//
you're reading...
Philosophy

Karl Marx နဲ့ ဘာသာရေးမှိုင်း

ဘာသာရေးဆိုတာ ဖိနှိပ်ခံနေရတဲ့ လူထုက ဖိနှိပ်ထားသူတွေကို မတော်လှန်ရဲအောင် မှိုင်းတိုက်ဖို့ ဖိနှိပ်သူ လူတန်းစားက ဘုန်းကြီးတွေနဲ့ ပေါင်းပြီး ထွင်ထားတဲ့အရာတဲ့။ ဒီစကားဟာ ကွန်မြူနစ်တွေဆီက လာတာ၊ ဒီလိုပြောတဲ့အတွက် ကွန်မြူနစ်တွေဟာ ဓမန္တရယ်ဆိုပြီး ကွန်မြူနစ် ဆန့်ကျင်ရေး အပေါစား ၀ါဒဖြန့်မှုတွေမှာ တွေ့ရလေ့ရှိတယ်။

တကယ်တော့ ခုစာပိုဒ်က ပထမဆုံး ၀ါကျဟာ ကွန်မြူနစ် ပရောဟိတ် အဖြစ် သတ်မှတ်ကြတဲ့ Karl Marx ရဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး ရေးခဲ့တဲ့ It (religion) is the opium of the people ဆိုတဲ့ ၀ါကျနဲ့ ဒီဝါကျပါတဲ့စာပိုဒ်ကို တလွဲနားလည်ပြီး ထွက်လာတဲ့ အဓိပ္ပါယ် ကောက်ယူမှုလို့ ကျနော်ယူဆတယ်။ Karl Marx ရေးခဲ့တဲ့ စာတွေထဲမှာ ဒီဘာသာရေးနဲ့ ပတ်သက်တဲ့ စာပိုဒ်ဟာ အဓိပ္ပါယ်ကောက် အလွဲဆုံး စာပိုဒ်ဖြစ်ဖွယ်ရှိတယ်။ ဒီတော့ ခုရေးမဲ့စာမှာ အဓိပ္ပါယ်ကောက် လွဲစေတဲ့ ဖြစ်နိုင်ချေတွေကို လေ့လာကြည့်ပီး ဒီစာပိုဒ်ကို ကျနော် interpret လုပ်ပုံကို ပြောပြချင်တယ်။

ဒီစာရေးဖို့ စေ့စော်မှုက မနေ့က ဂါဒီးယန် သတင်းစာမှာ ဘာသာရေး ကိုးကွယ် ယုံကြည်မှုနဲ့ ပတ်သက်ပြီး စတီဖင်ဟော့ကင်းရဲ့ အပြောကို တွေ့တာကနေလာတယ်။ ဂါးဒီးယန်းခေါင်းမှာပါတဲ့ ဟော့ကင်းရဲ့ အပြောကThere’s no Heaven. It’s a fairy story. တဲ့။ ဒီဆောင်းပါးဖတ်ချင်သူများအတွက်လင့်က ဒီမှာပါ။ http://www.guardian.co.uk/science/2011/may/15/stephen-hawking-interview-there-is-no-heaven?INTCMP=SRCH ဟော့ကင်းက ကောင်းကင်ဘုံတို့၊ နောက်ဘ၀တို့ကို ယုံကြည်တယ်ဆိုတာ သေခြင်းတရားကိုကြောက်တဲ့လူတွေအတွက် ယုံတမ်းပုံပြင်သက်သက်လို့ ဆိုတယ်။ သူပြောတာ မှန်ချင်လည်း မှန်နိုင်ပါတယ်။ တကယ်တော့ လူတွေဟာ သေခြင်းတရားကို စိုးရွံ့ မှုတခုသက်သက်နဲ့ နောက်ဘ၀ကို ယုံကြည်တာမျိုးတော့ မဟုတ်တန်ဖူး။ မတရားမှုလို့ မြင်ကြတဲ့အရာက တရားမှုလို့  မြင်ကြတဲ့အရာကို အနိုင်ယူသွားတာကို အဖြစ်မခံနိုင်တဲ့ ဗီဇစိတ်ကလည်း တဘ၀မက ရှိတယ်ဆိုတဲ့ ယုံကြည်မှုကို ဖြစ်စေတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘလော့တပုဒ် ရေးဖူးတယ်။ ခုတော့ အဲဒိစာ ဘယ်နားနေမှန်းမမှတ်မိတော့ဘူး။ ဥပမာ ခုဘ၀မှာ တချို့ လူတွေ မကောင်းတာမှန်သမျှ အကုန်လုပ်တယ်၊ ဒါပေမယ့် ဒီဘ၀မှာ မကောင်းကျိုးခံမသွားရဘူး။ အများအမြင်မှာ ဒီလူတွေဟာ ချမ်းချမ်းသာသာနဲ့  သေသွားကြတယ်။ ဗမာပြည်က စစ်အုပ်စုကိုကြည့်ပေါ့။ တဘက်မှာ တရားသဖြင့် ကျင့်ကြံ နေထိုင်လို့လည်း တသက်လုံး ချမ်းချမ်းသာသာ နေမသွားရသူတွေ ရှိတယ်။ ဒီတော့ တရားတဲ့အတိုင်း ဖြစ်စေချင်တဲ့ လူ့ဗီဇစိတ်က ဒါမျိုးကို သီးမခံနိုင်ဘူး၊ (စကားမစပ် အဲဒိသီးမခံနိုင်သူတွေထဲမှာ ပို့စမော်ဒန် ချီးထုပ်တွေ မပါဘူး။) ဒီတော့ ဇာတ်လမ်းက  ဒီတဘ၀နဲ့ မပြတ်ဖူးဆိုတဲ့ ယုံကြည်မှုက မှန်မမှန် ဘယ်လိုမှ မသိနိုင်ရင်တောင် လူကြိုက်များတဲ့ ယုံကြည်မှုဖြစ်လာဖို့က မခက်ဖူး။ အကောင်းဆုံး ဥပမာအဖြစ် ပန်းပဲ မောင်တင့်တယ် ပုံပြင်ကိုသာကြည့်ပေရော့။ မတရား အလုပ်ခံရပြီး သေသွားသူကို အနည်းဆုံး နတ် ရာထူးတော့ ပေးဖြစ်အောင်ပေးပြီး ကိုးကွယ်ကြသေးတယ်။

ဘာသာရေး ကိုးကွယ်ယုံကြည်မှုရဲ့ အခြေခံအကျဆုံး အချက်ဟာ ခုပြောခဲ့တဲ့ လူက သူ့ရဲ့  စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ဖန်တီးလိုက်တဲ့အရာသက်သက်လို့ Karl Marx က ယုံကြည်တယ်။ ၀ိပ(သကြီး)နာဆရာကြီး ဂိုအင်ကာလည်း အလားတူ ပြောခဲ့တာပဲ။ တနည်းအားဖြင့် Karl Marx ရဲ့ ဘာသာရေးဟာ လူတွေရဲ့ ဘိန်းဆိုတဲ့ ၀ါကျဟာ ဘာသာရေးနဲ့ ပတ်သက်တဲ့ အခြေခံအကျဆုံးအချက်ကို ပြောတဲ့စကားပဲ။ ကိုင်း အသေးစိတ် ဆက်ကြည့်ရအောင်လား ဗျာတို့ရေ ..

ရှေ့ မဆက်ခင်မှာ Karl Marx ရဲ့ opium ၀ါကျကို ကျနော် အဓိပ္ပါယ်ကောက်ထားပုံကို ချရေးထားချင်တယ်။ ဒါကို နောက်မှာ မကြာခဏ ကိုးကားမှာဆိုတော့ သူ့ကို WI (Watote’s interpretation) လို့ ခဏ နံမယ်ပေးထားမယ်။

WI: ဘာသာရေးဟာ လူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ အရာဖြစ်တယ်။

အရင်ဆုံးopium ၀ါကျကို အပြည့်အစုံ ဖတ်ကြည့်ရအောင်။ ဒီစာပိုဒ်က Marx ရဲ့  Introduction to A Contribution to the Critique of Hegel’s Philosophy of Right မှာပါတယ်။

Religious suffering (တချို့ ကလည်း suffering အစား distress လို့ ဘာသာပြန်ကြတယ်) is at the same time the expression of real suffering and the protest against real suffering. Religion is the sigh of the oppressed creature, the heart of a heartless world, just as it is the spirit of a spirit-less condition (တချို့ ကလည်း spirit ကို soul, soul-less situation လို့ ဘာသာပြန်ကြတယ်). It is the opium of the people.

The abolition of religion as the illusory happiness of the people is required for their real happiness. The demand to give up the illusions about its conditions is the demand to give up a condition which needs illusions. The criticism of religion is therefore in embryo the criticism of the vale of woe, the halo of which is religion.

ဂျူးပရိသတ်၊ လွန်းထားထားပရိသတ်၊ သစ္စာနီပရိသတ်၊ ဇော်ဇော်အောင်ပရိသတ်၊ တာရာမင်းဝေပရိသတ်များ ဆက်ဖတ်လည်း အကျိုးများမှာမဟုတ်လို့ ဒီကနေ လှည့်ပြန်ရင် ကောင်းမယ်လို့ အကြံ ပေးချင်တယ်။

ပထမဆုံးဝါကျကိုကြည့်။religious suffering ဟာ real suffering ကို ထုတ်ဖော် ပြသချက်လို့ Marx ကပြောတယ်။ ဆိုတော့ ဒီဝါကျကို ဘယ်လိုနားလည်လဲ။ (စကားမစပ် ဖီလော်ဆော်ဖီသင်တယ်ဆိုတာ တနည်းအားဖြင့် စာဖတ်နည်း၊ စာရေးနည်းသင်တာပဲ။ ၀ါကျတခုကို interpret လုပ်နည်းတွေကို သင်တာပဲ။ ဒီတော့ ခုလုပ်နေတာ ဖီလော်ဆော်ဖီ အလုပ်ပေါ့။) အရင်ဆုံး x is the expression of y ဆိုတဲ့ ၀ါကျကို ဘယ်လို အဓိပ္ပါယ် ကောက်မလဲ။ အရင်ဆုံး ပြောနိုင်တာက x နဲ့ y နဲ့က တခုနဲ့ တခု မတူဘူး။ တူနေရင် x is the expression of x ဆိုတဲ့ဝါကျက ငပေါဝါကျဖြစ်မှာပဲ။ tautology သက်သက်ဖြစ်မှာဘဲ။

ဒီတော့real suffering ဆိုတာ ရှိတယ်ပေါ့။ အဲဒိ real suffering က ဘာလဲဆိုတာကိုတော့ ဒီဝါကျမှာ မတွေ့ရဘူး။ ဒါပေမယ့် အဲဒိ တကဲ့ဒုက္ခကို ဖော်ထုတ်ပြသတဲ့အရာဟာ ဘာသာရေးတဲ့။ နောက်ပီး religious suffering ဟာ expression ထုတ်ဖော်ပြသမှုလည်း ဟုတ်တယ်၊ တကဲ့ ဒုက္ခ real suffering ကို လက်မခံတဲ့ တွန်းလှန်မှု protest လည်း ဖြစ်တယ်တဲ့။ ဒီမှာတင် WI ရဲ့ ဆိုလိုရင်းက ရေးတေးတေး ပေါ်လာနေပြီလို့ ထင်တယ်။ ဆက်ဖတ်ကြည့်။

ဘာသာရေးဟာ ဖိနှိပ်ခံ သတ္တ၀ါရဲ့ ပင့်သက်ရှိုက်မှု၊ နှလုံးသား မရှိတဲ့ ကမ္ဘာရဲ့  နှလုံးသား၊ (လူ)စိတ်ပျောက်နေတဲ့ အခြေအနေတခုရဲ့ (လူ)စိတ် ဖြစ်တယ်။ ဘာသာရေးဟာ လူတွေရဲ့  မှိုင်းဖြစ်တယ်တဲ့။ တနည်းအားဖြင့် ဘာသာရေးဟာ x in an x-less world, x-less condition လို့ Karl Marx ကပြောတာဖြစ်တယ်။ x in an x-less world, x-less condition ဆိုတဲ့ ၀ါကျကို ခဏ အရင်ကြည့်။ ပြောချင်တာက  x မရှိတဲ့ လောက၊ အခြေအနေက x ဆိုတဲ့ အပြောကို နည်းနည်းလေး အတွေးဆန့်ကြည့်။ သဲကန္တရထဲမှာ ဘာမရှိဘူးလဲ။ သဲကန္တရဆိုတာ ပူပြင်းခြောက်သွေ့တဲ့ နေရာကိုပြောတာမလား။ ဒီတော့ ပူပြင်းခြောက်သွေ့တဲ့ နေရာမှာ မရှိတာက အေးမြမှုပေါ့။ သဲကန္တရမှာ အေးမြမှုဆိုတာ ရှိနေရင် သဲကန္တရဆိုတဲ့ ဝေါဟာရက အဓိပ္ပါယ် မရှိတော့ဘူး။ ဟုတ်တယ်မလား။ ဒုက္ခတောထဲမှာ ဘာမရှိဘူးလဲ။ ချမ်းသာပျော်ရွှင်မှု မရှိလို့ ဒုက္ခတောလို့ ခေါ်တာပေါ့။ ဒီတော့ religion is an x in an x-less world, condition ဆိုတာကို အဓိပ္ပါယ် ပြန်ရရင် ဘာသာရေးဟာ ဒုက္ခတောထဲက ချမ်းသာ ပျော်ရွှင်မှုပေါ့။ ဘယ်နှယ့်လဲ..အကြင်နာတရား ကင်းမဲ့တဲ့ ကမ္ဘာ၊ လောက၊ အခြေအနေရဲ့  အကြင်နာတရား၊ ခိုကိုးရာမဲ့တဲ့ ကမ္ဘာ၊ အခြေအနေရဲ့ ခိုကိုးရာ လို့ပြောချင်တယ်။ မရှိတာကို အရှိလုပ်ထားတာ။ တနည်းအားဖြင့် ဘာသာရေးဟာ လူကဖန်းတီးထားတာလို့ သူက ပြောချင်တာ ဖြစ်တယ်။ (ဖေတော့ မောင်တော့ သီချင်းရေးဆရာတွေ၊ ပို့စမော်ဒန်ကဗျာဆရာ ချီးထုပ်တွေ ဒီဝါကျတွေကို တလွဲ သုံးမပစ်ပါစေနဲ့လို့ မျှော်လင့် ပါတယ်။) ဒီမှာတင် Marx ရဲ့ opium ၀ါကျဟာ  ဘာသာရေး ဆိုတာ လူထုကို မှိုင်းတိုက်ဖို့ ဖိနှိပ်သူ လူတန်းစားက ဖန်တီးထားတဲ့အရာအဖြစ် အဓိပ္ပါယ် ကောက်ကျတာ ရေလိုက် လွဲနေတယ်ဆိုတာ ထင်ရှားလာနေပြီ။ လူဟာ ဘာသာရေးနဲ့ ကိုယ်ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို ဖြေသိမ့်တယ်၊ ဘာသာရေးကို အားကိုးမှုတခု အဖြစ်မြင်တယ်လို့ Karl Marx က ဆိုလို ချင်တာသာ ဖြစ်တယ်။ (စကားမစပ် ဒီအဓိပ္ပါယ် ဖွင့်ဆိုချက်အရ ဆိုရင် အတ္တဟိ အတ္တနောနာထော သမားတွေကို ဘာသာတခုကို ကိုးကွယ်ယုံကြည်သူလို့ ပြောလို့ ရမယ်မထင်။ မိမိကိုယ်သာ ကိုးကွယ်သူတွေမဟုတ်လား။)

ဒုတိယ စာပိုဒ်ကို ဆက်ရအောင်။ တကဲ့ ပျော်ရွှင်မှု happiness အတွက် ဘာသာရေးကို illusory happiness အဖြစ်မြင်နေမှုကို ဖျက်ပစ်ရမယ်တဲ့။ စာကိုသေချာဖတ်နော်၊ ဘာသာရေးကို ဖျက်ပစ်ခိုင်းတာထက် ဘာသာရေးကို တကဲ့ ပျော်ရွှင်မှုအဖြစ် မြင်နေတဲ့၊ တနည်း illusory happiness ကို ဖျက်ဖို့ လိုတယ်လို့ ပြောတာသာ ဖြစ်တယ်။ သူ့အခြေအနေပေါ် တလွဲထင်နေမှုတွေ illusions about its conditions ကို စွန့်လွှတ်ဖို့ တောင်းဆိုတာဟာ illusions ကို လိုအပ်နေတဲ့ အခြေအနေကို စွန့်လွှတ်ဖို့ တောင်းဆိုမှု ဖြစ်တယ်တဲ့။ ဒီဝါကျရော၊ သူ့နောက်က၀ါကျရော နှစ်ခုစလုံးကို ဖတ်ရတာအခါ Karl Marx ရဲ့ နက်နက်နဲနဲ တွေးခေါ်နိုင်စွမ်းကို လက်ဖျား ခါမိတယ်။

တလွဲထင်မှု illusion နဲ့  တလွဲထင်မှုကို လိုအပ်တဲ့ အခြေအနေ condition ကို Marx က ခွဲခြားပြီးပြောတယ်။ တခုက တလွဲထင်မှု၊ နောက်တခုက တလွဲထင်မှုကို လိုအပ်တဲ့ အခြေအနေ ဖြစ်တယ်။ ဒါပေမယ့် အဲဒိ illusion ကို စွန့်လွှတ်ဖို့ တောင်းဆိုမှုဟာ အဲဒိ illusion ကိုလိုအပ်တဲ့ အခြေအနေကို စွန့်လွှတ်ဖို့ တောင်းဆိုမှုလည်း ဖြစ်တယ်တဲ့။

ဒီဝါကျနဲ့ နောက်ဆုံးဝါကျနှစ်ခုကို ဆက်စပ်ပြီး အဓိပ္ပါယ်ကောက်ရရင် ဖိနှိပ်ခံနေရတဲ့ အခြေအနေက လူတွေဟာ ကိုယ့်ဒုက္ခတွေကနေ ချမ်းသာ ပျော်ရျွှင်မှု ရှာရာမှာ (Marx ကတော့ vale of woe ဆိုတဲ့ စကားစုကို သုံးတယ်) ဘာသာရေးကို ခိုကိုးရာအဖြစ် သတ်မှတ်ဆည်းကပ်ပြီး ဖြေသိမ့်မှု ရှာကြတယ်။ ဒါကို Marx က illusory happiness လို့ ယူဆတယ်၊ တကဲ့ happiness အဖြစ် မယူဆဘူး။ ဒီတော့ တကဲ့ happiness အတွက် တလွဲ ယုံကြည်နေတဲ့ illusion ကို ဖျက်ခိုင်းမဲ့အစား၊ အဲဒိ illusion ကို ဖြစ်စေတဲ့ အခြေအနေတွေကို ဖျက်ပစ်ရမှာလို့ ပြောချင်တာ ဖြစ်တယ်။ (ကြည့်စမ်း ဒိထက်insightful ဖြစ်တဲ့ အရေးအသား ဘယ်မှာ တွေ့နိုင်မလဲ။) တနည်းအားဖြင့် ခုမြင်ခဲ့ရတဲ့အတိုင်းဆိုရင် Marx ဟာ ဘာသာရေးကို ကွန်မြူနစ် ဆန့်ကျင်ရေးသမားတွေ ၀ါဒဖြန့်သလို လူထိုကို တိုက်တဲ့ မှိုင်းသက်သက် အဖြစ်မြင်တာ မဟုတ်တော့ဘဲ လူတွေရဲ့ ကိုးကွယ်ယုံကြည်မှု အရင်းခံကို ခြေရာကောက်ခဲ့တာသာ ဖြစ်တယ်။ ဘာသာရေးတွေကို စာနာတဲ့ အမြင်မျိုးတောင် ရှိတယ်လို့ ပြောနိုင်မယ် ထင်တယ်။

ကိုင်း အပေါ်မှာ တကြောင်းချင်း အဓိပ္ပါယ်ပြန်ခဲ့တာတွေကို ခု ချောအောင် ပြန်ရေးကြည့်မယ်။ လူတွေဟာ ဘာသာရေးကိုလိုတယ်။ ဘာ့ကြောင့်လဲဆိုတော့ vale of woe ဒုက္ခတွေဖုံးနေတဲ့ လောကမှာ နေနေရလို့တဲ့။ ဒီဒုက္ခတွေကနေ ကိုယ့်ကိုကိုယ် ဖြေသိမ့်ဖို့ လူတွေဟာ ကိုးကွယ်ယုံကြည်မှုကို ဖန်တီးတယ်။ ကိုးကွယ်ယုံကြည်မှုဟာ လူသားတွေရဲ့ ပင့်သက်ရှိုက်မှုပဲ။ ကိုးကွယ်ယုံကြည်မှုက လူသားအတွက် သူရောက်နေတဲ့ ဒုက္ခကမ္ဘာထဲက အိုအေစစ်ပဲ (မလိုအပ်ဘဲ ကဗျာဆန်မိတာ ခွင့်လွှတ်ပါလေ) ဒါပေမယ့် ဒီအိုအေစစ်ဟာ အစစ်အမှန်မဟုတ်ဖူး။ အတုအယောင် illusion သာ ဖြစ်တယ်။ ဒီ တလွဲထင်နေတဲ့လူသားကို သွားပီး မင်းကိုးကွယ်ယုံကြည်နေတာကတော့ အစစ်အမှန် မဟုတ်ဖူးလို့ သွားမပြောနဲ့။ အဲ့သလို ပြောမယ့်အစား အတုအယောင်ကို အစစ်အမှန် ထင်နေစေတဲ့ အခြေအနေတွေကိုသာ ဖျက်ဆီးပစ်ပေးချေ။ အဲဒိအခါမှာ လူသားဟာ အစစ်အမှန်သဘောကို မြင်လာလိမ့်မယ်လို့ Karl Marx က ဆိုလိုတာ ဖြစ်တယ်။ ဒီ interpretation ကို ထောက်ခံနေတဲ့ Marx ရဲ့ နောက် ရေးသားချက်တခုကို ထပ်ပြချင်တယ်။ Marx က သူနဲ့ ခေတ်ပြိုင် ဂျာမန် ဖီလော်ဆော်ဖာ Arnold Ruge (http://en.wikipedia.org/wiki/Arnold_Ruge) ဆီပေးတဲ့ စာမှာ ဘယ်လိုရေးလဲဆိုတော့

We do not then set ourselves opposite the world with a doctrinaire principle, saying: ‘Here’s the truth, kneel down here!’ … We do not say to her, ‘Stop your battles, they are stupid stuff. We want to preach the true slogans of battle at you.’

The reform of consciousness consists solely in letting the world perceive its own consciousness by awaking it from dreaming about itself, in explaining to it its own actions.

တွေ့လား။ လူတွေကို မင်းတို့ ယုံနေတာတွေဟာ အလကားဟာတွေ၊ အရည်မရ အဖတ်မရတွေလို့ မပြောနဲ့။ လူတွေကို ငါတို့ ပေးချင်တဲ့ တိုက်ပွဲရဲ့ ကြွေးကြော်သံက consciousness အသိအမြင်ကို ပြင်ဖို့ (ပြောချင်တာက လူတွေရဲ့ အတွေးမှား အမြင်မှားတွေကို) ပြောတာမဟုတ်ဖူး။ အဲဒိ အတွေးမှား အမြင်မှားတွေကို မြင်နေတယ် ဆိုတာ သူတို့ဘာသာ သဘောပေါက်လာပစေ၊ အဲ့သလို သဘော ပေါက်လာစေဖို့ စိတ်ကူးယဉ် အိပ်မက်မက်နေတာကနေ သူတို့ကို လှုပ်နှိုးရမှာသာ ဖြစ်တယ်လို့ Marx ကပြောတာ။

လက်တွေ့အခြေအနေနဲ့ ဥပမာပေးကြည့်ရင် နိုင်ငံတကာဖိအား၊ နောက် ခလေးချီပြ ဖဲကြိုးဖြတ်ပြရုံ၊ ကျားကို သက်သတ်လွတ်စားဖို့ မေတ္တာရပ်ခံနေရုံနဲ့ တွေ့ဆုံဆွေးနွေး မှု ဖြစ်လာမယ်လို့ ယုံကြည်နေတာဟာ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်တယ်ဆိုတာ သူတို့ကိုယ်တိုင်မြင်လာအောင် သူတို့ မိန်းမောနေမှုကနေ လှုပ်နှိုးချေလို့ ပြောရမလားဘဲ။ မင်ဒဲလားတို့ တောင်အာဖရိက လူဖြူအစိုးရကို တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းခေါ် လာနိုင်တာ ဘာ့ကြောင့်လဲ ပြန်ကြည့်ပေါ့။

ပြန်ဆက်ရရင် Karl Marx အတွက်က ဘာသာရေး၊ ကိုးကွယ် ယုံကြည်မှုဟာ လက်ရှိထက် ကောင်းမွန်တဲ့ အခြေအနေတခုကို စိတ်ကူးယဉ် အိပ်မက်မှု သက်သက်ပဲ။ ဒါပေမယ့် အဲဒိအတွက် ဘာသာရေးကို ဖျက်ခိုင်းတာထက် စိတ်ကူးယဉ်မှုကို ဖြစ်စေတဲ့ ရုပ်အခြေခံ အကြောင်းအရင်းတွေကို မြင်အောင်ပြ၊ အဲဒိအခါမှာ လူသားဟာ ဘာသာရေး စိတ်ကူးယဉ်နေမှုကနေ ရုန်းထွက်နိုင်လိမ့်မယ်လို့ Karl Marx က ဆိုလိုတာဖြစ်တယ်။

ဘာသာရေးဟာ လွတ်မြောက်မှုကို ရှာနေတဲ့ လူသားအတွက် (လိုအပ်ချက်) လူသားရဲ့  တောင်းဆိုချက်ဖြစ်တယ်၊ တချိန်ထဲမှာ အဲဒိလွတ်မြောက်မှုအတွက် အဟန့်အတားလည်း ဖြစ်တယ်လို့ ဆိုလိုတာ ဖြစ်တယ်။ ဒါကို တချို့ Marxist တွေက dialectical language လို့လည်း ပြောကြတယ်။ ကျနော်ကတော့ Marx နဲ့ သူ့ဆရာ ဟေဂယ်ရဲ့ dialectic ကို အဲ့သလို အဓိပ္ပါယ် မကောက်မိဘူး။ နောင်တချိန်မှ အကြောင်းတိုက်ဆိုင်ရင် ဆက်ရေးပါအုံးမယ်။

ဒီလောက်ဆို It is the opium of the people ဆိုတဲ့ဝါကျကို ကွန်မြူနစ် ဆန့်ကျင်ရေး သမားတွေ အပေါစား ၀ါဒဖြန့်သလို ဘာသာရေးဟာ ဖိနှိပ်ခံရသူတွေ သူတို့ကို ဖိနှိပ်နေသူတွေကို မလှန်ရဲအောင် မှိုင်းတိုက်ဖို့ ဖိနှိပ်သူ လူတန်းစားက ဖန်တီးထားတဲ့ အရာလို့ အဓိပ္ပါယ်ကောက်တာ မှားနေတယ်ဆိုတာ ရှင်းလောက်မယ်ထင်ပါတယ်။

ဝတုတ်

Discussion

One thought on “Karl Marx နဲ့ ဘာသာရေးမှိုင်း

  1. Many of these ideas agrees with mine. It gives more food for thought for me too. Thanks.. By the way are you an irreligionist?? or rather a freethinker??
    I quote some statements and posted on my wall.

    Posted by Kyaw Zwar Lynn | 22/11/2011, 17:15

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,680 hits
%d bloggers like this: