//
you're reading...
Burma, Economy, Politics

ဗမာပြည်ဟာ IMF ပြောတာ နားမထောင်သင့်ဘူး။ ဘာ့ကြောင့်လဲ။

ဝန်ခံချက်။ တိုင်းပြည်ပွင့်လာရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတာ အကောင်းအဆိုး၊ နှစ်ဘက်မျှသိနိုင်ဖို့ နိုင်ငံခြားရေးရာပေါ်လစီ မဂ္ဂဇင်းမှာပါတဲ့ ရစ်ရောင်ဒန်ရဲ့ ဆောင်းပါးကို ဘာသာပြန်ပြီးတင်လိုက်ပါတယ်။ ဘာသာပြန်သင့်လို့ ပြန်တာဖြစ်ပေမယယ့် ဘောဂဗေဒနဲ့ပတ်သက်တဲ့ အသုံးအနှုန်း၊ အယူအဆတွေကို မကျွမ်းကျင်လို့ စာမချောရင်၊ အမြင်မတော်တာတွေ့ရင် ကော်မန့်ထားခဲ့လိုက်ပါ။

(ရစ်ရောင်ဒန်ဟာ အရင်က ဂျီနီဗာ ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာကွန်ဖရင့် UNCTAD မှာ ဒေသတွင်းအကြံပေး နဲ့ Action Aid ဆိုတဲ့ အန်ဂျီအိုမှာ အကြီးတန်းပေါ်လစီသုံးသပ်လေ့လာသူအဖြစ် လုပ်ခဲ့တယ်။ အခုတော့ နယူးဒေလီက ဂျာဝါဟာလာနေရူးတက္ကသိုလ်မှာ ဘောဂဗေဒပါရဂူကျောင်းသား။)

ဗမာပြည်က ခေါင်းဆောင်တွေဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို တကယ်နလံပြန်ထူစေချင်တယ်ဆိုရင် ဝါရှင်တန်သဘောတူညီမှုဆိုတာကို မျက်ကွယ်ပြုသင့်တယ်။

ဗမာပြည်ဟာ လမ်းဆုံလမ်းခွမှာ ရောက်နေတယ်။ ဇာတ်ဆန်ပြီး (အထိအပါးမခံနိုင်တဲ့) နိုင်ငံရေးလုပ်ကွက်တွေ ပေါ်လာတာကို လူတွေကအာရုံစိုက်ကြတယ်။ တချိန်တည်းမှာ ခေါင်းဆောင်တွေဟာ နိုင်ငံ့စီးပွားရေး အနာဂတ်အတွက်  ဆုံးဖြတ်ချက်တွေကို ရှင်းရှင်းလင်းလင်းချရတော့မယ်။ စီးပွားရေးဟာ ဆယ်စုနှစ်ပေါင်းများစွာ အထီးကျန်ဖြစ်ခဲ့လေတာ့ ဗမာ့စီးပွားရေးကို ပြုပြင်ပြောင်းလဲရေး ကောင်းကောင်း လုပ်ရမယ်။ ဖွံ့ဖြိုးမှုကို ဉီးစားပေးတဲ့ ပြုပြင်ပြောင်းလဲရေးပေါ့။ ဗမာအစိုးရဟာ လာမယ့်လတွေမှာ ဘယ်လိုပြုပြင် ပြောင်းလဲရေးလုပ်မလဲဆိုတဲ့အပေါ် မူတည်ပြီး နောက်နှစ်ပေါင်း၃၀မှာ ဗမာပြည်မှာ စက်မှုဖွံ့ဖြိုးတဲ့ တောင်ကိုရီးယားလို ဖြစ်လေမလား။ သဘာဝအရင်းအမြစ်ကျိန်စာသင့်တဲ့ နိုင်ဂျီးရီးယားလို ဖြစ်လေမလားဆိုတာ အဖြေပေါ်လိမ့်မယ်။

