထားပြတာက လူနည်းစုအရေး ကို တန်းတူညီမျှခွင့် ကြိုးပမ်းမှု နဲ့လူ့အခွင့်အရေးပါ (သူတို့ရရှိတဲ့ ကုမ္ပဏီဝင်ငွေ (စပွန်ဆာIncome)တွေကို မြန်မာ့အရေးထောက်ပံ့ကြေးတွေမှာ အနည်းအကျဉ်း သုံးပါတယ်၊ သူတို့ထုတ်ယူသွားတဲ့ လစာတွေ (Salary Expenses) နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆို သိသာပါတယ်။ ) လေကန်ဝေဖန်ရေးကတော့ လုပ်ရရေးရ လွယ်ပါတယ်ဗျာ။ ဖြစ်နိုင်မယ်ဆိုရင် ပြည်ပရောက်နေတဲ့သူတွေ – ပါတီစုံ ဒီမိုကရေစီနိုင်ငံရေးစနစ်နဲ့ ရင်းနှီးထိတွေ့ခွင့် ရနေတဲ့သူတွေဘက်ကလည်း အပြုသဘောဆောင်တဲ့ လမ်းညွှန်မှုတွေ၊ ဆွေးနွေးထောက်ပြချက်တွေ လုပ်ပေးနိုင်ရင် အကောင်းဆုံးပါ။

    Posted by Nan | 16/09/2011, 11:14
  4. ဗမာလိုတော့ သေဖော်ညှိတာပေါ့ဗျာ။;-)

    Posted by Ko Paw | 17/09/2011, 03:44
  5. ကိုယ်မြင်တာကို မြင်သလို ထောက်ပြဝေဖန်ပေးနိုင်မယ့်သူတွေရှိတာ ဒေါ်စုအတွက် ကျေနပ်မိပါတယ်။ နိုင်ငံ့ခေါင်းဆောင်ဆိုပြီး ဒေါ်စုလုပ်သမျှ ခေါင်းညိတ်ယုံတာထက်စာရင် လက်ရှိဖြစ်ပေါ်နေတာကို အခုလို ထုတ်ရေးတာက ဒေါ်စုကို ကိုးကွယ်နေတာမဟုတ်ဘူးဆိုတာ ပေါ်လွင်စေပါတယ်။

    Posted by ကြာပီ | 17/09/2011, 05:44
  6. ငါဘာကောင်လဲ ဘယ်လောက်အဖြစ်ရှိလဲ ကိုယ့်ကိုယ်ကို အသိဆုံးပါ။ လုပ်နိုင်ရင် သူများကိုဝေဖန်မနေနဲ့ ကိုယ်တိုင်ထလုပ်ကြည့်လိုက်လေ။ ငါ့အကောင်ဝတုတ် ထိုင်နေတာ အကောင်းသား ထသွားမှခွေးမှန်းသိနေမယ်နော်။ ဟဲဟဲ.

    Posted by Man of man | 19/09/2011, 13:50
  7. အမေစု ဘောလုံးပွဲသွားကြည့်တာကို မကျေမနပ်ဖြစ်နေ
    တယ်နဲ့တူတယ်။အပြုသဘောဆောင်တဲ့ အမြင်တွေ
    ခင်ဗျားရဲ့ရင်မှာ မကိန်းအောင်းသ၍ ခင်းဗျား ဒီမိုကရေစီ
    ရဲ့အနှစ်သာရနဲ့ဝေးနေလိမ့်ဦးမယ် ကိုယ့်လူ။
    ကိုယ့်လူအတော်လေးကို စိတ်ဆင်းရဲ့နေပုံပေါ်တယ်။

    ပညာရှိသူသည် သံသယမှကင်း၏။
    ကောင်းမြတ်သူသည် ပူပင်သောကမှ ကင်း၏။
    ရဲရင့်သူသည် ကြောက်ရွံ့ခြင်းမှ ကင်း၏။
    သေးနုပ်သူသည် အစဉ်အမြဲ စိတ်ဆင်းရဲရ၏။

    ကွန်ဖြူးရှပ်

    အဲ့ဒါလေးကိုအလွတ်ရအောင်လုပ်ထားလိုက်ပါ။စိတ်ချမ်းသာမှုတွေ တိုးလာပါလိမ့် အကိုဝတုတ်ရေ။

    Posted by nanshin81@gmail.com | 19/09/2011, 14:46
  8. Don’t pretend to be wise by using words like ‘meta-physics’,’Machiavelli’ etc.

    FYI and reality check,she’d studied Philosophy, Politics and Economics at Oxford

    WAY before you could barely recite the 26 alphabets. Period.

    Who are you anyway,to say utter rubbish,sarcastic and pessimistic views. If you,

    by any chance happen to be an academic,discuss matters with dignity,

    not like street hooker entertaining themselves with gossip.

    You can’t even see why watching the football match is a big deal to talk about.

    It can be any reasons,just appreciating sport,courtesy to invitation,causal public

    outing,anything.

    Politics,on the other hand,is deep water and,suffice to say that most people like you can talk the talk,but not walk the walk.

    Posted by The offended one | 19/09/2011, 15:16
  9. Don’t pretend to be wise by using words like ‘meta-physics’,’Machiavelli’ etc.
    FYI and reality check,she’d studied Philosophy, Politics and Economics at Oxford
    WAY before you could barely recite the 26 alphabets. Period.

    Who are you anyway,to say utter rubbish,sarcastic and pessimistic views. If you,
    by any chance happen to be an academic,discuss matters with dignity,
    not like street hooker entertaining themselves with gossip.

    You can’t even see why watching the football match is a big deal to talk about.
    It can be any reasons,just appreciating sport,courtesy to invitation,causal public
    outing,anything.

    Politics,on the other hand,is deep water and,suffice to say that most people like you can talk the talk,but not walk the walk.

    Posted by The offended one | 19/09/2011, 15:17
  10. ကျွန်တော်သိသလောက်လေး ဝေဖန်ကြည့်မယ်။ ခင်ဗျာဟိုအော်ဒီအော် အော်နေမယ့်အစား ကိုယ်တိုင် လက်တွေ့ထလုပ်ကြည့်ပါလား။ ဟိုက ခင်ဗျားထက်တော်လို့ နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ ငြိမ်းချမ်းရေးဆုရှင်၊ သူအဓိကလုပ်ရမှာ ဘာလဲဆိုတာ သူသိတယ်၊ ခင်ဗျာအိမ်မှာ တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်နေရင် ကောင်းလား။ ခင်ဗျားဘာလုပ်မလဲ။ စဉ်းစားပါ အထုံးလိုက်မစားပါနဲ့။ ကိုယ့်အိမ်ကိုယ်အရင် သာအောင်လုပ်မလား နာအောင်လုပ်မလား။ ဒီအချိန်မှာ ဘာအရေးကြီးဆုံးလဲ။ ခင်ဗျာ ကိုမေးကြည့်မယ်ဗျာ။ reply လေးပြန်လိုက်စောင့်နေမယ်။

    Posted by ပြည်သူတစ်ဦး | 19/09/2011, 16:29
  11. ကိုဝတုတ်

    ဆောင်းပါးရှင်သည် ဖေ့ဘုတ်မှာ ကိုဝတုတ်အမည်ဖြင့် လှုပ်ရှားနေသောသူဖြစ်တယ်လို့ ယူဆပါတယ်။ ကိုဝတုတ်ရေးခဲ့ဖူးတဲ့ ကော်မင့်များကို ဖတ်ပြီး သဘောကျသည်များလည်းရှိ၊ မကျသည်များလည်းရှိပါတယ်။ ယခုကဲ့သို့ ဆောင်းပါးအာဘော်များကို ရေးသားကြသူများနှင့် ပတ်သက်ပြီး ထူးဆန်းသည့်အချက်ကို တင်ပြလိုပါတယ်။ ယခုတလော ဒေါ်စု၏ လုပ်ရပ်များကို အားမရဖြစ်ပြီး ဝေဖန်နေသောသူများ အားလုံးလိုလိုသည် ပြည်ပတွင် ရှိနေကြသောသူများသာဖြစ်ကြတယ်။ အိမ်ပြန်ဖို့ မစဉ်းစားသောသူများလည်း ဖြစ်နိုင်ပါတယ်။ ထောင်တန်းမကျလိုပဲ လွယ်ကူသည့် စာ နိုင်ငံရေး ၊ လေနိုင်ငံရေးများသာ လုပ်လိုကြပါတယ်။ နိုင်ငံရေးအမြင်များလည်း အထိုက်အလျောက်ရှိကြပြီး ကိုယ့်အမြင်များကိုလည်း စာဖြင့် ရေးပြီး ဖော်ပြနိုင်စွမ်းရှိကြပါတယ်။ ပညာများလည်း အထိုက်အလျောက်တတ်ကြပါတယ်။ ထို့ ကြောင့် သူများလုပ်တာကို ဘေးမှထိုင်ပြီး ဝေဖန်သောအလုပ်သည် အလွယ်ဆုံးဖြစ်သည်ဆိုတာကိုလည်း သိကြပါလိမ့်မယ်။ ယခုကဲ့သို့ အလွယ်ဆုံးဝေဖန်စာများကို ရေးသာကြသလို ဒေါ်စု ခင်ဗျား ဒါတွေလုပ်နေမယ့်အစား ဘာလုပ်သင့်တယ်ဆိုတဲ့ လမ်းစဉ်မျိုးတွေကိုလည်း ရေးသားချပြကြစေချင်ပါတယ်။ ဒေါ်စုလုပ်သည် မလုပ်သည် အသာထား။ အော် ဒီလူက ဒီလို လမ်းစဉ်ရှိပါလား ၊ ဒီလူ့ လမ်းစဉ်ဖြစ်နိုင်တယ် စသဖြင့် ချပြနိုင်ရင်ဖြင့် စာဖတ်သူများ အသိအမြင် ကျယ်ပြန့်လာနိုင်ပါတယ်။

    ဒီလို ဆောင်းပါးတွေကို ဖတ်ပြီး ရာဇ၀င်ဘီး တစ်ပတ်လည်လာသည်ဟုပင် ထင်မိတယ်။ ဂျပန်ပြေးအပြီး အင်္ဂလိပ်ပြန်အ၀င်မှာ ဗိုလ်ချုပ်က ဖဆပလကိုခေါင်းဆောင်ပြီး လွတ်လပ်ရေးရဖို့ ကြိုးပမ်။ အစက အတိုက်အခံအနေဖြင့် အင်္ဂလိပ်ထံ ရာထူးမယူမူဖြင့် လှုပ်ရှား။ နောက်တော့ ဘုရင်ခံအစိုးရအဖွဲ့မှာ ရာထူးယူလိုက်ရော။ ဝေဖန်သံများ ညံခနဲတက်လာတယ်။ ထိုအချိန်က ရုရှကွန်မြူနစ်နောက်လိုက် တစောက်ကန်း ကွန်မြူနစ်များ၊ ပတ်မကြီးထိုးဖောက်လိုသည့် သခင်ထွန်းအုပ်၊ သခင်ဗစိန်လို လူများ၊ အသံအဆူညံဆုံးဖြင့် ဝေဖန်ကြတယ်။ တစောက်ကန်း မြန်မာကွန်မြူနစ်များက လက်နက်ကိုင်ပြီးတိုက်မှ လွတ်လပ်ရေးစစ်မှန်သည်ဟု နိုင်ငံရပ်ခြား အသံများကို နားထောင်ပြီး ယုံကြည်နေကြတယ်။ သခင်ဗစိန်တို့က မနာလိုလို့ ဝေဖန်ကြတယ်။ ဗိုလ်ချုပ်က လူထု အသက်သာဆုံးဖြစ်သည့် နိုင်ငံရေးနည်းဖြင့် လွတ်လပ်ရေးကို အရယူဖို့ ကြိုးစားတယ်။ ဘယ်သူတွေမှားပြီး ဘယ်သူတွေမှန်တယ်ဆိုတာကို အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် နှစ်တွေ ခေတ်တွေ ၊ ရင်ဆိုင်ရတဲ့ ပြိုင်ဘက်မတူတာတွေ၊ ပြည်သူတွေ ပါဝင်မှု၊ အားပေးထောက်ခံမှု……စသည့် များပြားလှတဲ့ ကွာခြားချက်တွေက ဗိုလ်ချုပ်နဲ့ ဒေါ်စုကို စည်းခြားထားပါတယ်။

    ပြည်ပက လုံခြုံတဲ့ အခန်းတစ်ခုထဲကနေ ကွန်ပြူတာရှေ့ထိုင်ပြီး လူထုတော်လှန်ရေး၊ လူထုတိုက်ပွဲ၊ ပြည်သူတွေရဲ့အဆုံးအဖြတ် နောက်ဆုံးတိုက်ပွဲ လှိုင်းလုံးစသည်ဖြင့် လေလုံးနိုင်ငံရေးလုပ်လိုက်၊ အပြင်ထွက် ဘီယာသောက်လိုက်၊ ဟမ်ဘာဂါလေး စားလိုက်၊ လျှောက်လည်လိုက်၊ ဒီလိုမျိုး လှုံဆော်မှုများကြောင့်လည်း နှစ်ပေါင်း ၂၀ ကျော်လာခဲ့ပါပြီ။ ပြည်ပက လေနိုင်ငံရေးသမားတွေအယောက် တစ်သိန်း လောက်နဲ့ ပြည်တွင်းက အညတရ လူမသိသူမသိ နိုင်ငံရေးသမားတစ်ယောက် ဘယ်သူ ပိုအလုပ်ဖြစ်တယ်ဆိုတာ သိကြမှာပါ။ အလွယ်ဆုံး အနီးကပ်ဆုံး ဥပမာပေး ခိုင်းနှိုင်းရရင် ဘေးမှထိုင်ပြီး အားမရဖြစ် ဝေဖန်နေကြသူ တစ်သိန်းသည် ပြည်တွင်းက ကိုဖိုးဖြူလောက်တောင်အဖြစ်မရှိကြပါ။ နောက်ပြီး ပြည်တွင်းပြန်ပြီး လှုံဆော်လျှင် အဖမ်းခံရမည်ကိုလည်း ကြောက်နေကြပါသေးတယ်။ ကိုယ်တိုင် ပြည်တွင်းပြန် ၊ စည်းရုံးလှုံဆော်ကြစေလိုပါတယ်။ ဒါတွေဟာ မလွယ်မှန်းသိလို့ လွယ်တဲ့ လေနိုင်ငံရေးပဲ လုပ်တော့မယ်ဆိုရင်လည်း လမ်းစဉ်ပါတဲ့ စံမီတဲ့ဆောင်းပါးများကို ရေးသားပြစမ်းပါလို့။ ဒီလိုမှ မဟုတ်ရင် ဒီလိုအဖြစ်မျိုးကို ဗိုလ်ချုပ်ပြောဖူးတဲ့ စကားလေး ရှိပါတယ်။ ခွေးဟောင်တိုင်း ထကြည့်နေရင် အိပ်ရေးပျက်တယ်ဆိုတာ။

    နောက်ပြီး ဒေါ်စုက တကယ်တော့ အသက်သိပ်ကြီးသွားပြီ။ ဒီလောက် အသက်ကြီးလှတဲ့ အဖွားကြီးကို လူထုတိုက်ပွဲတွေ ဘာတွေလုပ်ဖို့ ပြောနေတဲ့ အရွယ်ကောင်း နိုင်ငံရေး သုခမိန်များကို ကြည့်ပြီး အားတက်မိမလိုတောင် ဖြစ်ရပါတယ်။သူအလုပ်လုပ်နိုင်ရင် အလွန်ဆုံး ၄ – ၅ နှစ်ပေါ့။ ဒေါ်စုမရှိတော့တဲ့ မြန်မာ့နိုင်ငံရေး အခြေအနေအကြောင်း စိတ်ကူးပြီး ဆောင်းပါးလေးများ ရေးသားကြစမ်းပါ။ တပိုဒ်ထက် ပိုမထွက်နိုင်ဘူး။ အားလုံး ပြီးသွားပြီ။

    ကျွန်တော်ဒီစာကို နာမည်အရင်းနဲ့ ရေးတာမဟုတ်ပါဘူး။ ကိုဝတုတ်နာမည်ရင်းနဲ့ ရေးရင် ကျွန်တော်လည်း နာမည်ရင်းနဲ့ ရေးမှာပါ။ ကိုဝတုတ်က မြန်မာပြည်ကို ပြန်ချင်မှ ပြန်မှာဖြစ်ပေမယ့် ကျွန်တော်က ပြန်ရဦးမှာ။ ဒီလို ကြောက်လို့ မြန်မာပြည်ဒီလိုဖြစ်နေတာဆိုလည်း ဟုတ်ပါတယ်လို့ ၀န်ခံပါတယ်။ နောက်ပြီး ကျွန်တော်ဟာ ကိုဝတုတ်နဲ့ ပုလင်းတူဗူးဆို့ ကိုပေါရဲ့ ဘလောက်ပရိသတ်တဦးပါ။ သူ့ကို ကျောင်းတူဘာသာတူတဲ့ သံယောဇဉ်အရရော၊ သူ့ရဲ့ သတ်တိကြောင့်ရော၊ သူ့ဘလောက်ကို ဖတ်ပါတယ်။ ဒါပေမယ့် ကိုပေါအားပေးထောက်ခံတဲ့ စလုံးက ဒီမိုကရက်တစ်ပါတီလည်း သောက်သောက်လဲရှုံး၊ ပြည်တွင်းကိုလည်း အားမရ၊ ပြန်လည်း မလုပ်နိုင်၊ စိတ်ညစ်ပြီး ကုပ်နေရာကနေ လေနိုင်ငံရေးထလုပ်ပြီး ချက်ချင်းစင်မြင့်ပေါ်ရောက်လာအောင် ဆောင်းပါးတွေရေး၊ နာမည်တော့ ကြီးတာပေါ့ဗျာ။ ငါ ကိုပေါကွ ၊ ဒါငါ့လမ်းစဉ် ၊ ဒီလိုတိုက်ယူရင် ရမယ်ဆိုပြီး လမ်းစဉ်ချပြစမ်းပါ။ ကိုယ်တိုင်သွားလုပ်စရာမလိုပါဘူး။ ဘယ်လိုလုပ် ဆိုတာပဲ ပြောလိုက်စမ်းပါ။ ဒီလိုမဟုတ်ရင်တော့ ခင်ဗျားတို့ ဆောင်းပါးတွေဖတ်ပြီး ဟိုကြော်ငြာတစ်ခုကို သတိရမိတော့တယ်။ .. ဟိုလိုလုပ်ပါလား…ဒီလိုလုပ်ပါလား …..ငါလည်း မလုပ်တတ်ဘူး…………..။

    Posted by dantaryee | 19/09/2011, 18:03
  12. ကလေးဘဝက ဒိုးပစ်တမ်းကစားခဲ့ကြတော့။ ခေါင်ထိမှ အကုန်းလုံးစားရတယ် ( အကုန်ပိုင် တယ် )ထင်ကြတုန်းကိုး…..။ ကလေးအမြင် ကလေးတွေး နဲ့  ခေါင်ကိုပဲ လှမ်းပြီး အပစ်မခိုင်းကြနဲ့ လေဗျာ. ။။

    Posted by မောင်မိုး | 20/09/2011, 00:32
  13. စာဖတ်သူတယောက်အနေနဲ့ ဒီစာကိုဖတ်ပြီး
    အကြံပြုလိုတာကတော့
    ကိုဝတုတ်
    မြန်မာပြည်ကိုပြန်ရင်မကောင်းဘူးလား ။
    ဝြေဖန်စာထဲမှာကိုဝတုတ်ရဲ့ 
    အင်မတန်မှ အားမလိုအားမရမှုတွေ
    ကိုမြင်ရတဲ့ အတွက်ဒီလိုအကြံပေးရခြင်းပါ။
    ကိုဝတုတ်တို့ လို မြန်မာ့ဒီမိုကရေစီရေး
    တက်ကြွသူတွေ ကို အမိမြန်မာပြည်က
    ခုချိန်မှာအလွန်အမင်း လိုအပ်နေပါတယ်။
    ထောင်ထဲမှာမင်းကိုနိုင်တို့ ကိုကိုကြီးတို့ ရောက်နေချိန်
    ခုချိန်များ
    သူရိန်ကျော်ဇောမြန်မာပြည်ပြန်လာပြီဟေ့
    မိုးသီးင်္ဇန်ပြန်လာပြီဟေ့။ ….စသဖြင့်
    ဒေါက်တာလွမ်းဆွေပြန်လာပြီဟေ့ စသဖြင့်..
    ဒေါက်တာနိုင်အောင်ပြန်လာပြီဟေ့ စသဖြင့်..
    အက်ဆစ်ပြန်လာပြီဟေ့ စသဖြင့်….
    စသဖြင့်…စသဖြင့်ပေါ့ဗျာ..
    ဒီမိုကရေစီရေးတက်ကြွခဲ့သူတွေ
    အသုတ်လိုက်အသုတ်လိုက်
    ပြည်တော်ပြန်ကြရင်
    ပြည်သူလူထုဘယ်လောက်
    အားတက်စရာလဲဗျာ..
    နိုင်ငံတကာမှာ ဆယ်စုနှစ်တွေပေါက်အောင်
    နေခဲ့ကြတော့ အဝေးကမြင်ရတဲ့ အမြင်ရယ်
    ပြည်တွင်းကိုပြန်ရောက်တော့ အနီးက
    မြင်ရတဲ့အမြင်ရယ်ပေါင်းစပ်ပြီးတော့
    လှုပ်ရှားလိုက်ရင်
    ကိုဝတုတ်တို့ လိုလူမျိုး ၅၀လောက်ဆို
    နည်းတဲ့အားမဟုတ်ပါလား ကိုဝတုတ်ရယ်။
    ဘယ်နှယ့်လဲ ။ပြန်ရဲမလား ကိုယ့်လူ။
    ထောင်ကျခံပြီး နိုင်ငံရေးပြန်လုပ်ရဲမလားကိုယ့်လူ။
    (ထောင်ကတော့ ကျချင်မှလည်းကျမှာပါ)

    Posted by ebawlaw | 20/09/2011, 02:10
  14. ကိုဝတုတ်ဆိုသူရေ
    ခင်ဗျား ဒီလောက်အမြင်ကျဉ်းပြီး အတွေးတိမ်မှန်း အစက မသိဘူးဗျာ။ သမိုင်းဆိုင်ရာ ဝေဖန်ချက်ဆွေးနွေးချက်လေးတွေဖတ်ဖူးလို့ ပါ။ တကယ့်အမှန်ကတော့ ခင်ဗျားတို့ လို ပညာလေးနဲနဲလောက် တတ်သူတွေ ၊ ခုရွေးကောက်ပွဲဝင်အမတ်တွေ ဟာ ဒေါ်စုကို (မသိစိတ်ထဲမှာ) မနာလိုဖြစ်နေတာဗျ။ အသေးစိပ် သုံးသပ်ချက်တွေ မရေးတော့ပါဘူးဗျာ။ ကိုယ့်ကိုကိုယ် သိမှာပါ။ ခင်ဗျားတို့  အခုလို ဝေဖန်တဲ့ အဓိက အကြောင်းရင်းက၊ တိုင်းပြည်ကို ချစ်လို့ မဟုတ်ဘူး။ ပြည်သူတွေကို ပိုကောင်းစေချင်လို့ မဟုတ်ဘူး။ ခင်ဗျားတို့ ဟာ တိုင်းပြည်အတွက်လည်း ဘာမှ လုပ်ပေးခဲ့တဲ့လူတွေ အနစ်နာခံခဲ့တဲ့ သူတွေ မဟုတ်ဘူး။ ဒါ ခင်ဗျားတို့ အသိဆုံးပါဗျာ။ နိုင်ငံရေးဆိုတာ ‘ကြက်ဥအရောင် တိမ်တောင်သဖွယ်ပါ’။ မနာလို ၀န်တိုမှုကို အခြေခံပြီး ဥာဏ်တထွာတမိုက်နဲ့  ဆိုရင်တော့ ၊ လဒ လောက်တော့ ငှက်တိုင်းလှပါတယ်ဗျာ။ ခင်ဗျား လောက်တော့ တွေးနိုင် သုံးသပ်နိုင်တဲ့ လူတွေ အများကြီးရှိပါတယ်။ ကိုယ့်ကိုယ်ကို သိပ်ဘ၀င်မမြင့်ပါနဲ့ ။ ပြည်သူတွေ ဒေါ်စုကို မျက်စိမှိတ်ထောက်ခံနေတာမဟုတ်ဘူး။ သူ့ လုပ်ရပ်တွေကို ထောက်ခံနေတာသာ ဖြစ်တယ်ဆို တာ ခင်ဗျား သိထားပါ။

    Posted by မောင်ကောင်း | 20/09/2011, 06:03
  15. I regret using what some consider offensive usages in my comment regarding Daw Suu’s appearance at a soccer match. Some readers made known to me their displeasure about these usages, and I accept some of these usages are indeed inappropriate in describing her recent public engagements. Apart from these usages, my opinion about her visit to the soccer match which I tried to express in the article remains unaltered.

    watote

    Posted by Watote | 22/09/2011, 10:58
  16. “ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်၊ တရုတ်ကို ဆဲတယ်၊ ခြေလေးချောင်း ကောင်းတယ် ခြေနှစ်ချောင်း မကောင်းဘူး၊ အမေရိကန် ဘာလုပ်လုပ် ကောင်းတယ်၊ တရုတ် ဘာလုပ်လုပ် မကောင်းဘူးလို့ လှေနံဓားထစ် မှတ်ပြီး အမေစု၊ အမေစုနဲ့ အော်နေရရင်ကို ကိုယ့်နိုင်ငံရေး တာဝန်ကျေပြီလို့ ခံယူထားသူတွေ အများကြီးပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြည်သူလူထုကို သူ ဘာလုပ်လုပ် သူ့ကို ထောက်ခံမယ့် ပရိသတ် အဖြစ်သာ အလိုရှိတယ် ဆိုရင်တော့ သူနဲ့ ထိုက်တန်တဲ့ ပြည်သူလူထုကိုပဲ ရမှာဘဲ။ ”
    I totally accept you.
    I saw some readers misunderstand you.
    BINO

    Posted by BINO | 20/11/2011, 16:33

Leave a comment

Blog Stats

  • 98,187 hits