ပညာရှင်နယ်ပယ်နဲ့ ပေါ်လစီပိုင်းရဲ့ ဒီကနေ့ ဆွေးနွေးငြင်းခုံချက်တွေအရတော့ ဖွံ့ဖြိုးဆဲနိုင်ငံနိုင်ငံတခုဟာ ကမ္ဘာ့စီးပွားရေးနယ်ပယ်ထဲ ဝင်ဆန့်အောင် လုပ်နိုင်တဲ့ နည်းလမ်းနှစ်ခု ရှိတယ်။ တနည်းကတော့ နည်းမြန်။ ဒါကတော့ ကမ္ဘာ့ဘဏ်နဲ့ အိုင်အမ်အက်တို့က သဘောကျတဲ့၊ ဝါရှင်တန်သဘောတူညီမှုပေါ်လစီလို့လဲခေါ်တဲ့ လွတ်လပ်စွာကုန်သွယ်မှုနဲ့ လွတ်လပ်တဲ့စျေးကွက်နိယာမနည်း။ ဒုတိယနည်းကတော့ တဖြည်းဖြည်းသွားတဲ့ နည်း။ ပထမဆုံး ပြည်တွင်းကစက်မှုလုပ်ငန်းတွေနဲ့ ထုတ်ကုန်လုပ်ငန်းတွေကို ကုန်သွယ်ရေးနဲ့ဆိုင်တဲ့ အကာအကွယ်တွေပေးမယ်။ ထောက်ပံ့ကြေးပေးမယ်။ နည်းပညာဆိုင်ရာ အကူအညီတွေပေးမယ်။  ဒီလုပ်ငန်းတွေ တကမ္ဘာလုံးက ကုမ္ပဏီတွေနဲ့ ယှဉ်လာနိုင်တဲ့အထိပေါ့။  အာဆီယံလွတ်လပ်စွာကုန်သွယ်မှုစာချုပ် သဘောတူညီမှုထဲမှာပါတဲ့ ဗမာပြည်ရဲ့ ပါတနာ နိုင်ငံတွေရယ်၊ ကမ္ဘာ့ဘဏ်ရယ်၊ အိုင်အမ်အက်ဖ်ရယ်ကတော့ မြန်မြန်ဝင်ဆန့်တဲ့နည်း၊ နည်းမြန်ကို သုံးဖို့ ဗမာပြည်ကို အားပေးတိုက်တွန်းဖို့များတယ်။

နိုင်ငံရေးလုပ်ကွက်တွေပေါ်လာတာနဲ့အတူ (တနည်း နိုင်ငံရေးပွင့်လင်းလာခြင်း) တရုတ်နဲ့ ထိုင်းရင်းနှီးမြှပ်နှံသူတွေ ကြီးစိုးနေရာကနေ တခြားသူတွေပါ ဝင်လာပြီး ရင်းနှီးမြှပ်နှံနိုင်အောင်လို့ အစိုးရကဆောင်ရွက်နေတယ်။ အလှူရှင်အေဂျန်စီတွေဖြစ်တဲ့ အိုင်အမ်အက်ဖ်နဲ့ ကမ္ဘာ့ဘဏ်တို့အပြင် ဝါရှင်တန်သဘောတူညီမှုကို ဇောင်းပေးတဲ့ နည်းတွေကို တောက်လျှောက်ဝေဖန်လာခဲ့တဲ့ နိုဘယ်ဆုရှင် ဂျိုးဇက်စတစ်ဂလစ်တို့ကိုပါ ဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ပေါ်လစီတွေကို အကြံပေးဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဘယ်လမ်းလိုက်မလဲဆိုတာတော့ စောင့်ကြည့်ရအုံးမယ်။

အိုင်အမ်အက်ဖ်က ကိုယ်စားလှယ်အဖွဲ့တွေ ခဏခဏလွှတ်ပြီး ပြောင်းလဲမှုတွေလုပ်ဖို့ ပထမလိုအပ်ချက်တခုဖြစ်တဲ့ ငွေလဲနှုန်းအမျိုးမျိုးကို တခုတည်းလုပ်ရေးမှာ ကူညီပေးနေတယ်။ ဒါကိုတော့ ဘယ်သူမှ ကန့်ကွက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘဏ္ဍရေးပိုင်း၊ ငွေကြေးပိုင်း၊ ကုန်သွယ်မှုပိုင်းနဲ့ ရင်းနှီးမြှပ်နှံမှုပိုင်းတွေနဲ့ ပတ်သက်တဲ့ ပေါ်လစီတွေမှာတော့ ကမ္ဘာ့ဘဏ်နဲ့ အိုင်အမ်အက်ဖ်တို့ရဲ့ အကြံပေးမှုတွေကို နီးနီးကပ်ကပ်စောင့်ကြည့်သင့်တယ်။ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေဟာ တိုင်းပြည်စက်မှုကုန်ထုတ်လုပ်တဲ့နိုင်ငံဖြစ်ရေးမှာ နှောင့်နှေးစေနိုင်တယ်။

ငွေကြေးပေါ်လစီနဲ့ ပတ်သက်ရင် ငွေကြေးဖောင်းပွမှုမဖြစ်စေရေးကို အဓိကထားလုပ်ကိုင်မယ့် အမှီအခိုကင်းတဲ့ ဗဟိုဘဏ်ပေါ်ပေါက်လာရေးအတွက် အိုင်အမ်အက်ဖ်က အကြံပေးလိမ့်မယ်။ အခုစဉ်းစားလုပ်ကိုင်လာကြတဲ့ နည်းအသစ်တခုဖြစ်တဲ့၊ အလုပ်လဲဖြစ်တဲ့ ငွေလုံးငွေရင်းလည်ပတ်မှုကို ထိန်းချုပ်တဲ့ capital controls တို့လို နည်းမျိုး၊ ဗဟိုဘဏ်တွေကို အလုပ်အကိုင်ဖန်တီးရေးနဲ့ ဖွံ့ဖြိုးရေးတွေကို ဉီးတည်တဲ့ ကျယ်ပြန့်တဲ့ပေါ်လစီတွေကျင့်သုံးဖို့ အာမခံခိုင်းတဲ့နည်းမျိုးတွေကို အိုင်အမ်အက်ဖ်က အကြံပေးလိမ့်မယ်မထင်ဘူး။ သူ့ရဲ့သမားရိုးကျ ငွေကြေးဖောင်းပွမှုထိန်းချုပ်ရေးကို ဉီးစားပေးတဲ့ ပေါ်လစီကိုပဲ ကျင့်သုံးဖို့ပြောလိမ့်မယ်။ အဲဒီပေါ်လစီအလုပ်ဖြစ်ဖို့ အတိုးနှုန်းတွေတက်ရလိမ့်မယ်။ အဲဒီအခါမှာ ဖွံ့ဖြိုးရေးအတွက် လူထုငွေစုပြီးရင်းနှီးမြှပ်နှံတာ၊ ပြည်တွင်းကုမ္ပဏီတွေအတွက် အတိုးနှုန်းသက်သာတဲ့ ချေးငွေရှားလာတာမျိုး ဖြစ်လိမ့်မယ်။

ဘဏ္ဍာရေးဆိုင်ရာပေါ်လစီမှာတော့ အိုင်အမ်အက်ဖ်နဲ့ ကမ္ဘာ့ဘဏ်ဟာ ဗမာ့ကုမ္ပဏီတွေကို အများနဲ့ဆိုင်တဲ့ ဖွံ့ဖြိုးရေးဘဏ်တွေထက် နိုင်ငံတကာ ပုဂ္ဂလိကဘဏ်တွေကို အားထားဖို့ ပြောလိမ့်မယ်။ ဒီလိုနည်းနဲ့ ပြည်တွင်းကကုမ္ပဏီတွေ အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေအနား မသီနိုင်ဘဲ ဖြစ်နေကြလိမ့်မယ်။

လူမှုဝန်ထမ်းနဲ့ဆိုင်တဲ့ကိစ္စတွေအတွက် အသုံးစရိတ်တွေတိုးခဲ့ပေမယ့် ဘဏ္ဍာရေးလျှော့ချမှုနည်းနဲ့နာမည်ကြီးတဲ့ အိုင်အမ်အက်ဖ်ရဲ့နည်းတွေကြောင့် ဗမာအစိုးရဟာ တိုင်းပြည်အတွက် ရေရှည်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးရာမှာ အရေးကြီးတဲ့ ပို့ဆောင်ဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးစတဲ့ ရေရှည်ရင်းနှီးမြှပ်နှံမှုတွေ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်သူတွေက ဆိုကြတယ်။ ဥပမာတရပ်အနေနဲ့ ၂၀၀၈ တိုးတက်မှုနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ စပန့်ကောမရှင် သတိပေးတာကို ပြချင်တယ်။ ကော်မရှင်ပြောတာက အိုင်အမ်အက်ဖ်ဟာ အများပြည်သူအတွက် ရင်းနှီးမြှပ်နှံမှုတွေကို ရေတိုထိန်းညှိမှုလုပ်ရပ် short-term stabilization issue လို့ သဘောထားတယ်။  အဲဒီရင်းနှီးမြှပ်နှံမှုကို ရေရှည်အကျိုးရလာဒ်အနေနဲ့ မမြင်ဘူး။ ဝင်ငွေနိမ့်တဲ့တိုင်းပြည်တွေဟာ အဲဒီလို အများပြည်သူအတွက် ရင်းနှီးမြှပ်နှံမှုကို ရေတိုအတွက်သဘောထားပြီးပဲလုပ်နေရင် low-level equilibrium မှာပဲရှိနေရင် အရေးကြီးတဲ့ပညာရေးတို့ ကျန်းမာရေးတို့လို နေရာတွေမှာ မမြှပ်နှံတဲ့အတွက် အဲဒီနိုင်ငံတွေဟာ ဘယ်တော့မှာ တိုးတက်လာမှာမဟုတ်ဘူး။

ကုန်သွယ်ရေးနဲ့ဆိုင်တဲ့ ပေါ်လစီမှာကျတော့ ကမ္ဘာ့ဘဏ်နဲ့ အိုင်အမ်အက်ဖ်ဟာ ဗမာပြည်ရဲ့ အာဆီယံပါတနာတွေနဲ့ သဘောထား သွားတူနေတယ်။ ပြည်တွင်းလုပ်ငန်းတွေကို အကာအကွယ်ပေးထားတာတွေ မြန်မြန်ရုပ်ပစ်ဖို့ ပြောလိမ့်မယ်။ ပြည်တွင်းက လုပ်ငန်းလေးတွေ နိုင်ငံတကာမှာ ယှဉ်နိုင်တဲ့ အနေအထားရောက်အောင်တောင် မစောင့်ဘဲ သူတို့ကို ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အကာအကွယ်တွေ မြန်မြန်ရုပ်ပစ်ဖို့ ပြောလိမ့်မယ်။ ပြောတဲ့အတိုင်းမလုပ်ရင် ကုန်ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး ရှေ့လျှောက်ဖွံ့ဖြိုးအောင်လုပ်တဲ့နေရာမှာ ပိတ်ဆို့တားဆီးမှုတွေလုပ်ရလိမ့်မယ်လို့ ခြိမ်းခြောက်လိမ့်မယ်။  ဝါရှင်တန်သဘောတူညီမှုကို ယုံကြည်သူများကတော့ ဗမာအစိုးရလက်ရှိကျင့်သုံးနေပြီး သူများတွေထက် သာနေတဲ့ သဘာဝသယံဇာတတွေ ထုတ်လုပ်ရေး လုပ်ငန်းတွေကို ဆက်ပြီးဉီးစားပေးလုပ်ဖို့ ပြောလိမ့်မယ်။ ကုန်ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ သူများတွေထက်သာအောင် လုပ်ဖို့  ဉီးစားပေးတဲ့ ပေါ်လစီမျိုးကို အကြံပေးမှာ မဟုတ်ဘူး။

UNCTAD လို့ခေါ်တဲ့ အဖွဲ့ကတော့ ဝါရှင်တန်သဘောတူညီမှုကို ဝေဖန်တဲ့လူတွေဖြစ်တယ်။ သူတို့က ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ အများပြည်သူဆိုင်ရာလုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံမှုပြုရမယ်။ ကုန်ထုတ်လုပ်မှုဆိုင်ရာ ပေါ်လစီကောင်းကောင်းတွေကို ချမှတ်ကျင့်သုံးနိုင်တဲ့ အဖွဲ့အစည်းတွေရှိတဲ့၊ အင်အားရှိတဲ့၊ ဖွံ့ဖြိုးရေးအခြေခံတဲ့ တိုင်းပြည်ဖြစ်အောင်လုပ်ရမယ်လို့ဆိုတယ်။ ကုန်ထုတ်လုပ်မှုနဲ့ဆိုင်တဲ့ပေါ်လစီကိုဇောင်းပေးတဲ့လူတွေကို ဝေဖန်သူတွေကတော့ တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဲဒီပေါ်လစီတွေ စမ်းလုပ်ကြည့်ပြီး မအောင်မြင်တာတွေကို ဥပမာပေးကြတယ်။ သူတို့ဟာ မအောင်မြင်တာတွေကိုပဲ ထုတ်နုတ်ပြီး ဥပမာပေးလေ့ရှိကြတယ်။ အောင်မြင်တဲ့ ဥပမာတွေကိုတော့ မေ့ထားကြတယ်။ အမေရိကားမှာ၊ ဥရောပမှာ၊ အရှေ့အာရှနိုင်ငံတွေမှာ စက်မှုကုန်ထုတ်လုပ်မှုကို ဉီးစားပေးတဲ့ပေါ်လစီတွေကျင့်သုံးပြီး အောင်မြင်တာကို မေ့ထားကြတယ်။ အာဖရိကနဲ့ တခြားမှာ ဒီပေါ်လစီတွေ မအောင်မြင်တာကို ထောက်ပြကြတယ်။ UNCTAD ကတော့ စက်မှုကုန်ထုတ်လုပ်မှုနဲ့ပတ်သက်တဲ့ ပေါ်လစီတွေကို နိုင်ငံတွေက ဘယ်လို ကျင့်သုံးသလဲပေါ်မှာ မူတည်ပြီး အဲဒီပေါ်လစီအောင်မြင်သလား မအောင်မြင်ဘူးလားဆိုတာကို သမိုင်းမှာ အဆုံးအဖြတ်ပေးလိမ့်မယ်။ ကျင့်သုံးသင့်သလား မကျင့်သုံးသင့်ဘူးလားဆိုတာကို ငြင်းနေဖို့ မဟုတ်ဘူး။ ဘယ်လို ကျင့်သုံးကြမလဲဆိုတာကိုသာ ငြင်းကြရမှာ။

စတစ်ဂလစ်က တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေကို အကြံပေးတယ်။ အမေရိကားပြောတဲ့အတိုင်းမလုပ်နဲ့။ သူလုပ်သလိုလုပ်။ သူဆိုလိုတာက ဝါရှင်တန်သဘောတူညီမှုအုပ်စုနောက်လိုက်ပြီး ကမ္ဘာ့စီးပွားရေးမှာ ဝင်ဆန့်ဖို့ သူတို့ အကြံပေးတဲ့အတိုင်းလုပ်မယ့်အစား ချမ်းသာပြီးနိုင်ငံတွေလုပ်သလိုသာနောက်ကလိုက်လုပ်။ ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းတွေတိုးတက်အောင် အရင်လုပ်၊ နောက်မှ တဖြည်းဖြည်းဖွင့်ပေးတဲ့။

ဗမာပြည်ရဲ့ပြသနာက ချမ်းသာတဲ့နိုင်ငံတွေ သူတို့ စီးပွားရေးကို ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို အခြေခံတဲ့စီးပွားရေးအဖြစ် ပြောင်းလဲမှုတွေလုပ်တုန်းက အပြောင်းအလဲကာလရဲ့ အစောပိုင်းနေ့တွေမှာ အဲဒီနိုင်ငံတွေ ဘာတွေလုပ်ခဲ့ကြသလဲဆိုတာကို ဗမာပြည်က တက္ကသိုလ်တွေရဲ့  ဘောဂဗေဒဌာနတွေမှာ မသင်ပေးတော့တာပဲ။ နိုင်ငံတနိုင်ငံနဲ့တနိုင်ငံ ကွာခြားမှုလေးတွေ ရှိပါတယ်။ ဒါပေမယ့် သမိုင်းသင်ခန်းစာကတော့ စက်မှုနဲ့ဖွံ့ဖြိုးသွားတဲ့နိုင်ငံတိုင်းဟာ အစပိုင်းမှာ ပြည်တွင်းလုပ်ငန်းတွေကို အကြီးအကျယ်ကာကွယ်မှုတွေပေးခဲ့တယ်။  ထောက်ပံ့ကြေးတွေပေးခဲ့တယ်။ တချို့ဆို ဆယ်စုနှစ်နဲ့ချီပြီး ပေးတယ်။ နိုင်ငံခြားစျေးကွက်မှာ ကိုယ့်လုပ်ငန်းတွေ ယှဉ်နိုင်ပြီဆိုတော့မှ ဖွင့်ပေးလိုက်ကြတာ။ မယှဉ်နိုင်ခင် ဖွင့်ပေးကြတာမဟုတ်ဘူး။ ဗြိတိန်ကိုကြည့်၊ အမေရိကားကိုကြည့်၊ ဥရောပကိုကြည့်၊ ဂျပန်ကိုကြည့်၊ စင်္ကာပူကိုကြည့်၊ ဟောင်ကောင်ကိုကြည့်၊ တောင်ကိုရီးယားကိုကြည့်၊ တိုင်ဝမ်ကိုကြည့်၊ တရုတ်ကိုကြည့်၊ သူတို့တွေအားလုံး ကုန်သွယ်ရေးဆိုင်ရာ ကာကွယ်မှုတွေလုပ်ပေးဖို့ အစိုးရကို တာဝန်ပေးထားကြတယ်။ အများနဲ့ဆိုင်တဲ့ ဖွံ့ဖြိုးရေးဘဏ်ဒါမှမဟုတ် ဗဟိုဘဏ်ကိုတော့ အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေကာလရှည်ထုတ်ချေးဖို့၊ သုတေသနနဲ့ဖွံ့ဖြိုးရေး၊ အသစ်တီထွင်ရေးတွေအတွက် ပေါ်လစီတွေ ထုတ်ဖို့ တာဝန်ပေးထားတယ်။ ဒါတွေအားလုံးဟာ ဝါရှင်တန်သဘောတူညီချက်အဖွဲ့က ဒီနေ့ပြောနေတာတွေနဲ့ ဆန့်ကျင်ဘက်တွေချည်းပဲ။

တရုတ်က သတိပေးတယ်။ ပြည်တွင်းကကုန်ထုတ်လုပ်ငန်းတွေကို ကမ္ဘာ့စီးပွားရေးနဲ့ဆိုင်ပေးလိုက်ဖို့ ဗမာအစိုးရဘယ်လို ဆုံးဖြတ်မလဲဆိုတာ အရေးကြီးတယ်တဲ့။ ဘယ်အချိန်မှာ၊ ဘယ်အရှိန်နဲ့၊ ဘယ်လိုအကွက်ချပြီး ဆိုင်မလဲဆိုတာကို ပြောတာ။ ၂၀၁၅မှာ အသက်ဝင်လာမယ့် အာဆီယံလွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်ထဲမှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ ဗမာ၊ ကမ္ဘောဒီးယား၊ လာအိုတို့ဟာ တကယ်တော့ အဆင်သင့်မဖြစ်ကြသေးလို့ အများကစိတ်ပူကြတယ်။

အခုဗမာပြည်ကို လာနေတဲ့ ပြည်ပတိုက်ရိုက်ရင်းနှီးမြှပ်နှံသူတွေ FDI တွေဟာ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ရေအားလျှပ်စစ်ထုတ်ယူဖို့ စိတ်ဝင်စားသူတွေဖြစ်တယ်။ တခါ တိုင်းပြည်ရဲ့ အိန္ဒိယပင်လယ်နဲ့ထိနေတဲ့ ကမ်းရိုးတန်းတလျှောက်မှာ အိန္ဒိယနိုင်ငံနဲ့ ဆက်သွယ်နိုင်တဲ့ ဆိပ်ကမ်းဖွင့်ဖို့။ ဒီဆိပ်ကမ်းဟာ တရုတ်ရေကြောင်းပို့ဆောင်ရေးအတွက်လည်း အကျိုးရှိတယ်။ အမေရိကန်ချုပ်ကိုင်ထားတဲ့ အရှေ့တောင်အာရှက မလက္ကာရေလက်ကြားက ဖြတ်စရာမလိုဘဲ သွားနိုင်တော့မှာဖြစ်တယ်။ ဒါပေမယ့် ဘယ်တိုက်ရိုက်ရင်းနှီးမြှပ်နှံမှုပဲလာလာဆိုပြီး ဖွင့်ပစ်လိုက်မယ့်အစား ဗမာ့လုပ်သားတွေရဲ့ ကျွမ်းကျင်မှုကို လေ့ကျင့်ပေးနိုင်မယ့်၊ နည်းပညာရမယ့် ကုန်ထုတ်လုပ်မှုလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံမယ့်လူတွေကို ဆွဲဆောင်နိုင်မယ့် ကုန်ထုတ်လုပ်မှုပေါ်လစီကို သုံးရမယ်။ ဒါဟာ လောလောဆယ် စိန်ခေါ်မှုတရပ်ပဲ။ ဒီလုပ်သားတွေကို ကျွမ်းကျင်မှုနဲ့ နည်းပညာပေးနိုင်မှသာ ဖွံ့ဖြိုးမှုလှေကားမှာ တဆင့်ချင်းတက်သွားနိုင်မှာဖြစ်တယ်။ စီမံကိန်းထဲမှာ၊ စက်မှုဇုံထဲကလုပ်ငန်းတွေမှာ မပါတဲ့ တခြားပြည်တွင်းလုပ်ငန်းရှင်တွေအလုပ်ရမယ့် ရင်းနှီးမြှပ်နှံမှုတွေလဲ လိုအပ်တယ်။ ကမ္ဘာ့ဘဏ်နဲ့ အိုင်အမ်အက်ဖ်က ပုဂ္ဂလိကလုပ်ငန်းတွေလို့ လွယ်လွယ်ပြောနေကြပေမယ့် အစိုးရကတော့ ကိုယ့်ပြည်တွင်းထဲက အလတ်စားနဲ့အသေးစားလုပ်ငန်းတွေရဲ့ လိုအပ်ချက်နဲ့ အကျိုးစီးပွားဟာ ပြည်ပကရင်းနှီးမြှပ်နှံသူတွေရဲ့ အကျိုးစီးပွားနဲ့ ကွာတဲ့အတွက်ကြောင့် ပြည်တွင်းကလူတွေကို သူတို့လိုသလို ကူညီပေးရမယ်။

လက်ရှိအခြေအနေနဲ့ အားကောင်းတဲ့ ဖွံ့ဖြိုးမှုကိုဉီးစားပေးတဲ့နိုင်ငံ developmental state ထူထောင်ဖို့ဟာ နည်းနည်းနောနော စိန်ခေါ်မှုမဟုတ်ဘူး။ အစိုးရဟာ အဆက်အသွယ်ကောင်းတဲ့၊ လက်တဆုပ်စာ ကုမ္ပဏီကြီးတွေကို ကူညီပေးပြီးသွားပြီ၊ ကုမ္ပဏီသေးသေးလေးတွေအတွက်ဒါဟာ ဘာမှ အကျိုးမရှိဘူးလို့ အများက လက်ခံထားကြတယ်။ ဒီတော့ ပြည်တွင်းက ကုမ္ပဏီတွေကို အစိုးရက အကူအညီကောင်းကောင်း ပေးသင့်တယ်လို့ ပြောရင် ဒါဘယ်လိုလုပ် ဖြစ်နိုင်အုံးမှာလဲလို့ စောဒက တက်မယ်ဆိုလဲ တက်ချင်စရာရှိမယ်။ ဒါပေမယ့် အရှေ့အာရှနိုင်ငံတွေ လုပ်သွားတဲ့ စက်မှုကုန်ထုတ်လုပ်မှုကို အခြေခံတဲ့ ဖွံ့ဖြိုးတဲ့နိုင်ငံမော်ဒယ်ကို ကျင့်သုံးချင်ရင်တော့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို ဘယ်လိုကြီးပွားအောင် အစိုးရက ကူညီမယ်ဆိုတော သေချာစဉ်းစားသင့်တယ်။ ကိုယ့်ပေါ်လစီဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို သေသေချာချာ ကာကွယ်သင့်တယ်။ ဝါရှင်တန်သဘောတူညီချက်လမ်းကြောင်းကို ရွေးလိုက်ပြီဆိုရင်တော့ ကုန်သွယ်မှုဆိုင်ရာ အကာအကွယ်ပေးတာ၊ အမတော်ကြေးနဲ့ နည်းပညာနဲ့ဆိုင်တာတွေကို အစိုးရက ထောက်ပံ့နေတဲ့ အပိုင်းမှာ အစိုးရရဲ့ အခန်းကဏ္ဍသိသိသာသာ အားနည်းသွားမယ်လို့ ဝေဖန်သူတွေက ထောက်ပြကြတယ်။

ဗမာပြည် ဘယ်လမ်းကြောင်းကို ရွေးမလဲဆိုတာကိုတော့ မသိရသေးဘူး။  တခြားသူတွေ စီးပွားရေးဖိအားတွေပေးလို့ ဆုံးဖြတ်ချက်တွေ မြန်မြန်ကြီးချလိုက်ရတာထက် ကမ္ဘာ့စီးပွားရေးနယ်ထဲကို ဘယ်ပုံဘယ်နည်းဝင်မလဲဆိုတာ ခေါင်းဆောင်တွေ ကိုယ့်ဘာသာကိုယ် သေချာစဉ်းစားသင့်တယ်။ တောင်ကိုရီးယားလား။ နိုင်ဂျီးရီးယားလား။ ဗမာပြည် ဘယ်လမ်းရွေးမလဲ။

Discussion

4 thoughts on “ဗမာပြည်ဟာ IMF ပြောတာ နားမထောင်သင့်ဘူး။ ဘာ့ကြောင့်လဲ။

  1. ဦးစားပေး ဖြစ်သင့်ပါတယ်။
    ဉီးစားပေး မဟုတ်ပါ။
    ဥ နှင့် ဉ မတူပါ။

    Posted by Swe Swe Aye | 02/04/2012, 23:18
    • ကီးဘုတ်မှာ ဥ နဲ့ လုံးကြီးတင်ဆန်ခတ်တွဲပြီးသားရှိရင် ဘယ်ခလုတ်လဲ ပြောပေးစေလိုပါတယ်။

      Posted by zizawa | 06/04/2012, 18:31
  2. မြန်မာပြည်မှာကုန်သွယ်ရေးဆိုင်ရာ အကာအကွယ်မရှိသလောက်ပါ။ ခုလဲ တရုတ်ပစ္ဂည်းတွေ ဝင်လာတာကို မတားနိုင်လို့လုပ်ငန်းငယ်များ ရပ်နေပါတယ်။ ဥပမာ တရုတ်အင်ဂျင်မှာ ထည့်တဲ့ ရိန်း (ring) ဆိုရင် မြန်မာပြည်မှာ လုပ်ရင် ၁၂၀၀ ကျော်ကျော် လောက်ကျပါတယ်။ ဒါပေမယ့် တရုတ်ရိန်း ကို ဝယ်ရင် မှ ၇၀၀ လောက်နဲ့ ဝယ်လို့ရပါပြီ။ သူလည်း အကောက်ခွန် တို့ဘာတို့ ဆောင်ပြီးသားပါ။ အဲတော့ ဘယ်လိုလုပ် တရုတ်ပစ္စည်းကို ယှဉ်ရောင်းမလဲ။ တရုတ်ပစ္ဂည်း က ဘာကြောင့်စျေးပေါမှန်း ကို မသိပါဘူး။ ပြည်တွင်းလုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာပါပြီ။ ဒီအပြင် ၂၀၁၅ မှာ အက်ဖ်တာ လာရင် ပို ခက်သွားပြီ။ နည်းလမ်းပြမယ့်သူ မရှိ၊ ကူမယ့်သူ မရှိတဲ့ ဘဝတွေပါ။

    Posted by Aung Aung | 06/04/2012, 02:57
  3. ဟုတ်တယ်။ ဟိုတလောက အေတီအန်တီ မုန့်ဆိုင်ပိုင်ရှင်ထင်တယ်။ မီဒီယာကို ပြောတာ။ သူ့ဆိုင်လဲ တရုတ်က ပေါပေါလောလောဝင်နေတဲ့ မုန့်တွေနဲ့ မယှဉ်နိုင်လို့ အခြေအနေ မကောင်းဘူးတဲ့။ မိတ်ဆွေတယောက်ရဲ့ အထည်စက်ကလဲ ဆန်ရှင်ကြောင့်မဟုတ်ဘဲနဲ့ နားထားတယ်။ တရုတ်ကို လိုချင်တဲ့ဒီဇိုင်းမှာချုပ်ခိုင်းရင် ပိုသက်သာလို့တဲ့။ လုပ်ငန်းငယ်တွေကို အကာအကွယ်မပေးရင်၊ အလုပ်အကိုင်တွေ မဖန်တီးပေးရင် လူတွေပိုပြီးကျပ်တည်းလာမယ်။ တရုတ်ပစ္စည်းတွေ စျေးပေါရခြင်းအကြောင်းကို နားလည်သလောက် ပြောရရင် လေဘာသိပ်ပေါတယ်။ ကုန်ထုတ်လုပ်ငန်းကို အထောက်အပံ့ပေးတဲ့ ရေ၊ မီး၊ လမ်းစတာတွေကို အစိုးရကပေါပေါနဲ့ရအောင်လုပ်ပေးတယ်။ ကုန်ကြမ်းတွေကို အာဖရိကလိုနိုင်ငံတွေ ဘရာဇီးတို့လို နိုင်ငံတွေကနေ ဒလဟောသွင်းတယ်။ လုပ်ငန်းရှင်တွေကို ပိုက်ဆံထုတ်ချေးတယ်။ အလုပ်သမားတွေကို အနောက်နိုင်ငံတွေမှာလို လူမှုဖူလုံရေး၊ ပင်စင်စသည်ဖြင့် မပေးဘူး။ နောက်ပြီး အတုလုပ်တဲ့နေရာမှာ သိပ်တော်တော့ သုတေသနလုပ်ဖို့ ပစ္စည်းစမ်းဖို့ ပိုက်ဆံမကုန်သလောက်ပဲ။
    ၂၀၁၁ အကုန်လောက်မှာ နယူးယောက်တိုင်းတို့ အီကိုနောမစ်တို့မှာ ရေးလာကြတယ်။ ဘင်္ဂလားဒေ့ရှ်တို့ အင်ဒိုနီးရှားတို့ ဗီယက်နမ်တို့ တရုတ်ကုန်ထုတ်လုပ်ငန်းတွေကို အစားထိုးလာနိုင်မယ်ဆိုတာ။ အဲဒီနိုင်ငံတွေမှာ လုပ်အားခပိုပေါရင် ပိုပေါမယ်။ ဒါပေမယ့် ကုန်ထုတ်လုပ်ဖို့လိုအပ်တဲ့ တခြားအခြေခံအဆောက်အအုံတွေကို တရုတ်အစိုးရလောက် မထောက်ပံ့ပေးနိုင်လို့ တရုတ်ကို တကယ်တမ်းသိသိသာသာကြီး အစားမထိုးနိုင်သေးဘူး။ ကိုယ့်တိုင်းပြည်မှာက လုပ်ငန်းရှင်တွေဟာ အစိုးရကအကာအကွယ်ပေးမှ ပြည်တွင်းကလူတွေကို ရောင်းဖို့လောက်ထုတ်ပြီး ကျားကန်ကြရမှာ။ အခုဟာက ပြည်ပကကုန်တွေ လှိမ့်ဝင်လာရင် အားလုံးဘဝပျက်ဖို့ပဲရှိတယ်။ လုပ်ငန်းငယ်တွေ၊ ရက်ကန်းသမတွေ သူတို့ ဘာလုပ်ကြမလဲ။ တရုတ်က မလုပ်ချင်တဲ့ ညစ်ပတ်တဲ့၊ အန္တရာယ်များတဲ့၊ အမြတ်သိပ်မကျန်နိုင်တဲ့ လုပ်ငန်းတွေလောက် ရချင်ရမယ်။ စဉ်းစားကြည့်ရင် ရင်မောစရာပါ။

    Posted by zizawa | 06/04/2012, 18:30

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog Stats

  • 89,679 hits
%d bloggers like this: